အန ္တရာယ်နံပါတ်-၅

sofiadimpleAugust 18, 20101min420

သစ်တုံးလေးဟာ ဟိုဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ ဒီဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ နောက်ထပ် ရေလယ်မှာလည်းရေတွေအီသွားခြင်း ဘေးကလည်း ကျော်လွှားနိုင်ခဲ့ပြီ။ တွေ့တဲ့ကျွန်းပေါ်မှာလည်း သောင်တင်မနေပဲ ကွေ့ရှောင်တတ်လို့ ဆက်ပြီး သမုဒ္ဒရာဆီကို ခရီးဆက်လာခဲ့ပြီပေါ့။ အင်း…သူ့ခမျာအေးအေးချမ်းချမ်းအန ္တရာယ်ကင်းကင်း နေနိုင်ပြီ အောက်မေ့ပါတယ်။ နောက်ထပ် ထင်မထားတဲ့ဘေးအန ္တရာယ်တစ်ခုထပ်တွေ့ရပြန်ပါပြီ။ အဲဒါကတော့ သူ့သဘောလေးနဲ့သူဆောင်လို့ ဆက်ပြီးရေထဲမျှောနေတာကိုပဲ သူ့ဖာသူမနေရပဲ ဟောသူ့ကိုလူတွေက “ ဟေ့ ဒီသစ်တုံး လေးက အကောင်းလေးတော့ ၊ တို့တော့ အိမ်မှာသုံးရအောင် ဆယ်သွားမှပဲ ”ဆိုပြီး ဆယ်ယူတာခံလိုက်ရတယ်လေ။ သွားပါပြီ။သူ့ခမျာမယ် ရောက်ခါနီးမှ ပြီးကြလေရော…ဘယ်လိုလုပ်ဆက်သွားလို့ရတော့မလဲနော်။ လူတွေကသူ့ကို ဆယ် သွား ပါပြီဆိုမှဖြင့်……..။

ကဲဒီသစ်တုံးလေးကို နမူနာယူပြီးတို့တွေစဉ်းစားကြဦးစို့ ။ အဲဒီရဲ့ဆိုလိုရင်းကတော့ဖြင့် ကိုယ်နဲ့ရင်းနှီးသော သူတွေရဲ့ မြှောက်ပင့်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်အဟုတ်ထင် သာယာသွားပြီး ကိုယ်သွားမယ့်လမ်းကိုမဆက်နိုင်တော့ပဲ လမ်းလွဲသွားတာမျိုးပေါ့နော်။ သူများကကိုယ့်ကိုယ်ချီးကျူးတဲ့အပေါ်သာယာပြီးသူများမြှောက်ပင့်တဲ့နောက် လိုက်လုပ် နေရလို့ ကိုယ့်ရည်ရွယ်ချက်ပျောက်သွားတတ်တာမျိုးပေါ့နော်။ အဲဒီတရားတော်ထဲမှာတော့ ဆရာတော်က ဟောပြ ထားတာက ဥပမာဆိုရင် ရဟန်းတော်တွေမှာ ဒကာ၊ဒကာမတွေနဲ့ ရင်းနှီးသွား တဲ့အခါ သူတို့ကမြှောက်ပင့်ပြီး အားကိုး သယောင်နဲ့ ခိုင်းတာမျိုးတွေလိုက်လုပ်နေရတာမျိုးပေါ့။ ဒါမျိုးတွေနဲ့ကြုံလာရရင် သတိနဲ့ ရှောင်နိုင်ဖို့ ပန်းတိုင် ပျောက်မသွားဖို့ အရေးကြီးပါ တယ်တဲ့။ အင်းတို့ကလူတွေဆိုတော့ ဟိုလူကမြှောက်ပြီးခိုင်းသွားလိုက် လိုက်လုပ်လိုက်၊ နောက်ဒီလူကမြှောက်ပြီးခိုင်းသွားလို့ လိုက်လုပ်လိုက်နဲ့ဆိုရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ပျောက် သွားပြီး ဒီလူတွေ ပါးစပ်ဖျားမှာပဲ လမ်းဆုံးတော့ပေမပေါ့။ လူချစ်လူခင်ပေါခြင်းကလည်း တော်တော်လေးစိတ်ပျက်ဖို့ကောင်းတယ်နော်။ ဟိုလူက အဟုတ်ထင်လိုက်၊ အဲဒီအပေါ် သာယာလိုက်၊ဒီလူကအဟုတ်ထင်လိုက် အဲဒီအပေါ်သာယာလိုက်နဲ့ ဒုက္ခတွေရောက်မှန်းမသိကိုရောက်နေပါရော့လား။ အင်းတကယ်တော့ ချီးကျူးခြင်း၊ကဲ့ရဲ့ခြင်းဆိုတာတွေဟာလည်း လောကဓံတွေပဲမို့ ဒါတွေအပေါ်လိုက်တုန်လှုပ်နေမယ်ဆိုရင် ခံနိုင်ရည်မရှိရာကျနေပြီနော်။

သီလ၊သမာဓိ၊ပညာ တွေနဲ့ ကျင့်ကြံ ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ စိတ်ကလေးစင်ကြယ်နေပါတယ်။ သမာဓိအားတွေကောင်းနေပါတယ်။ အဲဒါကြောင့် စိတ်ရဲ့အရောင်သည် ရုပ်မှာပြန်ဟပ်တယ်ဆိုတဲ့အတိုင်း ရုပ်ကလေး ပါကြည်ထွက်နေပါလိမ့်မယ်။ အဲလိုလူတွေဟာ အများနဲ့ယှဉ်လိုက်တဲ့အခါမှာ သိသာစေတယ်နော်။ တချို့များဆို အဲဒီလိုလူတွေနဲ့စကားပြောရရင်ကိုပဲ စိတ်မှာတစ်စုံတရာ အေးချမ်းမှုတွေရနေပါတယ်။ အအေးဓါတ်လေးတွေ ကူးသွားတဲ့ သဘောပါပဲ။ အဲဒီတော့ အဲလိုလူမျိုးကို လူချစ်လူခင်ပေါတတ်ပါတယ်။ ဘာလို့လဲ သူကသောကတွေနည်းနေတာကိုး။ အဲဒီမှာပဲ အန္တရာယ်နံပါတ်-၅ ဝင်တော့တာပါပဲ။ ကိုယ်ကသတိနဲ့သိမထားဘူးဆိုရင် ဒီအပေါ်မှာသာယာလို့ သူများခိုင်းတဲ့ နောက်လိုက်လုပ်ရင်းနဲ့ သွားပြီသာမှတ်တော့။ ဒါဆိုရင်လူဆယ်သွားသော သစ်တုံးကြီးကိုသာ သတိရလိုက်ပေတော့။

အင်းလောကဓံ(၈)ပါးထဲမှာက အဆိုးလောကဓံကိုသာ လောကဓံပါလားလို့သိကြပေမယ့် အကောင်းလောကဓံ (၄)မျိုးနဲ့ကြုံရတဲ့အခါမှာတော့ ငါတော့လောကဓံ နဲ့ကြုံနေပြီ ဟေ့လို့ သတိနဲ့မထိန်းနိုင်ရင်တော့ အဲဒီ အကောင်း လောကဓံထဲမှာ သာနှစ်မြောသာယာမိတဲ့အတွက် စုန်းစုန်းမြှုပ်ရတာတွေကတော့ဒုနဲ့ဒေးပါပဲလားနော်။ တကယ် တော့ ဒီလောကဓံတွေပါ ခံနိုင်ဖို့ စိတ်ကို အမာခံတပ်သားသဘောမျိုးနဲ့ဘာလာလာ ခံနိုင်ရည်ရှိနေဖို့ အမြင်မှန်အသိလေးနဲ့ တရားအားထုတ်ထားမှဖြစ်ပါမယ်။ ဝေးဝေးမစဉ်းစားပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲစဉ်းစားကြည့်ပေါ့။ တို့တွေဟာ ဘယ်လို အချိန်မျိုးမှာ ဘုရားတ တတ်ကြသလဲလို့လေ။ အဆိုးလောကဓံနဲ့ကြုံရလို့ ဆင်းရဲဒုက္ခတွေ လှလှကြီးခံနေတဲ့အချိန်မျိုးကျမှ ဘုရားရှိခိုး လို့ ဆုတောင်းလို့ လုပ်နေကြတယ်နော်။ အဲ အဆင်တွေပြေပြီး လုပ်သမျှတွေအောင်မြင်နေတဲ့အချိန်မျိုးမှာတော့ အပျော်အပါး၊ အမော်အကြွားတွေနဲ့ကို မအားမလပ်ရပဲ ဘုရားဘယ်မှန်းမသိ၊ တရားဆိုဝေးပေ့ါဆိုသလို တွေဖြစ်နေရတာ ကောမရှိတတ် ဘူးလား။ အင်းဒါကိုက အကောင်းလောကဓံတွေအပေါ် လက်မြှောက်အရှုံးပေး နေရတာပေါ့။ ဟုတ်ဖူးလား။

အင်းဒါကြောင့်ပဲနေမှာ တချို့သူတော်ကောင်းတွေက တောရိပ်ခိုပြီး အေးအေးချမ်းချမ်း တောထဲမှာပဲ သီတင်း သုံးတော်မူကြတယ်ဆိုတာလေ။ လူတွေဆယ်မှာကို ကြောက်ကြလို့ပဲ လူတွေနဲ့ရှုပ်ယှက်ခတ်ပြီး အလုပ်တွေပိ သွားမယ့် အရေး ကိုမြင်ကြလို့ပဲနေမှာပါလားလို့ ခုမှပဲ သဘောပေါက်ပါတယ်နော်။ ဒါဆိုရင်တော့ ဒီအန ္တရာယ်လေးကနေပဲ တရားရှာ တဲ့ပုဂိ္ဂုလ်သည် ကိုယ့်ပန်းတိုင်မရောက်သေးခင်မှာပဲ သူများပါးစပ်ဖျားလမ်းဆုံးသွားတတ်တယ်ဆိုတာလေးကို ထောက်ပြ ထားပြီး ဒီလိုအခြေအနေမျိုးတွေ ကြုံလာတဲ့အခါမှာ သတိလေးထားပြီး ရှောင်နိုင်ဖို့နဲ့ ကိုယ့်ရဲ့ပန်းတိုင်ရောက်ဖို့ ဒါတွေဟာ အတားအဆီးတွေပါလားလို့ သိထားသင့်ကြောင်းကို လူတွေဆယ်လို့ ဆက်မသွားနိုင်တော့သော သစ်တုံးလေးနဲ့ ဥပမာပြဆုံးမထားပါကြောင်း ကိုယ်စဉ်းစားဖတ်မှတ်မိသမျှလေးတွေ ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

ကိုယ်မစဉ်းစားမိသော ရှု့ဒေါင့်မျိုးမှ စဉ်းစားမိတာလေးတွေရှိရင်လည်းပြန်လည်ဝေမျှ ကြပါဦးလို့ ဖိတ်ခေါ်ရင်းနဲ့ ဒီနေ့စာလေးကို ဒီမှာပဲရပ်လိုက်ပါတော့မယ်။

dimplemit@gmail.com