တောင်ကြီးကွင်း ပရိသတ်များ၏ အားပေးမှုကို သွားရောက် ကြည့်ရှုသူများ ချီးကျူးခဲ့ကြရ

Yin Nyine NwayAugust 18, 20101min510

တောင်ကြီးကွင်းတွင် ဒေသခံ ပရိသတ်များ၏ ယဉ်ကျေး သိမ်မွေ့စွာ အားပေးသည့် အပြုအမူများကို သွားရောက် ကြည့်ရှု ခဲ့သည့် တာဝန်ရှိသူ များနှင့် မီဒီယာ များက ချီးကျုးခဲ့ ကြကြောင်း သိရသည်။

“အရမ်း ချစ်စရာ ကောင်းတဲ့ ပရိသတ် တွေပါပဲ။ သူများ အသင်းကိုလည်း မတိုက်ခိုက်ဘူး။ ဆဲတာဆိုတာ ရိုင်းပြတာ မျိုးလည်း မရှိဘူး။ ကိုယ့်အသင်းကို ကိုယ်ပဲ အားတက် သရော အားပေးကြတဲ့ ဓလေ့လေးက လေးစားဖို့ ကောင်းပါတယ်။ အိမ်ရှင်လုပ်တဲ့ ကွင်းတိုင်း မှာသာ ဒီလိုပုံစံမျိုး အားပေး နိုင်ကြမယ် ဆိုရင် မြန်မာ နေရှင်နယ်လိဂ် ပွဲတွေ အခုထက် ပိုပြီး ကောင်းလာမှာ သေချာပါတယ်။ ကစားသမား တွေလည်း စိတ်ချမ်းချမ်း သာသာ ယှဉ်ပြိုင်နိုင်မယ့် အပြင် ပြည်ပက အသင်းတွေနဲ့ ကစားရင်လည်း မြန်မာ အသင်း တွေရဲ့ ဂုဏ်သိက္ခာကို ပိုမိုတိုးတက် စေနိုင်ပါတယ်”ဟု ယင်းပွဲ သွားရောက် ကြည့်ရှုခဲ့သူ ဆောက်သမ်း မြန်မာ နည်းစနစ် အကြံပေး ဦးတင်အောင်က ပြောကြားခဲ့သည်။

ယင်းပွဲသည် တောင်ကြီးမြို့၌ ကျင်းပသည့် ပထအမဆုံး မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ဖြစ်သော်လည်း ပရိသတ်မှာ အထူးတလည် ထိန်းသိမ်းစရာ မလိုခဲ့ဘဲ စည်းကမ်းတကျ အားပေးနိုင် ခဲ့ကြသည်ကို တွေ့ရသည်။ ကွင်းအတွင်းသို့ အရာဝတ္တု များဖြင့် ပစ်ပေါက်ခြင်း၊ ပြိုင်ဘက်ကို သံပြိုင် ဆဲဆို လှောင်ပြောင် ခြင်းများ မပြုလုပ် ကြဘဲ မိမိတို့ အသင်း၏ စွမ်းဆောင်ရည်ပေါ် မူတည်၍သာ ပျော်ရွှင်မှု၊ စိတ်ပျက်မှု တို့ကို ဖော်ပြသည့် အသံမျိုးသာ ပြုလုပ်ခဲ့ကြသည်။

ယင်းပွဲနှင့် ပတ်သတ်၍ သွားရောက် ကြည့်ရှုခဲ့သူ မီဒီယာ သမား တစ်ဦးကလည်း “ရန်ကုန်မှာ လုပ်တဲ့ ပွဲမှာရော၊ မန္တလေးမှာ လုပ်တဲ့ ပွဲမှာရော ဆဲဆိုသံတွေ၊ ကွင်းထဲကို ပစ္စည်းတွေနဲ့ ပေါက်တာတွေ မျိုးစုံ ကြုံခဲ့ရတယ်။ တောင်ကြီးကွင်းဟာ သုဝဏ္ဏ ကွင်းလိုမျိုး ပွဲကြည့်စင်နဲ့ ဝေးတဲ့ကွင်း မဟုတ်သလို ဗထူးလိုလည်း ပိုက်တွေ ကာမထားဘူး။ ဒါကြောင့် ဖြစ်မှ ဖြစ်ပါ့မလားလို့ တွေးပူမိ ခဲ့တယ်။ တကယ်တမ်းမှာ အားပေးတဲ့ ပရိသတ် တွေဟာ တော်တော်လေး စည်းကမ်း ရှိပြီး စိတ်သဘောထား ဖြူစင်တဲ့ ချစ်စရာ ဒေသခံတွေ ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ ရိုင်းပြတဲ့ အပြုအမူလည်း လုံးဝ မရှိဘူး။ ပြီးတော့ မိုးတွေ သည်းပြီး ချမ်းအေး နေချိန် မှာတောင် ပရိသတ် တွေက ပွဲပြီးတဲ့ အထိ ကြံ့ကြံ့ခံပြီး အားပေးကြတယ်။ ဒီလို ပရိသတ်မျိုးကို အသင်းတိုင်းမှာ ရှိစေချင်တယ်။ ဖြစ်နိုင်ရင် သူတို့ကို Fan of the Tournament လို့တောင် သတ်မှတ် ချင်ပါတယ်”ဟု ပြောကြားသွား ခဲ့သည်။

ကမော္ဘဇ အသင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး အိမ်ကွင်း ပိုင်ဆိုင်သည့် အသင်းလည်း ဖြစ်သည်။ ကျန်အသင်း များမှာမူ ဘောလုံး အဖွဲ့ချုပ်ပိုင် ကွင်းများတွင်သာ ကစားနေရ သေးပြီး အိမ်ကွင်း အဖြစ် သတ်မှတ် ပေးထားသည့် ကွင်းများကို အပြီးသတ် ပြင်ဆင် တည်ဆောက် နိုင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။