အကယ်၍…

ကုိ ထြဋ္December 18, 20144min23620

အကယ်၍…

မင်းအသိုင်းအဝိုင်းက

တုန်လှုပ်ခြောက်ခြားပြီး

ဒါတွေဟာ

မင်းကြောင့်လို့

ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ

မင်းဟာ

ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်… ။

အကယ်၍…

အားလုံးက မင်းကို

မယုံသင်္ကာဖြစ်လာတဲ့အခါ

သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့

မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်… ။

အကယ်၍…

စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး

အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်… ။

ဒါမှမဟုတ်

မင်းရဲ့အကြောင်း

မဟုတ်တရား မုသားစကား ကြားရတဲ့အခါ

မင်းကလည်း အလိမ်အညာတွေနဲ့

မတုန့်ပြန်ဘူးဆိုရင်… ။

ဒါမှမဟုတ်

မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ

မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်… ။

ပြီးတော့

မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ

ပညာရှိစကားတွေလည်း မပြောဘူးဆိုရင်… ။

အကယ်၍…

စိတ်ကူးယဉ်အိမ်မက်တွေဟာ

မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်… ။

အတွေးအခေါ် စိတ်ကူးတွေဟာ

မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်

အကယ်၍…

အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ

တူညီသော လောကဓံတရားတွေပါလား ရယ်လို့

ခံယူထားနိုင်မယ်ဆိုရင်… ။

အကယ်၍…

မင်းရဲ့ အမှန်စကားတွေကို

လူလိမ်လူညစ်တွေက

လှည့်စားပြောင်းလဲပြီး

မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ

မင်းဟာ

တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်… ။

ဒါမှမဟုတ်

မင်းဘဝတခုလုံးပေးပြီး

အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို

ဖျက်ဆီးခံလိုက်ပြီးတဲ့နောက်မှာ

အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့

ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်… ။

အကယ်၍…

မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ

ကြွေတလှည့် ကြက်တခုန်ပမာ

တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…

ပြီးတော့

အစကနေ ပြန်စနိုင်မယ်ဆိုရင်…

ပြီးတော့တခါ

ဆိုးလှတဲ့ကြမ္မာရယ်လို့

ဘယ်သောခါမှ ညည်းညူ  မနေဘူးဆိုရင်… ။

အကယ်၍…

သူများတကာလုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ

မင်းအလှည့်ရောက်လာတဲ့အခါ

မင်းတယောက်တည်းနဲ့ပဲ

အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်…

အဲဒီလိုပဲ

မင်းမှာ စိတ်အင်အားကလွဲလို့

ဘာဆိုဘာမှ မရှိတော့တဲ့အခါ

အဲဒီစိတ်ဓာတ်အင်အားကို

ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်… ။

အကယ်၍…

လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်… ။

ဒါမှမဟုတ်

မင်းဧကရာဇ်တွေနဲ့အတူလမ်းလျှောက်နေရပေမယ့်

မာန်မာနသွေး မကြွဘူးဆိုရင်… ။

အကယ်၍…

ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ

မင်းကို သိပ်ပြီးနာကျည်းအောင် မလုပ်နိုင်စေရင်… ။

အကယ်၍…

လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်

စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်… ။

အကယ်၍…

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ

အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်

အသုံးချျနိုင်မယ်ဆိုရင်… ။

ငါ့သားရေ

မင်းဟာ

အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့

ကမ္ဘာကြီးကို ဆုပ်ကိုင်လို့

အရာရာ ဘာမဆို မင်း စွမ်းနိုင်ပြီပေါ့… ။

အဲဒီတော့ မင်းဟာလည်း

ယောကျာင်္းကောင်းတယောက်ပဲပေါ့… ။

–  Rudyard Kipling ( 1865 – 1936 ) ကရေးသားပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ထားတာပါ…

– ဖေ့စ်ဘွတ်မှာ တပိုင်းတစလေး တင်ဖူးပါတယ်… အန်ကယ်ကြီးက ဒါကို ” ယောကျာင်္းကောင်းပေါ့ကွ ” လို့ မန့်သွားခဲ့ပါတယ်…

– ဘာလို့ အဲလိုရေးတာလဲပေ့ါ.. ဒါလေးက ပဟေဠိပုံစံလေး တင်ထားတာလို့ဆိုတော့ ” ဒီလောက် အသက်ကြီးပြီပဲ သိတာပေ့ါ ” လို့ ပြန်မန့်ထားပါတယ်…

– ကျေးဇူးတင်ပါတယ် အန်ကယ်ကြီး… အဲလို မန့်ပေးခဲ့လို့.. 🙂 ဒါကြောင့် တင်ဖြစ်သွားတာပါ… ဒီလိုသိဖို့ အချိန်တွေ အတော်ပေးခဲ့ရမှာပဲနော်….

– မတင်ဘူးဘဲ ထားခဲ့ပေမယ့် ပြန်ဖတ်လေ အားရှိလာလေမို့ လူငယ်လူရွယ်လေးတွေ ဖတ်ဖြစ်ခဲ့ရင် နှစ်သက်ခဲ့ရင် အားရှိအောင်လို့ တင်လိုက်တာပါ…

– ကျွန်တော်လဲ လူငယ်ပါပဲ… လက်ရှိလဲ ဖတ်ဖြစ် အားတွေ ရရှိလာလို့ပါ… တခါတရံ ကိုယ်က လူကောင်းဖြစ်ချင်ပေမယ့် လူကောင်းဖြစ်ခွင့်မပေးတဲ့ အခြေအနေမျိုးမှာ ပိုအားရှိစေပါတယ်…

– ဆုံးအောင် ဖတ်သွားခဲ့ရင် ကျေးဇူးပါနော်… 🙂 🙂 🙂

ရေမြေ့သနင်း

20 comments

  • တောင်ပေါ်သား

    December 18, 2014 at 3:05 pm

    If . . . . . if . . . . . if . . .

  • Yae Myae Tha Ninn

    December 18, 2014 at 3:07 pm

    ဦးမျိုး မင်္ဂလာဆောင်ပါ… အဲလေ.. မင်္ဂလာပါ… ဟိုနှုတ်ခမ်း ဇာတ်လမ်းပြီးသွားပြီလား… ဟင်… 😛

    • တောင်ပေါ်သား

      December 18, 2014 at 3:27 pm

      ကိုးရီးယားကားလို အပိုင်း ရာကျော်မယ်ထင်တယ် 🙂

      • Yae Myae Tha Ninn

        December 18, 2014 at 3:29 pm

        ဟုတ်… စောင့်မျှော်လျက်ပါဗျား… 🙂

  • Zaw Lwin

    December 18, 2014 at 3:25 pm

    အကယ်၍ ၆ပွင့်ဆိုင် တွေ ့ ဖြစ်လာရင် . . . . .
    အကယ်၍ ၄၃၆ ပြင်ဖို ့ အဆင်ပြင်သွားရင် . . .
    အကယ်၍………

    အကယ်၍………

  • Yae Myae Tha Ninn

    December 18, 2014 at 3:32 pm

    ဘယ်လိုပဲ ဖြစ်ဖြစ်ပါ… Positive View ကဆို အားလုံး လက်ခံပါတယ်… 🙂

  • Ma Ma

    December 18, 2014 at 3:38 pm

    အကယ်၍….
    တကယ်ရွေ့ ??????????????? :p:

  • Yae Myae Tha Ninn

    December 18, 2014 at 3:43 pm

    တကယ်ရွေ့လာရင်တော့ ကောင်းတာပေါ့နော်… 🙂

  • ခင်ဇော်

    December 18, 2014 at 3:53 pm

    အာ့ ဆို
    အဲဒီ စံ နဲ့ ရှာလိုက်တာ
    အကောင်း အတော် ရှားလာတဲ့ သဘောပဲ။

    :kwi:

  • Yae Myae Tha Ninn

    December 18, 2014 at 4:04 pm

    ပရီမီယာ ကြော်ငြာထဲကလိုပေါ့… ကိုယ်ကြိုက်တာကိုယ်ယူပေါ့.. ၂ မျိုးလုံးသောက်တော့ ချောင်းဆိုးမှာပေါ့.. အဟီး.. အနော်လဲ ကြိုက်တာ ၂ ပိုဒ်လောက်ပဲ ယူတယ်.. 😀

  • ကဗျာကောင်းလေးပဲ
    ကဗျာထဲ ထည့်လိုက်ဦးမှ

    ~~~~~~~~~~

    အကယ်၍ ကျနော်သာ ကဗျာဆရာတစ်ယောက်ဖြစ်ခဲ့ရင်
    ဒီလို ကဗျာမျိုး ရေးတတ်ဖို့
    ရေးနိုင်ဖို့
    နှလုံးသားကို တောင်းဆိုမိလိမ့်မယ်

    အကယ်၍ပေါ့. .

    • ဝင့်ပြုံးမြင့်

      December 19, 2014 at 3:56 am

      .ဒီလောက်နာမည်ကြီးတဲ့ ကမာ္ဘကျော် ကဗျာကြီးကို အဲလို လုပ်လို့ မရဘူးလေ အူးလေး။

      • Yae Myae Tha Ninn

        December 19, 2014 at 9:08 am

        အန်တီပြုံးက သိတယ်ပေါ့.. ဒီကဗျာလေးကို… ဒါလေးက သမိုင်းတွေရှိတယ်.. လူတွေတော့ သိပ်မသိကြဘူး… ကဗျာကတော့ ယောက္ခထီးက လက်ဆင့်ကမ်းအမွေပေးတာ… ပေးပေးချင်း အရမ်းကြိုက်လို့ ၂ ခေါက်လောက်ကို ဖတ်မိတာ… အပြည့်တင်ပြီး ပို့စ်တခုလုပ်ဖို့က အန်ကယ်ကြီးကြောင့်ပါ… 🙂

  • Yae Myae Tha Ninn

    December 18, 2014 at 5:01 pm

    ကဗျာ ထဲ ထည့်ချင် ထည့်ပေါ့.. သို့သော် အကို ကဗျာလို့ ခေါင်းစဉ်မတပ်ထားဘူး.. ဘာလို့ဆိုတော့ မူရင်းမှာကို ကဗျာလို့ ခေါင်းစီးမတပ်ထားဘူး… 🙂

    • ဒီစာသားလေးတွေ ဖတ်မိပြီး…
      တစ်ခုခု ထပ်ရေးချင်စိတ်ပေါက်လာတယ်လေ…
      ဆိုတော့…
      နောက်များ…အားတဲ့အခါ… ပြန် ရှာဖတ်ပြီး…တွေးလို့…ရေးလို့ ရအောင်…
      (ပြန် ရှာရလွယ်အောင်) ကဗျာစာရင်းထဲ…ထည့်ထားလိုက်ပါတယ်… ။

      နောက်တစ်ချက်…
      ဒါက… ကဗျာမဟုတ်ပါဘူး ။
      စာသားတွေပါ ။
      စာသားများ ဆိုတဲ့ Category သီးသန့် မရှိတဲ့ အတွက်…
      အနီးစပ်ဆုံး ထည့်လို့ရမယ့်… ကဗျာ ထဲ…ထည့်ထားလိုက်တာ…

      :kwi:

      • Yae Myae Tha Ninn

        December 19, 2014 at 9:15 am

        သဘောပါ..ဆက်ဆက်ရယ်…. အဆင်ပြေရင် ပြီးတာပါပဲ… 🙂

  • uncle gyi

    December 18, 2014 at 10:39 pm

    အကယ်၍
    ဒီကဗျာကိုအစကတည်းက
    အစအဆုံးဖတ်ခဲ့ရရင်လေ
    ဘာမန့်မိမယ်မသိ

  • Yae Myae Tha Ninn

    December 19, 2014 at 9:18 am

    အန်ကယ်ကြီး စိတ်ထဲရှိတာ မန့်ပေါ့… 🙂 ဒီပို့စ်ကို အန်ကယ်ကြီး ပိုင်ပါတယ်… 😀

  • kyeemite

    December 19, 2014 at 11:40 am

    .ကောင်းတယ်ဗျာ…မူရင်းကဗျာရေးသူရဲ့အတွေးအခေါ်ရော
    .ထိထိမိမိမြန်မာဆန်အောင် ဘာသာပြန်တဲ့ ဒေါ်စုကိုရော လေးစားမိပါကြောင်း…
    .ရှယ်ပေးတဲ့ ရေမြေ့သနင်းကိုလည်းကျေးဇူးပါ 🙂

  • Yae Myae Tha Ninn

    December 19, 2014 at 1:08 pm

    လာရောက်အားပေးသွားတဲ့ ဦးကြီးမိုက်ကိုလဲ ကျေးဇူးပါ… 🙂

Leave a Reply