ရွှေချိန်ခွင်နှင့်လယ်တီဆရာတော်(အပိုင်း-၁)

Good IdeaAugust 18, 20101min822

စာဖတ်သူမိတ်ဆွေများ ဗဟုသုတရစေရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

လယ်တီဆရာတော်တို့ ခေတ်က ဝန်ထောက်မင်း ဦးစောလှဖြူ-ဆိုသော ခရစ်ယာန်ဘာသာဝင် တစ်ယောက်သည် “ရွှေချိန်ခွင်” အမည်ရှိ စာအုပ်တစ်အုပ်ထုတ်ဝေကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို နှိုင်းယှဉ်ပြခဲ့၏။
သို့ရာတွင် သူ၏ ဘက်လိုက်သောအမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများကြောင့် ဗုဒ္ဓဘာသာဝင်တို့အား စော်ကားထားသလို ဖြစ်ခဲ့၏။
ထို့ကြောင့် မန္တလေးမြို့နေ ပညာဝန်ထောက် မောင်ကျော်ရန်ဆိုသူက ၎င်းရွှေချိန်ခွင်စာအုပ်ကို ရှင်းလင်းချက် ရေးပေးပါရန် လယ်တီဆရာတော်ထံ တောင်းပန်သဖြင့် “ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းကြရမည်”ဟု (ဗြဟ္မဇာလသုတ်)
တွင် ဟောကြားခဲ့သော မြတ်စွာဘုရားရှင်၏ ဩဝါဒတော်အတိုင်း လယ်တီဆရာတော် ဘုရားကြီးသည် နေမကောင်းသည့်ကြားက ဖြေရှင်းရေသားခဲ့ဘူး၏။
“ရွှေချိန်ခွင်” ဟု ဆိုလျှင် အများစုက တောင်တွင်းကြီး သျှင်ဥက္ကဋ္ဌ ရေးသော စာအုပ်ကိုသာ ဖတ်ဖူးကြ၏။ လယ်တီဆရာတော်ကြီး၏ စာအုပ်ကိုကား မသိသူသာများ၏။ ယခုခေတ် ခရစ်ယာန်တို့သည်လည်း ဦးစောလှဖြူရေးသော ရွှေချိန်ခွင်စာအုပ်ပါ အချက်အလက်များဖြင့် ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့အား စကားဖြင့် တိုက်ခိုက်အနိုင်ယူလေ့ရှိသည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကား မိမိက သူတစ်ပါးဘာသာကို တိုက်ခိုက်လေ့ ဝေဘန်လေ့ မရှိသလို မိမိဘာသာကို ဝေဘန်တိုက်ခိုက်လာလျှင်လည်း ပြန်လည်၍ မဖြေရှင်းတတ်သူ များ၏။

လယ်တီဆရာတော်ကြီး၏ ဖြေရှင်းချက်များကို ဖတ်ဖူးထားလျှင် မိမိတို့ဘာသာကို စော်ကား ဝေဘန်လာသည့်အခါ အကျိုးသင့်၊ အကြောင်းသင့် ပြန်လည်ဖြေရှင်း ပြနိုင်ပါလိမ့်မည်။

(ထိုသို့ ပြန်လည်ဖြေရှင်းနိုင်ကြစေရန် ရည်ရွယ်၍ ဤ “ရွှေချိန်ခွင် ရှင်းလင်းချက်” ကို တင်ပြပါသည်။ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း မဟုတ်ပါ။)

ခရစ်ယာန် “ရွှေချိန်ခွင်” အဆိုကို ဆရာတော်ရှင်းလင်းချက်

ရွှေချိန်ခွင် အဆို
၁။ (က) ခရစ်ယာန် ဘာသာက မသေ၊ မနာ၊ မအိုသော ထာဝရဘုရာရှိသည်ဟု ဆို၏။
(ခ)   ဗုဒ္ဓဘာသာက ယခု ဘုရားမရှိ- ဟု ဆို၏။
ဆရာတော် ရှင်းလင်းချက်

ဘုရား၏ ကိုယ်တော်သည် ၁။ ရူပကာယကိုယ်တော်၊ ၂။ ဓမ္မကာယကိုယ်တော် ဟူ၍ နှစ်ကိုယ်တော်ရှိပါသည်။

၁။ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံယူရာတွင် ချူပ်ငြိမ်းသောခန္ဓာတော်ကို ရူပကာယကိုယ်တော် ခေါ်ပါသည်။

၂။ ဂုဏ်တော် ကျေးဇူးတော်အနန္တကိုလည်းကောင်း၊ ပိဋိကတ်သုံးပုံတည်းဟူသော တရားတော် ကိုလည်းကောင်း ဓမ္မကာယ ကိုယ်တော် ခေါ်ပါသည်။

ထိုနှစ်ပါးတို့တွင်—

၁။ ရူပကာယကိုယ်တော်မှာ အချို့သာချုပ်ငြိမ်းပါသည်။ သုံးကုဋေခြောက်သန်းမျှ မကသော ဆံတော်၊ သွားတော် လေးဆယ်၊ စွယ်တော်နှစ်စုံ၊ နဖူးသင်းကျစ်တော်၊ ညှပ်ရိုးတော်နှစ်ချောင်း၊
ရှစ်စရွက်မျှရှိသော အရိုးတော်တို့မှဖြစ်သော ဓာတ်တော်ဟူသော ရူပကာယ  ကိုယ်တော်တို့မှာမူကား ကမ္ဘာမြေပေါ်တွင် ယခုတိုင် အနှံ့အပြားရှိနေဆဲ ဖြစ်ပါသည်။

၂။ ဓမ္မကာယကိုယ်တော်မှာမူကား ခံယူသူရှိသည့်ကာလပတ်လုံး ဘယ်အခါမျှ မကွယ်ပါ။
ခံယူသူရှိရာမှာ တည်ထွန်းပါသည်။ အကနိဋ္ဌခေါ်သော အထက်ကောင်းကင်ဘုံကြီး၌ကား မဟာကမ္ဘာကြီး တစ်သောင်းခြောက်ထောင်မက တည်ထွန်းလျက် ရှိနေပါသည်။
ထို့ကြောင့် “ဗုဒ္ဓဘာသာ၌ ယခုဘုရားမရှိ” ဆိုသော စကားသည် ဘုရား၏ ကိုယ်တော်နှစ်ပါးတွင် ပရိနိဗ္ဗာန်စံရာ၌ ချုပ်ငြိမ်းလေသော အချို့သော ရူပကာယကိုယ်တော် တစ်စိတ်မျှကိုသာ ရည်ရွယ်၍ဆိုသောစကား ဖြစ်ပါသည်။ အထက်၌ပြခဲ့သော ဆံတော် အစရှိသော ရူပကာယကိုယ်တော်နှင့် ဓမ္မကာယကိုယ်တော်မြတ်များမှာ ယခု ထင်ရှားရှိပါသည်။

(ဦးစောလှဖြူဆိုတိုင်း ယခု ဘုရားလုံးလုံး မရှိသည်မဟုတ်ပါ။)


ရွှေချိန်ခွင် အဆို – ၂
၂။ (က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင်သောအရာ တစ်စုံ တစ်ခုမျှ မရှိ၊ ထို့ကြောင့် လူကိုကယ်မနိုင်သည်ဟု ဆိုသည်။

(ခ) ဗုဒ္ဓဘာသာကလည်း အနန္တတန်ခိုးတော် ရှိသည်ဟု ဆို၏။ သို့သော်လည်း ဘုရားသည် သူတစ်ပါးကို မကယ်မနိုင်။ မိမိဖို့ကိုပင် မတတ်နိုင်၍ ဝဋ်ဆိုက်သေရသည် ဆို၏။
ဆရာတော် ရှင်းလင်းချက်
“ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ” ဟူသော စကားအရ —
၁။ လောက၌ သေခြင်းသဘော မရှိရအောင် တတ်နိုင်ပါမည်လော။ ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ သင်းချိုင်းသည် နေရာအနှံ့အပြား၌ပင် တည်ရှိလျှက်ပါတကား။

၂။ မအိုရအောင် တတ်နိုင်ပါမည်လော။ ကမ္ဘာပေါ်ရှိ ခရစ်ယာန်ဘာသာဝင်လူမျိုးတို့တွင် ခေါင်းဖြူ၊ စွယ်ကျိုးတွေ အနှံ့အပြားပင် ရှိလျက်ပါတကား။
၃။ နာခြင်းသဘော မရှိရအောင် တတ်နိုင်ပါမည်လော။ ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ အကျိုးတွေ၊ အကန်းတွေ၊ အနူတွေ၊ အရွဲတွေ၊ ထိုထိုရောဂါအနာမျိုးစုံ ကပ်ရောက်သူတွေ ဆေးရုံတော်များ၊ ဆရာဝန်များထံတွင် အနှံ့အပြားပင် ရှိလျှက်ပါတကား။

၄။ လောက၌ မိုက်မဲသောသဘော မရှိရအောင် တတ်နိုင်ပါမည်လော။ ကမ္ဘာမြေပေါ်တွင် မိုက်မဲသောသူ သာ၍ ပေါများသည်တကား။
၅။ ခရစ်ယာန်ဘာသာကို မခံယူသူတစ်ယောက်မျှ တစ်ခဏချင်း မရှိရအောင် တတ်နိုင်ပါမည်လော။ ခရစ်ယာန်ဘာသာကို မခံယူသူ သာ၍ များသည်တကား။
၆။ ကမ္ဘာမြေပေါ်တွင် အရုပ်အဆင်းမလှသူ မရှိရအောင် တတ်နိုင်ပါမည်လော။
၇။ ဥစ္စာပစ္စည်းမွဲသူ၊ ဆင်းရဲသူ မရှိရအောင် တတ်နိုင်ပါမည်လော။
၈။ ကမ္ဘာမြေပေါ်တွင် လူသားအားလုံး အညီအမျှ အသက်ရှည်ရှည်ချည်းနေရအောင် တတ်နိုင်ပါမည်လော။

၉။ ခရစ်ယာန်ဘာသာဝင် လူမျိုးတို့မှာ မွေးဖွားစနှင့် သေကြသည် မရှိပါသလော။ တစ်လတွင် သေသူ၊ တစ်နှစ်တွင် သေသူ စသည်ဖြင့် မရှိပါသလော။
၁၀။ ကမ္ဘာမြေပေါ်၌ ရှိသမျှသော သတ္တဝါတွေကို ခဏချက်ချင်း နိဗ္ဗာန်ဘုံ (ခရစ်ယာန်အခေါ် ကောင်းကင်ဘုံ) သို့ ရောက်အောင် ပြုနိုင်ပါမည်လော… စသည်ဖြင့် ကမ္ဘာမြေပေါ်တွင် မသင့်မမြတ်သော အမှုအရာတွေ အနန္တရှိပါလျှက် ထာဝရဘုရား မတတ်နိုင်သောအရာတွေကို ဝန်ထောက်မင်း ဦးစောလှဖြူ မမြင်ပါသလော။
( ထာဝရဘုရား ကယ်မနိုင်သောအရာ မရှိပါတကား။)
မိမိဘက်ပါအောင် ငွေနှင့်မျှားခြင်းကား ဘုရားတန်ခိုး မဟုတ်၊
ဘာသာတစ်ပါးက ခရစ်ယာန်ဘာသာသို့ ဝင်သောသူကို စာဖြူဆရာ (သင်းအုပ်ဆရာ) တို့က ငွေကြေးပေးသည်။ ထောက်ပံ့သည်။ အစိုးရများထံ အားထုတ်၍ ပေးသည်။
ဤအရာများကို ထာဝရဘုရား စောင်မသည်ဟု စာဖြူဆရာများက
ဟောပြောလေ့ရှိသည်။
လောက၌ နဂိုက ဓားပြမဟုတ်ဘဲ နောက်မှ ဓားပြအသိုင်းအဝိုင်းထဲသို့ ဝင်လာသောသူကို အပေါင်းအသင်းများခြင်းကို အလိုရှိသော ဓားပြဟောင်းတို့က ပစ္စည်းဥစ္စာ အဝတ်ပုဆိုး ပေးသည်။
သူခိုး၊ သူခိုးခြင်းလည်း ထို့အတူ၊

မုဆိုး မုဆိုးခြင်း၊

တံငါ တံငါခြင်း၊

သူတောင်းစား သူတောင်းစားခြင်းလည်း ထို့အတူ၊
မိမိတို့ အသင်းအပင်းများခြင်းကို အလိုရှိသောသူတို့သဘောသည် မိမိတို့အလေ့အကျက်ကို ဝင်လာသောသူတို့ကို တတ်နိုင်သလောက် ချီးမြှောက်ထောက်ပံ့မြဲဆိုသည်မှာ လောကထုံးစံတည်း။

ဤသို့သော ထုံးစံဖြင့် ဘာသာဝင်များခြင်းကိုအလိုရှိသော စာဖြူဆရာတို့က စာဖြူသို့ မဝင်သောသူတို့ကို ဝင်ချင်အောင် တတ်နိုင်သလောက် ချီးမြှောက်ထောက်ပံ့သည်ကို ထာဝရဘုရား ပေးသည်၊ ကယ်မသည်ဟု ပြောဟောကြခြင်းသည် ဟုတ်နိုင်ပါမည်လော။
(အဘယ်မှာ ထာဝရဘုရား ကယ်မ နိုင်သောအရာ ရှိပါသနည်း။)
ဂေါတမဘုရားရှင်၏ အနန္တတန်ခိုးတော်များ
ငါတို့ဘုရားသည် အနန္တတန်ခိုးတော်ရှိသည်မှာ အမှန်ဖြစ်၏၊ ကောင်းကင်၊ မြေ၊ မိုး ပျံလျှိုးနိုင်၏၊
အနန္တကမ္ဘာ၊ အနန္တစကြဝဠာ၌ရှိသရွေ့ကို အကုန်အစင် မြင်နိုင်၏။ ယူဇနာ တစ်ရာ တစ်ထောင်က အသံကိုကြားနိုင်၏၊။ သူတစ်ပါး စိတ်အကြံကို အကုန်သိနိုင်၏။ ကိုယ်တော်ကို နတ်ယောင်၊ သိကြားယောင်၊ ဗြဟ္မာယောင် တစ်ရာ တစ်ထောင်မက ခဏချင်းဖန်ဆင်းနိုင်၏၊
ဤသို့စသည်ဖြင့် သူတကာတို့မတတ်နိုင်သည့် ဘုရားသာတတ်နိုင်သော အရာသည် အနန္တများပြား၏ ။
(ထို့ကြောင့် ငါတို့ဘုရားမှာ တန်ခိုးတော်အနန္တရှိသည် ဆိုပါသည်။)

မအို၊ မနာ၊ မသေ အမြဲနေရအောင် ဘယ်ဘုရားမှ မတတ်နို်င်။
ကမ္ဘာမြေပေါ်တွင်ရှိသော သတ္တဝါတွေကို မအိုဘဲ၊ မနာဘဲ၊ မသေဘဲ နေနိုင်အောင်  ဘယ်ဘုရားမှပင် မတတ်နိုင်ကြ။ မိမိတို့ခန္ဓာကိုလည်း မအို၊ မနာ၊ မသေအောင် မတတ်နိုင်ကြ။ နိဗ္ဗာန်ဘုံသို့ ရောက်သောကာလမှသာ တတ်နိုင်ကြသည် ။
နိဗ္ဗာန်ရောက်မှ ဒုက္ခငြိမ်းမည်
ငါါတို့ဘုရားသည် နိဗ္ဗာန်ဘုံသို့ ရောက်တော်မူသော နေ့ကစ၍ မိမိကိုယ်ကိုလည်း မအို၊ မနာ၊ မသေ အမြဲနေရအောင် တတ်နိုင်ပါ၏။ နိဗ္ဗာန်ဘုံသို့ ရောက်လာသမျှသော သူအပေါင်းတို့ကိုလည်း မအို၊ မနာ၊ မသေ အမြဲနေရအောင် တတ်နိုင်ပါ၏။
ကျမ်းကိုး-
လယ်တီဆရာတော်
သာသနဝိသောဓနီကျမ်း- ဒုတိယတွဲ

(နှာ- ၁၀၀, ၁၀၁, ၁၀၂, ၁၀၃, ၁၀၄, ၁၀၅)

ထေရဝါဒ တို့တိုင်းပြည်ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။

2 comments

  • tunaung

    August 18, 2010 at 1:10 pm

    ရွှေချိန်ခွင်ရှင်းတန်းကိုဆရာတော်ရှင်ဥက္ကဌ ရေးတဲ့ရှင်းတန်းတော့ဖတ်ခဲ့ဘူးတယ် ဆရာတော်ကြီးရဲ့ရှင်းတန်းတော့ခုမှဖတ်ဘူးတယ် ကျေးဇူးအထူးတင်ပါတယ် ရှင်ဥက္ကဌရေးတဲ့ရှင်းတန်းကနဲနဲကြမ်းတယ် ဗဟုသုတတော့ရတယ် ရှိယင်ပြန်ဖတ်ချင်သေးတယ် ရှိယင်mailကတဆင့်ပို့ပေးပါလါး ဆိုက်ပေါ်တော့တင်ဘို့မသင့်ဘူထင်တယ် ကျွန်တော့mailက tunaungmy.tn9@gmail.comပါ

  • divamyo001

    August 19, 2010 at 3:12 pm

    ကျွန်တော်တို ့စိတ်ဝင်တစားစောင့်ဖတ်နေကြပါတယ်ခင်ဗျာ။နောက်လဲများများတင်ပေးပါ။ ဘာသာခြားတွေနဲ ့စကားပြောရာ မှာ ကိုယ့်ဘာသာ ကို သေချာစွာ ပြန်လည်ရှင်းပြနိုင်ဖို ့ပါ။အခုလို တင်ပြပေးတဲ့အတွက်ကျေးဇူး အနန္တ ပါဗျ။

Leave a Reply