ရွှေချိန်ခွင်နှင့် လယ်တီဆရာတော်(အပိုင်း-၅)

Good IdeaAugust 18, 20101min300

ရွှေချန်ခွင် အဆို

၁ဝ – (က) သိကြား နတ်များ ရှိသည်ကို မမြင်ရဘဲနှင့်ပင် ယုံသောကြောင့် ဘုရားလည်း အရူပဖြစ်တော်မူ၍ မမြင်နိုင်သော်လည်း ရှိသည်ကို ယုံသင့်၏ ။

ဆရာတော်ရှင်းလင်းချက်

ပကတိသောလူတို့၏ မျက်စိနှင့် မြင်ကောင်းသော သတ္တဝါတို့ကား–

၁။ လူ့ဘုံသား

၂။ တိရစ္ဆာန်ဘုံသား

ဤနှစ်ဘုံသားသာ ရှိသည်။

၃။ ငရဲဘုံသား

၄။ ပြိတ္တာဘုံသား

တို့လည်း အကောင်အထည် ကြီးမားကြလျက် မမြင်ကောင်းသည်သာ များ၏။

လူ့ဘုံမှ အထက် တစ်ဆင့်ထက်-တစ်ဆင့် အလွန်ကြီးကျယ်လှစွာသော ကောင်းကင်ဘုံကြီးပေါင်း ၂၆-ဆင့်ရှိ၏၊
ထိုကောင်းကင်ဘုံကြီးသားတို့ကိုလည်း လူတို့ပကတိမျက်စိနှင့် မမြင်နိုင်၊
ဈာန် အဘိညာဏ် အကျင့်ကို ကျင့်နိုင်သော သူတို့သာ မြင်နိုင်သည်၊ ရောက်အောင်လည်း သွားနိုင်သည် ။

ထိုကောင်းကင်ဘုံတို့ကို မြင်နိုင်သော သူတို့ကား။

ကမ္ဘာဦးအခါ၌လည်း ပေါများ၏၊
ငါတို့ဘုရားလက်ထက်တော်၌ကား မဇ္ဈိမ ဒေသအရပ်တွင် ကုဋေမကများ၏၊ သီဟိုဠ်ကျွန်း၌ သာသနာ သက္ကရာဇ် ခုနှစ်ရာ ရှစ်ရာခန့်တိုင်အောင် ပေါများ၏၊ နောက်မှ တရွေ့ရွေ့ ကွယ်ပျောက်သည်၊
ထိုကောင်းကင် ဘုံကြီး ၂၆-ဆင့်၌ နေကြကုန်သောနတ် သိကြား ဗြဟ္မာတို့သည် ငါတို့ဘုရား၏ တပည့်တပန်းလည်း များ၏၊
အလွတ်လည်းများ၏ ။

(ကောင်းကင်ဘုံ၌
မအို မသေ အမြဲနေသော လောက၌ ရှိရှိသမျှကို ဖန်ဆင်းနိုင်သော ထာဝရဘုရားရှိ၏ ဟူသောအယူသည် ခရစ်တော်ပေါ်မှသာ ဖြစ်သော အယူမဟုတ်၊
ကကုဿန်ဂုဏ်
ကောဏာဂုမ်
ကဿဖ
ဂေါတမ ဟူသောဘုရား ၄-ဆူမပွင့်မီ ကမ္ဘာဦးအခါကပင် ဖြစ်၍ လာခဲ့သော အယူတည်း ။)

သဗ္ဗညု မြတ်စွာဘုရားတို့ ပွင့်တော်မူ၍
သာသနာတော်မြတ် ထွန်းကားစဉ်အခါ ထွန်းကားရာအရပ်တို့၌သာ ထိုအယူကွယ်ပ၍ နေသည်၊
သာသနာကွယ်ပြန်လျှင် ထိုအယူထွန်းကားမြဲ ထွန်းကားပြန်၏၊
သာသနာကွယ်သောအခါမှာလည်း ဉာဏ်ပညာ ကြီးလှသော မင်း ပုဏ္ဏား ရသေ့ ရဟန်းတို့ ဖြစ်ထွန်းရာ နိုင်ငံကြီးများ၌ ထိုအယူ မထွန်းနိုင်ရှိ၏။

( ဤအယူကို ဗုဒ္ဓဘာသာကျမ်းဂန်၌ ဧကစ္စသဿတဝါဒ ခေါ်သည်၊
ဗြဟ္မဇာလသုတ်တွင် လာသည် ။)

ထိုသုတ်၌ လာသောဗြဟ္မာကြီးကိုပင်
ခရစ်ယာန်ဘာသာ ပသီဘာသာတို့၌ “ ထာဝရ ဘုရား ” ခေါ်သည်၊
ဟိန္ဒုပုဏ္ဏား ဘာသာ၌ကား “ဗြဟ္မာ” ဟူ၍ ခေါ်သည် ။

ထိုဗြဟ္မာကြီးသည် နတ် သိကြားကဲ့သို့ ထင်ရှားရှိပေသောကြောင့် နတ် သိကြားရှိသည်ကို ယုံကြည်အပ် သကဲ့သို့ ထာဝရဘုရား ရှိ၏ဟူသည်ကို ယုံကြည်သင့်၏ဟု ဦးစောလှဖြူ ဆိုပေသည်။

ဒသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏

ရွှေချိန်ခွင်အဆို

၁၁ – (က) ခရစ်ယာန် ဘာသာ၌ မြတ်စွာဘုရား ထင်းရှာရှိ၍
“ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ” ဟု ကျမ်းဂန် လာသည် နှင့်အညီ
ဘုရာထံ ခိုမှီ ကိုးကွယ်ကြ၏၊
ခိုမှီကိုးကွယ်ခြင်းနှင့် ဘုရားရှိသည်ဟု ဆိုခြင်းညီ၍ မှန်သည်ဟု သိသင့်၏။

(ခ) ဗုဒ္ဓဘာသာက ယခုဘုရားမရှိဟုဆို၍ ရှိခိုးပူဇော် ကိုးကွယ်ခြင်းနှင့်မညီ၊
မှားပြီဟု-သိသင့်၏။

ဆရာတော် ရှင်းလင်းချက်

ဤစကား၌-

“ ထာဝရဘုရား ထင်ရှာရှိသည် ” ဟူသောစကားကို
စာအုပ်ငယ်များ၏ အဆိုနှင့်သာ ပြောရသည်၊
ဗုဒ္ဓဘာသာနှင့် ယှဉ်ကြည့်သော် ကျမ်းဂန်အနေအထားခြင်း အနန္တကွာခြားသည်။ ဗုဒ္ဓဘာသာကျမ်းဂန်ကြီးသည် မဟာသမုဒ္ဒရာ လေးစင်း၊ မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ
တိုင်းကြီးခုနှစ်တိုင်းနှင့် အလားသဏ္ဍာန်တူသည်။
ခရစ်ယာန်ဘာသာ စာအုပ်ငယ်များသည် နွားခြေရာခွက်အတွင်းရှိရေမျှသာ ဖြစ်ချေသည်။

ဗုဒ္ဓဘာသာသည်။

ရွှေ ငွေ ပုလဲ ပတ္တမြားစသော ရတနာဆယ်မျိုးတို့ဖြင့် ပြည့်နှက်သော မြင်းမိုရ်တောင်ကြီးနှင့် အလားတူသည်။ ထို့ကြောင့် ဤဗုဒ္ဓဘာသာကျမ်းဂန်ကို ကောင်းကောင်းတတ်ကျွမ်းကုန်သော
အရှင်တို့သည် အနှစ်သာရနှင့် ပြည့်စုံသော များစွာသောကျမ်းဂန်တွေရေးသားနိုင်သဖြင့် ကျမ်းဂန်ကောင်းများ ထွန်းကားသည်။

ခရစ်ယာန် ဘာသာသည်။

မြေအတိပြည့်သော တောင်ပို့ပျက်၊ တောင်ပို့ဟောင်းငယ် နှင့်တူပါသည်။ ထို့ကြောင့် ထိုခရစ်ယာန်ဘာသာကို ကောင်းကောင်း တတ်ကျွမ်းသည်ဆိုသော သူတို့သော်မှလည်း မဖြစ်စလောက် ရောက်တတ်ရာရာ စာအုပ်ဘုတ်အုပ် နုပ်နုပ်ဖွဲဖွဲသာ အနိုင်နိုင် ရေးသားထုတ်လုပ်နိုင်သည်။

ထို့ကြောင့်ပင်လျှင်-

၁။ ခရစ်ယာန်ဘာသာကို ကောင်းကောင်းတတ်သည်ဟု ဆရာတစ်ယောက် လုပ်သောသူတို့သည် ဗုဒ္ဓဘာသာကို အတော်အလျော်တတ်သော သူနှင့်တွေ့၍ ဘာသာစကား ပြောဆိုကြလျှင် အရေလယ်အောင် မပြောနိုင်ကြကုန်။

၂။ ဗုဒ္ဓဘာသာကိုတတ်ကျွမ်း၍ နေရာတကျ မေးတတ်သောသူရှိရာသို့ တစ်ခေါက်အပြင်၊ နှစ်ခေါက်မလာဝံ့ရှာကြကုန်။

၃။ ကောင်းကောင်း မေးနို်င်သောသူနှင့် တွေ့ရမည်ကို အလွန်ကြောက်ရှာကြကုန်သည်။

၄။ ဗုဒ္ဓဘာသာကို အကျွမ်းအကျင်နည်းပါးလှ၍ အဆစ်အပိုင်းကို မသိသေးသော လူပြိန်းတို့ရှိရာသို့သာ လာဝံ့ရှာကြသည်။

၅။ ဗုဒ္ဓဘာသာကို ကောင်းကောင်းတတ်ကျွမ်းသည် ဖြစ်၍ အဆစ်အပိုင်းကို သိပြီးသော သူတစ်ယောက်သည်ကား ခရစ်ယာန်ဘာသာကို အကုန်တတ်ကျွမ်းသူ တစ်ထောင်ကို အမှုမထား။

(ဤကား ယခုလောကတွင် မြင်ရသောအခြေအနေချင်းကွာလှမ်းပုံတည်း။)

ထို့ကြောင့်-

ဦးစောလှဖြူသည်။ ။
ရေပြည့်သော နွားခြေရာခွက်ငယ်များနှင့်လည်းကောင်း၊
မြေအတိပြည့်သော ခြတောင်ပို့ ပျက်ငယ်နှင့်လည်းကောင်း
အလွန်တူလှစွာသော ခရစ်ယာန်စာအုပ်ငယ်များကိုသာ အမြင်မျက်စိရှိ၍
ဆိုခဲ့ပြီး သော မဟာသမုဒ္ဒရာ စသည်တို့နှင့်လည်းကောင်း၊ ရတနာဆယ်ပါးအတိပြည့်သော မြင်းမိုရ်တောင်ကြီးတွေနှင့် လည်းကောင်း အလွန်တူလှစွာသော ဗုဒ္ဓဘာသာ ကျမ်းကြီးတွေကို
ဖတ်ရှုနိုင်သည့် အမြင်မျက်စိ မရှိရှာသောကြောင့် အယူမှောက်မှား၍-

၁။ သရဏဂုံသုံးပါးဟူ၍ အစ-အန ပြစရာ ယခုလည်းမရှိ၊
ရှေးကလည်း မရှိစဘူး၊
နောင်လည်းရှိမည် မဟုတ်သော ခရစ်ယာန်ဘာသာမှာ
သရဏဂုံသုံးပါး ထင်းရှားရှိသည်ဟု ဆိုမှားခြင်း၊

၂။ သရဏဂုံသုံးပါး မျက်မြင်ကမ္ဘာမြေပေါ်တွင် အနှံ့အပြား ထင်ရှားရှိပါသော ဗုဒ္ဓဘာသာကြီးမှာ သရဏဂုံ သုံးပါး အစေ့အစုံမရှိဟု ဆိုမှားခြင်းများသည်-
ဘုရားအလောင်းတော် မဟောသဓဇာတ်၌။ ။
ပဲဝက်မျှသော ဥစ္စာ လည်ပင်း၌ရှိသော ပုတ်သင်ငယ်သည် မိတ္ထီလာပြည်ကြီးရှင် ဝိဒေဟရာဇ်မင်းကြီးကို ငါ့လောက်ဥစ္စာမရှိဟု ဆိုမှားသည်နှင့် မခြားနားဖြစ်ချေသည်။

၁။ ခရစ်ယာန်ဘာသာ၌ ဘုရားထင်ရှား ရှိသည်သာဆို၍ ဘုရားရှိကြောင်းကို အစွန်းအစ သက်သေပြစရာ တစ်ခုမျှမရှိ။

၂။ ဗုဒ္ဓဘာသာမှာ ရူပကာယကိုယ်တော်တစ်စိတ်နှင့် ဓမ္မကာယကိုယ်တော်မြတ် ထင်ရှားရှိကြောင်းကို ကမ္ဘာမြေပေါ်တွင် မျက်မြင်သက်သေ အစွန်းအစ ပေါများလှပါ၏။

( ဦးစောလှဖြူ အမြင်မျက်စိမရှိ၍ မမြငြ်ခင်း ဖြစ်ပါသည်။)

ထို့ကြောင့်—

ဗုဒ္ဓဘာသာသာမှာ။

ဘုရား
တရား
သံဃာ ဟူသော သရဏံဂုံသုံးပါး
ယခုမျက်မြက် ထင်ရှားရှိသည်နှင့် ရှိခိုးပူဇော် ကိုးကွယ်ခြင်းသည် ညီညွှတ်လှ၏။

ခရစ်ယာန်ဘာသာမှာ။

ဘုရားလည်းပြစရာ အစအနမရှိ
တရားလည်းပြစရာ အစအနမရှိ
သံဃာလည်း ပြစရာ အစအန မရှိသည် ဖြစ်၍
မှီခိုကိုးကွယ်ကြသော အမှုသည် ဤရေသဖန်းပင်ကြီးသည် ပွင့်လိမ့်မည်၊ ရေသဖန်းပွင့် တစ်ပွင့်လျှင် ခဲတစ်ပိဿာကို ရွှေဖြစ်စေနိုင်၏ဟု လူလိမ်တစ်ယောက်က စာရေး၍ ချထားသည်ကိုမြင်၍ ရွှေသူဌေး လုပ်ရအောင် ရေသဖန်းပင်ကို ပွင့်နိုုးနိုး ကိုးကွယ် စောင့်ရှောက်၍နေသော သူတို့၏ အမှုနှင့်မခြား ဖြစ်ချေသည်။ ရေသဖန်းပင်တို့သည် ပွင့်ရိုးမရှိကုန်။

( ဧကာဒသမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏၊ )

ကျမ်းကိုး-
လယ်တီဆရာတော်
သာသနဝိသောဓနီကျမ်း-ဒုတိယတွဲ
(နှာ- ၁၁၇, ၁၁၈, ၁၁၉, ၁၂၀, ၁၂၁, ၁၂၂)

ထေရဝါဒ တို့တိုင်းပြည်ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။