ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓဝင်အကျဉ်း

Good IdeaAugust 18, 20102min560

ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓဝင်အကျဉ်း (သို့)
ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ
ရေးသား ပူဇော်လိုက်ပါသည်။

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-ဝါဆိုလပြည့်၊
ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင်
နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေဝီ၊
ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ
သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)

ဘီစီ-၅၉၄-(မြန်မာလလို-ဝါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင်
လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)

၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို
ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-ဝါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော
ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။

မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့်
-၁၄၄-မိုင် ဝေးပါသည်။

ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စဝဂ္ဂီငါးဦးသာ ပါဝင်ပါသည်။
၎င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စဝဂ္ဂီရဟန်းတော်
ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။

ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။

ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊
ဝါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။
ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ဝါတော်အနေအားဖြင့်(၄၅)ဝါအတွင်း
ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန်
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ–

ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌
ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။
ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က
ဝိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊
အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ဝါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ
(၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍
(အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။
“သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။

ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော
မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို
အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော
ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရဝါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။

ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊
ဝါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည်
အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေဝတမထေရ်တို့က
အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော်
(၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည်
ကာလာသောကမင်းဖြစ်ပါသည်။

တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊
အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော
အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။
အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌
ဝိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။
အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ
ကြာပါသည်။

တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု
စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေဝမထေရ် ဦးဆောင်ကာကြွ။
၃။ ဝနဝါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၄။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမဝန္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊
အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ
မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။
-၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည်
ဝဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင်
အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။

နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-

ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ
တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင်
ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး
ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။
အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ
ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊
တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင်
ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊
ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊
အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ
မင်းတုန်းမင်းကြီး ဖြစ်ပါသည်။
ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့်
သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။
ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး
-Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး
ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။
တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း
ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ
အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိနိ္ဒယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ
မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိနိ္ဒယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး
အိနိ္ဒယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။
၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိနိ္ဒယနိုင်ငံသား (၁)သန်းခန့်
ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊
ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊
မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ
ညောင်ရမ်းဆရာတော် အရှင်ရေဝတမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ
ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့
ဖြစ်ပါသည်။

အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရဝါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊
ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော
နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ
ဝန်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ
ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ဝိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင်
ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ဝိပဿနာတရား
ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို
အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ
ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။

မှာပါရစေ။ ။အထက်ပါဗုဒ္ဓဝင်(သို့) ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာအကျဉ်းသည်
မေမေ့လပြည့်ဝန်းလေး စုစည်းထားသော ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်များကို
တင်ပြခြင်းဖြစ်ပါသည်။ တချို့နေရာများမှာ မူကွဲ စသည်အားဖြင့်
ကွဲလွဲနေခြင်း ရှိကောင်း ရှိနိုင်ပါသည်။ အခုမေမေ့လပြည့်ဝန်းလေး
တင်ပြတဲ့မူသည် ထေရဝါဒမထေရ်များ လက်ခံထားသော ဘီစီ၊ အေဒီနှစ်များဖြစ်ပါသည်။

ကိုးကား–
ဝိနည်းစူဠဝါပါဠိတော်
ပါရာဇိကဏ္ဍအဋ္ဌကထာ
မဟာဝံသ
စူဠဝံသ
ဦးသာမြတ် “Buddhism in Southeast Asia”
www.nibbana.com

A SHIN SUJATA


အလင်းစေတမန် မှ ဖြစ်ပါသည်။

kkwinmoe.myanmarbloggers.org မှ ကူးယူဖော်ပြပါသည်။