အကျိုးကြီးအောင် ဥပုသ်စောင့်နည်း

Good IdeaAugust 18, 20101min632

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဥပုသ်နေ့များတွင် ရှစ်ပါးသီလတည်းဟူသော
ဥပုသ်ကို စောင့်ထိန်းလေ့ရှိကြသည်။ ကောင်းမြတ်သောအကျင့်ဖြစ်၍ ကျွန်ုပ်တို့
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ အားပေးချီးကျူးပါသည်။
ဤနေရာ၌ဥပုသ်စောင့်ထိန်းခြင်းနှင့် ပတ်သက်၍ ဗုဒ္ဓဘုရားရှင်
ဟောကြားတော်မူသော အဆုံးအမကို တင်ပြလိုပါသည်။ ဤအဆုံးအမသည်
ဝိသာခါကျောင်းအမကြီးအား ဟောကြားဆုံးမသော အဆုံးအမဖြစ်သည်။
ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်အရ ဥပုသ် ၃-မျိုးရှိသည်။ ယင်းတို့မှာ-
(၁) နွားကျောင်းသား ဥပုသ်။(ဂေါပါလ ဥပုသ်)
(၂) နိဂဏ္ဌတက္ကတွန်းတို့ ညွန်ပြသော ဥပုသ်။ (နိဂဏ္ဌ ဥပုသ်)
(၃) အရိယာသူမြတ်တို့ စောင့်ထိန်းသော ဥပုသ်။ (အရိယာဥပုသ်)

(၁) နွားကျောင်းသား ဥပုသ်-ဆိုသည်မှာ အစားအသောက်များကို
မက်မောသောစိတ်ဖြင့် ရှစ်ပါးသီလစောင့်ထိန်းခြင်းကို ဆိုလိုသည်။
နွားကျောင်းသားသည် ညနေခင်းတွင် နွားရှင်တို့အား နွားများသည် ယနေ့
ဤမည်သောအရပ်၌ အစာစားခဲ့ကြ၏။ ဤမည်သောအရပ်၌ ရေသောက်ခဲ့ကြ၏။ နက်ဖြန် နွားသည်
ဤမည်သောအရပ်၌ အစာစားကြရလိမ့်မည်-ဟု ဆင်ခြင်ခဲ့ကြသည်။
ထို့အတူ အချို့သော ဥပုသ်များသည် ယနေ့-ငါသည် ဤမည်သော စားသောက်ဖွယ်တို့ကို
စားသောက်ခဲ့ရ၏။ နက်ဖြန် ဤမည်သော စားသောက်ဖွယ်တို့ကို
စားသောက်ရလိမ့်မည်-ဟုဆင်ခြင်လျက် အစာကို မက်မောသောစိတ်ဖြင့်
ထိုနေ့အဖို့ကို ကုန်လွန်စေ၏။ ဤသို့ စောင့်သုံးအပ်သော ဥပုသ်သည်
နွားကျောင်သား ဥပုသ်မည်၏။ ဤဥပုသ်သည် အကျိုးအာနိသင် မရှိပေ။

(၂) နိဂဏ္ဌ ဥပုသ်-ဆိုသည်မှာ အပြောတမျိုး အလုပ်တမျိုး မမှန်မမကန်
ဟောကြားသော နိဂဏ္ဌတက္ကတွန်းတို့၏ စကားကို လိုက်နာ၍ ရှစ်ပါးသီလ
စောင့်ထိန်းခြင်းမျိုး ဖြစ်သည်။
ဥပမာ-နိဂဏ္ဌတို့သည် မိမိတို့၏ တပည့်တို့အား အရပ်လေးမျက်နှာ ယူဇနာတရာ
ထက်ဝန်းကျင်၏ အပြင်ဘက်တွင် ရှိသော သတ္တဝါတို့ကို ညှင်းဆဲ နှိပ်စက်ခြင်း
မပြုရ-ဟူ၍ ဆောက်တည်စေ၏။ ဤတွင် ယူဇနာတရာအတွင်း၌ ရှိသော သတ္တဝါတို့အား
ညှင်းဆဲခြင်း ပြုသည်ကို ခွင်ပြုသကဲ့သို့ ဖြစ်နေသည်။
သတ္တဝါအားလုံးကို မဟုတ်၊ သတ္တဝါအချို့ကိုသာ သနားခြင်းပြုရန်
ဆောက်တည်စေသောသဘောမျိုး ဖြစ်နေသည်။ မမှန်ကန်ပေ။ ဤသို့ဆောက်တည်သော
ဥပုသ်သည် နိဂဏ္ဌဥပုသည် မည်၏။ ထိုဥပုသ်သည် ကြီးသောအကျိုး အာနိသင် မရှိပေ။

(၃) အရိယာဥပုသ်ဆိုသည်ကား-သူတော်သူမြတ်တို့ စောင့်ထိန်းသော ဥပုသ်မျိုးဖြစ်သည်။
အရိယာဥပုသ်တွင် (က) ဗြဟ္မဥပုသ် (ခ) ဓမ္မဥပုသ် (ဂ) သံဃဥပုသ် (ဃ) သီလဥပုသ်
(င) ဒေဝတာဥပုသ် ဟူ၍ ၅-မျိုးရှိသည်။
(က) ဗြဟ္မဥပုသ် ဆိုသည်မှာ-ဦးခေါင်းကို တန်ဆာဆင်လိုသူသည် ထိုဦးခေါင်းကို
စင်ကြယ်စွာဆေးလျှော်ပြီး တန်ဆာဆင်ရ၏။ ထိုမှသာ တင့်တယ်လှပ၏။ ထို့အတူ
သီလတန်ဆာ ဆင်မြန်းလိုသူသည် ရှေးဦးစွာ ဗုဒ္ဓဂုဏ်တော်များကို
ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ
သီလစောင့်ထိန်းသည်။ ဤသီလသည် အကျိုးများသည်။ ဤဥပုသ်ကို ဗြဟ္မဥပုသ်ဟု
ခေါ်သည်။

(ခ) ဓမ္မဥပုသ် ဆိုသည်မှာ-ဝတ်ကောင်း ဝတ်သစ်များကို ဆင်မြန်းလိုသူသည်
ရှေးဦးစွာ ညစ်ပေနေသည့် ခန္ဓာကိုယ်ကို စင်ကြယ်အောင် ရေချိုးရ၏။
ရေချိုးပြီး ဝတ်ကောင်းဝတ်သစ်များကို ဆင်မြန်းမှ တင့်တယ်၏။ ထို့အတူ
သီလတန်ဆာကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ တရားဂုဏ်တော်များကို
ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ရ၏။ ထိုသို့ပြုပြီးမှ
စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို ဓမ္မဥပုသ်ဟု ခေါ်၏။

(ဂ) သံဃဥပုသ် ဆိုသည်မှာ-ဖြူစင်သောအဝတ်များကို ဖြူစင်အောင်
လျှော်ဖွပ်ပြီးမှ ဝတ်ဆင်ရာ၏။ ထိုမှသာ တင့်တယ်၏။ ထို့အတူ သီလတည်းဟူသော
အဝတ်ကို ဝတ်ဆင်လိုသူသည် ရှေးဦးစွာ သံဃာ့ဂုဏ်တော်များကို
ပွားများဆင်ခြင်လျက် စိတ်ကို စင်ကြယ်အောင် ပြုလုပ်ရ၏။ ထိုသို့
ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ထိုဥပုသ်ကို
သံဃဥပုသ်ဟု ခေါ်သည်။

(ဃ) သီလဥပုသ် ဆိုသည်မှာ-ကိုယ်လုံးပေါ်မှန်ကို ထင်ထင်ရှားရှား မြင်အောင်
ကြည့်ရှုလိုသူသည် ရှေးဦးစွာမှန်သားပြင်မှ မြူမှုန်ချေးများကို
စင်ကြယ်အောင် ပွတ်တိုက်ရာ၏။ ထိုသို့ ပွတ်တိုက်ပြီး ကြည့်ရှုမှ
ထင်ထင်ရှားရှား မြင်နိုင်၏။ ထို့အတူ သီလတည်းဟူသော မှန်ကို
ကြည့်ရှုလိုသူသည် မိမိစောင့်ထိန်းသော သီလဂုဏ်များကို ရှေးဦးစွာ
ပွားများဆင်ခြင်လျက် စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းရ၏။
ထိုသီလသည်သာ အကျိုးများပေသည်။ ယင်းကို သီလဥပုသ်-ဟု ခေါ်သည်။

(င) ဒေဝတာ ဥပုသ် ဆိုသည်မှာ-စိန် ရွှေ ရတနာ လက်ဝတ်တန်ဆာများ
ဆင်မြန်းလိုသူသည် ရှေးဦးစွာ လက်ဝတ်ရတနာများကို ချေးများစင်ကြယ်အောင်
အရောင်တင်ပြီးမှ ဝတ်ဆင်ရ၏။ ထို့အတူ သီလတည်းဟူသော လက်ဝတ်ရတနာများကို
ဆင်မြန်းလိုသူသည် ရှေးဦးစွာ သဒ္ဓါသီလ စသော တရားများကို ဆင်ခြင်ကာ စိတ်ကို
စင်ကြယ်အောင် ပြုလုပ်ရသည်။ ဤသို့ ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ
အကျိုးများပေသည်။ ယင်းကို ဒေဝတာ ဥပုသ်-ဟု ခေါ်သည်။

ဤသို့လျှင် ဗုဒ္ဓဘုရားရှင်သည် ဥပုသ် ၃-မျိုးကို ပိုင်းခြားသိမြင်အောင်
ဟောကြားဆုံးမခဲ့သည်။ ဥပုသ်စောင့်ထိန်းသူများ ဆင်ခြင်ဖွယ်၊
သိမှတ်ဖွယ်ဖြစ်၍ အင်္ဂုတ္တိုရ် ဥပေါသထသုတ်လာ အကျိုးကြီးအောင်
ဥပုသ်စောင့်နည်းကို ကျွန်ုပ်တို့ တင်ပြအပ်ပါသည်။

kkwinmoe.myanmarbloggers.org မှ ကူးယူဖော်ပြပါသည်။

2 comments

  • kopauk mandalay

    August 18, 2010 at 3:14 pm

    ကျနော်တွေးမိတာကတော့ မြတ်စွာဘုရားကဖြစ်စေချင်သော ဥပုသ်ဆောက်တည်ခြင်းသည်
    ချိုးခြံချွေတာသောအကျင့်ကိုရစေလိုတာရယ်၊မိမိစိတ်ကို မိမိ ထိန်းချုပ်ဆင်ခြင်နိုင်သော အကျင့်ရစေလိုတာရယ်လို့ထင်ပါတယ်။
    အခုတော့တော်တော်များများ က နေ့ဆယ့်နှစ်နာရီမထိုးမီ အဝအပြဲစားသောက်နေတာကိုတွေ့ရတော့ တစ်နပ်စာ ချွေတာရာမရောက်ဘဲ
    နှစ်နပ်စာအတွက်တစ်ခါထည်းပေါင်းစားသလိုဖြစ်နေတာကိုတွေ့ရတော့ စိတ်ပျက်မိပါတယ်။

  • Good Idea

    August 18, 2010 at 3:30 pm

    ဟုတ်ပါတယ်….လူတွေတင်မဟုတ်ဘဲအချို့ရဟန်းတော်တွေတောင်စည်းကမ်းဖောက်နေတော့….ပြောရခက်ပါတယ်ဗျာ…

Leave a Reply