တိုလီမုတ်စ

alinsettJanuary 1, 20156min1429

မင်္ဂလာပါ ။ အခုတစ်ပတ်တင်ပြပေးသွားမယ့် သတင်းတွေကတော့…

  • မြေမြှုပ်မိုင်းကြောင့် သေဆုံးရသူ အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တတိယနေရာမှာ ရှိနေတယ်ဆိုတဲ့ သတင်း၊

  • လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆက်တိုက်ဖြစ်ပွါးနေတဲ့ ပဋိပက္ခများနဲ့ နောက်ဆုံးရ သတင်းအချက်အလက်များ …

  • မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မြန်မာ့တိုင်းရင်းသား အစားအစာတွေကို လေ့လာနေတဲ့  US သမ္မတအိမ်ဖြူတော်ရဲ့ စားတော်ကဲမှူးရဲ့ သတင်း ၊

  • အစိုးရဝန်ထမ်းများ လစာတိုးသင့် မတိုးသင့်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ စစ်တမ်းကောက်ယူနေတဲ့သတင်းနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွမှုနှုန်းဆိုင်ရာ သတင်းအချက်အလက်များ…

  • မြန်မာနိုင်ငံ အလယ်ပိုင်းကနေဖြတ်ပြီး၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ချိတ်ဆက်မယ့် လမ်းတစ်လမ်း ဖောက်လုပ်မယ်ဆိုတဲ့ သတင်း ၊

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ် အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ပွဲအတွက်အစီအစဉ်များနဲ့ လက်ပံတောင်းတောင်အရေး ပြောကြားချက်များ… ၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကတိတည်ဖို့လိုတာနဲ့ ပတ်သက်တဲ့ ပြောဆိုဝေဖန်ချက်များ… ၊

  • တရုတ်ပြည်ကို တရားမဝင်သယ်ပို့မယ့် သစ်တွေ တင်ဆောင်လာတဲ့ ကား (၆) စီးကို မြစ်ကြီးနားမြို့အဝင်မှာ ဖမ်းဆီးရမိတဲ့ သတင်းနဲ့…

  • ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲကျင်းပခဲ့တဲ့ သတင်း…

  • ၂ဝ၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ သတင်းများ…

  • ထိုင်းနိုင်ငံက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့မြန်မာလုပ်သားနှစ်ဦးရဲ့ အမှုနောက်ဆက်တွဲ သတင်းများ…

  • အမေရိက ပြည်ထောင်စုမှာ အီဘိုလာရောဂါပိုးဆိုင်ရာ မတော်တဆမှုတစ်ခု ဖြစ်ပွါးသွားတဲ့သတင်း…

  • သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ်အရေး လှုပ်ရှားမှုများနဲ့…

  • US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းအချက်အလက်များအပါအဝင်.. အခြား သတင်းတွေကို စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဒီဇင်ဘာ ၃၁ ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာအစိုးရကို အိန္ဒိယ – မြန်မာနယ်စပ်မှာ သောင်းကျန်းနေတဲ့ လူမျိုးစုသူပုန်တွေကို စစ်ဆင်ရေး ပူးတွဲဆောင်ရွက်ဖို့ ဖိအားပေးတိုက်တွန်းလိုက်ပါတယ်။

စစ်ဆင်ရေးတွေ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့အရေး တိုက်တွန်းချက်ကို အိန္ဒိယနိုင်ငံထုတ် The Asian Age သတင်းမှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

မြန်မာနဲ့နယ်စပ်ဒေသဖြစ်နေတဲ့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပ်ိုင်းမှာ ရှိနေတဲ့ လူမျိုးစုသူပုန်တွေဟာ မြန်မာနိုင်ငံ ပိုင်နက်အတွင်း တောတောင် ထူထပ်ရာဒေသတွေမှာ ခိုလှုံနေကြတာဖြစ်ပြီး

အိန္ဒိယ ဗဟိုအစိုးရကို ပုန်ကန်တိုက်ခိုက်နေကြတာကြောင့် မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီသူပုန်တွေကို လက်ခံမထားဘဲ တိုက်ခိုက်မောင်းထုတ်ပစ်ဖို့ အိန္ဒိယအစိုးရက မြန်မာအစိုးရအဆက်ဆက်ကို တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပိုင်နက်အတွင်းမှာ NDFB သူပုန် အမာခံတွေ ၁၅ဝ နီးပါး ရှိနေပြီး ULFA အဖွဲ့ဝင် ၂၀ဝ နီးပါ နဲ့ မဏိပူအခြေစိုက် သူပုန် အဖွဲ့ဝင် ၁၅၀ဝ ကျော်တို့ ရှိနေတယ်လို့ သတင်းတွေက ကြေညာထားပါတယ်။

2

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၃ဝ ။

ကမ္ဘာတဝှမ်းမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးရသူ အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တတိယနေရာမှာ ရှိနေတယ်လို့ ICBL ခေါ် နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ (၁၉၉၉) ခုနှစ်ကစပြီး အခုထိ မြေမြှုပ်မိုင်းကြောင် ့သေဆုံးခဲ့ရသူပေါင်း

၃၅၀ဝ ကျော်ရှိနေတဲ့အတွက် တခြားနိုင်ငံတွေထက် မြေမြှုပ်မိုင်းသုံးစွဲမှု အလွန်မြင့်မားနေကြောင်း၊

Anti personal mine လို့ ခေါ်တဲ့ လူသတ်မိုင်းတွေ အသုံးပြုနေတာဖြစ်တဲ့အတွက် အခုလို သေဆုံးနှုန်းတွေ မြင့်မားနေတာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့

ICBL အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေက မြို့နယ်ပေါင်း ၅ဝ ကျော်မှာ မြေမြှုပ်မိုင်း ပြဿနာတွေ ရှိနေပြီး၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း အရှေ့ပိုင်းတွေကတော့ အဆိုးဆုံးအခြေအနေဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံးနှုန်းမြင့်မားနေပေမဲ့ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ပညာပေး လုပ်ငန်းဆိုတာ မရှိသလောက် နည်းပါးနေတယ်လို့လည်း သိရပါတယ်။

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလအထိ နိုင်ငံပေါင်း (၁၆၂) နိုင်ငံထဲက ၈ဝ % ကျော်က မြေမြှုပ်မိုင်း

အသုံး မပြုရေး စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ အဲ့ဒီထဲမှာ မြန်မာနိုင်ငံ မပါဝင်ခဲ့ဘူးလို့ သတင်းရရှိပါတယ်။

 

3

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဒီဇင်ဘာ ၃ဝ ။

ခရီးသည် (၁၆၂) ဦးကို တင်ဆောင်ပြီး အင်ဒိုနီးရှားကနေ စင်ကာပူကို ဦးတည်ပျံသန်းနေစဉ်မှာ ရုတ်တရက် ပျောက်ဆုံးသွားတဲ့

Airbus A320-200 အမျိုးအစား လေယာဉ်ရဲ့ အလားအလာဟာ အဆိုးဆုံးဘက်သို့ ဦးတည်နေကြောင်း ခန့်မှန်းမှုတွေနောက်မှာတော့…

လေယာဉ်ပျောက်ဆုံးပြီး တတိယနေု့ဖြစ်တဲ့ ဒီဇင်ဘာ ၃ဝ ရက် မှာ အဆိုပါလေယာဉ်ဆီကလို့ အခိုင်အမာ ယူဆနိုင်တဲ့ အပျက်အစီး အစိတ်အပိုင်းများနဲ့ ရုပ်အလောင်းများကို စတင် တွေ့ရှိခဲ့ပါတယ်။

အဲအေးရှား လေယာဉ်ကို လိုက်လံရှာဖွေနေတဲ့ အင်ဒိုနီးရှား စစ်သင်္ဘော တစ်စီးက လေယာဉ်ပျက်ဆီက

ရုပ်အလောင်း (၄၀)ကျော်ကို ပြန်လည် ဆယ်ယူနိုင်ခဲ့ပြီလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အင်ဒိုနီးရှား ရုပ်မြင်သံကြား ဌာနတစ်ခုက ရေပြင်ပေါ်မှာ ပေါလောမျောနေတဲ့ ရုပ်အလောင်း တစ်ခုကို ရှာဖွေရေး အဖွဲ့ရဲ့ လေယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုကိုလည်း ထုတ်လွှင့်ပြသလိုက်ပါတယ်။

A320-200 အမျိုးအစား လေယာဉ်ဟာ အင်ဒိုနီးရှားကနေ စင်ကာပူကို ပျံသန်းနေစဉ်အတွင်း

ရာသီဥတု ဆိုးရွားမှုကြောင့်လို့ ယူဆရတဲ့ အခြေအနေမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

1

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၃ဝ ။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေး ရယူထားခြင်းမရှိတဲ့ နေရာတွေကို ဝမ်ပေါင်ကုမ္ပဏီက ရဲအင်အားသုံးပြီး အတင်းအကြပ် ခြံစည်းရိုးခတ်တဲ့အတွက် ဆန္ဒပြကြရာမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတဦး သေဆုံးခဲ့တဲ့အထိ အခြေအနေ တင်းမာခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာတော့ ကန့်ကွက်ဆန္ဒပြသူတွေဟာ ခြံစည်းရိုးတွေကိုချိုးဖျက်ပြီး မြေယာပြန်ရရေးအတွက် သပိတ်စခန်း ဖွင့်လိုက်ကြတဲ့အတွက် လုံခြုံရေးအင်အားတွေ တိုးချဲ့ချထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ ၊ တရုတ်သံရုံးအနီးမှာလည်း ကြေးနီစီမံကိန်းအရေး မခံမရပ်နိုင်သူတွေစုဝေးပြီး ”စစ်အာဏာရှင် ပြုတ်ကျရေး၊” ” ဦးသိန်းစိန်အစိုးရ ဖြုတ်ချရေး၊” ” ပြည်သူ့ရဲမဟုတ် ဝမ်ပေါင်ရဲ၊” ”ဝမ်ပေါင် ဝမ်ပေါင် အလိုမရှိ ၊” ”ဦးပိုင် ဦးပိုင် အလိုမရှိ ” … စသည်ဖြင့် ကြွေးကြော် အော်ဟစ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့က အတားအဆီးတွေ မဖယ်မချင်း ထိုင်သပိတ်ဆင်နွှဲဖို့ ကြံစည်ခဲ့ပြီး အတားအဆီးတွေကို ဖြတ်သန်းကျော်လွှားဖို့ ကြိုးစားသူတွေနဲ့ လုံခြုံရေးရဲတွေ တွန်းထိုးတိုက်ခိုက်မှုများ ဖြစ်ပွါးခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ တောင်သူအတွက် တရုတ်သံရုံးရှေ့မှာ လွမ်းသူ့ပန်းခွေချခွင့် တောင်းခဲ့တာကို ငြင်းဆန်ခံရပြီးတဲ့နောက်မှာတော့               လုံခြုံရေးရဲကားပေါ် လွမ်းသူ့ပန်းခွေတပ်ဆင်ပြီး လူစုခွဲခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ လက်ပံတောင်းဒေသခံ တောင်သူအများစု စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးထားပေမဲ့ နောက်ကွယ်ကနေ စည်းရုံးသွေးထိုးပေးနေသူတွေကြောင့် အခုလို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေရတာဖြစ်တယ်လို့ ဝမ်ပေါင်ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

 

4

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂၉ ။

သမ္မတအိမ်ဖြူတော် စားတော်ကဲမှူး တာဝန်အပြင်၊ သမ္မတ အိုဘားမားရဲ့ ‘လှုပ်ရှားကြစို့ (Let’s Move)’ အစီအစဉ် အမှုဆောင်ဒါရိုက်တာလည်းဖြစ်ပြီး US အာဟာရဆိုင်ရာ မူဝါဒ အကြီးတန်း မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်တာဝန်များကို ထမ်းဆောင်နေသူလည်း ဖြစ်တဲ့ အသက် ၃၄ နှစ်ရှိ ဆမ် ကတ်စ်ဆိုသူဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရောက်ရှိလာပြီး တိုင်းရင်းသား စားသောက်ဖွယ်ရာတွေကို လေ့လာခဲ့ပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဆမ်ကတ်စ်ဟာ မြန်မာဈေးတန်း တခုထဲမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို လက်တွေ့လေ့လာကြည့်ရှုခြင်း၊ တိုင်းရင်းသား စားသောက်ဖွယ်များ ချက်ပြုတ်ပြင်ဆင်ပုံများကို လေ့လာ စားသောက်ခြင်းတွေ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့၊အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆမ်ကတ်စ်ဟာ စားတော်ကဲမှူးတာဝန်က နုတ်ထွက်ထားပြီ ဖြစ်ပြီး အာဟာရဆိုင်ရာမူဝါဒ အကြီးတန်း အကြံပေးတာဝန်ကို ဆက်လက် ထမ်းဆောင်ရင်း အမေရိကန်ကျောင်းတွေမှာ ကျွေးမွေးမယ့် နေ့လယ်စာတွေကို အာဟာရ ပြည့်ဝကောင်းမွန်အောင် ကြိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

5

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂၉ ။

လွှတ်တော်မှာ အစိုးရဝန်ထမ်းတွေရဲ့ တစ်ဦးချင်းလစာကို အနည်းဆုံး ကျပ်တစ်သိန်းခွဲကနေ                                 ကျပ် နှစ်သိန်းထိတိုးမြှင့်ပေးဖို့ အဆိုတင်သွင်း ထောက်ခံပြီးနောက်မှာ အစိုးရအနေနဲ့ ဝန်ထမ်းများနဲ့တွေ့ဆုံပွဲများ ၊ စီးပွားရေး ပညာရှင်များနဲ့ ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မှာတော့ အစိုးရဝန်ထမ်းများ လစာတိုးသင့် မတိုးသင့်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ စတင် စစ်တမ်းကောက်ယူနေတယ်လို့ သတင်းရရှိပါတယ်။

စစ်တမ်းကောက်ယူရာမှာ မေးခွန်းလေးခု မေးထားပြီး အဆိုပါမေးခွန်းတွေကတော့

(၁) မက်မောလောက်အောင်လစာတိုးပေးသင့်သည်။

(၂) အသင့်တင့်သာတိုးပေးသင့်သည်။

(၃) လစာတိုးမပေးသင့်ပါ။

(၄) အဆင့်မြင့်နိုင်ငံတော်တာဝန်ထမ်းဆောင်နေသူများ လစာအသုံးစရိတ်များ ခြိုးခြံချွေတာကြရန်နှင့်

အခြေခံနိုင်ငံ့ဝန်ထမ်းများသာ တိုးပေးသင့်သည် …တို့ဖြစ်ပါတယ်။

အဲဒီအချက်လေးခုထဲက တစ်ခုကိုသာ မဲပေးရွေးချယ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

လွှတ်တော်က တောင်းဆိုထားတဲ့ နှုန်းထားအတိုင်းသာ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးလိုက်လျှင် ငွေကြေးဖောင်းပွမှုနှုန်းက

၈ ရာခိုင် နှုန်းကနေ

၁ဝ ရာခိုင်နှုန်းထိရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံ ၊ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဝေဖန်ပြောဆိုထားပါတယ်။

ဗဟိုဘဏ်ရဲ့ တွက်ချက်မှုအရ လက်ရှိ မြန်မာ့ငွေကြေးဖောင်းပွမှုဟာ ၆ ရာခိုင်နှုန်းဝန်းကျင်ရှိနေပြီး

ကမ္ဘာ့ ဘဏ်တွက်ချက်မှုအရကတော့ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ရ ရာခိုင်နှုန်း ရှိနေပြီး

မြန်မာနိုင်ငံ အနေနဲ့ လက်ရှိငွေကြေးဖောင်းပွမှုနှုန်းကို ဂရုတစိုက် ကိုင်တွယ်ထိန်းသိမ်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

6

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂၈ ။

မြန်မာနိုင်ငံ အလယ်ပိုင်းကနေဖြတ်ပြီး၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ချိတ်ဆက်မယ့် လမ်းတစ်လမ်း ဖောက်လုပ်ဖို့အတွက် ဘဂ်လားဒေရှ်နိုင်ငံက အဆိုပြုတာကို တရုတ်နိုင်ငံက ထောက်ခံလို်က်ပြီလို့ သတင်းရရှိပါတယ်။

အဆိုပါ လမ်းဖောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်-တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ

သုံးပွင့်ဆိုင် ဆွေးနွေးဖို့ အစီအစဉ်ရှိနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုတိယ-နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။

စစ်တကောင်း-ကူမင်း လမ်းသစ်ဟာ မူလက အဆိုပြုထားတဲ့ BCIM ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယနဲ့ မြန်မာ စီးပွားရေး စင်္ကြန်လမ်းနဲ့ သီးခြားဖြစ်ပြီး အခုဖောက်လုပ်မယ့်လမ်းသစ် ကိစ္စကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

7

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂ရ ။

NLD ဥက္ကဋ္ဌ ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ် ၊ဇန်နဝါရီလ ၃ ရက်နေ့မှာ ပဲခူး မြို့ ၊ ရွှေမော်ဓေါဘုရားကွင်းမှာကျင်းပမယ့် ဗိုလ်ချုပ် အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အကြို အခမ်းအနားကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားဟာ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့်မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲတွေပါ ထည့်သွင်းကျင်းပမယ့် ပွဲဖြစ်ပြီး ပဲခူးမြို့ရွှေမော်ဓေါဘုရားကွင်းမှာ ကျင်းပခွင့်ရဖို့အတွက် အစိုးရထံမှာ ခွင့်ပြုမိန့်တောင်းခံထားတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့် မွေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားတွေကို ၂၀၁၅ ခုနှစ်အတွင်း တစ်နှစ်ပတ်လုံးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသွားဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။

8

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂ရ ။

တရုတ်ပြည်ကို တရားမဝင်သယ်ပို့မယ့် သစ် (၁၈) တန်တင်ဆောင်လာတဲ့ ကား (၆) စီးကို မြစ်ကြီးနားမြို့အဝင်မှာ ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း မြစ်ကြီးနားမြို့     အမှတ် ၂ ရဲစခန်းမှူးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ဘက်ကနေ တရုတ်ပြည်ဘက်ကို ခိုးထုတ်မယ့် ကား ၆ စီးကို မြစ်ကြီးနားမြို့အဝင် နန်းကွေ့၊ မောင်ဖောင်းကျေးရွာတွေနားမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သစ် တရားမဝင် သယ်ပို့တဲ့ ကားတွေကို သစ်တောနဲ့ ရဲဝန်ထမ်းတွေ ပါဝင်တဲ့ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂ရ ရက်နေ့မှာတော့ ဖမ်းမိတဲ့သစ်တွေကို သစ်တောဋ္ဌာနဆီ လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာရဲ့ အရှေ့ဘက်အင်ကြင်းတောင်မှာ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူတွေကို ထိရောက်စွာ အရေးယူဖို့ ဒေသခံ ငါးရာကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။

9

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

ဒီဇင်ဘာ ၂ရ ။

ဒီဇင်ဘာ ၂ရ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲကို မြို့နယ် ၃၃ ခုမှာ ကျင်းပခဲ့ပါတယ်။ ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၃၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်တဲ့အထဲက ၁၁၅ ဦးကို ရွေးချယ်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒီရွေးကောက်ပွဲဟာ နှစ်ပေါင်း ၆ဝ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က တစ်အိမ်ထောင်ကို တစ်မဲသာ သတ်မှတ်ပေးထားပေမယ့် အိမ်ထောင်ဦးစီးကိုသာ မဲပေးခွင့်ပြုထားတာကြောင့် မဲပေးခွင့်မရကြသူတွေများပြားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အတွင်းရှိ လူဦးရေ ငါးသန်းကျော်မှာ မဲပေးခွင့်ရှိသူ လေးသိန်းကျော်ပဲ ရှိတဲ့အပြင်

မဲပေးခြင်းဆိုင်ရာ အသိပညာပေးမှု အားနည်းမှုတွေကြောင့် မဲပေးဖို့ ဗဟုသုတ အားနည်းကြသူတွေလည်း ရှိနေတဲ့အတွက် စိတ်ဝင်စာမှုနည်းတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ သိရပါတယ်။

1

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂ရ ။

၂ဝ၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာ အမျိုးသားဇာတ်ဆောင်ဆုကို ”နင်စေရင်” ဇာတ်ကားနဲ့ပြေတီဦးက ရရှိခဲ့ပြီး ဒီတစ်ခါရတဲ့ဆုဟာ ပြေတီဦး အတွက် သုံးကြိမ်မြောက် အကယ်ဒမီဆုလည်းဖြစ်ပါတယ်။

စေတန်ရဲ့ကချေသည် ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ”ဝိုင်း” က ဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ ”နင်စေရင်” ဇာတ်ကားနဲ့ပဲ ဝတ်မှုန်ရွှေရည်က ရရှိသွားပါတယ်။

၂ဝ၁၃ ခုနှစ် အကယ်ဒမီဆုပေးပွဲအခမ်းအနားမှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အခြား အတတ်ပညာဆုတွေထဲက တေးဂီတဆုကို ”ကြယ်စင်မော်ကွန်း” ဇာတ်ကားနဲ့ စန္ဒရားတင်ဝင်းလှိုင်၊ အမျိုးသားဇတ်ပို့ဆုကို ”နင်စေရင်” ဇာတ်ကားနဲ့ မင်းဦး၊                                        အမျိုးသမီးဇာတ်ပို့ဆုကိုတော့ ”စုန်းပြူး”ဇာတ်ကားနဲ့ ခိုင်သင်းကြည်တို့ကို အသီးသီး ပေးအပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂ရ ရက်မှာ ကျင်းပခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ

အကောင်းဆုံး ဇာတ်ကားဆုကိုတော့ ပေးအပ်ခြင်း မရှိခဲ့ပါဘူး။

ဒီနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့မြို့တော်ဝန်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကတော့ ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲတွေကို ပြန်ကြားရေးဝန်ကြီးဌာနကကျင်းပပေးနေခဲ့ရာကနေ ဒီနှစ်မှာတော့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက သီးခြား တာဝန်ယူ စီစဉ်ပြီး လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။

2

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂ရ ။

ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ တောင်သူဒေါ်ခင်ဝင်းနဲ့ ဒဏ်ရာရသူတွေအရေးကို တရားမျှတမှုရှိစွာ ဖြေရှင်းပေးဖို ့

ဒီဇင်ဘာ ၂ရ ရက်က မန္တလေးမြို့မှာ သံဃာတော်တွေအပါအဝင် လူပုဂ္ဂိုလ် (၁၀၀၀)ခန့် ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆန္ဒပြပွဲဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆန္ဒပြနေတာမဟုတ်ဘဲ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ကို ဆန္ဒပြခြင်းသာ ဖြစ်ကြောင်း ဆန္ဒပြသူတွေက ပြောဆိုလိုက်ပါတယ်။

ဆန္ဒပြပွဲသူတွေဟာ မြန်မာနိုင်ငံတော်သီချင်းကို သီဆိုပြီး တရုတ် ကောင်စစ်ဝန်ရုံးကနေ မန္တလေးမြို့ရဲ့ လူစည်ကားတဲ့ (၆၆) လမ်း ၊ လမ်း (၃၀)နဲ ့ ဘူတာကြီး စတဲ့နေရာတွေမှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ။

အဆိုပါ ဆန္ဒပြပွဲကို ရွေဝါရောင် သံဃာ့ကွန်ရက် (အထက်မြန်မာပြည်)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ကဗျာဆရာသမဂ္ဂ (မန္တလေး) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်… စတဲ့ နိုင်ငံရေးနဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းပေါင်း ၂၄ခုနဲ့ အတူ မြို့ခံတွေပါ စုပေါင်းပါဝင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

3

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂၆ ။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေဆီက မဲကိုတောင်းတဲ့အခါ ပြည်သူလူထုအတွက် ပေးထားတဲ့ ကတိကို ပြန်လုပ်ပေးရဖို့ တာဝန်ရှိကြောင်းနဲ့ ပြောခဲ့တဲ့အတိုင်း ပြန်လုပ်မပေးနိုင်ဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံစရာမလိုဘူးလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း ၊ ကော့မှူးမြို့မှာ ရှိတဲ့ အောင်ဇဗ္ဗူအားကစားကွင်းမှာ ကျင်းပတဲ့ ကော့မှူးမြို့တည်

နှစ် ၅ဝ ပြည့် အခမ်အနား မိန့်ခွန်းပြောကြားရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုတာ မြို့နယ်သူမြို့နယ်သားတွေ ကိုယ်တိုင်က ပူးပေါင်းပါဝင်ရမှာဖြစ်ကြောင်းလည်း ပြောဆိုတိုက်တွန်းခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့မှာရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ HCTA ချက်နည်းပြုတ်နည်းနဲ့ ဟိုတယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း ကိုလည်း သွားရောက်ညွှန်ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

4

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂၆ ။

ထိုင်းနိုင်ငံက ကမ္ဘာလှည့် ခရီးသွားအများအပြား လာလည်ကြတဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်က ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့မြန်မာလုပ်သားနှစ်ဦးအရေးနဲ့ ပတ်သက်ပြီး မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ လိပ်ကျွန်းအရေး အထူးစုံစမ်းရေးကော်မတီဟာ ဒီအမှုကို ခုခံချေပမယ့် သက်သေ ၃၁ ဦးနဲ့ အထောက်အထားတွေကို ကော့စမွေ တရားရုံးထံ တင်သွင်းလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ သက်သေတွေထဲက ၂ဝကျော်ဟာ လူသတ်မှုဖြစ်ချိန် လိပ်ကျွန်းမှာ ရှိနေကြ သူများဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၆ က ကော့စမွေ တရားရုံးမှာစွပ်စွဲခံရသူတွေကို ရုံးထုတ်စစ်ဆေးချိန်မှာ မိသားစုဝင်များ၊ ရခိုင်ဘုန်းတော်ကြီးများနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

သက်သေတွေ ထွက်နိုင်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်မူတွေ လုပ်သွားမှာဖြစ်ပြီး စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ဦး အာမခံ ရနိုင်ဖို့ကိုလည်း ကြိုးစားလုပ်ဆောင်သွားမယ်လို့ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။

10

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဒီဇင်ဘာ ၂၆ ။

အမေရိကပြည်ထောင်စုမှာ ရှိတဲ့ ဓါတ်ခွဲခန်းတခုရဲ့ ဝန်ထမ်းတယောက်က အီဘိုလာရောဂါပိုးမွှားတွေကို အဖုံးအကာအကွယ်မပါပဲ တနေရာကနေ တနေရာကို သယ်ဆောင်မှု လုပ်ခဲ့တဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွါးခဲ့တယ်လို့ US ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာန CDC က ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ပမာဏသိပ်မများတဲ့ အီဘိုလာ ဗိုင်းရတ်စ် ပိုးမွှားတွေကို မှားယွင်းပြီး ဓါတ်ခွဲခန်း တခုကနေ တခြားဓါတ်ခွဲခန်း တခုကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ဟာ အေဂျင်စီရဲ့ Atlanta, Georgia ဌာနချုပ်မှာ အခုသတင်းပတ် စောစောပိုင်း က ဖြစ်ပွားခဲ့တာဖြစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြောင်းရွှေ့ရာမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်ဖို့ အကာအကွယ် ပစ္စည်းကရိယာတွေ တပ်ဆင်မထားတဲ့ အတွက် ဒီဓါတ်ခွဲခန်းဝန်ထမ်းတွေကို အီဘိုလာရောဂါပိုး ကူးစက်နိုင်တဲ့ကာလအဖြစ်၂၁ ရက် စောင့်ကြည့် အကဲခတ်နေပါတယ်။

အခင်းဖြစ်ပွါးရာ ဓါတ်ခွဲခန်းကို အဝင်အထွက် လုပ်ခဲ့ကြတဲ့ တခြားဝန်ထမ်းအချို့ကိုလည်း ဗိုင်းရပ်ပိုးမွှားတွေ သယ်ဆောင်သွားခြင်း ရှိမရှိ CDC က လေ့လာ စောင့်ကြည့်နေတယ်လို့ သတင်းရရှိပါတယ်။

11

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂၅ ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့ ၊ ရမ္မာဝတီခန်းမ မှာ

ကျောက်ဖြူ မြို့ခံများ ၊ နိုင်ငံရေးပါတီများနဲ့ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်

အရပ်ဘက် လူမှုအဖွဲ့အစည်းကိုယ်စားလှယ်၂၀ဝ လောက်နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်

ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ကျောက်ဖြူ ၊ အထူး စီးပွားရေးဇုန် တည်ဆောက်မယ့် အခြေအနေတွေနဲ့ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိရေး အတွက် ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အဆိုပါတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူတွေက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခတွေလည်း တည်ငြိမ်နေပြီဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုသာ ကြိုးစားဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားသွားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ တွေ့ဆုံ ပွဲမှာ သမ္မတနဲ့ တွေ့ဆုံခွင့်ရတဲ့ အချိန်အခက်အခဲကြောင့် ဒေသခံတွေဘက်က လိုအပ်ချက်တွေကို သမ္မတထံ တင်ပြခွင့်မရခဲ့ဘူးလို့လည်း သိရပါတယ်။

12

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂၄ ။

အဓိကရုဏ်းတွေ ဆက်တိုက်ဖြစ်ပွါးနေတဲ့ လက်ပံတောင်းတောင်ဒေသမှာ

လုံခြုံရေးတာဝန်ကျ မြန်မာရဲတပ်ဖွဲ ့ရဲ့ပစ်ခတ်မှုတွေကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့က

မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က…

အမျိုးသမီးတစ်ဦးကို ဘယ်လိုအခြေအနေမျိုးမှာမှ အခုလိုပစ်ခတ်ဖို့ အကြောင်းမရှိပါဘူး လို့ ပြောဆိုဝေဖန်လိုက်ပါတယ်။

တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာဦးပိုင်တို့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ပျက်ကွက်နေတဲ့အတွက် နိုင်ငံသားတွေရဲ့ အသက်အန္တရာယ် ထိခိုက်စေတဲ့ အထိ ဖြစ်ပွားခဲ့ရတာဖြစ်ကြောင်း NLD အဖွဲ့ချုပ်အနေနဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အပြင် ဒီဖြစ်ရပ်ဟာ အစိုးရမှာ တာဝန်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်လိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က…

“လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ခဲ့လို့ ဒီလိုဖြစ်တာ။ ဖြစ်ပြီးမှ လျော်ကြေးပေးတယ်ဆိုတာ လူတစ်ယောက်ရဲ့အသက်က ဘယ်လိုလျော်ကြေးနဲ့တန်ပါ့မလဲ၊ လူတစ်ယောက်ရဲ့အသက်ကို တန်ဖိုးဖြတ်လို့မှမရတာလေ ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီ ပဋိပက္ခမှာ အမျိုးသမီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့အထိ ဖြစ်ပွါးခဲ့တဲ့အတွက် ဝမ်းနည်းပါကြောင်း ဒီဇင်ဘာ ၂၄ ရက်မှာပဲ တရုတ်အစိုးရကလည်း ပြောကြားခဲ့ပါတယ်။

13

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီဇင်ဘာ ၂၄ ။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ၊ နောင်စီပေါကျေးရွာ ရဲ့အရှေ့ဘက်ရှိ အင်ကြင်းတောင်ကြော တစ်လျှောက်မှာ တရုတ်နိုင်ငံသားတွေဟာ စက်ယန္တရားတွေနဲ့ တရားမဝင် သစ်ခုတ်နေတယ်ဆိုပြီး

အမြန်ဆုံးတားမြစ်ပေးစေဖို့

ဒေသခံတောင်သူ ၅၀ဝ ကျော်က လက်မှတ်ရေးထိုးပြီး

ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီကို ပေးပို့တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတရားမဝင် သစ်ခုတ်ယူနေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာမယ့်အရေးနဲ့ ဒေသခံတွေရဲ့ လယ်ယာမြေတွေပါ ဆုံးရှုံးမှာစိုးရိမ်တဲ့အတွက် အခုလိုတိုင်ကြားစာ ပေးပို့ ရတာဖြစ်ကြောင်း ပြောဆိုလိုက်ကြပါတယ်။

အဆိုပါ တိုင်ကြားစာကို ဝိုင်းမော်မြို့နယ် ၊ နောင်စီပေါ၊ ခတ်ချို၊ သာဂရ၊ သာယာအေး၊ ဟိုးတုံစတဲ့ ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံ တောင်သူတွေက လက်မှတ်ရေးထိုးပြီး ပေးပို့တာဖြစ်ပါတယ်။

အင်ကြင်းတောင်ဟာ ဧကငါးသောင်းကျော်ရှိပြီး အဲ့ဒီတောင်ကြောတစ်လျှောက်ဟာ နောင်စီပေါ ရွာသားတွေ ရဲ့လယ်မြေတွေနဲ့ ထိစပ်နေ တဲ့တောင်ကြောတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် မိုးမောက်၊ မန်စီစတဲ့ မြို့နယ်တွေမှာလည်း တရားမဝင် သစ်ခုတ်နေတဲ့ တရုတ်နိုင်ငံသားတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။

14

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

< ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ >

မြန်မာနိုင်ငံကနေ ပြောင်းရွှေ့လာသူပေါင်း ၁၂, ဝ၀ဝ ခန့် နေထိုင်လျက်ရှိတဲ့

US ၊ အင်ဒီယာနာပိုလစ်စ်မြို့မှာ ပညာရေး ရန်ပုံငွေရရှိရေးအတွက် ဂီတဖျော်ဖြေပွဲတစ်ခုကို ဇန်နဝါရီလ ၃ ရက်၊ စနေနေ့ ညနေ ၆နာရီမှ စတင်ကျင်းပမယ်လို့ သိရပါတယ်။

Musical Concert & Performance မှာ L.A.I တီးဝိုင်းအဖွဲ့က ဝါရင့်အနုပညာရှင်များ၊ မြို့ခံဝါသနာရှင်များနဲ့ အတူ အနောက်တိုင်းဂီတ၊ မြန်မာ၊ ချင်း တေးသီချင်းများ၊ အဆိုအကများနဲ့ ဖော်ဖြေတင်ဆက်သွားမယ်လို့ သတင်းရရှိပါတယ်။

ဖျော်ဖြေပွဲအတွက် လက်မှတ်တစောင်ကို US ဒေါ်လာ 10 သတ်မှတ်ထားပြီး ရရှိတဲ့ ငွေတွေကို Burmese American Community Institute (BACI) အနေနဲ့                                           တက္ကသိုလ်၊ ကောလိပ် ပညာရေးဆက်လက် သင်ကြားမယ့် ကျောင်းသူကျောင်းသားများရဲ့ ပညာရေးရန်ပုံငွေအတွက် အသုံးပြုမယ်လို့ သိရပါတယ်။

အဆင့်မြင့် ပညာရေးကို ဆက်လက်သင်ယူမည့် မြန်မာကျောင်းသူကျောင်းသားတွေအတွက် ပညာရေးရန်ပုံငွေ ရရှိရေးကို ရည်ရွယ်ပြီး အခုလို ဂီတပွဲတော် စီစဉ်တင်ဆက်ရခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ဆိုပါတယ်။

အဆိုပါ ဂီတပွဲကျင်းပမည့်နေရာကတော့…

Perry Meridian High School
401 W. Meridian School
Indianapolis, IN, 46217 ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

< နှစ်သစ်ကူး အလှူတော်မင်္ဂလာ >

ဓမ္မသုခ ဝိဟာရ ဘုန်းကြီးကျောင်းမှာ နှစ်စဉ်ကျင်းပကြတဲ့ နှစ်သစ်ကူး အလှူမင်္ဂလာကို

လာမယ့် ၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက် ၊ တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး ဂျပန်ဆုရှီးနဲ့ ကော်ရည်ခေါက်ဆွဲ၊

အခြား မြန်မာမုန့်အချိုပွဲများ၊ ဂျပန်အိုက်စကရင်မ်နဲ့

မုန့်များကို စတုဒီသာကျွေးမွေးမယ်လို့ သတင်းရရှိပါတယ်။

လော့စ်အိန်ဂျဲလိစ်မြို့အနီးက နော်ဝေါ့ခ်မြို့ရှိ ၊ ဓမ္မသုခ ဝိဟာရ ဘုန်းကြီးကျောင်းကို ကုသိုလ်အလှူပြုဖို့ ကြွရောက်လာတဲ့ ဧည့်သည်တွေကို နှစ်စဉ်နှစ်တိုင်း ဆုရှီး အလျှံပယ် ကျွေးမွေးဧည့်ခံနေတာလည်း ဖြစ်ပါတယ်။

ဒီ အလှူပွဲကို နံနက် ၁ဝး၃ဝ နာရီမှာ ဘုရားဆွမ်းတော် ဆက်ကပ်ပြီး

ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်ရေဝတ ချီးမြှင့်တော်မူမယ့် တရားကို နာယူကြရမှာ ဖြစ်ပါတယ်။

အကျွေးအမွေး အစီအစဉ်ကို မနက် ၁၁ နာရီကနေ နေ့လည် ၁ နာရီအထိ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီအလှူပွဲမှာ ဆူရှီးကို အဝစားနိုင်ရုံမက ကော်ရည်ခေါက်ဆွဲ၊ မြန်မာဘိန်းမုန့်၊ ရွှေထမင်း၊ ရွှေခြည်ဆနွင်းမကင်း၊ ပလောပီနံမုန့်၊  ဂျပန်လက်ဖက်ရည်အစိမ်း အိုက်စ်ကရင်၊ ပဲနီအိုက်စကရင်၊ သစ်သီးစုံတွေနဲ့လည်း ဧည့်ခံဦးမှာ ဖြစ်ပါတယ်။

အလှူတော်မင်္ဂလာ ကျင်းပမယ့်နေရာကတော့….

Dhammasukha Vihara Temple
15623 Longworth Ave.
Norwalk, CA 90650
Tel. 562-864-3660
Fax 562-864-5228   ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

http://azmtv.com
http://azmtv.com

 

 

 

 

 

 

 

 

http://azmtv.com/mobile.php

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် ပြန်ပြောပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

 

9 comments

  • မြစပဲရိုး

    January 1, 2015 at 4:27 pm

    ပြောချင်တာ ပြောအေ။
    တိုလီ မုတ်ဆိတ် မဖြစ်ရင်ပြီး ရော။
    ဆူရှီ တော့ စားချင်သား။
    lol:-)))

    • Maung Thura

      January 2, 2015 at 12:47 pm

      တိုလီမုတ်စဆိုတာလည်း.. စုံပလုံစိပြီး ရှုပ်ထွေးတာ..
      မုတ်ဆိတ်ကလည်း.. ရှုပ်ထွေးတာပဲ..
      တူတူပဲ
      အဟီဟီဟိ

      :k:

  • ခင်ဇော်

    January 2, 2015 at 8:34 am

    U Ravika ပြောတဲ့ တည်ငြိမ်သူ ပြောင် အကြောင်းလေး တစ်ချက် နားထောင်ကြည့်ပါအူးး

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    နောက်ဆုံးကျတော့လည်း ဒီအစိုးရက ဒီအစိုးရပါပဲ

    သိန်းစိန်လောက် တည်ငြိမ်သူ မရှိဘူးဆိုခဲ့ရင် မှန်ကန်ကြောင်း ထောက်ခံချင်ပါတယ်။

    (၁) တက်တက်ချင်း ကချင်စစ်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ ဒါတောင် တည်တည်ငြိမ်ငြိမ်နဲ့ သူနဲ့ မပတ်သက်သလို နေတတ်သူပါ။

    (၂) နယ်စပ်မှာပဲ ပြဿနာတက်နေရုံနဲ့ အာဏာကို မထိန်းချုပ်နိုင်မှာစိုးလို့ ပြည်မမှာလည်း ဘာသာရေးအဓိကရုဏ်းတွေကို ဖန်တီးခဲ့ပြန်ပါတယ်။ ဒါတောင် ဣန္ဒြေမပျက် မပတ်သက်သလို နေတတ်သေးတယ်။

    (၃) ကာချုပ်မင်းအောင်လှိုင်ကို သူကိုယ်တိုင် ရွေးခဲ့ကြောင်း ပြောခဲ့ပြီး စစ်တပ်အကျိုးစီးပွားနဲ့ တရုတ်အကျိုးစီးပွားကို စွမ်းစွမ်းတမံ ကာကွယ်ပေးနေတယ်။ ဒါတောင် မျိုးချစ်သမ္မတဖြစ်ကြောင်း ဟန်ဆောင်ပန်ဆောင် နေတတ်သေးတယ်။

    (၄) ပြုပြင်ပြောင်းလဲရေးမထောက်ခံသူများကို ချန်ထားခဲ့မယ်လို့ ပြောပြီး ဖွဲ့စည်းပုံကို ပြင်ရင် ရရှိထားတဲ့ အခွင့်အရေးအတွက်တောင် စိုးရိမ်ရဖွယ်ရှိတယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ဒါတောင် ပြုပြင်ပြောင်းလဲရေးချန်ပီယံဖြစ်ကြောင်း ဖိန့်လို့ ကောင်းတုန်းရှိသေးတယ်။

    သန်းရွှေ၊ ခင်ညွန့်၊ သိန်းစိန်၊ မင်းအောင်လှိုင်နဲ့ လက်ရှိစစ်တပ်နဲ့ ဖွတ်ခေါင်းဆောင်တွေဟာ နေဝင်းလို ဆိုးခဲ့သူတွေ မဟုတ်ဘူးလို့ လော်ဘီသမားတွေ ရေးကြဖားကြပါတယ်။ စစ်အစိုးရလက်ထက်ကို ခဏချန်ထားအုံး။ လက်ရှိသိန်းစိန်အစိုးရလက်ထက်မှာတောင် စစ်ရာဇဝတ်မှုတွေ မနည်းကျူးလွန်ခဲ့ကြောင်း ဆင်သေကို ဆိတ်သရေနဲ့ ဖုံးလို့ မရဘူး။

    ဒီအစိုးရ၊ ဒီအုပ်စုကို အိုဘာမားလည်း ခရက်ဒစ် ပေးခဲ့ဖူးတယ်။ အနောက်တိုင်းခေါင်းဆောင်တွေလည်း ခရက်ဒစ် ပေးခဲ့ဖူးတယ်။ အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုကို အကောင်းဆုံး အမြတ်ထုတ်ခဲ့တဲ့ တရုတ်တို့လည်း ကောင်းချီးဩဘာ ပေးခဲ့ဖူးတယ်။ ထင်ရှားတဲ့ ဆရာတော်အချို့လည်း ကျောထောက်နောက်ခံပြုပေးလေ့ ရှိပါတယ်။

    ဒါပေမဲ့ ဒီအစိုးရဟာ ဒီအစိုးရပါပဲ။ သိကြားမင်း ဆင်းပြီး ထောက်ခံရင်တောင် ဒီအစိုးရဟာ ဒီအစိုးရပါပဲ။ မဟာဗြဟ္မာမင်း ဆင်းလာပြီး ထောက်ခံခဲ့ရင်တောင် ဒီအစိုးရဟာ ဒီအစိုးရပါပဲ။ ဒီအစိုးရကို ထောက်ခံသူတိုင်းဟာ….

    (၁) ပြည်တွင်းစစ်ကို ထောက်ခံသူ၊
    (၂) ဦးပိုင်နဲ့ ခရီုနီတို့ရဲ့ နောက်လိုက်၊
    (၃) စစ်ရာဇဝတ်ကောင်များရဲ့ အပေါင်းအပါ၊
    (၄) ပြည်သူတို့ရဲ့ ဆင်းရဲဒုက္ခကို လျစ်လျူရှုသူများ

    လို့ ပြောချင်တယ်။ ငြင်းနိုင်ရင် ကွန်မန့်မှာ ငြင်းကြပါလေ။

    (ဒီမိုဘက်က ပျာခဲ့ရင် သိန်းစိန်အစိုးရက မကောင်းမှုများကို တည်တည်ငြိမ်ငြိမ်လုပ်နိုင်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။)
    Credit to U Ravika

  • Yae Myae Tha Ninn

    January 2, 2015 at 10:51 am

    အော်… ဆက်ဆက်ရယ်… မြေမြှပ်မိုင်းကို ငါ့နှယ်… ချောကလက် ပုံစံဆန်းလေးပါလားဆိုပြီး ကြည့်နေတာ… 🙂

    • Maung Thura

      January 2, 2015 at 12:41 pm

      :k:

      :k:

      :k:

      ===============

      မြေမြှုပ်မိုင်းကင်းရှင်းရေး မြန်မာအလှမ်းဝေးဆဲ

      အောင်ရဲ မောင်မောင်

      30.12.2014 08:09
      http://burmese.voanews.com/content/land-mine-icbl-report-myanmar-peace-aid-foundation-/2578461.html

      မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ဆက်လက်အသုံးပြုမှုတွေ ရှိနေသေးတယ်လို့ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ရေး နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ရဲ့ ၂၀၁၄ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ ခြွင်းချက်အနေနဲ့တော့ ၂၀၁၃ -၂၀၁၄ မှာ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ထိခိုင်ဒဏ်ရာ ရသူတွေအတွက် အကူအညီပေးမှုတွေတော့ ပိုရလာတယ်လို့ ICBL ရဲ့အကြီးတန်း အရာရှိတစ်ဦးက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အပြည့်အစုံကို ဒီအဖွဲ့ရဲ့အစီရင်ခံစာ ထုတ်ဖော်ပွဲမှာ ကိုယ်တိုင်သတင်းရယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြပေးထားပါတယ်။

      တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေမရပ်နိုင်သေးတဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေအတွက်ပါ အန္တရာယ်ရှိတဲ့ မြေမြှုပ်မိုင်းသုံးတာတွေ ဆက်ရှိနေသေးတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ရေး နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ရဲ့ ၂၀၁၄ အစီရင်ခံစာမှာ ဖော်ပြ လာတာပါ။

      အခုလို အသုံးပြုမှုတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကရော၊ အစိုးရတပ်တွေကပါသုံးနေကြသလို နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ ကပါ အသုံးပြုနေတယ်လို့အခုထုတ်ပြန်တဲ့ အစီရင်ခံမှာပါရှိတဲ့အကြောင်း ICBL ရဲ့ အကြီးတန်း အရာရှိတစ်ဦးဖြစ်တဲ့ မစ္စတာ ရာရှိရာမိုဆာက ဗွီအိုအေကို ပြောပါတယ်။

      “မြေမြှုပ်မိုင်းအသုံးပြုမှုတွေ ဆက်ရှိနေတယ်ဆိုတာ ၂၀၁၄ ပထမနှစ်လည်မှာ စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်တွေအရ သိရပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တွေရော၊ အစိုးရစစ်တပ်မှာရော မြေမြှုပ်မိုင်းအသုံးပြုမှု လျော့ကျခဲ့တာကိုတော့ တွေ့ရပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေကလည်း မြေမြှုပ်မိုင်း အသုံးပြုတာတွေရှိခဲ့ပါတယ်။ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေဟာ အစိုးရစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။”

      ခြွင်းချက်အနေနဲ့ကတော့ ၂၀၁၃- ၂၀၁၄ နှစ်တွေမှာ မြေမြှုပ်မိုင်းထိခိုက်လို့ ကိုယ်အင်္ဂါဆုံးရှုံးထားတဲ့သူတွေကို အကူအညီပေးမှုတွေက အရင်ကထက် ပိုလာပြီး ပညာပေးလုပ်ငန်းတွေ တိုးလာတာ တွေ့ရတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာကတော့ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်း ဆက်လက် အသုံးမပြုရေး နိုင်ငံတကာ သဘောတူညီမှုစာချုပ်တွေမှာ လက်မှတ်ရေးထိုးနိုင်တာမျိုး မရှိသေးသလို ကျန်ရှိတဲ့ မြေမြှုပ်မိုင်းတွေ ပြန်လည် တူးဖော်ရေး လုပ်ဖို့ အချိန်ကာလ မသတ်မှတ်နို်င်တာကို တွေ့ရတယ်လို့လည်း မစ္စတာ ရာရှီရာက ပြောပါတယ်။

      “၂၀၁၃ နဲ့ ၁၄ မှာ မှာ မြေမြှုပ်မိုင်းထိသူတွေအတွက် အထောက်အပံ့တွေ ပိုုပြီး ရလာတာကို သတိထားမိပါတယ်။ မိုင်းနဲ့ပတ်သက်တဲ့ ပညာရေး လုပ်ငန်းတွေ တိုးလာတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလူသတ်မိုင်းတွေ မှ မပါဝင်တော့ဘူးလို့ သဘောတူလက်မှတ်ရေးထိုးတာမျိုးတော့ မရှိသေးပါဘူး။ နောက်ထပ် မြေမြှုပ်မိုင်းတွေ ဆက်မလုပ်တော့ဘူးဆိုတဲ့ သဘောလက်မှတ်ထိုးတာလည်း မရှိသေးပါဘူး။ နောက်ဆုံးအချက်ကတော့ မြေမြှုပ်မိုင်းတွေ ဘယ်တော့ ဖော်ထုတ်မလဲ ဆိုတာကို တိတိကျကျ သတ်မှတ်ထားတဲ့ ကာလမရှိတဲ့ အချက်ပါပဲ။”

      လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်သေးတာဟာ နယ်မြေငြိမ်းချမ်းမှုတွေ မရှိတာကြောင့်လို့ ပြည်တွင်းက မြေမြှုပ်မိုင်းတူးဖော်ရေးလုပ်ကိုင်တဲ့ Myanmar Peace Aid Foundation ရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဦးသန့်ဇင်က ပြောပါတယ်။

      “တကယ်တန်းက တချို့နေရာတွေ ငြိမ်းချမ်းပြီးပြီ။ ကယားဆိုရင် အခု လုံးဝတိုက်ပွဲမရှိဘူး။ ရွှေကျင်၊ ကျောက်ကြီးဆိုရင် အခုအချိန်မှာ လုံးဝ တိုက်ပွဲလည်း မရှိဘူး၊ မိုင်းဖြစ်စဉ်လည်း တော်တော်လျော့ကျသွားပြီးပြီ။ အဲဒီတော့ တချို့နေရာတွေမှာ လုပ်လို့ရတယ်။ ဒါပေမယ့် ဘာကြောင့် မလုပ်သေးတာလဲ ဆိုတာတော့ ငြိမ်းချမ်းရေး peace talk ထဲမှာ အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့။ ဒါကိုစိုးရိမ်လို့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးတာပဲ။ သူတို့ရဲ့ သဘောထားက ဒီအတိုင်းပဲ။ Myanmar Mine Center – MMC ဖွဲ့စည်းဖို့ရှိတယ်။ သူကနေမှ မိုင်းရှင်းလင်းရေး တနိုင်ငံလုံး ပြည်နယ်အားလုံးကို တပြိုင်တည်း ရှင်းကြတဲ့အခါမှာ သူက control လုပ်သွားမှာ။ တကယ်ရှင်းမရှင်းလည်း သူက ပြန်စစ်မှာ။ ဆာဗေးကောက်လို့မရဘူးဆိုတာက ဒီလို- အဲဒီနေရာတွေက အခုအချိန်မှာ အညိုရောင် ဖြစ်နေသေးတယ်။ အားလုံးလက်မှတ်ထိုးပြီးမှ အဖြူရောင်ဖြစ်သွားမယ်။ အဲဒီတော့ အညိုရောင်၊ အနက်ရောင်ဖြစ်နေသေးတဲ့အတွက် ဝင်ခွင့်မပေးခြင်းဖြစ်တယ်။”

      မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) က ၂၀၁၁ တုန်း မိုင်းနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းဆောင်ရွက်ဖို့ ဌာနတစ်ခုထားရှိဖို့ သဘောတူခဲ့ပေမဲ့အထူးသဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ရေးထိုးမှုမတိုင်ခင်ထိ မိုင်းကိစ္စနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်တာမျိုးတွေ သက်ဝင်လှုပ်ရှားနိုု်င်မှာ မဟုတ်ဘူးလို့လည်း MPC က ပြောဆိုထားတယ်လို့ ICBLရဲ့အစီရင်ခံစာမှာ ပါရှိပါတယ်။

      မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်မီ မြေမြှပ်မိုင်းရှင်းလင်းရေးဌာနတခု ဖွင့်လှစ်နို်င်ရေးကိစ္စမှာ မြန်မာအစိုးရက နှောင့်နှေးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီလထဲမှာထုတ်ပြန်တဲ့မြေမြှုပ်မိုင်းရှင်းလင်းရေး နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်ခင်ဗျား။

  • aye.kk

    January 2, 2015 at 1:06 pm

    တိုလီမုတ်စ
    ပွေလီရှုပ်ပွ
    ငိုရီဟုတ်ဟ
    ကြြွေပီပုတ်ကျ
    ငုံ ့ရတဲ့ဘဝ၊မချမ်းသာ။။

    • Maung Thura

      January 2, 2015 at 3:34 pm

      ရလဲ
      အန်တီအေးတောင် ကာရန်တွေ ဘာတွေနဲ့
      :k:

  • Shwe Ei

    January 2, 2015 at 4:01 pm

    -သတင်းတွေ အားလုံး တစ်နေရာထဲမှာ စုံစုံလင်လင် ဖတ်ရလို့ ကျေးဇူးတင်ပါအိ..
    -အခုတင်လိုက်တဲ့ သတင်းတွေ မှာ တချို့ အဖြေမထွက်သေးတာတွေ ရှိလို့ အဖြေထွက်ရင် ထပ်တင်ပေးပါအုံး 🙂

    • Maung Thura

      January 3, 2015 at 2:29 pm

      ဟုတ်ကဲ့ ။
      အပတ်စဉ် တင်နိုင်အောင် ကြိုးစားကြည့်ပါ့မယ် ။
      အပတ်စဉ် ဝင် ဖတ်နိုင်အောင် ကြိုးစားပေးပါနော်
      ဂွစ်ဂွစ်

      :k:

Leave a Reply