မကြုံစကောင်း ကြုံစကောင်း

“မကြုံစကောင်း ကြုံစကောင်း”

မကွေးကိုနေ့ချင်းပြန်ခရီးထွက်တဲ့အကြောင်းပြောရင်းနဲ့မှ ဒီလမ်းခရီးမှာ သူ့ကို မဖြတ်ဘဲသွားလို့မရတဲ့ နာမယ်ကျော်” ဒေါင်းနေချောင်း”
တစ်ချို့ကလဲ” ဒေါင်းသေချောင်း “လို့ခေါ်တဲ့ သဲချောင်းကြီး နဲ့ ကိုယ်နဲ့ပါတ်သက်ခဲ့တာကို သတိရလို့လာပါတယ်။
ဒီချောင်းနဲ့ ပါတ်သက်တဲ့ အရပ်စကားလေးကတော့ “တောင်ပေါ်မှာမိုးညို့လာရင် ဒေါင်းထပျံတာတောင် ပြေးမလွတ်ဘူး”ဆိုတာလေးပါ။
တကယ်တမ်းတော့ ရေစီးကြမ်းတာ ရေစီးသန်တာရေအရောက်မြန်တာကိုတင်စားပြောတာပါ။
ဒီချောင်းက မိုးတွင်းတောင်ပေါ်ရေဆင်းလာချိန်မှာဆိုရင် အရှိန်အဟုန်ပြင်းပြင်းနဲ့ဆင်းလာပြီး တွေ့သမျှမြင်သမျှကိုရေစီးနဲ့အတူ
ခေါ်သွားတတ်ပါသတဲ့ ဒီလိုရေစီးနေတာကိုတော့ ကျနော်လဲ ကြားသာ ကြားဘူးပါတယ် မမြင်ဘူးပါဘူး၊
ဒီသဲချောင်းကြီးက တောင်မြောက်အလျားအရှည်လိုက်ကြီး လဲလျောင်းနေပြီး အရှေ့နဲ့အနောက်ကတော့ ခန့်မှန်းခြေ ပေတစ်ရာ
တစ်ရာ့ငါးဆယ်ကျော်ကျော်လောက် ရှိပါမယ်။ရေနံချောင်းက ဒီချောင်းရဲ့အရှေ့ဖက်ကမ်း မကွေးက အနောက်ဖက်ကမ်းမှာရှိတာပါ။
မန်းလေးဖက်ကနေလာမယ်ဆိုရင် ဒီချောင်းကိုဖြတ်မှ မကွေးဘက်ကိုရောက်တာပါ။
ဒီချောင်းက အပေါ်ယံမှာသာရေမရှိပေမဲ့အောက်ခံမြေသားက ရေစပ်စပ်ရှိနေတတ်ပါတယ်။
အဲတော့ လမ်းကြောမသိဘဲ ကားဖြတ်လိုက်ရင် အချိန်မရွေးသဲကျွံသွားနိုင်ပါတယ်။
ဒါကြောင့်လဲ အရပ်ခံလူတွေက စေတနာကြေးပေးတာကို ယူလု့ိ လမ်းပြဘို့ ကားဖြတ်နိုင်အောင် လမ်းကို သဲံဖို့လို့ အဆင်သင့်ဖြစ်အောင် နေ့စဉ်လုပ်ထားတာကို တွေ့ရပါတယ်။
ဒီချောင်းနဲ့ပါတ်သက်ခဲ့တာကိုပြောရရင်ကျနော်ခပ်ငယ်ငယ်ကတည်းကပါ။
တစ်ခါကျနော်တို့အဖိုးတို့ရဲရွာကို သွားဘို့ဖြစ်လာပါတယ်။အဲဒီရွာက ရေနံချောင်းမရောက်ခင်မှာရှိတဲ့ရွာကလေးပါ။
မန်းလေးမကွေးကားလမ်းမရဲ့အရှေ့ဘက်တော်တော်ဝေးဝေးကို ဝင်သွားမှရောကတဲ့ရွာလေးပါ။
ဒီမကွေးကိုသွားတဲ့ လူစီးကားတွေက ဟိုးရှေးကတည်းက ညမှသာကားတွေထွက်ပါတယ်။
ကျနော်တို့အဲဒီရွာကနေပြန်ဘို့အတွက်ဆိုရင် ညနေငါးနာရီလောက်မှာ ရွာကထွက် မကွေးဘက်ကလာတဲ့ကားကိုစောင့်စီးရပါတယ်။ကားက ညကိုးနာရီလောက်ဆိုကျနော်တို့စောင့်စီးတဲ့နေရာကိုရောက်ပါတယ်။.
အဲဒီကားကိုစောင့်တယ်ဆိုပေမဲ့လာမလာ မသေချာပါဘူး ဒေါင်းနေချောင်းမှာရေကျတယ်ဆိုတယ်ရင် ကားမလာတော့ နောက်တစ်ရက်ပြန်စောင့်ရပါတယ်။
မှတ်မှတ်ရရ အဲဒီအခါတုန်းက သုံးရက်တိတိပြန်စောင့်ရပါတယ်။
မှတ်မိတာလေးတစ်ခုက ကားမလာလို့ရွာကိုလှည်းနဲ့ပြန်ကြတဲ့အခါပိုးစုန်းကြူးအုပ်လိုက်ကြီးကလှည်းနောက်ကနေလိုက်လာတတ်တာပါ။
ဒါက ဒေါင်းနေချောင်းနဲ့ပါတ်သက်လို့ စသိခဲ့ရတာလေး ကျနော်ခြောက်နှစ်သားလောက်ကပါ။
နောက်ဒီချောင်းနဲ့ပါတ်သက်လို့ကြီးမှသိလာရတာကတော့ တံတားဆောက်ဘို့ခက်ခဲတယ်ဆိုတာပါ။
ဟိုဘက်နဲ့ဒီဘက်ကသိပ်အလှမ်းဝေးနေတာရယ် နောက်ရေနံချောင်းဖက်က အမြင့် မကွေးဘက်က အနိမ့်ဖြစ်နေတယ်ရယ်
ရေနံချောင်းဘက်ကမ်းက ကျောက်ဆောင်တွေလိုဖြစ်နေတော့တူးဘို့ခက်နေတယ်လို့ထင်ရတဲ့အပြင် သဲပြင်ကျယ်ကြီးဖြစ်နေတဲ့အတွက် အလယ်မှာတိုင်မစိုက်ဘဲ တံတားဆောက်လို့မရနိုင်သလို အလယ်မှာတိုင်စိုက်မယ်ဆိုရင်လဲ
မြေစိုက်နက်အောင် ခိုင်အောင်တိုင်စိုက်ဘို့အတွက် အောက်ခံမြေသား က မာကျောမူ့မရှိဘူး အောက်ခံမြေသားပျော့နေတာကြောင့် တံတားမဆောက်ဖြစ်တာလို့ထင်ပါတယ်။
ဒီဒေါင်းနေချောင်းနဲ့ပါတ်သက်တဲ့ ကျနော်ကြားဘူးတဲ့ဇာတ်လမ်းလေးကတော့တစ်ရက် တောင်ပေါ်မှာမိုးညို့တဲ့အချိန်ကို
ကုန်အပြည့်နဲ့လော်လီကားတစီးရောက်လာပါသတဲ့။
ဒီကားဖြတ်မယ်လုပ်တော့ အရပ်ခံတွေက ဝိုင်းတားကြပါသတဲ့။
ဒါပေမဲ့ကားဆရာက ဇွတ်ဖြတ်ပါသတဲ့ ဖြတ်လဲဖြတ်လို့ ကားလဲသဲချောင်းအလယ်လောက်ရောက်ရော ကားဘီးတစ်ဖက်ကသဲထဲ
ကျွံသွားတဲ့အချိန်ရေတွေကလဲ ဒလဟောဆင်းလာလိုက်တာ ကားကြီးကရေထဲမှာလိမ့်လိမ့်လိမ့်နဲ့ပါသွားလိုက်တာ
အားလုံးမြင်ကွင်းထဲကပျောက်သွားပါသတဲ့။
နောက်တပုဒ်ကတော့ ကျနော်သူငယ်ချင်းရဲ့အမေကိုယ်တိုင်ကြုံခဲ့တာ သူပြန်ပြောလို့သိရတာပါ။
တစ်ရက် မိုးတွေတော့ညို့နေတယ် ဒါပေမဲ့ တစ်ခြားသူကားတွေကလဲဖြတ်နေတယ်ဆိုတော့ သူတို့ ကားကလဲ ဖြတ်လိုက်မိပါသတဲ့။
သူတို့ကားကလဲကုန်ကားပါဘဲ မကွေးဘက်ကနေ ကုန်တွေတင်ပြီးမန်းလေးဘက်ကိုသွားမှာ သူရယ် ကားမောင်းတဲ့သူရယ်ကားနောက်ခန်းမှာ စပယ်ယာလေးရယ် သုံးယောက်ပေါ့။
ဆင်းလာလို့ ကမ်းနဲ့ သိပ်မကွာသေးခင်သူတို့ရှေ့ကကားက သဲကျွံသွားလို့ ကွေ့ပြီးကျော်မောင်းမယ်အလုပ်မှာ သူတို့ကားကလဲ သဲကျွံသွားလို့ ဟိုအဝေးက လူတွေက ကားကို ဝိုင်းကူပြီး ဆင်းလာမယ်အလုပ်မှာ ရေတွေရုတ်တရက်ဆင်းလာလိုက်တာလဲမြင်ရော
အားလုံးကာမ်းပေါ်ပြန်တက်ပြေးကြရပါသတဲ့။ရေလုံးရိုက်တဲ့အရှိန်နဲ့ သူတို့ကားကလဲ တုံးလုံးလဲသွားချိန် သူ့အမေက ကားတံခါးကနေ ကားဘေးတိုက်လဲနေတဲ့အပေါ်ကိုဇွတ်တက်လိုက်ပါသတဲ့။
ကားမောင်းတဲ့သူကတော့ ကားထဲမှာကျန်ခဲ့ပါသတဲ့။
ခဏနေတော့ ကမ်းကလူတွေက ကြိုးပစ်ပေးတာနဲ့ ခါးကို ကြိုးချည် လူအုပ်ကြီးကလွန်ဆွဲသလိုဝိုင်းဆွဲပေးလို့ အသက်ဘေးကလွတ်လာပါသတဲ့။
စပယ်ယာလေးရယ် သူကလွတ်ပေမဲ့ ဒရိုင်ဘာကတော့ ကားနဲ့အတူပါသွားခဲ့ပါသတဲ့။
ဒီချောင်းနဲ့ပါတ်သက်တဲ့တကယ့်အဖြစ်အပျက်တွေကတော့အများကြီးပါ။
ကျနော်ကိုယ်တွေ့ကတော့ 2005 ဇူလိုင်လထဲမှာဖြစ်ခဲ့တာပါ။
တစ်ရက်ချောက်ကနေ ဈေးရောင်းပြီး ရုံးရှိတဲ့မကွေးကိုအပြန် လမ်းမှာ ဂွေးချိုရောက်ကတဲက မိုးတွေသဲသဲမဲမဲရွာပါတယ်၊
ရေနံချောင်းမြို့အထွက်ရောက်တော ဆယ်ပေလောက်ကျယ်တဲ့ချောင်းက ရေကျနေလို့ဖြတ်မရလို့စောင့်ရပါတယ်။
ချောင်းဖြတ်လို့ရတော့ ဆက်လာလိုက်တာ ဒေါင်းနေချောင်းနားမရောက်ခင်ကတဲက ရေသံတွေတဝေါဝေါကြားနေရပါတယ်၊
အနားလဲရောက်ရော မနက်ကဖြတ်လာတုန်းက ရေစပ်စပ်လေးသာရှိတဲ့ချောင်းက ရေပြင်ကျယ်ကြီးဖြစ်လို့နေပါတယ်။
ညကိုးနာရီဆိုတော့ မှောင်မဲနေပါတယ်။
အဲဒီအချိန်ကျနော်တို့နဲ့အတူဖြတ်မယ့် ပါဂျရိုးတစ်စီးကလဲ ရပ်ထားပါတယ်။
သူ့နဲ့ ကားကို ထွန်စက်နဲ့ဆွဲပေးမယ့် သူတွေနဲ့ဈေးညှိနေကြပါတယ်။
တောင်းဈေးက တစ်သောင်းပါ။
အဲဒီကားပိုင်ရှင်က ဇွတ်ဖြတ်မယ်လုပ်တော့ အဲဒီကလူတွေက ဖြတ်ချင်ရင်ဖြတ်ရေထဲရောက်လို့မျောရင် ဘယ်လောက်ပေးပေးလိုက်မဆယ်နိုင်ဘူးပြောတော့ အဲဒီလူက စဉ်းစားအုံးမယ်ဆိုနေပါတယ်။
ကျနော်တို့ကတော့ ဝန်ထမ်းတွေပါလို့တောင်းပန်တယ် ကားကလဲ လိုက်ထရပ်အသေးလေးဆိုတော့ ငါးထောင်နဲ့တည့်ပါတယ်။
ကားရှေ့ခေါင်းကိုထွန်စက်နောက်ကနေ သံကြီးရော နိုင်လွန်ကြိုးနဲ့နှစ်ခုချိန်ပါတယ်။
ကားကို စက်နိုးထား ဂီယာထည့်ထား လက်ကိုင်ငြိမ်ငြိမ်ကိုင် မကြောက်နဲ့ဆိုပြီးစဆွဲပါတယ်။
ကျနော်တို့ မှာ ရေသံကတဝေါဝေါ မှောင်ကလဲမှောင် ပါတ်ဝန်းကျင်ကလဲ ရေပြင်ကြီးဘဲရှိတယ်ဆိုတာသိရတော့ တော်တော်လေးကိုကြောက်ပါတယ်။
အသက်ဖက်နဲ့ထုပ်တယ်ဆိုတာ ဒါပဲနေမှာလို့လဲတွေးမိပါတယ်။ဒီရေပြင်ကိုဖြတ်နေတဲ့ ဆယ့်ငါးမိနစ်လောက်အကြာက တစ်သက်စာလောက်ကြာတယ်ထင်ခဲ့ရပါတယ်။
တဖြည်းဖြည်းကမ်းနဲ့နီးလာလေ ဝမ်းသာလေပါ။
နောက်ဆုံးကမ်းက ကုန်းမြင့်ပိုင်းဆိုတော့ ထွန်စက်ဆောင့်အဆွဲမှာ နိုုင်လွန်ကြိုးက ပြတ်ထွက်သွားပြီး ကားက အနိမ့်ပိုင်းထဲကျသွားတော့ ကားခေါင်းထဲရေတွေဝင်လာတော့ သေပြီလို့ထင်လိုက်မိပါတယ်၊
ဒါပေမယ့်ကံကောင်းတော့ နောက်တစ်ချက်အရုန်းမှာ ကမ်းပေါ်ကိုလွတ်လွတ်ကျွတ်ကျွတ်ရောက်သွားမှ အားလုံးက အားရဝမ်းသာ ဟေးလို့ ဝိုင်းအော်လိုက်ကြတဲ့အသံက ကြားဖူးသမျှအသံထဲမှာ အချိုဆုံးလို့တောင်ထင်မိပါတယ်။
အခုတစ်ခေါက်မကွေးကပြန်လာတော့ ဝမ်းသာစရာသတင်းကတော့ ဒီချောင်းကို တံတားထိုးဘို့ကြိုးစားနေပါပြီတဲ့။
ဒီတစ်ခါမှာ မဆီမဆိုင်သွားသတိရမိတာက အင်္ဂလိပ်လက်ထက်က ဂျပန်တွေ မြန်မာပြည်အဝင်မှာသူတို့ချိုးချခဲ့တဲ့စစ်ကိုင်းတံတားကို သူတို့လက်ရောက်တော့ ပြန်ဆောက်ပါသတဲ့၊
အစက တံတားမရှိတော့ ဧရာဝတီမြစ်ကိုဖြတ်ဘို့ ငှက်တွေ လှေတွေ သမ္မာန်တွေနဲ့ကူးရတော့ ကူးတို့သမားတွေအလုပ်ဖြစ်ပါသတဲ့
တံတားလဲပြန်ဆောက်ပြီးရော သူတို့တွေအလုပ်မဖြစ်တော့စားဝတ်နေရေးခက်ခဲတာကိုမြင်တော့ နန်းတော်ရှေ့ဆရာတင်က ဒီလိုစာစီခဲ့ပါသတဲ့။
“မြန်မာလူမျိုးတွေအလုပ်မရှိတော့ တံတားကြီးကိုကြည့်ကာငိုမိသည်” ပါတဲ့” စစ်ကိုင်းတံတား “လို့အမည်ရတဲ့သီချင်းလေးထဲမှာပါ။
ကွယ်လွန်သူ ကိုသုမောင် ပြန်ဆိုလို့ကြားဖူးမိတာပါ။
အခုလဲ ဒေါင်းနေချောင်းကို သာ တံတားဆောက်ဖြစ်မယ်ဆိုရင် တံတားကြီးပြီးသွားတယ်ဆိုရင်
ဒီအနီးအနားကနေ တာဝန်သိလို့ဘဲဖြစ်ဖြစ် ငွေကြေးတစုံတရာ ရချင်လို့ဘဲဖြစ်ဖြစ် စေတနာအလျှောက်ဘဲဖြစ်ဖြစ်
ခရီးသွားတွေကို အဆင်ပြေအောင် တကယ်ကိုကူညီပေးနေတဲ့လမ်းလုပ်သားတွေရော
ဆရာတင့်သီချင်းထဲလိုများဖြစ်နေကြမလားလို့ ………………………………………………

2 comments

  • kai

    August 18, 2010 at 7:12 pm

    ဟိုတနေ့ထဲက..ဒေါင်းနေချောင်းဆိုလို့ ..ဆရာလုပ်ပြီးပြောမလားစဉ်းစားပြီးမှ…ကိုပေါက်ကပိုသိမှာပဲဆိုပြီး..ထိုင်ဖတ်နေတာ…
    မှတ်မိပါ့ဗျာ…အဲဒီချောင်း..။

    ဂျပန်၊ ယူအက်စ်မှာလည်း တောင်ကျရေကို သတိထားကြတာပဲ..။ သူတို့က ကားတော့ဖြတ်တာမဟုတ်ဘူး…။ ချောင်းဘေးသာ.ာလှပတယ်ဆိုပြီး..တဲ(တန်င့်)ထိုးပြိး အပန်းဖြေကြတာ..။
    အထက်ရပ်ကမိုးရွာတော့ ရေထဲပါပြီးသေတဲ့သူတွေရှိဖူးတယ်..။
    တချိန်တခါက ရွှေစက်တော်ကချောင်းလည်း အဲဒီလိုရေတွေကြီးပြီး လူတွေသေဖူးတယ်..။

    တံတားဆောက်သင့်တာပေါ့။ တံတားဆောက်တာရော။ ထိမ်းသိမ်းတာရော. စတဲ့ပေါ်လာတဲ့အလုပ်အကိုင်တွေအားလုံး အဲဒီဒေသခံတွေပဲ ပြန်ခန့်ထားသင့်တယ်။
    အစိုးရက ခဏကားရပ်စခန်းပါအိမ်သာတို့ဘာတို့နဲ ့တွဲထားလိုက်ရင်..ဈေးဆိုင်ခန်းအပါအဝင်…အလုပ်တွေအများကြီးပေါ်လာမှာလေ..။

  • kopauk mandalay

    August 20, 2010 at 4:51 pm

    ကျနော်ကလည်း ဒေသခံတွေအတွက် ထည့်စဉ်းစားနိုင်အောင် နောက်ဆုံးအပိုဒ်ကလေးကို တမင်ထည့်လိုက်တာပါခင်ဗျာ။

Leave a Reply