ကြည်နူးစရာ အလှူရက်ကလေးမှာ ၄

kotun winlattJanuary 5, 20151min782

IMG_20150105_093530

IMG_20150105_093438

နံနက်ခင်းသည် ညက ရွာခဲ့သည့် မိုးကြောင့် ပတ်ဝန်းကျင်တွင် စိုစိုစွတ်စွတ် ….. ကျနော့်မှာ ဒီနေ့သွားရမည့် စာရေးကိရိယာ အလှူခရီးအတွက် ပစ္စည်းများကို ပြင်ဆင်ထုပ်ပိုးနေရသည်။ ၂၄.၆.၂၀၁၄ နေ့တွင် စာရေးကိရိယာများ သွားရောက်လှူဒါန်းကြမည့် စာသင်ကျောင်းလေးမှာ မော်လူးမှ ၈ မိုင်ခန့်ကွာဝေးသည့် ဥသျှစ်ကုန်း(ဥရှစ်ကုန်း) ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးဖြစ်၏။ ကျနော်တို့ အဖွဲ့၏ အလှူခရီးစဉ်မှတ်တမ်းပုံလေးများကို facebook ပေါ်တင်လိုက်တော့ အလှူရှင်ထပ်တိုးလာတာမို့ ဝမ်းသာရပါသည်။ ကျနော်တို့ myanmargazette.net မှ ရွာသူတစ်ဦးမှ တစ်သိန်းကျပ် လှူဒါန်းထားကြောင်း လေးပေါက်ထံမှ သိရသလို စင်ကာပူသို့ ရောက်ရှိနေသည့် မော်လူးသား ကျနော့်သူငယ်ချင်းမှလည်း ကျနော်တို့ အဖွဲ့ အလှူခရီးစဉ်အတွက် သုံးသိန်းကျပ် လှူဒါန်းခဲ့တာမို့ ကြည်နူးဝမ်းမြောက်စွာ သာဓုခေါ်မိပါသည်။ ယနေ့ ကျနော်တို့သွားကြမည့် ရွာမှာ မိုးရွာလျှင် လမ်းမကောင်းတာမို့ သွားရမည့် ခရီးအတွက် ရင်လေးနေမိတာတော့ အမှန်…. မနှစ်ကလည်း ရွံ့တွေ ဗွက်တွေနှင့် လမ်းမှာ ဆိုင်ကယ်တွေ လှဲကြ၊ တွန်းကြရသည်ကို သတိရနေမိသည်။ နာရီဝက်လောက်နှင့် ရောက်ရမည့် ခရီးကို နှစ်နာရီမျှခန့် သွားခဲ့ကြရသည် မဟုတ်လား။ မိုးပြတ်သွားတာ နှစ်ရက်သုံးရက်ခန့် ရှိပြီ ဖြစ်ပေမယ့် ညကရွာသည့် မိုးကြောင့် လမ်းမကောင်းဖြစ်နေမှာကို စိုးရိမ်နေမိသည်။ မည်သို့ပင်ဖြစ်စေ သွားရမည့် ခရီးကတော့ မဖြစ်မနေသွားရမည်သာ… ဒီလိုအတွေးများနှင့် ပစ္စည်းများ ပြင်ဆင်ထုပ်ပိုးနေရင်း နံနက် ရှစ်နာရီကျော်တော့ ကျနော့် အဖွဲ့သားများ ရောက်လာကြပြီး ဆိုင်ကယ်များပေါ်သို့ ပြင်ဆင်ထားသည့် ပစ္စည်းများကို တင်ကြ ပြင်ကြဆင်ကြပေါ့။ အားလုံးပြင်ဆင်ပြီး ကျနော်တို့ အဖွဲ့ ခရီးစထွက်တော့ နံနက် ကိုးနာရီ ထိုးလုပြီ။ ကောင်းကင်မှာ မိုးမရွာပေမယ့် မိုးသားတိမ်တောင်တွေကတော့ ထူထူထဲထဲ….. ဥသျှစ်ကုန်းရွာလေးမှာ မော်လူး၏ အနောက်တောင်ထောင့်တွင်ရှိသည့် ရွာကလေးဖြစ်၏။ အိမ်ခြေ ၇ဝ ကျော်ရှိသည့် ရွာ… ထူးခြားသည်ကား ရေပေါသည့် အထက်မြန်မာပြည်မှာ ရှိနေပေမဲ့ နွေရာသီတွင် သောက်သုံးရေ အခက်အခဲရှိနေသည့် ရွာကလေး.. မြို့နယ်စည်ပင်မှ ရေရှိရေးအတွက် စက်ရေတွင်းတူးပေးခဲ့သော်လည်း ရေစုပ်တင်ရန် အင်ဂျင်ပြန်ဖြုတ်သိမ်းသွားသည့် ရွာကလေး…. ရွာ၏ အနောက်ဘက်တွင် ကျောက်စိမ်းထွက်သော်လည်း ဒေသဖွံ့ဖြိုးမှုအတွက် ဘာမှ အထောက်အကူမရခဲ့သည့် ရွာကလေး… ရွာသူရွာသားအများစုကတော့ တောင်သူများ ဖြစ်ကြသည်။ လမ်းခရီးကား ညကမိုးရွာထားသော်လည်း ထင်သလောက် မဆိုးတာမို့ ချော့ချော့မွေ့မွေ့နှင့် ဥသျှစ်ကုန်းရွာလေးသို့ ကျနော်တို့ အဖွဲ့ ရောက်လာကြပြီ။ ရွာထိပ်ရောက်တော့ လော်စပီကာဖြင့် ဖွင့်ထားသည့် သီချင်းသံကြားရသည်မို့ ကျနော်မှ အဖွဲ့သားများအား အစားအသောက်အတွက် ဘာမှ မပူနဲ့ ရွာထဲမှာ ပွဲရှိနေတယ်…ဟု နောက်ပြောင် ပြောနေမိသည်။ ကျနော်တို့ရွာတွေဘက်မှာ လော်စပီကာ၊ ဆောင်းဘောက်စ်များဖြင့် သီချင်းတွေဖွင့်ထားလျှင် အလှူဒါမှမဟုတ် မင်္ဂလာဆောင်ပဲဖြစ်ရမည်။ တခြားဖြစ်နိုင်ချေနည်းသည်မဟုတ်လား။ ကျနော်တို့အဖွဲ့ ဦးတည်လိုက်သည်မှာ ရွာ၏ အရှေ့ဘက်တွင် ရှိသည့် ဘုန်းတော်ကြီးကျောင်းဆီသို့ပင်….။ ပရဟိတလုပ်ငန်းကို လုပ်ရာ၌ ကျနော်အများဆုံး အသိမိတ်ဆွေဖြစ်ရသည်မှာ ဘုန်းတော်ကြီးများနှင့်ပင်….။ ရွာတစ်ရွာ၏ သာရေးနာရေးများကို အဓိက ဦးဆောင်နေကြသူများ မဟုတ်လား။ စာရေးကိရိယာ အလှူခရီးစဉ် ရောက်ဖြစ်သည့်ရွာတိုင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကျနော်တို့ အဖွဲ့သွားလေ့ရှိသည်။ ဆရာတော်အား ကန်တော့ခြင်း လှူဖွယ်ပစ္စည်း၊ နဝကမ္မအလှူငွေများ တတ်နိုင်သလောက် လှူဒါန်းခြင်း၊ ဆရာတော်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ မေးမြန်းလျှောက်ထားခြင်းများ ပြုလုပ်နေကျဖြစ်သည်။ ဒီရွာလေးမှ ဘုန်းတော်ကြီးနှင့် ကျနော်တို့ အဖွဲ့မှာ ခင်မင်ရင်နှီးနေပြီးဖြစ်သည်မို့ ဘုန်းတော်ကြီးကျောင်းသို့ အရင်ဦးစွာ သွားကြခြင်းဖြစ်သည်။ ရွာအဝင်တွင် ကြားရသည့် လော်စပီကာဖြင့် ဖွင့်ထားသည့် သီချင်းသံမှာ ဘုန်းတော်ကြီးကျောင်းမှ ဖြစ်နေ၏။ ကျနော်တို့အဖွဲ့လာမည်ကို ကြိုသိနေသဖြင့် ကြိုဆိုနေကြခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ဘုန်းတော်ကြီးကျောင်းတွင် ကျနော်တို့အဖွဲ့သားများ၏ မော်တော်ဆိုင်ကယ်များ ထားရစ်ကာ ဘုန်းတော်ကြီးကျောင်း အရှေ့မြောက်တွင်ရှိသည့် မူလတန်းကျောင်းလေးဆီသို့ ချီတက်ခဲ့ကြတော့သည်။ ဥသျှစ်ကုန်းကျေးရွာ မူလတန်းကျောင်းလေးမှာ သွပ်မိုး ပျဉ်ခင်း၊ ပျဉ်ကာ တစ်ထပ်အဆောက်အဦးလေးဖြစ်၏။ ကျောင်းအုပ်ဆရာကြီးမှ ကျောင်းလေးမှာ မကောင်းတော့ကြောင်း တိုင်များ၊ အခင်းအကာပျဉ်များ ခြစားနေပြီ ဖြစ်ကြောင်း ပြောပြသည်။ ဒီကျောင်လေးမှာ ကျောင်းသူ/သား ၆၉ ဦးရှိ၏။ ကျနော်တို့အဖွဲ့မှာ လှူမည့်ပစ္စည်းလေးများကို စီစဉ် ကျောင်းအုပ်ဆရာကြီးအား ပေးအပ်ပြီးနောက် ကျောင်းသူ/သားလေးများကို စာရေးကိရိယာလေးများ ဝေငှပေးကြသည်။ ဝေငှပေးနေစဉ် ကလေးများကို ဓာတ်ပုံလေးတွေရိုက်တော့ သူတို့လေးတွေရဲ့ အပြုံး၊ အရှက်၊ အကြောက် မျက်နှာလေးများကား အပြစ်ကင်းစင်းနေကြချေသည်။ လှူဒါန်းမှု ကိစ္စပြီးနောက် ကျောင်းအုပ်ဆရာကြီး၊ ဆရာ/မများ၊ ကျောင်းသူ/သားလေးများနှင့် ကျနော်တို့အဖွဲ့ အမှတ်တရ ဓာတ်ပုံလေးများ ရိုက်ာကသည်။ အားလုံးပြီးတော့ နံနက် ၁၁ နာရီထိုးချေပြီ။ ကျနော်တို့အဖွဲ့ ဘုန်းတော်ကြီးကျောင်းသို့ ပြန်ရောက်တော့ ဆရာတော်မှ ကျနော်တို့အဖွဲ့ကို ကျွေးရန် ထမင်းပြင်ဆင်ပြီးနေချေပြီ။ ကျနော်မှ ဆရာတော် ဦးစီးပြီး ဆောင်ရွက်နေသည့် ဥသျှစ်ကုန်းကျေးရွာ သဘာဝစိမ့်စမ်းရေ ရရှိရေးအတွက် လိုအပ်နေသည့် ရေလှောင်ကန် အဆောက်အဦးအတွက် လိုအပ်သည့် နေရာတွင်သုံးနိုင်ရန် အဖွဲ့သားများထံမှ တတ်နိုင်သလောက်ထည့်ဝင်ကြရန် အလှူငွေကောက်ခံလိုက်တော့ စုစုပေါင်း ၅၅၀၀ဝကျပ်ရသဖြင့် ဆရာကန်တော့ရင်း လှူဒါန်းလိုက်သည်။ဆရာကန်တော့ပြီးသည်နှင့် နံနက်ကတည်းက လဘက်ရည်တစ်ခွက်မျှသာ ဗိုက်ထဲသို့ ရောက်သေးသည့် ကျနော် ဟန်မဆောင်နိုင်တော့ပါ။ အဖွဲ့သားတို့မှာလည်း ထိုနည်းတူစွာ ဆရာတော်နှင့် ရွာသူ/သားများပြင်ဆင်ပေးထားသည့် ထမင်းဝိုင်းတွင် ဝိုင်းဖွဲ့ စားသောက်ကြတော့သည်။ ထမင်းစားကြပြီးနောက် ဆရာတော်နှင့် ရေရရှိရေးဆောင်ရွက်နေမှုအကြောင်း မေးမြန်းလျှောက်ထားရာ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ရေလှောင်ကန်တည်ဆောက်ခြင်း၊ ပိုက်သွယ်တန်းခြင်းများအတွက် ငွေကျပ် ၃၅ သိန်းကျော် ကုန်ကျသွားပြီဖြစ်ကြောင်း၊ ရေလှောင်ကန် အမိုးအကာများအတွက် ငွေကြေးမလုံလောက်ကြောင်း သိရသည်။ ရေလှောင်ကန်အဆောက်အဦး၏ အမိုးအတွက် လိုအပ်သည့် သွပ်များကို တတ်နိုင်လျှင်လှူဒါန်းပေးရန် မိန့်ကြားလာသဖြင့် ကျနော့်မှာ သက်ပြင်းခိုးချရင်း ကြိုးတော့ ကြိုးစားကြည့်ပါ့မယ်ဘုရားဟု ပြန်လည်လျှောက်ထား မိသည်။ ရေမှာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်နေပြီဖြစ်ပြီး ရေလှောင်ကန်မှာ အမိုးအကာ မရှိသဖြင့် မိုးရွာလျှင်ရေနောက်သွားသလို တိရိစ ္ဆာန်အကောင်ငယ်များလည်း ရေလှောင်ကန်အတွင်းသို့ ဝင်ရောက်မှုကို တားဆီးရန်အတွက် အမိုးအကာလိုအပ်ကြောင်းကိုလည်း မိန့်ကြားသေး၏။ ကျနော်တို့အဖွဲ့မှာ တောရကျောင်း ဆရာတော် ဦးသာသနနှင့် ရေလှောင်ကန်ရှိရာသို့ ခြေလျင် ဆက်လက်ထွက်ခွာလာခဲ့ကြပြန်သည်။ ရေလှောင်ကန်မှာ ရွာ၏ အရှေ့ဘက် ၁မိုင်ခန့်အကွာ တောင်ကုန်းများအကြား လျှိုလေးထဲတွင် တည်ရှိနေခြင်းဖြစ်သည်။ ကျနော်မှ ရေလှောင်ကန်ကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ရေလှောင်ကန်ဘေးပတ်လည်ရှိ အပင်ကြီးများကို မခုတ်ပဲထားရန် အနည်းဆုံး စိမ့်ရေပေါက်၏ တစ်မိုင်ခန့်ပတ်လည်ရှိ အပင်ကြီးများကို မခုတ်ကြရန် ပါလာသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများအား ရှင်းပြရသည်။ စိမ့်စမ်းရေဆိုသည်မှာ တောရိပ်တောင်ရိပ်မရှိပါက ခန်းခြောက်သွားတတ်သည်မဟုတ်လား။ ရေလှောင်ကန်၏ အကျယ်မှာ အလျား ၃၃ ပေ၊ အနံ ၁၁ ပေရှိသည်ဟု သိရသည်။ ထိုရေလှောင်ကန် အမိုးအတွက် ရ ပေသွပ် အချပ် ၇ဝ ကုန်ကျမည်ဖြစ်ကြောင်း ကာလတန်ဘိုး ၂၀၀၀၀ဝ ကျပ်ဆိုလျှင် အမိုးအတွက် လုံလောက်နိုင်ကြောင်း ကျနော်တို့အဖွဲ့တွင်ပါလာသည့် လက်သမားဆရာနှင့် ဆရာတော် ဦးသာသနတို့မှ တွက်ချက်ပြီး ပြောကြသည်။ ကျနော်မှလည်း တပည့်တော် အလှူခံကြည့်ပါဦးမည် ဘုရားဟု လျှောက်ထားကာ ရွာသို့ ပြန်လာခဲ့ကြတော့သည်။ ရွာရောက်တော့ ဘုန်းတော်ကြီးကျောင်းတွင် ခဏနားပြီး အားလုံးကိုနှုတ်ဆက်ကာ အပြန်ခရီးကို နှင်တော့ နေ့လည် ၁ နာရီ ထိုးချေပြီ။ အဆင်ပြေရင် တစ်ခါပြန်လာရဦးမယ် ဥသျှစ်ကုန်းရွာလေးရေ…….။

ယခုအခါ ဥသျှစ်ကုန်းကျေးရွာတွင် သဘာဝစိမ့်စမ်းရေ ရှိပြီး ကြည်လင်အေးမြသည့် ရေများကို ရွာသူရွာသားများ သောက်သုံးနေကြရပြီ ဖြစ်ပါကြောင်း

ပျော်ရွှင် ချမ်းမြေ့ကြပါစေ …
K.T.W.L

2 comments

  • kotun winlatt

    January 5, 2015 at 4:00 pm

    ငင် ခေါင်းစဉ်မပါပဲ လွှတ်ထည့်လိုက်မိပြန်ပါပီ
    ကြည်နူးစရာ အလှူရက်ကလေးမှာ ၄ ပါ ခမျာ
    ဖုန်းနဲ့ ဆိုတော့ ဘယ်နား သွားပီး edit လုပ်ရမှန်း မသိလို့ပါ။

  • kyeemite

    January 6, 2015 at 3:08 pm

    .အဲ့တော့..ဒီရွာထဲ သွပ်မိုးဖိုး အလှူခံအုံးမလားဗျို့…အလှူ ခံရင်တတ်နိုင်သလောက်ပါဝင်ပါ့မယ် 🙂

Leave a Reply