မနေ့က ၁၃၅(မိုင်)မှာ စီးလာတဲ့ကားက ပျက်သွားတော့ ခရီးလမ်းကမချောမွှေ့တော့ဘူး

ဘယ်ချောမွှေ့ပါ့မလဲ ဒီတစ်ခေါက်ခရီးသွားရတာက ရည်းစားဟောင်းရဲ့ လက်ထပ်မင်္ဂလာပွဲဆိုတော့လဲ အိမ်ကစထွက်လာကတဲက သာသာယာယာမဟုတ်ခဲ့ဘူးလေ လူကညစ်နေပါတယ်ဆိုမှ  အခုတော့စီးလာတဲ့ကားကလဲပျက်ပြီတဲ့

ဖူးးးးးးးးး သက်ပြင်းအရှည်ကြီးကိုချမိရင်း ကားအောက်ကို အညောင်းပြေဆင်းကြည့်လိုက်တော့ ကားဒရိုင်ဘာနဲ့ စပယ်ယာတွေပြောနေသံကြားတာက

/ ကားကဂီယာထိုးမရတော့ဘူး ဂီယာဘောက်အပေါ်က ထိုးတန်အပြားပဲ့သွားတယ်ဆရာ/

ဟုတ်လား   အဲ့ဒီ့ပဲ့သွားတဲ့အပြားကိုပြန်ပြင်လို့ရနိုင်သေးလား

/ ဒီဟာကိုပြန်ပြင်မယ်ဆိုရင်တော့ ပဲ့သွားတာကို ဂဟေဆော်မှရလိမ့်မယ် ဒါပေမယ့်အပြားကနဲနဲဆွေးနေပြီဆရာ ပဲ့တဲ့နေရာကိုဂဟေဆော်လဲ ကျန်တဲ့အခြားနေရာတွေက ထပ်ပဲ့နိုင်တယ်/

သေရောကွာ ဒီနေရာမျိုးမှာ ဒီလိုပစ္စည်းက၀ယ်မရနိုင်ဘူးကွ

ဒီလိုလုပ်ကွာ ဒီနားက အုပ်တွင်းမြို့နဲ့နီးတယ် မင်းကဒီအပြားအဟောင်းကိုယူသွားပြီး မြို့ထဲက တွင်ခုံအလုပ်ရုံတစ်ခုခုမှာ အသစ်ပြန်ခုတ်ခိုင်းလိုက်  ကားပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ဒီပစ္စည်းမျိုးလိုက်မရှာနဲ့ ဒီမြို့လိုနေရာမျိုးမှာတော့ရှိနိုင်မှာမဟုတ်ဘူး )

စပယ်ယာကောင်လေးဟာ ဆိုင်ကယ်ကယ်ရီဌားပြီး အုပ်တွင်းမြို့ထဲထွက်သွားတော့ ကားရဲ့အခြေအနေနဲ့ ပြင်တဲ့အချိန်ဘယ်လောက်ကြာနိုင်သလဲဆိုတာ သိချင်တာကြောင့် ဒရိုင်ဘာကို အနားကပ်ပြီးမေးကြည့်လိုက်မိတယ်

ကားဆရာရေ ဒီကားကတော်တော်ကြာနိုင်မလားခင်ဗျ

/အော်   ဟုတ်ကဲ့ခင်ဗျ သိပ်တော့မကြာပါဘူး နှစ်နာရီလောက်တော့ဒီနားမှာကြာသွားလိမ့်မယ် ခရီးသည်တွေအားလုံးကိုလဲ အရမ်းကိုတောင်းပန်ပါတယ် ပျက်သွားတဲ့ပစ္စည်းက ပြင်လို့မရတော့ဘူး ဒီနားမှာလဲအဲ့ဒီ့လိုပစ္စည်းက၀ယ်မရနိုင်ဘူးဗျာ အဲ့ဒါကြောင့်ပြင်လို့မရ ဆင်လို့မရတဲ့အဆုံးတော့ ကျွန်တော့စပယ်ယာလေးကို ထွင်ခိုင်းလိုက်ရတယ်လေ ခဏတော့သည်းခံပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ/

ကောင်းရောဗျာ   ဘယ်တက်နိုင်မလဲဆောင့်ရတော့မှာပေါ့

ကားဒရိုင်ဘာရဲ့အရှေ့ကနေ ကျွန်တော်လှည့်ထွက်လာတော့ ကျွန်တော့နားထဲမှာ သူပြောလိုက်တဲ့စကားလေးတွေက ကပ်ပါလာခဲ့တယ်

သူပြောတဲ့( ပြင်၊ဆင်၊ထွင် ) အဲ့ဒီ့စကားလေးတွေပေါ့

ကျွန်တော့အတွေးထဲမှာတော့ ကားဒရိုင်ဘာကိုမေးကြည့်ချင်နေမိတယ်  မော်တားကားကို ပြင်ဆင်ထွင် လုပ်လို့ရနိုင်သလို

နိုင်ငံတစ်နိုင်ငံကို ပြင်ဆင်ထွင် လုပ်လို့ရချင်လဲရမှာပေါ့

ဒါပေမယ့်  အချစ်ကြောင့် ကွဲကြေနေတဲ့ နှလုံးသားကိုရော ( ပြင်၊ဆင်၊ထွင် ) လုပ်လို့ရသလားလို့မေးကြည့်ချင်လို့ပါ

MINKYANSIX

About min kyansix

min kyansix has written 5 post in this Website..