မိုးခေါင်အရပ်မှာ မိုးရွာပါစေ ။

etoneJanuary 7, 20151min44413

ကားးးးးးးးး တချက် သိသိသာသာ စောင်းသွားသည် ……တဆက်တည်းမှာပဲ ခွပ်ခနဲမြည်သံထွက်လာကာ ဂျိုစောင်းနှင့် မှန် မိတ်ဆတ်အပြီး ငိုက်မြည်းချည်းအမှု နိဌိတံသွားတော့သည် ။ ဘေးဘီ ဝဲယာကိုကြည့်တော့ မြို့ပြရဲ့ အငွေ့သက်ကင်းမဲ့လွန်းတဲ့ ဒေသတစ်ခု ၊ အညာဒေသနှင့်တောင် ခပ်ဆင်ဆင်ရယ် ။
လမ်းဟုဆိုသော်လည်း ဟိုနေရာချိုင့် ၊ ဒီနေရာခွက်ဖြင့် မညီမညာ ကြမ်းတမ်းလှသည် ။ တနေ့လုံးနေလို့တောင် ကား တစီးသွားဟန်မတူသည့် လမ်းမျိုးဖြစ်သောကြောင့် ဘီးတချက်စီလှိမ့်ရုံမျှသာ တအိအိသွားလို့ ရသည် ။ ခနော်နီ ခနော်နဲ့ ကျောက်တုံးများကြား ကားဘီးလေး ခမျာ သနားစရာ မလူးသာ မလွန့်သာ ၊ကားလေးကတော့ ကျစ်ကျစ်ပူနေတဲ့ နေရောင်ကို အံတုလို့ … ဘယ်ယိမ်း ညာယိမ်းဖြင့် လိုရာရောက်အောင် ခရီးနှင်နေရသည် ။ လယ်ကွင်းများ ထန်းတောများ အစီအရီကြားထဲ လူနေအိမ်ကလည်း ကျဲပါးပြန်သေးသည် ။
ရန်ကုန်တိုင်းဒေသကြီးထဲက သံလျှင် မြို့နယ်အတွင်းမှာတောင် ဒီလိုနေရာမျိုးရှိနေကြောင်း အခုမှသာ သိရသည် ။ ကန်သင်ရိုးကို လမ်းဖော်ထားသောကြောင့် ကားတစီးသာသွားနိုင်ပြီး မညီမညာ ကျောက်တုံး ကျောက်ခဲများဖြင့် ပြည့်နှက်လျှက်ရှိသည် ။ ဟိုမေး ဒီစမ်းဖြင့် နောက်ဆုံးတော့ ပုဂံတောင် ကျေးရွာသို့ရောက်ခဲ့တော့သည် ။
Dozen Plus အဖွဲ့ဧ။် အကြိမ် (၃၀) မြောက် ဇန်နဝါရီလ အလှူကိုတော့ စာသင်စရိတ် ၊ စာရေးကိရိယာ အခက်ခဲရှိနေတဲ့ ပရဟိတ အဖွဲ့တွေ အရောက်ပေါက် နည်းတဲ့ ဘကကျောင်းလေးတခုမှာပဲ လှူဒါန်းဖြစ်ခဲ့ကြသည် ။ စာရေးကိရိယာ တစ်သိန်းကျပ်ဖိုး (၁၀၀,၀၀၀/-) နှင့် ပညာရေး အထောက်ပံ့အလှူငွေ သုံးသိန်းသုံးသောင်းကျပ် ( ၃၃၀,၀၀၀/-) စုစုပေါင်း ၄၃၀,၀၀ဝကျပ်ဖိုး (လေးသိန်းသုံးသောင်း ကျပ်)ကို လှူဒါန်းပေးခဲ့ပါသည် ။

==========
လမ်းကြမ်းကြမ်းများကြား တအိအိ ခရီးနှင်ပြီးနောက် …. ဒါဇင်ပလပ်စ်အဖွဲ့ဧ။် (၃၀)ကြိမ်မြောက်အလှူကို လှူဒါန်းရန် ရည်ရွယ်ထားသော ဘကကျောင်းသို့ ရောက်ခဲ့ပါသည် ။ ကျောင်းထိုင် ဆရာတော် ရွာထဲကြွသွားသဖြင့် ခဏစောင့်ရန် ပြောပြီး ရေနွေးကြမ်း ၊ လ္ဘက်တို့ဖြင့် ရွာခံများက ဧည့်ခံကြပါသည် ။ လတ်လတ်ဆတ်ဆတ်ခူးထားသည့် စိမ်းဖန့်ဖန့်၊ချိုချိုချဉ်ချဉ် ဒေသထွက် ဇီးသီးများကိုလည်း ဆား(အိမ်သုံးဆား)ဖြင့် တွဲဖက်စားသုံးစေပါသည် ။ ပလပ်စတစ်မပါပဲ ကြွတ်ရွအောင် ကြော်ထားသည့် ဘယာကြော်နှင့် ဗူးသီးကြော်လေးများရဲ့ အရသာကလည်း စားနေကြအကြော်အရသာနှင့် မတူ လတ်ဆတ်လွန်းလှသည် ။
ခနကြာတော့ ကျောင်းဆောင်များကို လိုက်လေ့လာရန် ရွာခံလူများဦးဆောင်မှူနောက်သို့ ကျွန်မတို့အဖွဲ့ လိုက်ခဲ့ကြသည် ။ ရှေးလူကြီးများဆောက်ခဲ့သည့် ရေနံချေးဝနေသော ဇရပ်တခုရှေ ့သို့ရောက်သော အခါ ၊ စာသင်ကျောင်းအဖြစ် အသုံးပြုနေသာ ဇရပ်ဖြစ်ကြောင်းလည်း ပြောပြပါသည် ။ ကျောင်းဆောင်ဟူ၍ သတ်သတ်မှတ်မှတ်ဆောက်လုပ်ထားခြင်းမရှိပဲ ၊ ဇရပ်များကို စာသင်ခန်းအဖြစ် ခုံများထည့်ပြီး စာသင်ရကြောင်းလည်း သိခဲ့ရပါသည် ။ ဥပုသ်သီလဆောက်တည်ကြသော အခါကြီး ရက်ကြီးမျိုးနှင့် ကျောင်းဖွင့်ရက် တိုက်ဆိုင်နေပါကလည်း ကျောင်းပိတ်ထားရပြီး ၊ တနင်္ဂနွေလို အစိုးရ ကျောင်းပိတ်ရက်မျိုးတွင် အစားထိုးသင်ကြားပေးရကြောင်းလည်း သိခဲ့ရပါသည် ။ အချို့သော ရာသီများတွင် ဥပုသ်ရက်ရှည် စခန်းများရှိသဖြင့် ကျောင်းရက်ရှည်ပိတ်ထားရပြီး ပြန်ဖွင့်သည့်ရက်များတွင် အချိန်ပိုသင်ခြင်း ၊ အစိုးရကျောင်းပိတ်ရက်များတွင် အစားထိုး သင်ကြားခြင်းများပြုလုပ်ကြောင်းလည်း သိခဲ့ရပါသည် ။ ပုံမှန်စာသင်ချိန်အဖြစ် မနက် ၈း၃ဝ မှ ညနေ ၃း၃ဝထိ သတ်မှတ်ထားသော်လည်း အချို့သော သီလဆောက်တည်သည့် ရက်များတွင် အချိန်အပြောင်းလဲမှုရှိကြောင်းလည်း သိရပါသည် ။
ဇရပ်ကို ကျောင်းဆောင် အသွင်ပြောင်း စာသင်ရသောကြောင့် အတန်းတစ်ခုချင်းစီတွင် သီးခြားကာရံထားမှုများ မရှိပဲ အတန်းခွဲ၍ အစုလိုက် စာသင်ကြရကြောင်းလည်း သိခဲ့ရပါသည် ။ စာရေး ကိရိယာ အခက်ခဲ ရှိသဖြင့် သူငယ်တန်းကျောင်းသားများ စာသင်ရာတွင် ကျောက်သင်ပုန်းနှင့် ကျောက်တံကို အသုံးပြုစေကြောင်းကိုလည်း သိရပါသည် ။မူလတန်း ဘကကျောင်းအဖြစ် စတင် တည်ထောင်သည့် ၂၀၀၂/၂၀၀၃ ပညာသင်နှစ်တွင်ပင် မြန်မာ ၊ ပလောင် ၊ ရှမ်း ၊ ကရင် ၊ ချင် ၊ လားဟူ ၊ ဝ ၊ ဓနု ၊ တောင်ရိုး စသည့်ဒေသမှ ချို့တဲ့နွမ်းပါးသော တိုင်းရင်းသားစုံ လာတက်ကြောင်းလည်း သိရပြီး ၊ တချို့မှာ ကျောင်းအိပ်ကျောင်းစား ၊ တချို့မှာ အနီးနား ရွာများမှ လာတက်ကြကြောင်းလည်း သိခဲ့ရပါသည် ။ မိဘများမှာ ချို့တဲ့လွန်းသဖြင့် ၊ ပညာသင်ကြားပေးနိုင်ခြင်း မရှိသောကြောင့် မိမိတို့ပတ်ဝန်းကျင်က ကလေးများ အသိပညာ အတတ်ပညာ တိုးပွားစေရန် ရည်ရွယ်ပြီး ဒီဘကကျောင်းကို တည်ထောင်ခဲ့ကြောင်းလည်း ကျောင်းထိုင်ဆရာတော်က မိန့်ဆိုခဲ့ပါသည် ။ စတင် ဖွဲ့စည်းသည့် ခုနှစ်မှာပင် စာသင်သား ၂၈ဝခန့် တက်ရောက်ခဲ့ကြောင်းသိရပြီး ကိုရင်ဝတ်ဖြင့် စာသင်ကြသည့် ရှင်သာမဏေများလည်း ပါဝင်ကြောင်း သိရပါသည် ။ စာသင်ခုံ အခက်ခဲရှိသဖြင့် သာမန်အားဖြင့်လေးယောက်ထိုင်ရသော ခုံတန်းရှည်တွင် ခြောက်ယောက် ၊ ခုနှစ်ယောက်တိုးဝှေ ့ထိုင်ခဲ့ရကြောင်းလည်း သိရပါသည် ။
စတင် တည်ထောင်သည့် အစောပိုင်းအချိန်များတွင် ဆရာ / ဆရာမများအတွက် လစာဟူ၍ မပေးနိုင်ပဲ ၊ မုန့်ဖိုး ၃၀၀ဝကျပ်(သုံးထောင်ကျပ်) မျှလောက် အနည်းငယ်သာ ပေးနိုင်ခဲ့ကြောင်းနှင့် ၊ လည်းကောင်းတို့ဧ။် စိတ်စေတနာ ၊ ကရုဏာ ၊ ဝါသနာ အရင်းခံဖြင့်သာ သင်ကြားပေးခဲ့ကြောင်းလည်း သိရပါသည် ။ ၂၀၁၄/၂၀၁၅ စာသင်နှစ်တွင်တော့ စာသင်သား ၂၂၈ယောက်ရှိပြီး ဆရာမ ၈ယောက်ဖြင့် သင်ကြားပေးသောကြောင့် သင်ကြားမှုမှာ အခက်ခဲ မရှိပါသော်လည်း စာရေးကိရိယာ ထောက်ပံ့ရေး အခက်ခဲ ရှိနေသေးကြောင်းနှင့် ယခင်နှစ်များတွင်တော့ စာရေးကိရိယာအတွက် အစိုးရအထက်တန်းကျောင်းများမှ ဆရာမများနှင့် ချိတ်ဆက်ကာ စာရွက်ကျန် ဗလာစာအုပ်များ ဝယ်ယူခဲ့ရကြောင်းလည်း စိတ်မကောင်းစွာ ကြားခဲ့ရပြန်သည် ။ ဆရာမ ၈ဦးရှိသော်လည်း ၆ဦးသာ အစိုးရက ပေးသော လစာငွေရကြောင်းနှင့် ၊ စာသင်သားဦးရေ နှင့် ဆရာမ ဦးရေ အချိုးကြောင့် ၆ဦးစာသာ လစာရကြောင်း ကြားခဲ့ရပါသည် ။ အလယ်တန်းပြ တစ်ဦးလျှင် တစ်လ လေးသောင်းခုနှစ်ထောင်ကျန်နှုန်းဖြင့် နှစ်ဦးစာ ၊ မူလတန်းပြ တစ်ဦးလျှင် တစ်လ သုံးသောင်းခြောက်ထောင်ကျပ်နှုန်းဖြင့် လေးဦးစာ ရရှိသော်လည်း ဆရာမ ၈ ဦးစလုံး ညီတူမျှတူ လစာပေးနိုင်ရေးအတွက် အစိုးရဆီမှ ရရှိငွေအားလုံးကို ပေါင်းကာ ဆရာမဦးရေဖြင့်စားပြီး လိုငွေကို ကျောင်းတိုင်ဆရာတော်မှ ဖြည့်ပြီး လစာအဖြစ်ပေးကြောင်းလည်း သိရပါသည် ။ ဆရာမတစ်ဦးလျှင် တစ်လ သုံးသောင်းကျပ်တိတိလစာရကြောင်းလည်း အသေးစိတ်ပြောပြသွားခဲ့သည် ။ လက်ရှိ စာသင်ပေးနေသော ဆရာမ ၈ဦးစလုံးသည် အနီးနား ရွာမှ ဆရာမများဖြစ်ကြောင်းနှင့် အချို့မှာ ဘွဲ့ရပြီး စေတနာ့ဝန်ထမ်းအဖြစ် ဝင်ကူညီနေကြောင်းနှင့် အချို့မှာ အဝေးသင် တက္ကသိုလ် တက်ဆဲ ဖြစ်ကြောင်းလည်း သိခဲ့ရပါသည် ။
လှူဒါန်းမှု အစုစုအပြီး ကျောင်းတိုင် ဆရာတော်နှင့် ရွာခံများအား နှုတ်ဆက်ပြီး ပြန်ခဲ့ကြတော့သည်။
==========
အင်တာနက် အသုံးပြုသူ ပမာဏမြင့်တက်လာခြင်း နှင့် သတင်းအချက်လက် ဖြန့်ဝေမှုနှုန်း မြင့်မားလာခြင်းတို့ဧ။် ရလဒ် ကြောင့် ပရဟိတ စိတ်ဝင်စားသူများ ၊ လူမှု ကူညီပေးချင်သူများ ၊ အဖွဲ့များ များစွာပေါ်လာခဲ့ပါသော်လည်း ယခုကျောင်းလေးတွင်တော့ အလှူရှင် နည်းပါးလွန်းပါသည် ။ တစ်နှစ်မှ တစ်နှစ် ရပ်တည်နိုင်ရန် မနည်း ကျားကန်ရပ်တည်နေရကြောင်းနှင့် ကျောင်းတိုင်ဆရာတော်မှ တရားဟောရာမှ လှူဒါန်းရငွေ နဝကမ္မဖြင့်အဓိက လည်ပတ်လျှက် ရှိကြောင်းသိရပြန်သည် ။
ထိရောက်တဲ့ အလှူတစ်ခု အဖြစ် ကိုယ့်နိုင်ငံအတွင်းမှ ဆင်းရဲနွမ်းပါး ကလေးများသင်ကြားနိုင်ဖို့ ကူညီလိုကြပါလျှင် တကယ်လိုအပ်လျှက်ရှိနေတဲ့ အောက်ပါ ဘကကျောင်း လိပ်စာအတိုင်း သွားရောက် လှူဒါန်းနိုင်ပါကြောင်းနှင့် အလှူငွေတစ်ခုတည်းမဟုတ်ပဲ ၊ ဗလာစာအုပ် ၊ ပြဌာန်းစာအုပ် ၊ စာရေးကိရိယာ ၊ အဝတ်ထည် ၊ အသုံးစောင် စတာတွေပါ လှူဒါန်းနိုင်ပါကြောင်းးးးး ။
ဓမိ္မကာရာမ ပျိုးဥယျာဉ်ပရိယတ္တိ ရွှေကျင် စာသင်တိုက် မူလတန်းလွန် ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း
ပုဂံတောင်ကျေးရွာ သံလျှင်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး
ဖုန်း -0949346142 / 09250345726/ 0931927098 / 09796356475

တက်ညီ လက်ညီ ရောက်ခဲ့ကြတယ် ။
တက်ညီ လက်ညီ ရောက်ခဲ့ကြတယ် ။
အနာဂတ်ရဲ့ မျိုးဆက်လေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ နေရာလေးတစ်ခုပေါ့ ။
အနာဂတ်ရဲ့ မျိုးဆက်လေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ နေရာလေးတစ်ခုပေါ့ ။
ခနော်နီ ခနော်နဲ့ ဇရပ်လေးက အငှားစာသင်ဆောင်ပေါ့
ခနော်နီ ခနော်နဲ့ ဇရပ်လေးက အငှားစာသင်ဆောင်ပေါ့

 

 

 

အကြိမ်(၃၀)မြောက် Dozen Plus အလှူ
အကြိမ်(၃၀)မြောက် Dozen Plus အလှူ

13 comments

  • Ko chogyi

    January 7, 2015 at 5:33 pm

    နှစ်စဉ် ဆွမ်းဆန်အလှူခံထွက်ပြီး ရတာနဲ့ဖြေရှင်းခဲ့ပေမယ့်
    မကြာခင်က ဘက ကျောင်းများအလှူခံမထွက်ရဆိုတဲ့ အမိန့်ထွက်လာလို့
    ဘုန်းဘုန်း ဆွမ်းဆန်အလှူခံမထွက်ရဲတာနဲ့
    ဒီနှစ်ပိုကြပ်တည်းတော့မယ်လို့လည်း မိန့်ပါသေးတယ်

  • Ko chogyi

    January 7, 2015 at 5:41 pm

    နှစ်စဉ် ဆွမ်းဆန်အလှူခံပြီး ကျောင်းစရိတ်ဖြေရှင်းခဲ့ပေမယ့်
    မကြာခင်က ဘကကျောင်းများ အလှူခံမထွက်ရဆိုတဲ့အမိန့်ထုတ်လို့
    ဒီနှစ်တော့ အလှူခံမထွက်ရဲလို့ ပိုကြပ်တည်းတော့မယ်လို့ ဘုန်းဘုန်းက မိန့်ပါသေးတယ်

  • kai

    January 8, 2015 at 1:21 am

    မိုးခေါင်အရပ်မှာ မိုးရွာပါစေ ။
    မိုးခါးရေတော့ မဖြစ်စေနဲ့…။
    ဖြစ်ရင်တောင် မသောက်မိစေနဲ့..။ :k:

  • kyeemite

    January 8, 2015 at 9:21 am

    .သာဓု…သာဓု..သာဓု ပါဗျား
    .မြင်ရတဲ့ အခင်းအကျင်းကတော်တော်စိတ်မကောင်းစရာပဲ
    .အူးသေးစိန်တို့ အဖွဲ့တွေ မြင်စေ့ချင်တယ်

  • manawphyulay

    January 8, 2015 at 9:27 am

    ဒါတောင် သိပ်မိုးခေါင်တဲ့အရပ် မဟုတ်သေးပါဘူး။ မိုးခေါင်အရပ်တွေ အများအပြား ရှိပါသေးတယ်။ မိုးများများ ရွာသွန်းစေဖို့ ဆုတောင်းနေမိပါတယ်….

  • အလင်းဆက်

    January 8, 2015 at 2:10 pm

    ရွှေကျောင်းကြိီးတွေ ပြောင်တဲ့နေရာပြောင်…
    ဝမ်းဟောင်းလောင်းတွေ ခေါင်တဲ့နေရာခေါင်…
    ..အော်… အိုဘယ့် မြန်မာပြည်…

    မြန်မာ့အသံတို့..မြဝတီတို့ ရုပ်သံလိုင်းက သတင်းတွေ မြင်ကွင်းတွေထဲမတော့…
    လှလိုက်တဲ့ မြန်မာပြည်..
    ဖွံ့ဖြိုးတိုးတက်လိုက်တဲ့ မြန်မာပြည်…
    အံမယ်..ဘာတဲ့…
    မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကို စားသုံးနေကြရပြီဆိုပဲ…

    အဟွတ်…

  • နွယ်ပင်

    January 8, 2015 at 3:48 pm

    ခရီးလမ်းက ကြမ်းပြီး သွားရတာ ဝေးပင်မယ့် တစ်ကယ်လိုအပ်နေတဲ့ နေရာလေးမို့ ဝမ်းသာကျေနပ်မိပါတယ် .

  • Yae Myae Tha Ninn

    January 8, 2015 at 3:49 pm

    သာဓုခေါ်ပါတယ်…ကြားရတာ မင်္ဂလာပါ… အနော်ကတော့ ဒီတခေါက် သဘာဝရိပ်သာအတွက် အလှူ ခံပြီးလို့ ခဏ နားလိုက်ဦးမယ်… နောက်တခါ သွားလှူမယ်ဆို နည်းနည်း ကြိုပြီး ပို့စ်တင်ထားလေ… ကူနိုင်ရင် ကူပေးမယ်… 🙂

    • Ko chogyi

      January 8, 2015 at 5:03 pm

      ရေမြေသနင်းရေ ဒီလိုဗျကျွန်တော်တို့အဖွဲ့က တစ်လတစ်ကြိမ် လကုန်ပြီး ပထမပတ်မှာ လစဉ်လှူနေတာပါ အစဉ်ပြေတဲ့လမှာ လိုက်လှူလို့ရပါတယ်
      လှူမယ်ကျောင်းနဲ့ ရက်ကိုတော့ group အတွင်းမှာပဲတင်လေ့ရှိတာမို မသိတာပါ နောက်ပိုင်းအစဉ်ပြေရင်တော့ ရွာ group မှာလာပြီး share ပေးပါမယ်

      • Yae Myae Tha Ninn

        January 9, 2015 at 8:43 am

        ဟုတ်… ရှယ်လိုက်ပါ…ကိုချိုကြီး… လစဉ်တော့ ဟဲ… ကောက်တာဖြစ်ဖြစ်.. လှူ တာဖြစ်ဖြစ်… မလွယ်လှဘူးဗျ… သို့သော် စဉ်းစားလိုက်ဦးမယ်ဗျာ… ကူတာတော့ ကူချင်တယ်… 🙂

  • Kaung Kin Pyar

    January 8, 2015 at 4:37 pm

    တစ်ဦးထဲ သွားလှူဖို့ကတော့ ဒီခရီး မနီးဘူး ဖြစ်နေတယ်…။
    ဝိုင်းကြဝန်းကြမယ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်ဖြင့် အလှူငွေပါဖို့ အဆင်သင့်ပါပဲ…

  • Myat Pearl Phyu

    January 8, 2015 at 4:49 pm

    သာဓု
    သာဓု
    သာဓု

  • lu lu

    February 4, 2015 at 12:43 pm

    ရွာနိုင်သမျှရွာပါစေ
    လမ်းတွေတော့ ပျောက်မပါသွားပါစေနဲ ့
    သာဓုခေါ်ပါတယ်

Leave a Reply