ဖုန်းဆိုင်အချို့ ဝန်ဆောင်ခနှစ်သောင်းဖြင့် ကျပ်ငါးသိန်းတန်ဖုန်း လျှောက်ထားပေး

klnAugust 19, 20101min450

မိုဘိုင်းဖုန်း၊ အထိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့်ဆိုင်အချို့ ဝန်ဆောင်ခ ကျပ်နှစ်သောင်းယူကာ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ လျှောက်ထားပေးခြင်းမျိုး ရှိလာကြောင်း မိုဘိုင်းဖုန်းဆိုင် အသိုင်းအဝိုင်းများမှ ၁၁.၈.၂၀၁ဝ ရက်တွင် သိရသည်။ CDMA 800 MHz ဖုန်းများကို နှစ်ရက်အတွင်း လျှောက်ထားရယူနိုင်မည့် နေရာရှစ်နေရာနှင့် ဖုန်းကတ်ထုတ်ရန် နေရာငါးနေရာ သတ်မှတ်ပြီးနောက်ပိုင်း ထိုကဲ့သို့ ဝန်ဆောင်မှုပေးသည့်နေရာ တဖြည်းဖြည်းများပြားလာခြင်းဖြစ်ကြောင်း သိရသည်။ “ ငှားရမ်းလျှောက်ထားခ ကျပ်ငါးသိန်းနဲ့ ဝန်ဆောင်ခ ကျပ်နှစ်သောင်းဖြစ်ပါတယ်။ ဝန်ဆောင်ခ နှစ်သောင်းထဲမှာ လျှောက်လွှာဖိုး၊ မိတ္တူဖိုး၊ အထွေထွေ ကုန်ကျစရိတ်၊ ဘဏ်သွင်း၊ ကတ်ထုတ်ဖို့ ကားခအကုန်ပါပြီးသားပါ ” ဟု အဆိုပါဖုန်းကို လျှောက်ထားပေးသည့် ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူကပြောပြသည်။ စတင်ငှားရမ်းလျှောက်ထားတော့မည်ဆိုပါက လျှောက်ထားမည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ သန်းခေါင်စာရင်း မူရင်း၊ မိတ္တူ၊ ကိုယ်စားလှယ်လွှဲစာ၊ ဓါတ်ပုံသုံးပုံ၊ နေရပ်လိပ်စာ အပြည့်အစုံ စသည်တို့ကို လျှောက်ထားပေးမည့်သူထံ ပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။ မိမိတို့ လျှောက်ထားလိုသည့်နေရပ်လိပ်စာအတိုင်း လျှောက်ထားရမည့် သတ်မှတ်နေရာတွင် သွားရောက်လျှောက်ထားပေးခြင်းဖြစ်ပြီး CDMA 800 MHz ဖုန်းများအပြင် GSM ဖုန်းများကိုလည်း လျှောက်ထားငှားရမ်းခွင့်ရရှိရန် ဝန်ဆောင်ပေးခြင်းအချို့လည်း ရှိလာကြောင်း သိရသည်။