ကြည်နူးစရာ အလှူရက်လေးမှာ ၅

kotun winlattJanuary 8, 20151min853

7

ရွာမည့်ဟန်ပြင်နေသည့်
မိုးကြောင့် မရွာပါစေနှင့်ဟုသာ ဆုတောင်းရင်း ယူသွားရမည့်
စာရေးကိရိယာလေးများကို ပြင်ဆင်နေမိသည်။ နံနက် ၈ နာရီခွဲတော့ အဖွဲ့ဝင်တွေ
ရောက်လာပြီး ပစ္စည်းများကို ဆိုင်ကယ်ဖြင့် တင်ဆောင်သွားကြသည်။ ယနေ့
၃.၇.၂၀၁၄ ရက်တွင် စာရေးကိရိယာများ သွားရောက်လှူဒါန်းကြမည့် ကျောင်းလေးမှာ
နားခွင်းကျင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးသို့ ဖြစ်သည်။
နားခွင်းကျင်ကျေးရွာမှာ မော်လူးနှင့် မဝေးသည့် ရွာလေးတစ်ရွာပင်။ မော်လူး၏
အရှေ့တောင်ဘက်တွင် တည်ရှိနေသည့် ရွာကလေးဖြစ်သည်။
နားခွင်းကျင်ဆိုသည့်အမည်မှာ ရှမ်းအမည်မှ ဆင်းသက်လာသည့်အမည်နာမဖြစ်ကြောင်း
စိုက်ပျိုးရေးလုပ်ကိုင်ရန်အကွက်အကွင်းကောင်းသည့်နေရာ ရေပေါသည့်နေရာဟု
အဓိပ္ပါယ်ရကြောင်း ရွာခံ ရှေ့မှီနောက်မှီ လူကြီးတစ်ဦးမှ ပြောပြသည်ကို
မှတ်သားရသည်။ မော်လူးမှ ရွှေဘို – မြစ်ကြီးနား
မော်တော်ကားလမ်းမကြီးအတိုင်း ရွှေဘိုဘက်သို့သွားရာမှ
မော်လူး-စီးမော်ရွာနှစ်ရွာကို ကျော်ပြီးလျှင် ညောင်ပင်သာကျေးရွာသို့
ရောက်သည်။ မော်တော်ကားလမ်းမကြီးမှ ညောင်ပင်သာကျေးရွာလေးထဲသို့
ဖဲ့ဆင်းလိုက်ပြီး ညောင်ပင်သာကျေးရွာအရှေ့ဘက်သို့ ဆက်သွားလိုက်လျှင်
ညောင်ပင်သာကျေးရွာနှင့် နားခွင်းကျင်ကျေးရွာ ဆက်သွယ်ပေးထားသည့်
မေတ္တာပေါင်းကူးတံတားအမည်ရ ချောင်းကူးတံတားတွေ့ရပေမည်။ ၎င်းတံတားကို
ဖြတ်ကျော်ပြီးသည်နှင့် နားခွင်းကျင်ကျေးရွာ အခြေခံပညာ
မူလတန်းကျောင်းလေးသို့ ရောက်ပါပြီ။ ကျောင်းမြေနေရာမှာ ၂
ဧကခန့်ကျယ်ဝန်းပေမည်။ ကျောင်းရှေ့အဝင်ဝတွင် ကုက္ကိုပင်ကြီးတစ်ပင်ရှိပြီး
ကျောင်းဆောင်လေးမှာ သွပ်မိုး ပျဉ်ခင်း ပျဉ်ကာ ခြေတံရှည်
တစ်ထပ်အဆောက်အဦးဖြစ်သည်။ ကျနော်တို့အဖွဲ့ ကျောင်းလေးသို့ရောက်တော့
ကျောင်းတက်နေပေပြီ။ ဆိုင်ကယ်ပေါ်မှ အထုပ်အပိုးများကို ယူပြီး
ကျောင်းဝင်းအတွင်းသို့ ဝင်လာကြတော့ ကလေးတွေ ပြတင်းပေါက်၊
တံခါးပေါက်များမှ ခေါင်းများပြူထွက်လာကာ “ဟေးးးးစာအုပ်လာဝေတာကွ…”ဟု
အော်သံများကို ကြားရသည်။
သူတို့လေးတွေပင် ကျနော်တို့အဖွဲ့သားတွေကို မှတ်မိနေကြချေပြီ။
ဟုတ်ပေလိမ့်မည်… ဒီကျောင်းလေးကို လာလှူဖြစ်တာ လေးနှစ်ရှိခဲ့ပြီပဲ….။
အချိန်တွေဟာ ဘာမှမကြာပဲ ကုန်ဆုံးနေလိုက်ကြတာ….။ ဒါကြောင့် ပြောကြတာပေါ့…
ဘဝဆိုတာ တိုတိုလေးပါတဲ့…။သမုဒ္ဒရာထက် ခဏတက်သည့် ရေပွက်ပမာ ဆိုတဲ့
စကားမျိုးတွေပေါ့…။ ကျနော်တို့အဖွဲ့ကျောင်းဆောင်လေးပေါ်ရောက်တော့
ဆရာမလေးတွေက ရုံးခန်းကို ဖိတ်ခေါ်ပြီး နေရာချပေးပါတယ်။ ကျနော်က
ကျောင်းသူ/သားအရေအတွက်ကိုမေးပြီး လှူဒါန်းမဲ့ ပစ္စည်းစာရင်းတွေကိုတွက်ချက်
အလှူမှတ်တမ်းစာရွက်လေးပေါ်မှာ မှတ်တမ်းရေးနေတုန်း ဆရာမလေးတစ်ယောက်က
ကျောင်းအုပ်ဆရာကြီးရောက်လာမှ လှူဒါန်းမှုကို စဖို့ပြောလာတာမို့
ကျနော်တို့တွေလည်း ဆရာကြီးအလာကို စောင့်ရင်း စကားစမြည်ပြောနေကြတာပေါ့။
ရပ်မိရပ်ဖများ ကျောင်းလေးကို ရောက်လာပြီး ကျနော်တို့အဖွဲ့နဲ့
စကားပြောဖြစ်တော့ ပြဿနာတစ်ခုထွက်လာပါတယ်…။ သူတို့တွေ
လုပ်ကိုင်စားသောက်နေကြတဲ့ လယ်ယာမြေတွေ
သစ်တောဧရိယာထဲပါသွားတဲ့အကြောင်းပေါ့။ ကူညီနိုင်ရင် ကူညီပေးကြဖို့
ပြောလာလို့ ကျနော်ရင်လေးစွာနဲ့ သူတို့ကိုပြောဖြစ်တာက “ကျနော်တို့က
ဘာအဆင့် ဘာရာထူးမှ ရှိတဲ့လူတွေ မဟုတ်ဘူးခင်ဗျ…. အခုလိုလာလှူတာကလည်း
သူများလှူတဲ့ပစ္စည်းတွေကို အလှူခံတွေ လက်ထဲရောက်အောင်လာပို့ပေးတာပါ။
ဒီလယ်မြေတွေပြန်ရဖို့ ဦးကြီးတို့ ဦးလေးတို့ကိုယ်တိုင် လုပ်ဆောင်ကြမှသာ
အဆင်ပြေနိုင်မှာပါ။ တကယ်တမ်းပြောရရင် ဒီဒေသမှာ တာဝန်ကျတဲ့ သစ်တောဝန်ထမ်းက
အလုပ်မလုပ်လို့ ဖြစ်ပါလိမ့်မယ်။” ဟု ပြန်ပြောပေးနိုင်ပါတယ်။
မြန်မာပြည်ကြီးမှာလည်း ကျေးဇူးရှင် တောင်သူဦးကြီးများလို့ စာထဲမှာရေး
ပါးစပ်ကပြောနေကြပေမယ့် လက်တွေ့မှာတော့ တောင်သူဦးကြီးတွေကတော့ လယ်သိမ်း၊
ယာသိမ်းတွေခံရ ဖမ်းဆီးခံရနဲ့ရယ်ပါ။ ဒါကြောင့်လည်း အရင်က
ကျနော်တို့လယ်နားက လယ်သမားအစ်ကိုတစ်ယောက်ပြောတာ အမှတ်ရမိသား….
“ဟေ့ကောင်…. တောင်သူ…တောင်သူလို့ ဘာကြောင့် ခေါ်သလဲ သိလားကွ…. ဟိုးးးးး
အရှေ့ဘက်က တောင်တန်းကြီးကိုကြည့် နေပူတော့လည်း နေပူဒဏ်ကိုခံ…
မိုးရွာတော့လည်း မိုးဒဏ်ကိုခံ…. အဲ့လိုပဲ ငါတို့လည်း နေပူဒဏ်ခံ၊
မိုးရွာဒဏ်ခံပြီး လုပ်ကိုင်နေကြရတာ မဟုတ်လား… ငါတို့တွေက
အဲ့ဒီတောင်ကြီးတွေနဲ့ တူလို့ တောင်သူလို့ ခေါ်တာကွ”..ဆိုပဲ။
စိတ်မကောင်းခြင်းများစွာဖြစ်မိပါသော်လည်း ဘာမှ လုပ်မပေးနိုင်
အခြေအနေမဟုတ်ပါလား။ နံနက် ၉ နာရီကျော်တော့ ကျောင်းအုပ်ဆရာကြီး
ရောက်လာပေပြီ။ “မင်းတို့ကလည်းကွာ… ဒီနေ့ အဖြူအစိမ်း မဝတ်လာတဲ့နေ့မှ
လာလှူကြရတယ်လို့.. ဒီနေ့ ငါက အင်းတော်အစည်းအဝေးသွားစရာရှိလို့
ကျောင်းခဏဝင်ပြီး သွားရမှာမို့ မဝတ်လာတာ…. ကျေးဇူးတင်ပါကွာ…
ဒီလိုလာလှူပေးတဲ့အတွက်…” ဟု ကျနော်တို့အဖွဲ့အား
ကျေးဇူးတင်စကားပြောပါတော့တယ်။ ကျွန်တော်တို့လည်း မြေဖြူ၊ မင်နီ၊
သင်ပုန်းဖျက်စတဲ့ ကျောင်းအသုံးအဆောင်လေးတွေကို ဆရာမလေးတွေကို ပေးလှူ
မှတ်တမ်းဓာတ်ပုံရိုက်… ဆက်ပြီး ကလေးတွေကို စာရေးကိရိယာလေးတွေ
ပေးဝေပါတော့တယ်။ ကလေးတွေကတော့ စာအုပ်လေးတွေ၊ ခဲတံလေးတွေ၊ ပေတံ၊
ခဲဖျက်လေးတွေကိုင်ကြည့်ပြီး ပြုံးလိုပျော်လိုပေါ့။
ကျနော့်သူငယ်ချင်းတစ်ယောက်က ပြောဘူးပါတယ်။ “မင်းသွားလှူတဲ့
ကျောင်းလေးတွေက ကလေးတွေက ဘယ်အတန်းထိရောက်မှာမို့လဲ…. မင်းလှူတာတွေက
ဘယ်လောက်အထိ ထိရောက်နိုင်မှာမို့လဲ…”ဟု မေးဘူးပြောဘူးပါသည်။
ကျနော့်အဖြေကတော့ ရှင်းရှင်းလေးပင်…”ငါလှူရတဲ့ ရည်ရွယ်ချက်က ဒီကလေးတွေ
မဖြစ်မနေ ပညာတတ်ကြီးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မဟုတ်ဘူးကွ…. ငါတို့
လာလှူတာလေးတွေကို သူတို့ စိတ်ထဲမှာကြည်နူးမိမယ်။ အမှတ်တရအဖြစ်ကျန်ခဲ့မယ်။
နောင်တစ်ချိန်အရွယ်ရောက်လာရင် ငါတို့ငယ်ငယ်က စာရေးကိရိယာလေးတွေကို
လူကြီးတွေက လာလှူပေးကြတော့ ငါတို့မှာ ပျော်လိုက်ရတာ.. အခုငါတို့
လူကြီးဖြစ်လာတဲ့ အချိန်မှာ ကလေးတွေကို စာရေးကိရိယာလေးတွေ
လှူပေးရရင်ကောင်းမှာပဲဆိုတဲ့ အတွေးလေး ဝင်သွားပြီး ငါတို့လောက်မက
လှူနိုင်တဲ့ ငါတို့ထက်ပိုပြီး ပရဟိတလုပ်နိုင်တဲ့ သူတွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူကများ အတတ်ပြောနိုင်မှာလဲ….”ဟုသာ ပြန်ပြောမိ
ပြန်ဖြေမိပါသည်။ ဆရာမ ဒေါ်သန်းမြင့်အောင် စာပေဟောပြောပွဲမှာ ပြောဘူးတဲ့
စကားလေးကိုလည်း အမှတ်ရမိပါတယ်…. “ပရဟိတလုပ်တယ်ဆိုတာ ငွေကြေးအများကြီးနဲ့
အခြားသူတွေကို ကူညီနိုင်မှ ပရဟိတလို့ခေါ်တာမဟုတ်ဘူး။
စကားလေးတစ်ခွန်းနဲ့လည်း ပရဟိတဖြစ်တာ လုပ်လို့ရတာတွေ ရှိပါတယ်”ဟု
ပြောဘူးတာလေး မှတ်မိပါတယ်။ နောက်တစ်ချက်က ကျနော်အမြဲပြောလေ့ရေးလေ့ရှိတဲ့
ဆရာကြီး ဦးအောင်သင်းရေးဘူးပြောဘူးတဲ့ စာ၊ စကားလေးပါ… ”
ဘုရားကိုရွှေမချနဲ့၊ လူငယ်တွေကို ရွှေချပါ”ဆိုတဲ့ စကားလေးပါ။ ပြီးတော့
ရန်ကုန်၊ မန ္တလေးက ကျနော့် သူငယ်ချင်းတွေ ပြောတဲ့ သုံးတဲ့ စကားလေးကတော့ ”
လူပင်လေးတွေ စိုက်ရအောင်”ဆိုပဲ….။
ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေပျော်နေတာ ကြည်နူးနေတာတွေမြင်ရတော့
ကိုယ်တိုင်လည်း ပျော်ရွှင်မိ၊ ကြည်နူးမိတာပါပဲလေ။ နားခွင်းကျင်ကျေးရွာ
မူလတန်းကျောင်းလေးမှာ ကျောင်းသား/သူ စုစုပေါင်း ၆၉ ဦးရှိနေတာမို့
ဥသျှစ်ကုန်းကျေးရွာ မူလတန်းကျောင်းလေးက ကျောင်းသား/သူ အရေအတွက်နဲ့
တူနေတာကိုလည်း သတိရမိပါရဲ့။ ကလေးတွေကို စာရေးကိရိယာလေးတွေ ဝေပေးပြီးတော့
ကျောင်းအုပ်ဆရာကြီး၊ ဆရာမလေးများ၊ ကျောင်းသူ/သားလေးများ၊
ရပ်မိရပ်ဖများနဲ့ ကျနော်တို့ အဖွဲ့ဝင်တွေ ကျောင်းလေးရှေ့မှာ အမှတ်တရ
ဓာတ်ပုံလေးတွေရိုက်ဖြစ်ကြပါတယ်။ ပြီးတော့ ကျနော်
အလှူမှတ်တမ်းစာရင်းလေးတစ်စောင်ကို ကျောင်းအုပ်ဆရာကြီးကို ပေးအပ်ပြီး
အားလုံးကိုနှုတ်ဆက်ကာ ပြန်ထွက်လာကြတော့ နံနက် ၁၁ နာရီထိုးပြီးချေပြီ။
ကျောင်းလေးရဲ့ ဝင်ပေါက်နားရောက်တော့ ကျနော့်အဖွဲ့ဝင်တွေက
“ကဲ…ဘယ်ရက်ကို….အနောက်ဘက်ရွာတွေကို ခရီးဆက်ကြမလဲ..”ဟူသောမေးခွန်းဖြင့်
ကျနော့်အား မေးမြန်းရင်း….ရှေ့ခရီးစဉ်များအတွက် တိုင်ပင်ရင်းဖြင့်

ပျော်ရွှင်ချမ်းမြေ့ကြပါစေ
K.T.W.L

3 comments

  • kyeemite

    January 8, 2015 at 9:42 am

    ဆရာကြီး ဦးအောင်သင်းရေးဘူးပြောဘူးတဲ့ စာ၊ စကားလေးပါ… ”
    ဘုရားကိုရွှေမချနဲ့၊ လူငယ်တွေကို ရွှေချပါ”ဆိုတဲ့ စကားလေး

    .အမှန်ပဲ ကိုထွန်းဝင်းလတ်ရေ….လူငယ်တွေကိုတတ်နိုင်သလောက် ရွှေချဖို့ကျိုးစားနေတဲ့
    .ခင်ဗျားတို့ပရဟိတအဖွဲ့လေးအတွက်လည်းဂုဏ်ယူပါတယ်ဗျာ :))

  • အလင်းဆက်

    January 8, 2015 at 2:02 pm

    သာဓုဗျာ..

    —-

    ဒီပိုစ့်က…. သုတရော ရသ ပါ အပြည့်ပါပဲလားဗျ…

  • kotun winlatt

    January 8, 2015 at 2:53 pm

    ကျေးဇူးပါ ဆြာသမားတို့ရေ ဒါ့ပုံတွေ များများ မတင်နိုင်တာကိုတော့ ခွင့်လွှတ်ပေးကြပါ

Leave a Reply