အောက်တိုဘာမတိုင်မီလွှတ်တော်အဆောက်အအုံပြီးမည်

klnAugust 19, 20101min620

နေပြည်တော်၌ တည်ဆောက်လျက်ရှိသော လွှတ်တော်စီမံကိန်းအားယခုနှစ် အောက်တိုဘာလမတိုင်မီ အပြီးတည်ဆောက်သွားမည်ဟု စုံစမ်းသိရသည်။ ပြည်သူ့လွှတ်တော် အဆောက်အအုံအား ၂၀၀၈ခုနှစ်တွင် ACE ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၉၅ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကာ အချောသပ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်အဆောက်အအုံဝင်းအတွင်း ရွေးကောက်ပွဲကျင်းပရန် ခန်းမကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်အမတ်များနေထိုင်ရန်နှင့် သမ္မတနေထိုင်ရန် အဆောက်အအုံတို့အပြင်လွှတ်တော်သို့ဝင်ရောက်နိုင်မည့် အကျယ်ပေ ၆ဝကျော်ခန့်ရှိသော နှစ်လမ်းသွားသံထူကွန်ကရစ် တံတား ၂စင်းတို့လည်း ပါဝင်ကြောင်း သိရသည်။ လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးက “အခုလောလောဆယ်တော့ အပြင်ပိုင်းတွေပြီးစီးသွားပြီ။ အတွင်းပိုင်းအလှဆင်တာနဲ့ဆေးသုတ်ဖို့ပဲကျန်တယ်။ အောက်တိုဘာလမကုန်ခင်တော့ အပြီးလုပ်ဖို့လျာထားတာပဲ”ဟု ဆိုသည်။