အလွမ်းအိ်မ်မက်

Mon LayJanuary 10, 20151min863

၁။
ညို……ကို့ကိုိုစတွေ့ခဲ့တာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲတစ်ခုမှာပါ။ ထိုမွေးနေ့ပွဲမှာ သီချင်းများနှင့်အနောက်တိုင်းဆန်စွာ ကခုန်နေကြရင်း နှစ်ဦးသားမမျှော်လင့်ဘဲ တိုက်မိသွားခဲ့ကြသည်။ ထို့နောက် ညိုနှင့်ကိုတို့ပြိုင်တူ ”ဆောရီး” ဟု ပြောမိကြကာ မျက်လုံးချင်း ခေတ္တမျှဆုံဆည်းသွားခဲ့ကြသည်။ ညိုသည်သာမန်ယောက်ျားတစ်ယောက်နှင့် အကြည့်ချင်းဆုံမိလျှင် လျင်မြန်စွာ အကြည့်လွှဲပစ်တတ်သော်လည်း ကို့ကိုကား ဂရုတစို်က်ပြန်ကြည့်မိခဲ့သည်မှာ ကိုကအခြားယောက်ျားလေးများကဲ့သို့အကြည့်ရဲရဲနှင့် ကြည့်ခြင်းမဟုတ်ဘဲ တိတ်တခိုးကြည့်တတ်သောမျက်လုံးညိုများကြောင့်ပင် ဖြစ်လေသည်။
၂။
ကိုရဲ့ ဇာတိက ဆောင်းရာသီဆို်လျှင် အလွန်ချမ်းအေးပြီး နွေရာသီဆိုလျှင် အေးမြတတ်သော တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး ညိုကရန်ကုန်သူဖြစ်ကာ အနေချင်းဝေးနေကြသော်လည်း အင်တာနက်ခေတ်မှာ ကြီးပြင်းလာကြသူများဖြစ်သောကြောင့် အင်တာနက်နှင့် ချိတ်ဆက်ရင်း သံယောဇဉ်တစ်စစီသီခဲ့ကြသည်။ နောက်ပိုင်းတွင် ကိုက ရန်ကုန်သို့ပြောင်းလာပြီး အဒေါ်ဖြစ်သူဧ။်အလုပ်၌ခေတ္တအလုပ်ဝင်လုပ်ခဲ့ရင်း အချစ်ကြိုး
တွေပိုရှည်လာခဲ့တော့သည်။
၃။
ကိုနှင့်ညိုတို့ နှစ်ယောက်သည် ဘဝတစ်သက်တာချစ်ခရီးလမ်းကို အတူတူလျှောက်လှမ်းကြမည်ဟုစိတ်
ကူးတွေ ယဉ်ခဲ့ကြသည်။ ကိုက
“ချစ်……၊ကို…အသက်(၂၆)နှစ်လောက်ဆိုရင်…စင်ကာပူထွက်မယ်၊ အဲ့မှာလေးငါးနှစ်လောက်အလုပ်
လုပ်ပြီးရင်..ကိုတို့လက်ထပ်ကြမယ်၊ဒါပေမဲ့…..ကိုမသွားခင်….ချစ်ကိုစေ့စပ်တောင်းရမ်းမယ်၊ ပြန်လာရင်..ချစ်ကို
တစ်ခါတည်းလက်ထပ်မယ်…ဘယ်နှယ့်လဲ” ဟုအသံဝဲဝဲလေးနှင့်ပြောတော့ ညိုက “အင်း” ဟုဆိုပြီးခေါင်းလေး
တစ်ချက်ညှိတ်ခဲ့သည်။
၄။
ကို့အလုပ်က နာမည်ကြီးရှော့ပင်းစင်တာတစ်ခုမှာဖွင့်ထားသည့် ဂိမ်းစင်တာ တွင်ဖြစ်ပြီး မနက်မိုးလင်း
ကနေမိုးချုပ်သည်အထိ အလုပ်လုပ်ရကာ ပိတ်ရက်မရှိဘဲနေ့လည်နေ့ခင်း (၂)နာရီမှ ညနေ (၄)အထိသာ နားခွင့်ရှိသည်။ ထိုရသည့် နားနေချိန်လေး၌သာ ညိုနှင့်ကိုတို့ဆုံတွေ့ကြရသည်။ ထိုအချိန်ကလေးမှာပင်ချစ်သူများသွား
လေ့ရှိသည့်ပန်းခြံများသို့အပြေးအလွှားသွားကြသည်။ ပျော်ရွှင်စရာရေခဲကမ္ဘာ၌လည်း နှစ်ယောက်သားအတူပျော်ခဲ့ကြသည်။
ညိုလသာမြို့ နယ်၌ကျူရှင်တက်သည့်အခါကလည်း
ကိုကအမြဲလိုလိုလာကြိုတတ်သည်။ ပြီးလျှင်ဆူးလေဘုရားထိလက်တွဲကာ လမ်းလျှောက်ကြပြီးမှလိုင်းကားစီးပြန်ကြသည်။ တစ်ခါတစ်လေညစာပါအတူစား
သောက်၊အချိုတည်းပြီးမှပြန်လာသောအခါလည်းရှိသည်။
ဓါတ်လှေကားကို နှစ်ယောက်အတူစီးသည့်အခါ၊ လူများမပါလာသည့် အခါမျိုး၌လည်း ကိုကညို့ ထက်ခေါင်းတစ်လုံးသာသာလောက်အရပ်မြင့်သောကြောင့်ညိုက ခြေဖျားထောက်ရပြီးကိုရဲ့ ပါးဖောင်းဖောင်းလေးကို ဖျက်ခနဲမသိမသာနမ်းတတ်သည်။ နောက်ပိုင်း၌ ညိုက ထိုသို့အပြုအမူလုပ်တတ်သည်ကို ကိုကသိလေတော့ညိုနမ်းမည်ပြုတိုင်းချက်ချင်းခေါင်းငုံ့လာပြီး ညို့ ပါးကိုရွှတ်ခနဲဦးစွာ အရင်နမ်းလေတော့သည်။ ပြီးတော့ “နမ်းရင်ဒီလိုနမ်းရတယ်ကွ” ဟုဆိုပြီး ညို့ ကိုရင်ခွင်ထဲမြုပ်နေအောင်ဆွဲသွင်းရင်းရယ်သံဟဟနှင့်စတော့သည်။

တစ်ခါတစ်ရံ ကံကြမ္မာသည်
သဘောကောင်းသူပမာကြည်ဖြူစွာဆက်ဆံတတ်သော်ငြားလည်း တစ်ခါ
တစ်ရံရက်စက်တတ်သူပီပီပျက်ရယ်ပြုတတ်သည်ကို ညိုနှင့်ကိုတို့သတိမထားမိခဲ့ကြပါ။
၅။
တစ်နေ့တွင် ညိုသည် ကို့ဆီက ဖုန်းမက်ဆေ့တစ်ခုလက်ခံရရှိခဲ့သည်။
“ကို့ကိုမေ့လိုက်ပါတော့….၊ကို့ထက်သာတဲ့လူကိုသာရှာလိုက်ပါတော့….၊ကို…ချစ်ကွယ်ရာမှာ..မိန်းမတစ်ယောက်နဲ့ဖောက်ပြန်ခဲ့တယ်။အစကစိတ်ကိုတအားထိန်းထားသေးတယ်၊ဒါပေမဲ့နောက်ကျတော့သူကနည်းအမျိုးမျိုးနဲ့ကို့ဆီဝင်လာတယ်၊ ဒါနဲ့ပဲစိတ်မထိန်းနိုင်ပဲပါသွားခဲ့တယ်၊ ဒါကြောင့်ကိုတို့..လမ်းခွဲလိုက်ကြရအောင်။ကို့စိတ်ကိုထပ်ပြီးမလိမ်ချင်တော့ဘူး။ကို…ချစ်ကိုအမှန်ပဲမချစ်တော့ဘူး။ အစကတော့အရမ်းချစ်ခဲ့တာအမှန်ပဲ။
ဒါပေမဲ့တကယ်တမ်းလက်တွဲကြည့်လိုက်တော့စိတ်ထားတွေသိပ်မတူဘူး။ ချစ်ထက်ကို့ကို..အများကြီးချစ်တဲ့သူကို..ကိုချစ်မိသွားပြီ။ မေ့လိုက်ပါတော့”
ညို..သည်ကိစ္စကိုလုံးလုံးမယုံကြည်သောကြောင့်ကို့ကိုချက်ချင်းဖုန်းခေါ်လိုက်သည။် ကိုကထိုနည်း၄င်းကောင်းသာ ပြောပြခဲ့သည်။ နှစ်ဦးသားနောက်ဆုံးအကြိမ်တွေ့ခဲ့သည့် ဗိုလ်တထောင်ကမ်းနား၌လည်း ကိုကထိုစကားတွေကိုသာ ထပ်တလဲလဲဆိုခဲ့ပြန်သည်။
ညိုသည်ကို့စကားကို စိတ်တည်ငြိမ်အောင်ထားပြီးနားထောင်နေရသော်လည်း တဖြည်းဖြည်းမျက်လုံးထဲမှမျက်ရည်တို့ကမခိုင်။ လှိုင်းရေတို့ကလည်း အငြိမ်မနေ၊ဝုန်းခနဲနှင့် ညိုတို့မတ်တပ်ရပ်နေသည့် ဆိပ်ခံဘောကိုလာရိုက်နေသည်။ လေပွေတစ်ချက်က ညို့ ဆံနွယ်တွေ ပါးပြင်မှဖြတ်ပြီးပွတ်တိုက်သွားသောအခါညိုကပါးပြင်ပေါ်မှာစီးကျနေသည့် မျက်ရည်များနှင့် အတင်းကာရောသုတ်ချပစ်လိုက်သည်။
“ကို့…ကိုသစ္စာမရှိတဲ့လူတစ်ယောက်လို့အော်ဆဲလိုက်ပါချစ်ရာ…၊ကိုခံနိုင်ပါတယ်။ ကိုကအမှားလုပ်ထားတဲ့လူတစ်ယောက်ဆိုတော့…ခွင့်လွှတ်ဖို့လည်း..မမျှော်လင့်ပါဘူး” ဟုပြောပြီး ညို့ လက်နှစ်ဖက်ကိုအတင်းဆွဲကာ သူ့ပါးနှစ်ဖက်ကိုရိုက်ခိုင်းစေခဲ့သည်။ ညိုကအတင်းပြန်ရုန်းပြီးထိုနေရာမှာပင်ငုတ်တုတ်ထိုင်ချလိုက်သည်။ထို့နောက်ညိုနှင့်ကိုတို့မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲတစ်ဖက်ကမ်းဒလဘက်ကို စုန်ချည်၊ဆန်ချည်
ကူးသွားနေသည့် မော်တော်ဘုတ်များ၊အစာကိုအငမ်းမရတောင်းနေသည့်စင်ရော်ငှက်ကလေးများ၊လှိုင်းရေနှင့်အတူစီးမျောလိုက်ပါသွားနေသည့်ဖော့သဖွယ်စင်ရော်ငှက်အချို့ လေးများကိုသာလိုက်ငေးနေခဲ့သည်။ ထိုအချိန်မှာအချိန်ပေါင်းများစွာ ရေငုပ်ပြီးရေအောက်ထဲကပြန်တက်လာခဲ့ရသူတစ်ယောက်လို အဆမတန်မောဟိုက်ကာ ကို့ရင်ဘတ်ထဲမှာအူလှိုက်သည်းလှိုက်အားရပါးရအော်ဟစ်ငိုပစ်လိုက်ချင်သည့် ပြိုလုလုစိတ်ကို အတတ်နိုင်ဆုံးချုပ်တီးထားရင်း လေတဖြူးဖြူးတိုက်နေသည့် ဗိုလ်တထောင်ကမ်းနားမှာသာ ထိုင်ကာရေပြင်ကလှိုင်းဂယက်များကိုုငြိမ်သက်စွာညိုကြည့်နေမိခဲ့သည်။
၆။
ကိုနှင့်ခွဲခွာဖို့ကို ညိုတစ်စက္ကန့်မျှပင် မတွေးမိခဲ့ပါ။ တွေးပင်မတွေးဝံ့ခဲ့ပါ။ သို့သော်ကိုက ညို့ ကိုငဲ့ညာမှုတစ်စက်ကလေးမှမရှိဘဲညိုနှင့်အဝေးကြီးကိုထွက်သွားခဲ့သည်။ နောက်ပိုင်း “မင်းကိုမတွေ့ချင်တော့ဘူး” ဟုကို့ဆီက မာထန်သည့်စကားများသာကြားခဲ့ရသည်။ ကို ထိုကဲ့သို့တစ်ခြားတစ်ယောက်တွေ့သွားသော်လည်း ညိုကို့ကို သိပ်ချစ်သောကြောင့် ခွင့်လွှတ်ပေးခဲ့သည်။ လက်ခံပေးခဲ့သည်။ သို့သော် ကို့ဆီက ရက်ရက်စက်စက်စကားများသာ
ပြန်ရခဲ့သည်။ ”ဘဝသစ်ကိုပြန်စကြမယ်” ဟုညို့
ဘက်ကအမှားမရှိဘဲအနစ်နာခံပြီးပြောခဲ့သော်ငြားလည်း ဘဝကပါလာသည့်ကံအကြွေးအတိုင်းဥပေက္ခာပြုသွားခဲ့သည်။ အရင်က ဖုန်း Missed call ပေးတိုင်းပြာပြာသလဲလဲပြန်ဆက်တတ်သည့်ကိုက နောက်ပိုင်းတွင် Block ပင်ချတတ်နေပြီဖြစ်သည်။
ညိုဆွဲခဲ့သည့်ကြိုးကတင်းလို့ပြတ်သွားခဲ့သည်ဆိုလျှင် ပြန်တောင်းပန်မည်ဖြစ်ပြီး ညိုကမချည်တတ်သူမို့ညိုကျစ်ခဲ့သည့် ကြိုးမခိုင်ခဲ့လို့လားဟုပြန်မေးခွင့်ပင်မရခဲ့တော့ပါ။ ကိုစိုင်းစိုင်းက ”အချစ်ဆိုတာကံနိမ့်တဲ့သူမှ ကြုံရတာပါ” တဲ့။ မှန်ပါလိမ့်မည်။ ညိုကံနိမ့်ခဲ့လို့သာ အချစ်နှင့် လာကြုံခဲ့ခြင်းဟုသာဖြေသိမ့်လို်က်ရတော့သည်။
ဘဝသည်တိုတိုလေးဖြစ်သောကြောင့် ညို့
ဘဝထဲကထွက်သွားချင်တဲ့လူဖြစ်သည့်ကို့ကို လွတ်လပ်ခွင့်ပေးလိုက်တော့မည်။ ညိုနှင့်မသက်ဆို်င်တော့သည့်အရာတွေကို စွန့်လွှတ်ရန်ကြိုးစားမည်ဖြစ်ပြီး ညို့ ကိုတန်ဖိုး
ထားသည့် လူတွေနှင့်သာပျော်ရွှင်စွာနေသွားတော့မည်ဟု ဆုံးဖြတ်ချက်ကိုရဲရဲချခဲ့သည်။
၇။

အထပ်ပေါင်း (၂၀)မြင့်သော နိုင်ငံတကာအဆင့်မြင့်ဟိုတယ်ကြီးရဲ့ ကားဝင်းထဲမှာ Mark X ကားတစ်
စီးကိုညိုခလုတ်လေးနှိပ်ပြီးပိတ်လိုက်သည်။ ပြီးတော့ ဘေးဘယ်ဘီကိုမကြည့်ဘဲ နှစ်လက်မမြင့်သောဒေါက်အနက်လေးကိုစီးပြီးကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ဟိုတယ်ကိုလျှောက်လာလိုက်သည်။
ကိုထားခဲ့တဲ့မိန်းမတစ်ယောက်ဟာ လမ်းဟောင်းမှာတင်ကျန်ရစ်မနေခဲ့ပဲ အခုဆိုအားလုံးကလေးစားရလောက်တဲ့နာမည်ကြီးဟိုတယ်တစ်ခုရဲ့ မန်နေဂျာဖြစ်နေတာကို့ကိုသိစေချင်တယ်။ ခံစားခဲ့ရတဲ့ဝေဒနာတွေကို
အားအင်အဖြစ်ပြောင်းသုံးပြီးတစ်ချိန်ချိ်န်မှာ တွေ့နိုးနိုးနဲ့ ပြန်လည်ချေပနိုင်ဖို့လက်သည်းတွေကို ဝှက်ထားဆဲပါ။တကယ်တော့ပြန်လည်ချေပဖို့ဆိုတာထက် အလွမ်းတွေ၊ဝေဒနာတွေနဲ့ အခုချိန်အထိပြည့်နှက်နေဆဲပါကိုရာ။အစိုးရဝန်ထမ်းသိပ်ဖြစ်ချင်ခဲ့တဲ့ညိုက ယခုအချိန်မှာဆန္ဒနဲ့ဘဝထပ်တူမကျဘဲ ကို့ကိုကလဲ့စားချေဖို့ တစ်ခု
အတွက်နဲ့ တစ်ခါမှအိမ်မက်မမက်ခဲ့ဖူးတဲ့၊ ကိုသိပ်ဖြစ်ချင်တဲ့ ဟိုတယ်မန်နေဂျာမ တစ်ယောက်ဖြစ်နေခဲ့ပြီ။
အတွေးတွေကို လက်စသတ်လိုက်တော့ ညိုက
ကိုယ့်အခန်းထဲသို့ပင်ရောက်နေပြီဖြစ်သည်။ ကွန်ပျူတာဖွင့်ရင်းတစ်နေ့တာလုပ်ရမည့် စာရင်းဇယားကိုကြည့်လိုက်သည်။ ထိုအချိန်မှာပင် အပြင်ဘက်က တံခါး
ခေါက်သံကို ကြားလိုက်ရသည်။ ပြဿသာနာတစ်ခုတက်နေပြီဖြစ်သောကြောင့် အပြေးအလွှားသွားလိုက်သည်။
အခန်း(၁၂၁၀)က ဧည့်သည်တစ်ယောက်ကွန်ပလိန်း တက်နေတာဟုညို့ ကို အစားအသောက်မန်နေဂျာကပြောသည်။ ညိုလည်း တံခါးခေါက်ပြီး
ဝင်သွားလိုက်တော့ဆိုဖာဆက်တီခုံပေါ်မှာတည့်တည့်မထိုင်ဘဲဘေးဘက်ကိုတစ်ခြမ်းစောင်းပြီးထိုင်နေသည့်ဗိုက်ရွှဲရွှဲဝဖိုင့်ဖိုင့်တရုတ်ကြီးကိုမြင်လိုက်သည်။ သူ့ဘေးတွင်ထိုင်နေသည့် လူဆီကရုတ်တရက် “ညို” ဟုတိုးတိုးညင်ညင်လေးရေရွတ်သံကိုကြားလို်က်ရသည်။
ထိုလူက ညို့ ကိုသေသေချာချာစူးစူးစိုက်စိုက်ကြည့်နေပုံကရင်းနှီးနေသည့်ပုံမျိုး။ ညိုကချက်ချင်းတော့ဘယ်သူဘယ်ဝါမှန်းမသိပေမဲ့ လက်ယာဘက်နှုတ်ခမ်းဘေးနားက မှဲ့ကို မြင်သွားတော့မှ…….။

…………………………..

“ကို့မှဲ့က..အမွှေးလေးတွေထွက်တယ်နော်..၊နှုတ်လို်က်ချင်တယ်ကို”
“နှုတ်ချင်နှုတ်လိုက်လေ၊ချစ်သဘောပါ…၊ကိုက..ချစ်ကိုချစ်တာပဲဟာ..”
“ဟီး…ဒါကြောင့်ကို့ကိုချစ်နေရတာ…၊ဘာမဆိုချစ်သဘောချည်းပဲနော်…၊ဒါဆို..ငါစေရင်…သူသေဆို
သေမှာလား…ဟဲဟဲ”
“သေမှာပေါ့..၊သေရင်တောင်ချစ်ရင်ခွင်ထဲမှာပဲ…သေချင်တယ်၊
ကိုသေတဲ့အထိချစ်အနားမှာပဲနေမှာ…ယုံနော်” ဟု ဆိုရင်း ညို့ နဖူးပြင်လေးကို နမ်းလိုက်သည်။
……………………………
ညိုချက်ချင်းဆိုသလိုမျက်လုံးအစုံကို ဘေးဘက်သို့တအားလှည့်ပစ်လိုက်ပြီး ကွန်ပလိန်းတက်ရသည့်အကြောင်းကိုထိုတရုတ်ကြီးအားစမေးပါတော့သည်။ တရုတ်ကြီးလည်းပြေလည်မှုရသွားတော့မှညိုလည်းလှည့်ထွက်လာခဲ့သည်။
ညိုအခန်းထဲသို့ပြန်ဝင်ရန် စိတ်မပါတော့သောကြောင့်စိတ်သက်သာမှုရရန် သွားလေ့ရှိသည့်လေသာဆောင်ရှိသောဟိုတယ်အမြင့်ဆုံးသို့တက်သွားလိုက်သည်။ မျက်လုံးကိုပိတ်၊ခေါင်းကိုမော့ပြီး လေနုအေးလေးများကိုရှုရှိုက်ခံစားနေရင်း နောက်ဘက်မှာခြေထောက်အစုံလှမ်းလျှောက်သံကိုသတိထားမိလိုက်သည်။ နောက်လှည့်ကြည့်လိုက်တောခုနအခန်းထဲကတရုတ်ကြီးဘေးနားမှာထိုင်နေတဲ့သူ။ ညိုတို့စက္ကန့်မျှအကြည့်ချင်းဆုံသွားခဲ့ကြသည်။

………………………..
“ကို…..ချစ်တို့မျက်လုံးချင်းကြည့်တို်င်းကစားကြမယ်၊
ကိုရှုံးရင်..ချစ်ကို..ကြက်ကင်ဝယ်ကျွေးရမယ်၊ချစ်ရှုးံရင်…ကို့ကို…5D လိုက်ပြမယ်..အိုကေ……?.”
ထိုသို့ပြောလျှင်လည်းကိုကမည်သည့်စကားတစ်ခွန်းမှမဆိုဘဲပြုံးပြီးညိုပြောသမျှလိုက်လုပ်ပေးတတ်သည်။ တစ်ခါတစ်လေ ကို့ဆီကညိုအကြံဉာဏ်များကြားချင်နေမိခဲ့သည်။ သို့သော် ကိုကမပေးတတ်ဘဲ“ချစ်သဘော”ဟုသာဆိုတတ်သည်။ကိုကအေးဆေးတည်ငြိမ်တာတော့ဟုတ်ပါရဲ့ ။မြုံစိအေးစက်နဲ့ရင်ထဲမှာသိမ်းထားတတ်တဲ့လူမျိုး။သူလိုလူမျိူးကစိတ်ပြတ်ပြီဆိုလည်း တစ်ခါတည်းအပြတ်ပဲလေ။ ဟုတ်ပါသည်။ တကယ်ကိုအပြတ်ပဲပြတ်ခဲ့တာဖြစ်
သည်။ကိုက “ပြတ်ပြီဆိုရင်ပြန်တွေ့ဖို့မပြောနဲ့၊အသံတောင်မကြားချင်ဘူး”ဟုဆိုခဲ့သည်။

အဲ့နေ့ကဆိုညို…..ကို့အလုပ်ရှိရာသို့သွားပြီး နိုင်ငံခြားကိုအပြီးပိုင်ထွက်သွားကြရန်လာခေါ်သော်လည်းကိုကထိုကဲ့သို့ရက်စက်သည့်စကားများပြောပြီးထားသွားခဲ့သည်။ ညိုတစ်ယောက်တည်း ညအမှောင်မှာဘယ်ဆီဘယ်ဝယ်သွားရမည်မသိ။ တွေ့ရာတက္ကစီတစ်စီးဌားပြီး ပြန်လာခဲ့သည်။ ညိုသည် ညဉ့်နက်အမှောင်ကြောင့်မဟုတ်ဘဲ အထားခံခဲ့ရသူတစ်ယောက်ရဲ့ လပ်ဟာမှုမျိုးနဲ့အားတွေငယ်ခဲ့လိုက်ရတာ။ ကားပေါ်မှာလည်း
မျက်ရည်တွေအသံတိတ်ကျနေခဲ့တာပါ ကိုရယ်။

…………………………………
“ကိုလေ….” သူစကားစဖို့လုပ်သည်။
“မပြောနဲ့ ” ထပ်ပြီးအော်ပြောချင်သော်လည်း အသံတို့ဆွံ့နေသည်။
“ချစ်အရမ်းခံစားခဲ့ရမယ်ဆိုတာ..နားလည်ပါတယ်…၊ကိုလည်းမတတ်သာလို့ပြောခဲ့ရတာပါ၊ခုထိချစ်ကို..ချစ်နေ…..”
“တော်ပါတော့……………..”
ပစ်ချထားခဲ့တုန်းကတော့ ထားခဲ့ရက်ပြီးမှအခုလိုစကားတွေနဲ့ညို့ ကိုချက်ချင်းအနာဖေးပြန်တက်စေယ်လို့ များထင်နေသလားကို။
စူးရှတောက်ပတဲ့မျက်ဝန်းတစ်စုံက လူတစ်ယောက်ကိုသတ်ပစ်ချင်လောက်သည့် ပုံစံမျိုးဖြင့်ပေတေတေလေးညိုကြည့်ပေးလိုက်ရင်း လှည့်ထွက်လာသည်။
ဆုံးဖြတ်ချက်တစ်ခုချပြီးရင် ဘယ်တော့မှပြင်ရိုးထုံးစံမရှိတဲ့ညို့
ရဲ့ ပြတ်သားတဲ့စိတ်ဓါတ်ကိုပြန်ချစ်ချင်တဲ့နှလုံးသားကဘယ်တော့မှအနိုင်ယူနိုင်မှာမဟုတ်တော့ဘူးကို။ ဒါပဲကိုရဲ့ ။ ကိုကအဲသလောက်လွယ်လွယ်ထားပစ်ခဲ့ရက်တဲ့သူ။ ညိုကလည်းဘာမှမဖြစ်သလိုဟန်ဆောင်ကောင်းစွာတစ်စစီနှလုံးသားတွေကိုလူမသိအောင်သို
ဝှက်ရင်းအပြုံးတုတွေတပ်ဆင်နိုင်စွမ်းရှိတဲ့မိန်းမရယ်လေ။
ပန်းတစ်ပွင့်ကိုနွမ်းလို့ပစ်ဖူးချင်ပစ်ဖူးကြမယ်။
လူတစ်ယောက်ကိုလွမ်းဖို့ဘယ်သူကချစ်ဖူးမှာလဲ။ပစ်ခဲ့တဲ့ပန်းကိုဘယ်သူမှသတိမရနိုင်တော့ပေမဲ့ဖြစ်ခဲ့တဲ့အလွမ်းကြောင့်ရင်မှာမထိရှတဲ့သူဘယ်သူရှိမလဲ။ မှေးမှိန်ပျောက်ကွယ်ခဲ့ရင်တောင်မှအမှတ်တရလေးတော့ ရင်မှာကျန်ရစ်နေမှာပါ။

သျှားသက်မာန်
(၀၉.၀၁.၁၅)

3 comments

  • မြစပဲရိုး

    January 11, 2015 at 11:55 pm

    လက်သာရာ ပါတတ်တဲ့ စိတ်မနိုင် စိတ်မခိုင် တဲ့ လူ ကို တော့ လွမ်းမနေပါနဲ့ လေ။
    ကွဲ သွားတာ ကံကောင်းပါတယ်။
    ယူပြီးလဲ ထဖောက်ချင်တဲ့ အချိန် ထဖောက် မဲ့ ပုံကြီး။
    မိန်းကလေး အောင်မြင်ခဲ့တာ အတွက် အများကြီး ဂုဏ်ယူပါတယ်။ :))

  • အလင်းဆက်

    January 12, 2015 at 4:20 pm

    နုရွနေတာပဲကွာ… စာအဖွဲ့အနွဲ့လေးက…

    ဒါနဲ့… ဘာလို့ အကြာကြီးပျောက်နေခဲ့တာလဲ…

    😆

  • သျှားသက်မာန်

    January 16, 2015 at 9:52 am

    ဒီလိုစာတွေရေးဖြစ်ဖို့ စာတွေအများကြီးဖတ်ရင်း အချိန်တွေကြာသွားရင်း ပျောက်သွားခဲ့တာပါ ခေါင်းထဲမှာတော့ စာတွေစီနိုင်ပေမယ့် ကွန်ပျူတာနဲ့ type ရိုက်ဖို့ကလည်းအချိန်ပေးရတာဆိုတော့ ကြာသွားတာပါ နောက်ကိုအဆက်အသွယ်မပြတ်နေပါ့မယ်

Leave a Reply