ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာပညာရှိ ဦးနိုးသည် “ ငါလွန်သောကာလတွင် သဘင်သည်၊ အရူး ၊ ကလေး စသည့်သက်ရှိ  သုံးပါးဆောင်ရွက်မှုများမှ သဲလွန်စယူပြီး နိုင်ငံအတွက်၊အများအတွက်၊ကိုယ်ကျိုးအတွက် တဘောင်၊နမိတ်နှင့်အနာဂတ်ဟောကိန်းများ ရယူရန်”ဟုမှာကြားထားခဲ့သည်ဆိုပါသည်။
“သဘင်သည်၊ အရူး ၊ ကလေး”တို့သည် အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း အရကောက်ယူရရာ အရင်းအမြစ်များဖြစ်သဖြင့် မည်မျှထိခိုက်ပြောဆိုနေကြသည်ဖြစ်စေ ခွင့်လွှတ်၍ အရေးယူခြင်းမပြုကြရဟု ရှေးမြန်မာမင်း အဆက်ဆက်က သတ်မှတ်ခဲ့ကြသည်။
အနောက်နိုင်ငံစာပေတွင်တော့ “Don’t shoot the messenger” သတင်းစကားဆောင်ယူလာသူကို မသတ်စကောင်းဟူ၍ ရှိတ်စပီးယားကရေးဖူးလေသည်။

အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း

တိုင်းပြည်အခြေအနေလေ့လာ၊ လူထုဆန္ဒကောက်ယူ ရှေ့ဖြစ်မှန်းကြရာတွင် သဘင်သည်၊ အရူးနှင့် ကလေးတို့သည် အရေးကြီးသူများဖြစ်ကြသည်။ ကလေးနှင့်သူရူးသည် မိမိစိတ်သဘောရိုးအတိုင်း အမြင်အတိုင်းပြောချတတ်သည်။ လှည့်ပါတ်ထွေလီကြံစည်မပြောတတ်။ သဘင်သည်ခေါ် အများပရိသတ်ကို ဖျော်ဖြေပေးရသူများမှာ လူကြိုက်များ(သို့) ပရိသတ်ရင်ထဲရောက်မည့်စကားကို ရှာဖွေလေ့လာတင်ပြကြရပေရာ ယခုခေတ်တွင် ရုပ်ရှင်၊ ပြဇတ်၊ ဂီတပညာရှင်။ စာရေးဆရာ၊ကာတွန်းဆရာ သတင်းသမား မီဒီယာသမားများဖြစ်ပါလိမ့်မည်။ မိမိတို့၏ ပါရမီနှင့် ပေါ်ပြူလာဖြစ်မှုအပေါ် ရင်းစား၍ ဟာသပျက်လုံးစာသားစကားအရထုတ်ထားသဖြင့် အုပ်ချုပ်သူအစိုးရမင်းများအပါအ၀င် လူအများနှင့်ဆက်ဆံရသူ စီးပွားရေးသမား၊ ဘာသာရေးခေါင်းဆောင်များက ထိုပျက်လုံး စာသား ဆန္ဒများထဲမှ မိမိတို့လိုအပ်သည် အကျိုးရှိမည်ကို တဘောင်နိမိတ်ယူ စနည်းနာ ဆန္ဒအရကောက်သင့်လှသည်သာဖြစ်ပါ၏။ သူတို့၏ လူထုကိုတင်ပြသည်များထဲတွင် အတိတ်နမိတ်သဘောသာမက တဘောင်၊ဘဝေါ ပါသဖြင့် တိုင်းပြည်အရေး၊ လူမှုအရေး အဆုံးအဖြတ်ချရာတွင် အများပြည်သူ ဆန္ဒနှင့်သဘောတူညီမှုကို  ချိန်ဆကြည့်နိုင်ပေလိမ့်မည်။
ထိုသူများ၏နှုတ်ထွက်စကား၊ ချရေးစာသားများအားပိတ်ပင်ခြင်းပြုလိုက်လျှင် ကိုယ့်ကိုယ်နှိုက်က အများဆန္ဒနှင့် အများလက်ခံသောအသိတရားကို တားဆီးပိတ်ပစ်ခြင်းဖြင့် အသိထောင်ချလိုက်ခြင်းမည်ပေသည်။

ဟောလိဝုဒ်နှင့် ပါရီ၊လေဘာတီ

၂၀၁၄ နိုဝင်ဘာ ၂၄ရက်နေ့တွင် အမေရိကပြည် လော့စ်အိန်ဂျလိစ်အခြေစိုက် Sony Pictures Entertainmentသည် ၄င်းတို့ရုံတင်ပြသတော့မည့် “The Interview” ရုပ်ရှင်ကြောင့် မြောက်ကိုရီးယားပြည်မှ ဟက်ကာများ၏ ဆိုင်ဘာ(အင်တာနက်)ထိုးဖေါက်ဖျက်စီးခြင်းခံခဲ့ရကာ တန်ပြန်တိုက်ခိုက်မှုပြုခဲ့သဖြင့် မြောက်ကိုရီးယားတနိုင်ငံလုံး၏ အင်တာနက်ကြီးခေတ္တအမှောင်ကျရပ်ဆိုင်းခဲ့ရသည်။
၂၀၁၅ ဇန်န၀ါရီလ၇ရက်နေ့တွင် ပြင်သစ်နိုင်ငံပါရီမြို့ရှိ  Satire မဂ္ဂဇင်းကြီးတစောင်ဖြစ်သည့် Charlie Hebdo သတင်းစာတိုက်သို့ ဘာသာရေးအစွန်းရောက်သမားတချို့မှ စီးနင်းဝင်ရောက်၍ အယ်ဒီတာနှင့်ကာတွန်းဆရာတို့အား သတ်ဖြတ်လုပ်ကြံမှုဖြစ်ခဲ့ကာ ထိုလုပ်ကြံသူများအားလည်း ပြင်သစ်ရဲများက တန်ပြန်ချေမှုန်းပစ်ခဲ့သည်။
၈ရက်နေ့တွင် ကမ္ဘာ့ထင်ရှားဟက်ကာအုပ်စု “Anonymous” မှ ဘာသာရေးအစွန်းရောက်အကြမ်းဖက်သမားများအပေါ်ခြုံငုံစစ်ကြေငြာသည့် ယူတုဗီဒီယိုထွက်လာခဲ့သည်။
တကယ်တော့ ပြင်သစ်သည် အနုပညာ၊နိုင်ငံရေးနှင့်တော်လှန်ရေးတို့၏ဇာတိမြေကြီးတခုဖြစ်ပေသည်။ အမေရိကပြည်နယူးယောက်၏ လေဘာတီရုပ်ထုကြီးကား ပြင်သစ်ဇာတိဖြစ်ပါ၏။
အစဉ်အလာကြီးမားသည့် ပါရီမှစလိုက်ပြန်ပြီဖြစ်သည့်အတွက် လွတ်လပ်စွာရေးသားပြောဆိုခွင့်နှင့် သူ၏ရပိုင်ခွင့်တောင်းဆိုမှုတို့ကို ယခုမှစ၍ တဆစ်ပြောင်း၍သိသာစွာ မြင်ကြရလိမ့်မည်။

ဘာသာရေး၊နိုင်ငံရေး၊လိင်၊

ဘာသာရေး၊နိုင်ငံရေး၊လိင်ကိစ္စ ဤ၃ပါးသည် Satire(ခနဲ့ဟာသ)အရေးအပြောအခံရဆုံးသော အရင်းအမြစ်ကြီးများဖြစ်ကြသည်။
လူသားတို့ကို ငြိမ်းချမ်းခြင်းဆောင်ကျဉ်းပေးသည်ဟူ၍ ပဋိပက္ခဖြစ်နိုင်မှုအပေးနိုင်ဆုံး ၃ပါးလည်းဖြစ်ပါ၏။
၂၁ရာစုတွင်လူသားတို့သည်  နိုင်ငံရေးနှင့်လိင်မှုကိစ္စတို့၌ မိမိဆန္ဒနှင့်အမြင်ကိုပွင့်လင်းစွာဝေဖန်ပြောဆိုခြင်းအား များစွာ ပြုလျှက် ခွင့်လွှင့်နိုင်ကြသော်ငြား ဘာသာရေးတွင် ခနဲ့ဟာသရေးခြင်း၊ ဝေဖန်ဆန်းစစ်ခြင်းပြုပါက ဆိုင်ရာဘာသာဝင်များ စိတ်ထိခိုက်ခံစားရမှုရှိကြသည်ကိုတွေ့ကြရသည်။
သို့ဆိုလျှင် ကမ္ဘာ့ဘာသာတရားကြီး၃ခု၏မူလဘူတကို ခြေရာခံသမိုင်းလှန်ကြည့်စေလိုပါသည်။
လွန်ခဲ့သော နှစ် ၂၆၀၀ကပွင့်ခဲ့သည့် ဗုဒ္ဓသည် ထိုစဉ်မူလရှိပြီး ဟိန္ဒူဘာသာသာသနာအပေါ် ဆန်းစစ်ဝေဖန်ကာ တရားဓမ္မများကို ဟောပြောချပြခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ် ၂၀၀၀ခန့် ကတမန်တော် ယေရှုသည် သမ္မာဟောင်းဟီဘရူးကျမ်း ဂျူးသာသနာကို အခြေခံဆန်းသစ်ပြီး  ခရစ်ယန်သာသနာတည်စေခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ် ၁၄၀၀ကျော်ကတမန်တော်မိုဟာမက်သည် မူလသမ္မာဟောင်းနှင်သမ္မာသစ်ကျမ်းများမှ အရကောက် အရှေ့အလယ်ပိုင်းဒေသ  ခေတ်နှင့်ညှိကာ အစ္စလမ်သာသနာကို လမ်းပြရှေ့ဆောင်ခဲ့ခြင်းဖြစ်သည်။

သင့်/မသင့်

မိမိကိုးကွယ်ရာဘာသာတရားကို ခနဲ့ဟာသလုပ်ရေးသားပြောဆိုခြင်းသည် လွတ်လပ်စွာရေးသားပြောဆိုခြင်းစည်းဘောင်ကိုကျော်သည်၊  လက်သင့်ခံစရာအကြောင်းမရှိဟု ဆိုချင်ဆိုနိုင်ပေလိမ့်မည်။ မှန်ပါသည်။ အများစုကို အပြန်အလှန်လေးစားသမှုထားကာ  မပြောမရေးကြရန်သာဖြစ်၏။
သို့သော်..
ကမ္ဘာ့ထိတ်တန်းဘာသာကြီး ၃ရပ်၏ ခေါင်းဆောင်၊တမန်တော်တို့ ထိတ်တိုက်ရင်ဆိုင်မှုများကို မည်သို့မည်ပုံတုံပြန်ခဲ့သည်ကို လေ့လာသုံးသပ်ကြည့်စေလိုပါသည်။
ဂေါတမဗုဒ္ဓ၏ အောင်ခြင်းရှစ်ပါးကိုထောက်ချင့်ဖတ်ကြည့်လျှင် ဗုဒ္ဓသည် ပြဿနာ၏အတိုအရှည်အလိုက် တိုက်ရိုက်တုံ့ပြန်သည်။
တမန်တော်ယေရှုသည် သည်းခံခြင်းတရားဖြင့် မိမိ၏အသက်သွေးကိုစတေးကာ ကားစင်တင်ခံ၍ လွတ်မြောက်ရှင်သန်ပါသည်။
တမန်တော်မိုဟာမက်သည် ထိုခေတ် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေများအရ စစ်အင်အားနှင့်တုံ့ပြန်ခဲ့ပါသည်။

လွန်ခဲ့သောနှစ် ၂၆၀၀ခန့်က ရှေးအေသင်မြို့ပြနိုင်ငံများတွင် လမ်းဆုံလမ်းခွများ၌ မိမိယုံကြည်ရာကို လွတ်လပ်စွာဟောပြောပို့ချ ငြင်းခုန်နေကြသော အတွေးအခေါ်သမား၊ ဖီလိုဆိုဖာများကို မြင်ကြည့်၍သိကြနိုင်မည်။ ယခုခေတ်၏ နိုင်ငံရေးတွင် လူအများဆုံးလက်ခံလိုက်နာကြသော ဒီမိုကရေစီစနစ်သည် ဥရောပ၏အတွေးအခေါ်တို့မွေးဖွားလာရာ ဂရိ၊ အေသင်မြို့တွင် အခြေတည်ပြုခြင်းဖြစ်ပေရာ တမန်တော်ယေရှု၏ ဂျေရုစလင်မြို့နှင့် တောက်လျှောက်ဆက်သွယ်ဆက်ဆံမှုရှိသဖြင့် ခရစ်ယန်နှင့်ဂျူးအယူဝါဒ အတွေးအခေါ်လွှမ်းသည်ဟု အတတ်ပြောနိုင်ပေလိမ့်မည်။
သို့ဆိုသော် ခရစ်ယန်အများစုဖြင့် ဖွဲ့စည်းတည်ထောင်ထားရှိသော ဒီမိုကရေစီနိုင်ငံများတွင် လွတ်လပ်စွာရေးသားပြောဆိုနိုင်ခြင်းရှိသည်၊ ဘာသာတရားအဆုံးအမအားဖြင့်လည်း လက်သင့်ခံကြသည်။ သင့်သည်ဟု ဟူလို…။
ထိုနိုင်ငံများတွင် သင့်သည်ကို Sharia Law သက်ဝင်သက်ရောက်သောအစ္စလမ်မစ်နိုင်ငံများတွင် ချပြလျှင်ကား ထိုက်သင့်သောတုံ့ပြန်မှုကိုခံရမည်။
ဗုဒ္ဓဘာသာအများစုရှိရာနိုင်ငံများတွင် မဟာယာနနှင့်ထေရ၀ါဒနိုင်ငံတို့ တုံ့ပြန်မှုတူမည်မဟုတ်ချေ။ မဟာယာနအများစုရှိသည် ဂျပန်၊ စိန့်တိုင်းပြည်တို့တွင် ဥပေက္ခာဖြင့်တုံ့ပြန်သည်များကြ၍ ထေရ၀ါဒ၀င်အများစုရှိသော မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်အာဏာရှင်ဝါဒလွှမ်းမိုးကာတုံ့ပြန်သည်ကို ယခုခေတ်၏ မြန်မာနိုင်ငံအခြေအနေကြည့် တွေ့ကြရသည်။
ယခုခေတ်တွင် လွတ်လပ်စွာ ဟောပြောစည်းရုံးရေးသားခြင်းကို မြန်မာ့အခြေခံဥပဒေအရခွင့်ပြုထားသော်လည်း ယခင်စစ်အစိုးရလက်ထက်က မိမိယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသော နိုင်ငံရေးအကျဉ်းသားများကိုသာလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်များကိုတွေ့ကြရပြီး မိမိယုံကြည်ချက်ဟူ၍ဖွင့်ဆိုရာတွင် ဘာသာရေးယုံကြည်ချက်မပါဟု ချွင်းချက်ထားဆိုရမည်ဖြစ်သတည်း။

လွတ်လပ်ခြင်းနှင့် တိုးတက်မှု

ယခုခေတ်တွင် အအောင်မြင်ဆုံးနှင့် လူနေမှုဘ၀အမြင့်ဆုံးနိုင်ငံများသည် ဒီမိုကရေစီကျင့်သုံးသောနိုင်ငံများဖြစ်နေကြပေရာ သူတို့၏စံနှုန်းသည် ကမ္ဘာလူသားများစံနှုန်းအဖြစ် ရွေယူလာကြပေပြီ။ ဒီမိုကရေစီနိုင်ငံ လူ့အသိုင်းအဝိုင်းတွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ပြုထားပေရာ မိမိတို့စိတ်ဆန္ဒရှိရာကို ဖွင့်လှစ်ပြောဆိုရေးသားမှုများမှ ဆန်းသစ်သောအတွေးအခေါ်တို့ရသည်။
မတူကွဲပြားအတွေးအခေါ်တို့ကို နားထောင်လေ့လာခြင်းမှ အသစ်အသစ်ထီတွင်မှုများနှင့် တိုးတက်နေသော လူနေမှု၊ အသစ်တွေ့သော  သိပ္ပံနည်းပညာတို့ကိုရသည်။
တိုးတက်မှုနှင့် လွတ်လပ်စွာရေးသားပြောဆိုခွင့်သည် တိုက်ရိုက်အချိုးကျ၏။
မကျေနပ်မကြိုက်နှစ်သက်လျှင် အရေးယူစရာ တရားရေး၏မဏ္ဍိုင်သည်လည်း ထင်ရှားရှိပေသည်။ တရားဥပဒေစိုးမိုးမှုလည်းရှိသည်။
မိမိ၏ဆန္ဒနှင့်မညီကိုက်ညီမှုမရှိခြင်းကိုလက်ခံကြ၍ ကိုယ်ရေးကိုယ်တာထိခိုက်နစ်နာသွားလျှင်လည်း ဥပဒေကြောင်းအရဖြေရှင်းတတ်ကြသည်။ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုသို့ဦးတည်ခြင်းမပြုကြ၊ တကယ်တော့ တပါးသူ၏အသက်ကို နှုတ်ယူယူငင်ရန်မည်သူ့တွင်မှအခွင့်အာဏာမရှိ။

မှိုင်းမိခြင်းမှလွတ်မြောက်ခြင်း

လွတ်လပ်စွာရေးသားပြောဆိုခွင့်ရှိသည်ကို အပြန်အလှန်လေးစားလိုက်နာကြခြင်းအားဖြင့် မီဒီယာများမှ အဖြစ်အပျက်၊ အချက်အလက်၊ အသိအတွေးအမြင်များကို ဖွင့်လှစ်ပြနိုင်၏။ ထိုမှသည် သိလျှက်ကွယ်ဝှက်ထားသည်မရှိ လူတိုင်း၏စိတ်ကို ပွင့်လင်းမြင်သာ ခံစားသိမိနိုင်၏။
မတူကွဲပြားခြားနားခြင်းတို့မှ စိစစ်ဝေဖန်ခြင်းအားဖြင့် အမှန်တရားကိုအနီးစပ်ဆုံးလှစ်ဖွင့်ပြလိမ့်မည်။ အမှန်တရားကိုအနီးစပ်ဆုံးမြင်လိုလျှင်  လွတ်လပ်စွာရေးသားပြောဆိုခွင့်ကိုလေးစားရမည်ဟူလို။
“And you shall know the truth and the truth shall make you free.” ဟု ဆိုကြသည်မဟုတ်လော။
အသိပညာ၊ သတိသညာတို့သည် လူသားကိုလွတ်မြောက်စေနိုင်ပါသည်။
သို့ဖြစ်၍အနှောင်အဖွဲ့မှကင်းလွတ်သော သူ၏ဥာဏ်ပညာ အတွေးအခေါ်တို့သည် အဆုံးမရှိကောင်းကင်ပေါ်တွင် ကွန့်ုမြူးနေနိုင်လိမ့်မည်။

ညစ်ပတ်သောအရာတို့ကိုမြင်ပါ။ သန့်ရှင်သောအရာတို့ကိုသုံးဆောင်ပါ။
သင့်ကိုလွှမ်းမိုးချုပ်ကိုင်ထားသည်များကို တနေ့တာမျှ ကင်းလွတ်ထားကာ နေထိုင်ရှင်သန်ကြည့်ပါလေ။
ဘ၀သစ်တခုကို သိမြင်ခံစားရလိမ့်မည်။
မနုဿလူသားဟူသည် အဆုံးတနေ့တွင် သေကြရမည်။  မသေမှီအချိန်တွင် ဘ၀၏အရသာကို သုံးဆောင်ပါ။
လူသည် ကိုယ့်သမိုင်းကိုယ်ရေး၍ ကိုယ့်အမည်ကိုယ်ချန်ရစ်နိုင်သည်သာဖြစ်သည်။ သို့သော် ဆိုး/ကောင်းအကျိုးဆက်ကို ကျန်ရစ်သူ  မျိုးဆက်များမှ ခံစား/စံစားကြရလေ့ရှိပါ၏။  ။

kai

About kai

Kai has written 925 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.