(၅) သိန်းတန် ဖုန်း အငှားဈေးကွက် ပေါ်ပေါက်

Yin Nyine NwayAugust 19, 20101min410

ရန်ကုန်နှင့် မန္တလေးမြို့အတွင်း အသုံးပြု၍ရသည့် ကျပ် (၅) သိန်းတန် 800 MHz ဝိုင်ယာလက်စ် ဖုန်းများကို စစ်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ချပေးနေသော်လည်း ကျပ် (၅) သိန်း မသုံးစွဲနိုင်သူများအတွက် ဖုန်းအငှားဈေးကွက် ပေါ်ပေါက်နေသည်။

အလုံမြို့နယ်မှ ဖုန်းငှားစားသူတဦးက “အခု အစိုးရက (၅) သိန်းတန် ဖုန်းတွေကို လွယ်လွယ်ကူကူ ချပေးနေတယ်။ ဒါပေမယ့် ဖုန်းလည်း လိုအပ်နေပြီး ကျပ် (၅) သိန်းလည်း မတတ်နိုင်တဲ့သူတွေက အများကြီး ရှိနေသေးတယ်။ ဒါကြောင့် ဖုန်းဝယ်ပြီး ငှားစားတဲ့သူတွေ၊ ဖုန်းကို ငှားပြီး သုံးတဲ့သူတွေ ပေါ်လာတယ်။ လက်ရှိ ပေါက်ဈေးက အဲဒီဖုန်းကို ငှားရင် စဘော်ငွေ ကျပ် (၁) သိန်း ပေးထားရမယ်။ လစဉ်ကြေးက (၁) လ ကျပ် (၂) သောင်း၊ ဖုန်းပြောခကိုတော့ ဖုန်းငှားသုံးတဲ့သူက သူ့ဘာသာသူ ငွေဖြည့်ကတ် Prepaid Top-up Card တွေ ထည့်ပြီး သုံးရုံပဲ” ဟု ရှင်းပြသည်။

အချို့ ဖုန်းငှားစားသူများသည် ကျပ် သိန်း (၅ဝ) ရင်းပြီး ဖုန်း (၁ဝ) လုံးခန့် ဝယ်ထားကြကြောင်း၊ ဖုန်းငှားခ ဝင်ငွေသည် (၁) လ ကျပ် (၂) သိန်းခန့် ရှိခြင်းကြောင့် မိသားစုတစုအတွက် သင့်တော်သည့် ဝင်ငွေဖြစ်ကြောင်း၊ ငွေတိုးအားဖြင့် (၁) လ (၄) ရာခိုင်နှုန်းတိုးနှင့် ညီမျှကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သည့် (၈) နှစ်ဝန်းကျင်ခန့်က ထိုင်းနိုင်ငံတွင် ဘတ်ငွေ ၁၅ဝ (မြန်မာငွေ ကျပ် ၅,ဝဝဝ ခန့်) ပေးရသည့် ဂျီအက်စ်အမ် ဆင်းကတ်တခုကို မြန်မာနိုင်ငံ မှောင်ခိုဈေးကွက်၌ ကျပ်သိန်း (၄ဝ) ကျော် ဈေးပေါက်ခဲ့သည်။ ယင်းတန်ဖိုးမှာ သာမန်အဆင့် တိုက်ခန်းတခန်း ဝယ်နိုင်သည့် ငွေပမာဏနှင့် ညီမျှသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းကို စစ်အစိုးရကသာ တဦးတည်းလုပ်ကိုင်ခဲ့ပြီး အစိုးရဈေးထက် မှောင်ခိုဈေးကွက်တွင် အဆမတန်ပိုရသော ဖုန်းထုတ်ခွင့် ပါမစ်များကို စစ်အစိုးရအရာရှိများက ပြန်လည်ရောင်းချခြင်းဖြင့် ငွေကြေး အကျိုးအမြတ် ရရှိခဲ့ကြသည်။

တဖက်တွင်မူ လုပ်ငန်းသဘောအရ ဖုန်းကိုင်ရန်လည်းလို ငွေလည်း မတတ်နိုင်သူများ ရှိလာသည့်အတွက် ဖုန်းငှားစားသည့် ဈေးကွက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုအချိန်က ဂျီအက်စ်အမ် ဆင်းကတ် ငှားရန် ကျပ်ငွေ (၂) သိန်း စဘော်တင်ရပြီး (၁) လ (၅) သောင်းနှုန်းဖြင့် (၆) လစာ တပြိုင်နက်တည်း ပေးချေရသောကြောင့် ဆင်းကတ်စတင် ငှားရမ်းသူများသည် ပွဲစားခအပါအဝင် ကျပ် (၅) သိန်းကျော် ကုန်ကျသည်။

အဆိုပါ ဂျီအက်စ်အမ် ဖုန်းများ၏ ဈေးနှုန်းမှာ ပြင်ပပေါက်ဈေးတွင် ကျပ်သိန်း (၄ဝ) ကျော်ရှိနေရာမှ နောက်ပိုင်း ဖုန်းချပေးမှု များလာသည့်အတွက် ကျပ် (၁၆) သိန်းခန့်အထိ ဈေးပေါက်ခဲ့ပြီး (၅) သိန်းတန်ဖုန်း အများအပြား ထုတ်ပေးသည့် ယခုအချိန်တွင်မူ ကျပ် (၁၁) သိန်း ဝန်းကျင်ခန့်သာ ပေါက်ဈေးရှိသည်။ သို့သော် အစိုးရ သတ်မှတ်ဈေးမှာ လက်ရှိ ကျပ် (၁၅) သိန်း သတ်မှတ်ထားဆဲ ဖြစ်သည်။

လောလောဆယ် စစ်အစိုးရ စာရင်းဇယားများအရ ဂျီအက်စ်အမ် ဖုန်း (၄) သိန်း (၈) သောင်းကျော်နှင့် ကျပ် (၅) သိန်းတန် စီဒီအမ်အေ ဖုန်း (၁) သိန်း (၅) သောင်းကျော် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

ကျပ် (၅) သိန်းတန် ဖုန်းများကို စစ်အစိုးရ မြန်မာ့ဆက်သွယ်ရေးနှင့် ဦးတေဇပိုင် အီလိုက်တက်ခ် ကုမ္ပဏီ ပါဝင်သည့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ဖက်စပ်သဘော ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်သည်။

ယခု အငှားဈေးကွက် ဖြစ်နေသည့် ကျပ် (၅) သိန်းတန် ဖုန်းများမှာ မူရင်းထုတ်ပေးသည့် မြို့ဧရိယာအတွင်း၌သာ သုံးနိုင်ပြီး အခြားမြို့များတွင် အသုံးမပြုနိုင်ပေ။