ဒီနေ့ ကျွန်တော် ဝိရိယတွေ လွှတ်ကောင်းနေသည်။ မနက်အစောကြီးအိပ်ယာထသည်။တစ်ကိုယ်ရေသန့်ရှင်းမှုကိုအကောင်းဆုံးဖြစ်အောင်လုပ်သည်။ ယောက်ျာလေးတစ်ယောက်အတွက် အလွန်အကျွံမဖြစ်စေသော ရေမွှေးတော်သင့်ရုံသာဆွတ်သည်။ ပြင်ရင်းဆင်ရင်း ကျွန်တော့်အသက်ထက် ၂နှစ်ကြီးသော ဖယ်ရီစီးဖော် ဖိုင်နယ်ရီးယားမှ ဝါရင့်အစ်ကိုကြီးတစ်ယောက်၏ စကားကို ကြားယောင်နေသည်။

ညီလေး အရမ်းမရိုးနဲ့ကွ တစ်ချို့မိန်းကလေးတွေက အရမ်းရိုးတာမကြိုက်ဘူးဟ မင်းကသာမထိရက်မကိုင်ရက် ဟိုက ဒါလေးတောင် အသုံးမကျတဲ့ကောင်ဆိုပြီး အနူးအနှပ်တော်တဲ့သူနဲ့တွေ့ရင်ပါသွားရောဟ။

  အဲဒီအစ်ကိုကြီးရဲ့စကားကိုကျွန်တော်အပြည့်အဝယုံကြည်သည်။ ဒါပေမယ့် ဒီနေ့ ဗယ်လင်တိုင်းဒေး  မှာ အဆင်ပြေပါ့မလား မနက်ကထဲက အတူနေဖို့ကိစ္စ သွားစည်းရုံးမိလို့ စိတ်ကောက်ပြီး တနေကုန်ချော့နေရလျှင်အဆင်ပြေမည်မဟုတ်။  နောက်ပြီး ကျွန်တော်က အခု First year ၂၀၁၄ ဒုတိယနှစ်ဝက်ဆိုတော့ အဲဒါတွေအတွေ့အကြုံမရှိဘူးသေးဘူးလေ။ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်က ပထမနှစ်ဝက် သြဂုတ် မှာစကြိုက်တာပါ။ တခြား ဘော်ဒါအတွဲတွေကတော့ အဲဒါမျိုးအတွေ့အကြုံတွေက ရိုးနေပြီတဲ့။ ကျွန်တော်တစ်ယောက်ထဲသာ အခုအချိန်ထိ စည်းတွေစောင့်ရင်းနဲ့ ဘော်ဒါတွေကြားမှာ ငတုံးတစ်ကောင်အဖြစ်ရပ်တည်နေတာလေ။ ဒါပေမယ့် ဒီနေ့တော့ ကျွန်တော် ဆက်ပြီး ငတုံးတစ်ကောင်မလုပ်တော့ပါဘူး ။

      ဆင်တူဝတ်ဖို့ကြိုဝယ်ထားတဲ့ အကျင်္ီကို ဝတ်လိုက်တယ် ။ ကျွန်တော့်လွယ်အိတ်တွေထဲကမှ ကျောပိုးအိတ် ကြီးကြီးတစ်လုံးကို ရွေးလွယ်လိုက်တယ် ဘာစာအုပ်မှမပါဘူး သူ့အတွက်လက်ဆောင် တက်ဒီဝက်ဝံရုပ် မကြီးမသေးရယ် ချောကလက်ရယ် ၊ တည်းခိုခန်းမှာသုံးဖို့ မျက်နှာသုတ်ပါဝါအသေးတစ်ထည်ရယ်၊ ဖုန်းချာဂျာရယ်၊ နောက်ပြီး မျက်နှာသစ်ဆေးရယ် အဲဒါတွေထည့်လိုက်တယ်။ စာအုပ်ဆိုလို့ ဘာစာအုပ်မှမပါဘူး ဒီနေ့က ပရယ်တီကယ်ရှိတယ် ဒါပေမယ့် ဗယ်လင်တိုင်းဒေးက ကျောင်းပိတ်ရက်နဲ့ မတိုက်တော့ ကြံစည်ထားတာတွေအပြည့်ရှိတဲ့ ကျွန်တော့် အတွက်ပိုအရေးကြီးနေတယ်။

    ကျွန်တော်တို့ ဖယ်ရီစီးနေကျ တာမွေအခွန်လွတ်ဈေးကားမှတ်တိုင်ဘက်ကို ခပ်သွက်သွက်လေး ထွက်လိုက်တယ်။ စောနေပါတယ် ဒါပေမယ့် ကျွန်တော် အရင်ကြိုရောက်ပြီး လက်ဖက်ရည်ဆိုင်ထဲဝင်ပုန်းနေမှလေ အင်္ကျီက ဆင်တူဆိုတော့ ရပ်ကွက်ထိပ်မှာ သူ့အတွက် လူမြင်မကောင်းဘူး ။ နောက်ပြီး သူ့အိမ်ကတစ်ယောက်ယောက် လမ်းကြုံ လိုက်ပို့နေရင်ဒုက္ခရောက်မှာ။

    လက်ဖက်ရည်ဆိုင်ထဲကို ကျွန်တော်ရောက်လို့ နေရာယူပြီးတာနဲ့ ပိုက်ဆံအိတ်ကိုသေချာအောင်ပြန်စစ်ရသေးတယ် ။ လောလော လောလော နဲ့ ထွက်လာတော့ ကျန်ခဲ့မှာစိုးလို့ ။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံက ငါးသောင်းလောက်ပါတယ် ဒဂုံကျောင်းထဲ ဖယ်ရီဝင်တာနဲ့ ကန်တင်းထိုင် တစ်ခုခု စားပြီး တက္ကစီငှား ပြန်ထွက် တည်းခိုခန်းခ ၊ လောက်မှာပါ မလောက်လဲသူ့ဆီမှာပါအုံးမှာပဲလို့ ကိုယ့်ဘာသာတွက်ချက်နေလိုက်တယ်။

   ဟောလာပါပြီ ကျွန်တော့် ချစ်သူလေး လှလိုက်တာဗျာ ချည်ထိုးအပွင့်လေးတွေပါတဲ့ ထမီနီညိုလေးနဲ့ ကျွန်တော်နဲ့  ဆင်တူဝယ်ထားတဲ့ ဗယ်လင်တိုင်းအင်္ကျီလေးနဲ့လေ။ ဗယ်လင်တိုင်းဒေးအတွက် အင်္ကျီဆိုလို့ ထူးထူးဆန်းဆန်းရယ်တော့မဟုတ်ဘူး Giordano အင်္ကျီ အဆင်းလေးကို ဆင်တူရနိုင်တာလေးရွေးဝယ်ထားတာလေ။

  ကျွန်တော်လက်ဖက်ရည်ဖိုးကြိုရှုင်းထားလိုက်တယ် ။ သူက ကျွန်တော့်အကြောင်းကောင်းကောင်းသိတယ်လေ ။ ဖယ်ရီပေါ်မှာ တူတူထိုင်ပေမယ့် ရက်ကွက်ထိပ်မှာ ကားမထွက်ခင် မဆိုင်သလိုပဲ သူက ကားပေါ်အရင်တက်ပြီးထိုင်နေ ကျွန်တော်က ဖယ်ရီကား စက်နှိုး ဟွန်းတီးတော့မှ ပြေးတက်တာဆိုတော့ သူနဲ့ကျွန်တော်နဲ့ကို ရပ်ကွက်ထဲက သိပ်ပြီးတော့မရိပ်မိပါဘူး။ နောက်နှစ်တွေတော့တူတူသွားရဲလာရဲပေမယ့် အခုမှ ဆယ်တန်းအောင် ပထမနှစ်စတက်ခါစ ဆိုတော့ သူ့ဘက်နည်းနည်းငဲ့ရသေးတယ်။

  ဖယ်ရီထွက်တော့မယ် စက်နှိုး ဟွန်းတစ်ချက်နှစ်ချက်လောက်တီးပြီး အသံပေးနေပြီ ကျွန်တော် ဖယ်ရီကားရှေ့အပေါက်ဝမှာ တွယ်ပြီးနေရာယူလိုက်တယ် ။ ကားစထွက်ပြီး ဓာတ်တိုင် ၂တိုင်လောက်လဲ မောင်းပြီးရော သူ့ဘေးမှာနေရာယူလိုက်တယ် ။ ဖယ်ရီနောက်ဆုံးတန်းမှာ ထိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းတွေက လှမ်းအော်တယ်။

ဟေ့ကောင် မင်းတို့သွားလေရာ တကောက်ကောက်မလိုက်စေချင်ရင် ကန်တင်းမှာ ငါတို့အတွက် မနက်စာ တစ်ခါတည်းရှင်းပေးခဲ့ ဆိုပြီးလှမ်းအော်တယ်။ ဒီကောင်တွေကျွန်တော်ဘယ်သွားမယ်ဆိုတာသိပြီးသားပါ တစ်ခါမှ အတွေ့အကြုံမရှိတဲ့ကျွန်တော့်ကို ဘယ်တည်းခိုခန်းက ဘယ်ဈေး ဘယ်အခန်းယူရင်ဘယ်လောက် အထဲမှာဘာတွေပါတယ် ဆိုတာကအစ ဒီနေ့အတွက် သေချာ သင်ပေးထားပြီး Google map ကနေ Screen Shot ရိုက်ပြီးကျွန်တော့်ဖုန်းထဲကိုထည့်ပေးထားတာ။

 ကျွန်တော် ဖယ်ရီပေါ်မှာတင်သူ့ကို တစ်ခါတည်း ဘယ်သွားမယ်ဆိုတာပြောထားလိုက်တယ်။

ချစ်ဒီနေ့ အတန်းလစ်လိုက်နော် ချစ်အတန်းက ဒီနေ့ပရက်တီကယ်မရှိဘူးလေ ကျူတိုရီရယ်ပဲရှိတာလေ။ ကိုယ်တို့နှစ်ယောက်ဒီနေ့ အပြင်တွေလျှောက်မသွားတော့ဘူး ဆင်တူဝတ်ထားတော့ တော်ကြာချစ်ဘက်က အမျိုးတွေတွေ့သွားရင် ရှောင်တိမ်းရခက်နေမယ်။ ကိုယ်တို့ အေးအေးဆေးဆေး တည်းခိုခန်းမှာသွားထိုင်ပြီး စကားတွေပြောမယ် ။ တူတူနေကြမယ်လေ။

အဲဒီမှာကျွန်တော့်ရဲ့ တူတူနေကြမယ်ဆိုတဲ့စကားမှာ အဓိပ္ပါယ်တွေ အများကြီးပါသွားပါပြီ။ သူကတော့ အေးအေးဆေးဆေးပဲတုန့်ပြန်ပါတယ် ကျွန်တော့်ကို တည်တည်ငြိမ်ငြိမ်နဲ့ပြန်ပြောတယ်။

ချစ်ကိုလေ ဖေဖေက ဘာပြောလိုက်လဲသိလား ။ သမီးတဲ့ ရည်းစားတွေဘာတွေလဲ ထားချင်ထားလို့ရတယ်နော်တဲ့ ။ ဒါပေမယ့်အိမ်ခေါ်လာပြီး မိဘကိုပြထား ဖေဖေတို့မဆူဘူးသိလားတဲ့။ နောက်ပြီး သမီးကိုဖေဖေကြိုပြောထားမယ်တဲ့ ဖေဖေသမီးကို တစ်ခါမှ မရိုက်ဖူးဘူးနော် ဖေဖေစိတ်ဆိုးရင် သမီးဖေ့ဖေ့အကြောင်းသိတယ်နော်တဲ့ ။ သမီးရည်းစားကိုသမီးဘယ်လောက်ပဲ ချစ်ချစ် သမီးရဲ့ အပျိုစင်ဘဝကိုတော့ အိမ်ထောင်မပြုမချင်းမပျက်စေနဲ့တဲ့။ သူများသားသမီး တွေကိုကြည့်ပြီးဖေဖေ မကဲ့ရဲ့တတ်ဘူး ဖေ့ဖေ့သားသမီးကိုလဲ သူများကဲ့ရဲ့တာမခံချင်ဘူးတဲ့ ရည်းစားရရင် မိဘတွေနဲ့ မိတ်ဆက်ပေးတဲ့ ။ ကဲရှုင်းပြီးလား တည်းခိုခန်းသွားချင်သွား ဟိုရောက်ရင် ဒီအတိုင်း ထိုင်ပြီးစကားတွေပြောမယ် မုန့်တွေအချဉ်ထုတ်တွေအများကြီးဝယ်သွားမယ်လေ။

ကျွန်တော်ဖယ်ရီပေါ်မှာတင် စစ်မရောက်ခင်မြှားကုန်ချင်သလိုဖြစ်သွားပါပြီ ။ တည်းခိုခန်းသွားပြီးအခန်းထဲ ရောက်မှ တနေကုန်ထိုင်စည်းရုံးရင်ကောင်းမလား။ ဒါမှမဟုတ် စောစောစီးစီးကတည်းက ဘာမှ ဖြစ်မလာချင်းအတူတူ ပျော်စရာကောင်းတဲ့ တခြားနေရာတွေပဲသွားရင်ကောင်းမလား တော်တော်စဉ်းစားရကျပ်လာပါလေရော သူတို့မိသားစုအကြောင်းကျွန်တော်သိသည် သူ့အဖေ၏ ဖေ့စ်ဘွတ်အကောင့်ကိုလဲ ခဏ ခဏ ဝင်ကြည့်ဘူးသည်။ ဟုတ်တယ် မနေ့ကတင် သူ့အဖေရှဲလ်ထားတဲ့ပိုစ့် တစ်ခု ဗယ်လင်တိုင်းဒေးသည် လင်မယားလိုနေထိုင်သည့်နေ့ဖြစ်လာပြီလော ဘာညာဖြင့် ပိုစ့်တစ်ခု ရှဲလ်ထားသည်။ ဘိုးတော်ကြီးသည် ခေသူတော့မဟုတ် ရှေ့မှီနောက်မှီ အလယ်မှီ အစွန်အဖျားမှီကြီးဖြစ်သည်။ ကျွန်တော် တစ်လက်စတည်း ချစ်သူ၏ဖုန်းကိုလှမ်းကြည့်လိုက်မိသည်။

    iphone 5 ဖြစ်သည် iphone5 ဖြစ်ရုံတင်မကသေး သူ့အဖေ၏ icloud account ထည့်ပေးထားသည် ။ မထင်ရင်မထင်သလို ဖုန်းလှမ်းဆက်သည် အင်တာနက်ဖွင့်ခိုင်းသည်  location အွန်ခိုင်းသည်။ အဲဒါကြောင့်လဲ ပထမနှစ်ဝက်တစ်ခုလုံး ကျွန်တော် စတိဂျော့ဘ်ကို မုန်းရင်းနှင့် အချိန်ကုန်ခဲ့သည်။ ကျောင်းထဲမှ အပြင်ထွက်လျှင်လဲသူငယ်ချင်းတွေတရုန်းရုန်း နှင့်သာ သွားလာရသည် ။ သို့ပေမယ့် သူ့အဖေသည် သူ့ကို တော်တော်ယုံကြည်သည် မှတ်မှတ်ရရ ပထမနှစ်ဝက်မှာ ဖုန်း ၄ ခါလောက်ပဲဆက်ဖူးသည်။ သိပ်ပြီးထွေထွေးထူးထူး စစ်ဆေးမေးမြန်းခြင်းမရှိ နေသိပ်မကောင်းပဲ ကျောင်းလာသောနေ့မျိုးလောက်သာဆက်သည်။

  သို့သော် ကျွန်တော့်ဗယ်လင်တိုင်းဒေးက မနက်မိုးလင်း ဖယ်ရီပေါ်ရောက်ရုံရှိသေး နေဝင်လေပြီ။ ချစ်သူ၏ အဖေ မှာလိုက်သောစကားများက ကျွန်တော့်ကို ဖင်ကြားခဲခုထိုင်ထားရသလိုဖြစ်နေစေ၏။ ထူးထူးခြားခြားဒီနေ့မှ ဖုန်းဆက်ပြီး location on ခိုင်းလျှင်ဒုက္ခ ရောက်ပြီ ။နောက်ပြီး ဘယ်မိဘက ကိုယ့်သမီးတည်းခိုခန်းမှာ ဘာမှမလုပ်ပဲ ဒီအတိုင်းထိုင်နေသည်ကို ယုံမည်လော။  ဖယ်ရီကားရပ်သွားသည်။ သူမရဲ့လက်ကိုသာကိုင်ထားပြီး အတွေးလွန်နေသော ကျွန်တော် ကျောင်းထဲရောက်တာတောင်မသိလိုက် ။ ကျွန်တော်တို့ထိုင်နေကြ ရွှေပုလဲ ကန်တင်း မှာ သွားထိုင်ကြသည်။ နောက်ဆုံးတန်းမှာထိုင်လိုက်လာတဲ့ ကျွန်တော့်သူငယ်ချင်း တစ်စုလဲ မလှမ်းမကမ်းက ပါလာလေသည်။

 အခုမှ ကျောင်းထဲ မျက်စီဝေ့ကြည့်မိသည် ၊ အင်္ကျီ ဆင်တူတွေများလှချည်လား ။ အကုန်လုံးလဲ ကျွန်တော်တို့လိုပဲ အပြင်လစ်မယ့်ရုပ်တွေဖြစ်သည်။ ကျောင်းထဲမှာ လူမှကျန်ပါဦးမလား ။

  ကန်တင်းရောက်တော့ ကျွန်တော်မုန့်ဟင်းခါးတစ်ပွဲမှာလိုက်သည် ။ သူမကတော့ ပေါင်မုန့်ကြက်ဥကြော် မှာစားသည် ။ ကျွန်တော်၏ ကြားဆရာ ကျွန်တော့်သူငယ်ချင်းတစ်စုကလဲ တစ်ယောက်တစ်မျိုးဖြိုကြလေသည်။စားပြီးသောက်ပြီးသောအခါ ကျွန်တော် မထူးဇာတ်ခင်းလေပြီ ဘာတဲ့ လွတ်လပ်ရေးဆိုတာ တော်လှန်ပုန်ကန်မှရတာဆိုလား ။ သို့ပေမယ့် သူတို့အိမ်က ချုပ်ချယ်ထားသည်လဲမဟုတ် ငြိမ်းချမ်းရေးပဋ္ဋိဉာဉ် စာချုပ်ချုပ်ထားသဖြင့် ငြိမ်းချမ်းရေးဆိုတာ ဖျက်ဆီးပစ်မှအေးမည်ဆိုပြီး ကြွေးကျော်ရမလိုဖြစ်နေသည်။

   ကဲ ချစ် အပြင်သွားရအောင် သွားလို့ရတယ်မဟုတ်လား

သူမကပြန်ပြောသည်

သွားလေ ကို သွားချင်တဲ့ဆီကို သွားလေ ခုနကဖယ်ရီပေါ်မှာပြောပြခဲ့တဲ့ ဖေဖေမှာလိုက်တဲ့စည်းကိုမကျော်ရင်ပြီးတာပဲ။

ဟင်းးးးးးး   သက်ပြင်းကို သိသိသာသာလေး သူမ ကြားလောက်အောင်ချလိုက်သည် ။

ကဲလာ ချစ် အဲဒါဆို လိုင်းကားစီးပြီး အပြင်ထွက်မယ် ဘုန်းကြီးကျောင်းကွေ့ရောက်မှ ကားငှားမယ်

ကျွန်တော့်ကို တစ်ချက်ပြန်ကြည့်ပြီး ပြောသည်

ဘာလဲ တည်းခိုခန်းလား ကိုယ့်ဘာသာတစ်ယောက်တည်းဝင်သွား တက္ကစီတော့လိုက်စီးပေးမယ် ပြီးရင် သွားချင်တဲ့နေရာဆက်သွားမယ်

ပြသနာက စပြန်ပြီ ဖယ်ရီပေါ်မှာတုန်းကတော့ သွားချင်သွား ဒီအတိုင်းမုန့်ထိုင်စားမယ်ဆိုပြီး အခုတစ်မျိုးဖြစ်ပြန်ပြီ

ကဲပါချစ်ရယ် ကိုယ့်ကိုမယုံဘူးလား ချစ် ဆန္ဒ မပါပဲ ဘာမှမဖြစ်စေရဘူးဟုတ်ပြီလား

အဲလိုပြောလိုက်တော့ နည်းနည်းတော့ လျော့သွားသည်

အဲဒါဆို အခန်းတံခါးပိတ်မထားရဘူး စေ့ရုံတင်စေ့ထားရမယ် ဒါမှမဟုတ်လို့ အဲဒီကိစ္စ မှ အဲဒီကိစ္စ အရေးကြီးနေလဲ ဒီနေ့ပဲ ပြတ်လိုက်ပြီး တစ်ခြားတစ်ယောက်သာသွားကြိုက်လိုက်ပေတော့။

သူမပုံစံနှင့် အမူအယာက ကျွန်တော် အတင်းအကျပ် တောင်းဆိုနေပါက ပြတ်ဖို့သေချာသလောက်ဖြစ်နေသည့်ရုပ်မျိုး

ကဲ ဟုတ်ပါပြီချစ်ရယ် ဒီအတိုင်းပဲ တူတူထိုင်နေရုံကလွဲလို့ဘာမှမဖြစ်စေရဘူး ပျင်းလာရင်လဲနောက်တစ်နေရာသွားကြတာပေါ့

တကယ်ပါ ကျွန်တော့် စိတ်ရင်းထဲကအတိုင်းပြောလိုက်တာပါ။ ကျွန်တော် အတင်းအကျပ်ကြီး သူမဆီက ဘာမှမလိုချင်ပါ ။ တကယ်လိုချင်တာတစ်ခုတော့ရှိသည် သူမကျွန်တော့် ရင်ခွင်ထဲကိုမှီထားစေချင်တာလေးတစ်ခု။ ချစ်သူသက်တမ်း ၅လသာရှိသေးပြီး လက်ချင်းချိတ်ရုံကလွဲလို့ ဘာမှအဆင့်မတက်သေးသည့်အတွက် ကိုယ့်ချစ်သူကို နူးနူးညံ့ညံ့ ထွေးပွေ့ထားချင်တာလေးတော့ ကျွန်တော်တောင့်တသည်။

    ဘုန်းကြီးကျောင်းကွေ့ရောက်ပြီး ကျွန်တော်တို့ ကားငှားသည် ။ ကျွန်တော် ငှားသည့်ကားဆရာက ကျွန်တော်နေရာပြောရုံရှိသေး ဟိုတည်းခိုခန်းမဟုတ်လားဆိုပြီး ကျွန်တော့်ကောင်မလေးကိုတစ်ချက်လှမ်းကြည့်သည်။ ကားဆရာ၏ အကြည့်ထဲတွင် ဒီအရွယ်လေးတွေ ဒီနေ့မှာ ဒီလိုတွေဖြစ်နေကြပါလားဆိုသည့် အကြည့်မျိုး ။ မိဘကတော့ ပင်ပင်ပန်းပန်းရှာဖွေပြီးကျောင်းထားပေး သူတို့ကတော့ ဒီမှာဖြစ်ချင်တိုင်းဖြစ်နေတယ်ဆိုသည့်အကြည့်မျိုး ။

ကျွန်တော် သူမ ကိုတော်တော်အားနာသွားသည် ကားပေါ်မှာ ကားဆရာကြားလောက်အောင် နည်းနည်းကျယ်ကျယ်လေးစကားပြောလိုက်သည်။

ချစ်ရယ် အဲဒီမှာ ၁၅မိနစ်လောက်ပါပဲ ကိုယ့်အစ်ကိုက မန်နေဂျာဆိုတော့ မုန့်ဖိုးဝင်တောင်းပြီး အကြွေစေ့ဆော့လို့ရတဲ့ ဂိမ်းစင်တာတစ်ခုသွားမယ်လေ ။  အစ်ကိုကြီး ဟိုမှာ သိပ်မကြာဘူးဆိုရင်ကျွန်တော်တို့  junction Square ကိုတစ်ခါတည်းထပ်ငှားချင်တယ် ဘယ်လောက်ထပ်ပေးရမလဲ

ဆိုပြီး ကားသမားကြီးကို ကျွန်တော် ဖောရှောနဲ့ မေးလိုက်တယ် ။ ကားသမားကြီးရဲ့ ကျွန်တော်တို့ အပေါ်အကြည့်တွေနည်းနည်းထပ်လျော့သွားတယ် ။

၄၀၀၀ လောက်တော့ထပ်ပေးရမယ် ကောင်လေး ဆိုပြီးလှမ်းပြောတယ်

အော် ဟုတ်ဟုတ် 

 ကျွန်တော့်ခေါင်းထဲမှာ အစီအစဉ်ရှိပြီးသား ချစ်သူလဲသိက္ခာမကျရအောင် သူ့ကို တက္ကစီပေါ်ကပဲ စောင့်ခိုင်းမယ် အထဲဝင်မယ် အခန်းတစ်ခန်းယူမယ် ။ ပြီးရင် အပြင်ပြန်ထွက်ပြီး ကိုယ့်အစ်ကို လဖက်ရည်ဆိုင်သွားနေလို့ ခဏစောင့်လိုက်မယ်ဆိုပြီး ချစ်သူ သိက္ခာမကျရအောင် ကားသမားကို အကွက်ရွှေ့လိုက်မယ် ဒါပဲ။

   တည်းခိုခန်းရှေ့ရောက်တော့ ကျွန်တော်အရင်ဆင်းသွားလိုက်တယ်။

အစ်ကို အခန်းလိုချင်လို့ 

— ညီလေး ဒီနေ့မှလာရင် ဘယ်အခန်းမှမရတော့ဘူး ဗယ်လင်တိုင်းဒေးအတွက် မနေ့ကရော တနေ့ကရော ဘွတ်ကင်ကြိုယူပြီး ပိုက်ဆံပေးထားတဲ့သူတွေချည်းပဲ။

ဟာ အစ်ကိုရာ လုပ်ပါဦး ဘွတ်ကင် ကန်ဆယ်လ် ဖြစ်သွားတာလေးများမရှိဘူးလား ဖုန်းဆက်မေးပေးပါဗျာ

— ညီလေး မင်းထက် ဝိရိယကောင်းတဲ့သူတွေချည်းပဲ ဟိုမှာကြည့် အဲဒါ သော့ချိတ်တဲ့ နေရာ တစ်ချောင်းမှမရှိဘူးတွေ့လား

ကျွန်တော်တော်တော်တိုင်ပတ်သွားပါသည် ဟိုတည်းခိုခန်း ဘုရင်ဆရာကြီးတွေဆီ ဖုန်းလှမ်းဆက်မေးကြည့်သည်။

ဟေ့ရောင် လုပ်အုံး ဒီမှာအခန်းတွေပြည့်နေတယ် ဗယ်လင်တိုင်း အတွက် တစ်ရက်လောက်ကြိုယူရတာတဲ့ကွ

— အေးဟုတ်တယ်လေ မင်းကိုငါပြောသားပဲ မင်းမှ သေချာနားမထောင်တာ နောက်ပြီး မင်းစော်က ငြင်းရင် ပိုက်ဆံဆုံးတာပဲအဖတ်တင်မယ်ဆိုပြီး မင်းပဲ ဘွတ်ကင် မလုပ်တာလေ ခံပေါ့

ဆိုပြီး ဖုန်းချသွားတယ်။ ကဲဘာတတ်နိုင်မလဲ မနေ့ တနေ့ကတည်းက စရံလာပေးပြီး အခန်းယူထားကြတာတဲ့  ကောင်းလိုက်ကြတာ။ ငါ့မှာတော့ ကိုယ့်ချစ်သူကို ယုယုယယ ဖက်ထားချင်ရုံအဆင့်လေးပဲ နောက်ဆုံးလျော့ပေးပြီး တွေးမိတာတောင် အဆင်မပြေတဲ့ဘဝ ။ နောက်ထပ်တည်းခိုခန်းတစ်ခုလဲ ထပ်မသွားချင်တော့ ဟိုပြေးဒီပြေးနှင့် အခုမှ အသက်ကငယ်ငယ်လေးတွေ သူမ ပိုသိက္ခာကျမည်။ နောက်ပြီး တခြားနေရာတွေလဲ ဒီလိုပဲဆိုရင် ကားခဆုံးတာသာအဖတ်တင်မည် ။ ဘာမှတွေးမနေတော့ စိတ်လျှော့လိုက်ပြီး ကားဆီကို ကျွန်တော်ပြန်သွားလိုက်သည်။

ကဲအစ်ကိုကြီး ရပြီ Junction Square ကိုမောင်းတော့ 

ဆိုပြီး ကျွန်တော် တက္ကစီပေါ်တက်ထိုင်လိုက်သည်။ ချစ်သူကတော့ ဘာဖြစ်လာတယ်သိပုံမရ ကျွန်တော့်ကိုပြုံးပြီး စိုက်ကြည့်သည် ။ ပြီးတော့ ကျွန်တော့်ကိုတစ်ခါမှ မပြုမူဘူးသော အနေအထားမျိုး ကျွန်တော့လက်ကိုဖယ် သူ့ပုခုံးပေါ်တင်လိုက်ရင်း ရင်ခွင်ထဲကို ခေါင်းတိုးဝင်ပြီး မျက်လုံးမိှတ်ထားလိုက်သည် ။ နောက်ပြီးတော့ တိုးတိုးလေးပြောသည်။

ကိုက ချစ်ရဲ့စိတ်ကိုစမ်းတာမဟုတ်လား ။ ချစ်သိပါတယ် ကို အခုလို တစ်မနက်လုံးအဲဒီကိစ္စပြောနေတာတောင်မှ ကို့ရဲ့ သူငယ်ချင်းတွေမြှောက်ပေးလို့ လာသွေးတိုးစမ်းတာမဟုတ်လား ကို့ရဲ့ စိတ်ကို ချစ်သိလို့ ဖေဖေ နဲ့တောင် ဒီညနေ မိတ်ဆက်ပေးမလို့ အိမ်အလည်ခေါ်ဖို့တောင် စဉ်းစားပြီးပြီ

ဆိုပြီး ချွဲချွဲနွဲ့နွဲ့ လေး ရင်ခွင်ထဲကိုတိုးပြီးပြောတယ်။

အော် အခုလိုဆိုတော့လဲ ကိုယ့်ကိုယ်ကို တစ်သက်လုံးမိန်းကလေးတစ်ယောက်အပေါ်မှာ ယောက်ျားပီသချင်စိတ်တွေ တဖွားဖွားပေါ်လာပါလေရော။ အဲအခုမှ သတိရတယ် ကျောပိုးအိတ်ထဲက တက်ဒီ ဝက်ဝံရုပ်နဲ့ ချောကလက်ကိုထုတ်တဲ့အခါကျရင်တော့ မျက်နှာသုတ်ပဝါနဲ့ မျက်နှာသစ် ဆပ်ပြာဘူးကိုတော့ သူမ မမြင်အောင်သတိထားရမယ် ။

မြောက်ဒဂုံကနေ Junction Square ကိုသွားတဲ့လမ်းကတော့ ကားတွေပိတ်ပြီး နေနည်းနည်းပူနေပေမယ့် ကျွန်တော့်ရဲ့ သူမခန္ဓာကိုယ်ကို အတင်းအကြပ်မယူချင်ပဲ ယောက်ျားပီသချင်တဲ့စိတ်ကြောင့် သူမ ကျွန်တော့်ရင်ခွင်မှာ ငြိမ်းချမ်းပြီး တရေးတမောတော့ အိပ်ပျော်သွားပါလိမ့်မယ်။

ဦးသု။   ။ ၁၂. ၁. ၂၀၁၅ ။ ၆း၂၂ ညနေ

About ဦးသု

ဦး သု has written 58 post in this Website..

ယောင် 60 ဒါပေမယ့် တစ်ခါတစ်လေ 6 ကဇောက်ထိုးဖြစ်သွားတယ်