ကြည်နူးစရာ အလှူရက်ကလေးမှာ ၆

kotun winlattJanuary 14, 20151min793

IMG_20150101_115952

One Candle စေတနာရှင် လူငယ်များအဖွဲ့၏ အလှူခရီးစဉ် (၆)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ညက စောစောအိပ်ယာဝင်ဖြစ်သည်မို့ မနက်ခင်း အိပ်ယာမှနိုးတော့
လန်းလန်းဆန်းဆန်း ရှိလှသည်။ ဒီနေ့နံနက်ပိုင်း သွားစရာရှိသည်မို့ ညက
စောစောအိပ်ယာဝင်ခဲ့မိ၏။ သွားရမည့်ခရီးကား စာရေးကိရိယာ အလှူခရီးပင်
ဖြစ်သည်။ ၉.၇.၂၀၁၄ ရက်နေ့တွင် သွားရောက်လှူဒါန်းများ ကျောင်းများမှာ
လေးကျောင်းဖြစ်သလို ခရီးကလည်း ဝေးကွာနေ လမ်းကလည်း ဆိုးမည်မို့
အမျိုးသမီးအဖွဲ့ဝင်များကို မခေါ်တော့ပဲ ယောက်ျားလေးအဖွဲ့ဝင်များနှင့်သာ
သွားကြဖို့ ဆုံးဖြတ်ထားရသည်။ မနေ့ကတည်းက အဖွဲ့ဝင်များကို စောစောထွက်ကြရန်
မှာထားသည်မို့ စာရေးကိရိယာ လှူဖွယ်ပစ္စည်းလေးများကို ထုပ်ပိုးပြင်ဆင်ရင်း
မျှော်နေမိသည်။ နံနက် ရ နာရီခန့်မှာ အဖွဲ့ဝင်တစ်ဦးသာ ရောက်လာသေးသည်မို့
ကျန်အဖွဲ့ဝင်များထံ ဖုန်းဆက်ခေါ်ရတော့သည်။ အားလုံးစုလိုက်တော့
အဖွဲ့ဝင်အင်အားမှာ ၅ ယောက်သာ ရှိသည်။ သွားရောက်လှူဒါန်းရမည့် ကျောင်းက
လေးကျောင်း တစ်ကျောင်းလျှင် ကျောင်းသားဦးရေ အနည်းဆုံး ၅ဝဦး၊
လေးကျောင်းဆိုတော့ ကလေးဦးရေ ၂၀၀၊ ထိုကလေးဦးရေ ၂၀ဝ အတွက်
စာရေးကိရိယာတွေကို ၅ ဦးတည်းနှင့် အဘယ်သို့ သယ်ဆောင်ကြမည်နည်း။
သွားရမည့်လမ်းက တောလမ်း လမ်းကောင်းလျှင်ခံသာပေမယ့် လမ်းမကောင်းလျှင်တော့
မလွယ်ကူသည့်လမ်း၊ ဆိုင်ကယ်တစ်ခုခုဖြစ်ခဲ့လျှင်
ညအိပ်ရမည့်လမ်းမျိုးမဟုတ်လား။ ဒီခရီး ဒီလမ်းကို
နှစ်နှစ်တိုင်တိုင်သွားဘူးထားတဲ့ အတွေ့အကြုံအရ တွေးကြည့်ရုံနှင့်
ရင်လေးစရာ…။ ဒီရက်ပိုင်းတွေမှာ မိုးပြတ်နေတာမို့ လမ်းကား မဆိုးဝါးနိုင်ဟု
ခန့်မှန်းထားသည်။ သွားရောက်လှူဒါန်းကြမည့် ကျောင်းလေးများကား မော်လူးမှ
အနောက်မြောက်ဘက်တွင် တည်ရှိကြသည့် ဆားမှော်ကျေးရွာ၊ နားဖားကျေးရွာ၊
နားမကျိုင်းကျေးရွာ၊ မူလခေါင်တုန့်စည်ကျေးရွာများသို့ပင် ဖြစ်သည်။
အနီးဆုံးကျေးရွာဖြစ်သည့် ဆားမှော်ကျေးရွာသည် မော်လူးမှ ၅မိုင်ခန့်
ကွာဝေးပြီး အဝေးဆုံးကျေးရွာဖြစ်သည့် မူလခေါင်တုန့်စည်ကျေးရွာကား
မော်လူးမှ မိုင် ၃ဝ ကျော်ခန့် ဝေးလိမ့်မည် ထင်ပါသည်။
သွားရောက်လှူဒါန်းဘူးသည့် နှစ်နှစ်လုံး လူအင်အားကောင်းကောင်းနှင့်
နံနက်စောစော ထွက်ခွာကြသည်ပင် အပြန်ခရီးကား မိုးချုပ်ခဲ့သည်မဟုတ်လား။ ည ၈
နာရီ ၉ နာရီမှ အိမ်ပြန်ရောက်ခဲ့ကြသည် မဟုတ်လား။ ယခုနှစ်မှာတော့
ကျနော်တို့ အဖွဲ့ဝင်အင်အားမှာ ၅ ဦးတည်းနှင့် ကျောင်းလေးကျောင်းမှ
ကျောင်းသား/သူများအတွက် စာရေးကိရိယာများကို ဆိုင်ကယ်များပေါ် စနစ်တကျ
တင်ဆောင်ပြီး စတင်ထွက်ခွာကြတော့ … ပဲခူးကျေးရွာမှ အဖွဲ့ဝင်တစ်ဦးက
သူ့ရွာမှနေပြီး လိုက်ပါမည်ဖြစ်ကြောင်းနှင့် စီးမော်ကျေးရွာမှ
အဖွဲ့ဝင်တစ်ဦးကလည်း နောက်မှ လိုက်ပါလာမည်ဆိုသည့်အကြောင်းများကို
သတင်းပို့ကြပါသည်။ ကျနော်တို့ ၅ဦးများ ဆိုင်ကယ်ရှေ့ရော နောက်တွေမှာပါ
အထုတ်များကိုတင်ဆောင်ပြီး မော်လူးမှ စတင်ထွက်ခွာတော့ နံနက် ၉
နာရီထိုးလုပြီ…..။ ဆိုင်ကယ်များပေါ်တွင် တင်ဆောင်လာကြရသည့် ပစ္စည်းများ
များသည်မို့ ဖြည်းဖြည်းချင်း ခရီးဆက်လာကာ ပဲခူးရွာမှ လိုက်ပါမည့်
အဖွဲ့ဝင်၏ အိမ်သို့ ရောက်တော့ သူ့ဆိုင်ကယ်ပေါ်ကို
ကျနော်တို့ဆိုင်ကယ်များမှ ပစ္စည်းများကို မျှဝေတင်ဆောင်ပေးပြီး…
ဆက်လက်ချီတက်လာကြရာ နံနက် ၁ဝ ထိုးတော့ ဆားမှော်ကျေးရွာ
မူလတန်းကျောင်းလေးသို့ ရောက်ရှိခဲ့ကြလေပြီ။ ကျနော်တို့ ဆားမှော်ကျေးရွာ
မူလတန်းကျောင်းကို ၂၀၁၀/၂၀၁၁ ပညာသင်နှစ်မှ စတင်ရောက်ရှိ
လှူဒါန်းဖြစ်ကြခြင်းပင်။ ထိုအချိန်က ကိုယ်ထူကိုယ်ထ
မူလတန်းကျောင်းလေးဖြစ်သလို စာသင်ဆောင်လေးမှာလည်း အပြီး မသတ်နိုင်သေးပေ…။
နောက်နှစ်မှာတော့ စာသင်ဆောင်လေး အပြီးသတ်ဆောက်လုပ်နိုင်ရန်အတွက်
ကလေးများ၏ စာသင်ဆောင်အဖြစ် ဘုန်းတော်ကြီး ကျောင်းရှေ့ ဇရပ်ကို အသုံးပြုကာ
မနှစ်က ၂၀၁၂/၂၀၁၃ ပညာသင်နှစ်မှာတော့ စာသင်ဆောင်လေး အပြီးသတ်နိုင်ခဲ့ပြီး
အခြေခံပညာ မူလတန်းကျောင်းလေးအဖြစ်သို့လည်း ပြောင်းလဲသွားခဲ့လေပြီ…။
ကျနော်တို့အဖွဲ့ ဆားမှော်ကျေးရွာသို့ ပထမဦးဆုံး စာရေးကိရိယာ
အလှူခရီးစဉ်လာစဉ်က နံနက်စာဖြင့် တည်ခင်ဧည့်ခံသလို ဆားထွက်ရှိသည့်
ဆားရေကန် နေလှန်းဆားပြုလုပ်သည့်နေရာလေးများကို ရွာခံများမှ ကျနော်တို့အား
လိုက်လံပြသပေးခဲ့သေးသည်။ နောက်နှစ်များမှာတော့ ဆားမှော်ရွာမှ
ဆက်ပြီးသွားရဦးမည့် ခရီးကရှိနေသေးသဖြင့် ကြာကြာနားမနေနိုင်သဖြင့်
အလှူကိစ္စလေးများပြီးဆုံးသည်နှင့် ခရီးဆက်ကြရတော့သည်။
ယခုကျနော်တို့ရောက်ရှိလာချိန်မှာတော့ စာသင်ကျောင်းလေးတည်ရှိရာ
ကုန်းမြင့်လေး၏ အောက်ခြေမှ ဈေးဆိုင်လေးတွင် အရင်သတင်းမေး သတင်းပေးရသည်။
ဆိုင်ရှင်ဖြစ်သူမှ တာဝန်ယူကာ ကျနော်တို့အဖွဲ့လေးကို ကျောင်းလေးတည်ရှိရာ
ကုန်းမြင့်လေးဆီသို့ ခေါ်ဆောင်သွားသလို ရပ်မိရပ်ဖများကို
သွားရောက်ခေါ်ယူတော့သည်။ ကျနော်မှ ရွာသူ/သားများ ဖတ်ရှု့လေ့လာနိုင်ရန်
ယူဆောင်လာခဲ့သည် ဂျာနယ်စာစောင်များကို ဆိုင်ရှင်အား ပေးလိုက်သည်။
ကျနော်တို့နိုင်ငံသားတွေ စာများများဖတ်ကြဖို့ အမှန်တကယ်လိုအပ်ပါသည်။

“သမိုင်းဆိုတာ မအ အောင်လို့သင်ရတာ”ဟု ဆရာကြီး ဒေါက်တာသန်ထွန်းပြောခဲ့သလို…
ကျနော်တို့တွေ မအ အောင် စာများများဖတ်ရှုကြဖို့လိုပါသည်။ ကျနော်တို့တစ်တွေ
နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ခြယ်မှုများကြားတွင် ခေါင်းမဖော်နိုင်အောင်
ဖြစ်ခဲ့ကြရသည်။ ယခု ပွင့်လင်းလာသည့်( အချို့ကား ညီအစ်ကို မသိတသိ အချိန်ဟု
ဆို၏)ခေတ်အခါကာလတွင် တတ်နိုင်သမျှ ရနိုင်သမျှ ဗဟုသုတအကြောင်းအရာ အစုံကို
လေ့လာထားသင့်သည်ဟု ယုံကြည်မိပါသည်။ ထားပါတော့လေ… ဒီအကြောင်းတွေ
ရေးနေပြောနေရလျှင် လိုရင်းကို ရောက်နိုင်တော့မည် မဟုတ်ချေ။
ကျောင်းလေးဆီရောက်တော့ ဆရာ/မလေးများက ဆီးကြိုကြ၏။
ကျောင်းသား/သူလေးများကလည်း စာရေးကိရိယာတွေ လာလှူမှန်းသိတော့
ဝေးးးးခနဲအော်ကာ ပျော်ရွှင်နေကြတော့သည်။ ကျွန်တော်မှ
ကျောင်းသား/သူအရေအတွက်ကို မေးတော့အပျော်နေသော ကျောင်းသားများအပါဝင် ၇၈
ဦးရှိကြောင်း သိရသည်။ ဤလိုဒေသမျိုးတွင် မြို့များမှာကဲ့သို့
မူကြိုကျောင်းလေးများ မရှိသဖြင့် ကျောင်းနေရန်
အသက်တစ်နှစ်ခန့်လိုနေသေးသည့် ကလေးငယ်များကို အပျော်နေသဘောဖြင့်
ကျောင်းထားပေးကြခြင်းကို ဆရာ/မများကလည်း လက်ခံသင်ကြားပေးကြရခြင်း
ဖြစ်သည်။ ကျနော်တို့ စာရေးကိရိယာ အလှူစတင်ဆောင်ရွက်စဉ်က အပျော်နေ
ကျောင်းသား/သူလေးများအတွက် မပါသဖြင့် ကလေးငယ်လေးများ ဝမ်းပမ်းတနဲ
ငိုကြကြောင်း ကြားသိရသဖြင့် နောက်ပိုင်းတွင်
အပျော်နေကျောင်းသား/သူကလေးများအတွက်ပါ ထည့်သွင်း ပေးလှူကြရသည်။
ကျောင်းသားအရေအတွက်ကို သိရသဖြင့် ကျနော်တို့ သယ်ယူလာကြသည့်
စာရေးကိရိယာများထဲမှ လိုအပ်သလောက်ကို ထုတ်ယူပြီး ဆရာမလေးအား
ကျောင်းသုံးပစ္စည်းလေးများကို ပေးအပ် မှတ်တမ်းဓာတ်ပုံရိုက်ယူလိုက်သည်။
ဆရာ/မလေးများမှာ ကျောင်းအုပ်ဖြစ်သူ ရောက်ရှိလာသည်အထိ ကျနော်တို့အဖွဲ့ကို
စောင့်ဆိုင်းစေလိုသော်လည်း ကျနော်တို့အဖွဲ့မှာ
ရှေ့ခရီးဆက်ရန်ရှိသေးသဖြင့် တောင်းပန်စကားဆိုကာ ကလေးများအတွက်
စာရေးကိရိယာများကို စတင်ဝေငှကြတော့သည်။ ကလေးများမှာ ဗလာစာအုပ်လေးများ၊
ခဲတံ၊ ခဲဖျက်၊ ပေတံလေးများကို ကိုင်ကြည့်ထိကြည့် တစ်ယောက်ရသည့် စာအုပ်
တစ်ယောက်ကို ပြကြ၊ စကားလေးတွေပြောကြ ရယ်ကြပြုံးကြနှင့် အပူအပင်ကင်းစင်စွာ
ပျော်ရွှင်နေကြတော့သည်။ ကျနော်မှ လှူဒါန်းမှု
မှတ်တမ်းစာရင်းလေးများရေးသွင်းကာ လိုက်ပါလှူဒါန်းကြသူများ အလှူလက်ခံသူ
ဆရာ/မများအား လက်မှတ်ရေးထိုးခိုင်းပြီး ကျောင်းအတွက်
လက်ခံတစ်စောင်ပေးပြီး ကျနော်တို့အဖွဲ့ သိမ်းဆည်းထားရန်တစ်စောင်ကိုလည်း
သိမ်းဆည်းလိုက်သည်။ ပြီးနောက် ကျောင်းသား/သူလေးများ၊ ဆရာ/မများ၊
ရပ်မိရပ်ဖများနှင့် ကျနော်တို့အဖွဲ့ဝင်များ စာသင်ဆောင်လေးရှေ့တွင်
အမှတ်တရဓာတ်ပုံလေး ရိုက်ကူးကာ ကျောင်းသား/သူလေးများ၊ ဆရာ/မလေးများ၊
ရပ်မိရပ်ဖများကို နှုတ်ဆက်ကာ ပစ္စည်းများကို ပြင်ဆင်ထုပ်ပိုးပြီး နားဖာ၊
နားမကျိုင်း၊ မူလခေါင်တုန့်စည် ကျေးရွာများဆီသို့ ဆက်လက် ခရီးဆက်တော့ နံနက် ၁၁ နာရီ ထိုးလုချေပြီ။ နေရောင်ခြည်ကတော့ တောက်တောက်ပပဖြင့် သူတာဝန် သူကျေပွန်စွာ ထမ်းဆောင်းလျှက် …
ပျော်ရွှင်ချမ်းမြေ့ကြပါစေ
K.T.W.L

IMG_20150101_115924

3 comments

  • kyeemite

    January 14, 2015 at 8:50 am

    .ကြည်နူးပီတိ မျှဝေခံစားရပါတယ်ဗျာ…စဉ်ဆက်မပြတ်လှူ တန်းနေတာကိုလည်းလေးစားချီးကျူ းပါတယ်

  • aye.kk

    January 14, 2015 at 4:23 pm

    စေတနာတွေဆက်တဲ့
    အလှူရက်မှာ၊ရေစက်မကွာ၊ဝမ်းသာပီတိ…သာဓုပါ။။

Leave a Reply