ရောဂါအသစ်

သုရွင္January 16, 20151min15665

မိဘတွေ သိရဲ့လား

ဖုန်းဈေးတွေကလည်း ကျ ၊ စမတ်ဖုန်းတွေ   ကလည်း     ခေတ်စားလာတော့ လူကြီး၊ ကလေး၊ ငယ်ငယ် ၊ရွယ်ရွယ်၊ ပျိုပျို၊ အိုအို ၊ဆင်းရဲ ၊ချမ်းသာ မရွေး ကိုင်နိုင်သုံးနိုင်လာတာ တွေ့ရပါတယ်။ အင်တာနက် ကလည်း (နှေးသော် လည်း) သုံးလို့ ရလာသောကြောင့် ချိတ်ဆက်သုံးစွဲတဲ့သူတွေ ပိုပြီးအမြင်ကျယ်လာ၊ ပိုပြီး လက်လှမ်းမီလာ တယ်လို့လည်း ယေဘုယျ အားဖြင့် အကောင်းမြင် ကြည့်မိပါတယ်။

ထပ်ခါထပ်ခါ ပြောနေကြရသလိုပါပဲ။ အထူးသဖြင့်လူငယ်တွေ စိတ်သန်ရာ သန်ရာ စွဲလုပ်ကြ ရင်းနဲ့ လမ်းမှားရောက်သွားနိုင်တဲ့ ပြဿနာပေါ့ဗျာ။ နားလည်တတ်ကျွမ်းတဲ့ မိဘတွေ ၊ အုပ်ထိ်န်းသူတွေ အနေနဲ့ သားသမီးတွေကို အင်တာနက်အသုံးပြုတဲ့နေရာမှာ internet setting ကို parental control လုပ်ထားဖို့ ၊ အထူးသဖြင့် ငယ်ရွယ်တဲ့ သားသမီးလေးတွေ လူကြီးမိဘ မမြင်ကွယ်ရာမှာ စိတ်လွတ် ကိုယ်လွတ် ထင်ရာဆိုဒ်တွေ ဝင်ကြည့်ပြီး အတုမြင်အတက်သင် လမ်းမှားရောက်ကုန်ကြမယ့်အရေးကို စိတ်ထဲ မှာ ထည့်တွက်ကြဖို့ အရေးကြီးပါတယ်။

လမ်းမှားဆိုတာ ဘာလဲ

လမ်းမှားရောက်တယ်ဆိုတာ လိင်မှု ကိစ္စ တစ်ခုတည်းကို ပြောချင်တာမဟုတ်ပါဘူး။ အတွေးအခေါ်အယူအဆ တွေ၊ အထင်အမြင်တွေ၊ ယဉ်ကျေးမှု စရိုက်တွေ၊ တလွဲ တန်ဖိုးထားမှုတွေ၊ တလွဲ စိတ် သာယာမှုတွေ၊ ရေရှည်ရော ရေတိုရော အကျိုးမရှိတဲ့ နေရာတွေမှာဘဲ လူငယ်တွေရဲ့ တန်ဖိုးရှိလှတဲ့နေစဉ် ဘဝ တွေကို ကုန်ဆုံးစေနေခြင်း စသည့် ပြဿနာပေါင်းများစွာကလည်း အရေးကြီးလှပါတယ်။ မိမိရဲ့ သားသမီးတွေ အိပ်ခန်းထဲဝင် ပြီး ဘာသံမှမကြားရဘဲ ငြိမ်နေတိုင်း စိတ်အေးနေတဲ့၊ မိဘ တွေ ကို သတိပိုပြီးပေးချင်မိပါတယ်။ အင်တာနက်နဲ့ စမတ်ဖုန်းတွေရဲ့ လွှမ်းမိုမှုကြောင့် မိမိတို့ သားသမီးတွေ ဘယ်လို ပြောင်းလဲလာသလဲ။ အမူအရာ၊ အပြောအဆို၊ အနေအထိုင်ကို အဆက်မပြတ် သတိထားကြည့် သင့် ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားရမှာဖြစ်ပေမယ့် လမ်းမှားမရောက် အောင် ပဲ့ပြင်ပေးဖို့ လည်း မိမိတို့မှာ တာဝန်ရှိတယ်ဆိုတာ ထည့်တွက်ထားသင့်ပါတယ်။

ဘယ်လို ထိန်းချုပ်မလဲ

သားသမီးတွေရဲ့ စမတ်ဖုန်းတွေကို မကြာ မကြာ စစ်ဆေးကြည့်သင့်ပါတယ်။ သူတို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ browser တွေရဲ့ history တွေကို စစ်ကြည့် သင့်ပါတယ်။ သူတို့ ဘယ်လို website တွေကို အဝင်များလဲ ၊ ဘယ် applications တွေ အသုံးများလဲ၊ ပြီးတော့ သူတို့ download လုပ်လေ့ လုပ်ထ ရှိတဲ့ စာအုပ်တွေ၊ ဗွီဒီယိုတွေ၊ ဖိုင်တွေကို ကြည့်သင့်ပါတယ်။ တစ်ချို ့ကလေးတွေကလည်း history တွေကို ဖျက်ပစ်တတ်တယ်ဆိုရင် ရှောင်တခင် ဝင်စစ်ကြည့်ရမှာဖြစ်ပါတယ ်။ သို့မှသာ ကလေးတွေ အနေနဲ့ ဘာလုပ်လုပ် သတိလေး ထားပြီးလုပ်လာမှာဖြစ်ပါတယ်။ မိဘ တွေကိုယ်တိုင်က မည်သို့ ထိမ်းချုပ်ရမည်မှန်းမသိလျှင် ၊ တတ်သိ နားလည်တဲ့ မိတ်ဆွေတွေ ကို တိုင်ပင်သင့်ပါတယ်။ ကိုယ့်သားသမီး ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်ဖို့ လမ်းကြောင်းပေးရမှာ မှန်ပေ မယ့်၊ ကိုယ်တိုင် အမှားအမှန်ကို ဝေဖန်တတ်အောင် သွန်သင်ဖို့ လည်းလိုအပ်ပါတယ် ။ထိန်းချုပ် ကြီးကြပ်မှု အားနည်းရင် နောင်သူတို့ ကို ထိန်းချုပ်ဖို့ အလွန်ကို ခက်ခဲလာပါလိမ့်မယ်။

အမှားနဲ့ အမှန်ကို ခွဲခြားမသိ ရင် သူ တို့ လေးတွေကိုယ် တိုင်က အမှားကို အမှန်ထင်လာပါလိမ့်မယ်။ တင်းလွန်းလျှင်ပြတ်၊ လျှော့လွန်းလျှင် ပတ် ဆိုသလိုပဲ မလျှော့မတင်း စောင့်ကြည့်သင့်ပါတယ်။ လမ်းညွှန်တဲ့နေရာမှာ မိမိသားသမီးတွေကို အင်တာနက်သုံးရာမှာ ပညာရေး အထောက်အကူပြု websites တွေ၊ ဗဟုသုတ နှင့် အတွေး အခေါ် မြင့်မားစေမယ့် websites တွေ၊ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ လမ်းညွှန်ပြသမှု websites တွေကို ဝင်ရောက်တတ်အောင် လမ်းညွှန်ဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘယ် websites တွေက ဘာတွေ တင် ထားတယ်ဆိုတာကို လေ့လာဖို့လိုပါတယ်။ သားသမီးတွေ ထက် ခြေတစ်လှမ်းရှေ ့ရောက် နေမှ သူတို့ ကိုယ့်ကို လိမ်လို့ ပတ်လို့ မလွယ်မှန်း သိလာမှာဖြစ်ပါတယ်။ အလိုလိုက်လွန်းလို့ ပျက်စီးသွားကြတဲ့ သားသမီးလေးတွေ သတင်း မကြာခဏ ကြားနေမိလို့ပါ။

လူတစ်ယောက် နောင်အနာဂတ်မှာ ဘာဖြစ်လာ တယ် ဆိုတာ သူ နေ့စဉ် ဘာတွေ လုပ်နေသလဲ ဆိုတဲ့ပေါ်မှာ မူတည်ပါတယ်။ ကိုယ့်ရဲ့သားသမီးကို ကြီးလာရင် ဘာဖြစ်စေချင်လဲ၊ သူတို့ နေ့စဉ် ဘာတွေလုပ်ပြီး အချိန်တွေ ကုန်နေတာလဲ ဆိုတာဟာ အနာဂတ်မှာ အလွန်ကို အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ ကဲ အခုဘဲ ကိုယ့် သားသမီးရဲ့ စမတ်ဖုန်းကို စမ်းကောက်ကိုင်ကြည့်ရအောင်။ သူတို့ စိတ်ဆိုးချင်လည်း ဆိုးပါစေ၊ သူတို့ အနာ ဂတ်အတွက် မဟုတ်လား။

သုရှင် ( 16-Jan-2015)

5 comments

  • Mike

    January 17, 2015 at 9:12 am

    .သားသမီးတွေရဲ့ စမတ်ဖုန်းတွေကို မကြာ မကြာ စစ်ဆေးဖို့နေနေသာသာ…သူတို့ဖုန်းသူတို့ပါတ်စ်ဝပ်နဲ့ခမျ
    :n:

  • manawphyulay

    January 17, 2015 at 9:55 am

    သားသမီး ဖုန်း ကိုင်ဖို့ နေနေသာသာ
    သူတို့ဖုန်းတောင် မလုပ်တတ် မကိုင်တတ်လို့ သားရေ သမီးရေနဲ့ ခေါ်နေရတာပါပဲ။
    ဒီတော့ သားသမီးဖုန်းကိုင်ဝေးစွပါတကား… 😆

  • သုရှင်

    January 17, 2015 at 12:54 pm

    အထူးသဖြင့် under 18 ကိုပြောချင်တာပါ ခင်မျ

  • အလင်းဆက်

    January 18, 2015 at 7:38 am

    အင်းးး
    စဉ်းစားသင့်..တစ်ခုခုတော့ ..လုပ်သင့်တဲ့ကိစ္စ..
    ဒါမယ့် ထပ်စဉ်းစားရမှာက.. ရပ်ကွက်ထဲက..သာမန်လူတန်းစားတော်တော်များများ(တော်တော်များများ)က…
    လူငယ်တွေ..ဖုန်းနဲ့ အင်တာနက်သာ သုံးတယ်..။
    အင်တာနက်ဆိုတာ… မိုးဟေကို ဘာညာကား..ရှာရတဲ့ဟာကြီး..
    ဒေါက်တာချက်ကြီးကို…ရှာကြည့်ရတဲ့ဟာကြီး..
    ပြီးတော့…Sex ဆိုတဲ့စာလုံးဆိုင်ရာ အချက်အလက်တွေ(စာတွေ ၊ ရုပ်သံတွေ) ရှာလို့ရတဲ့ဟာကြီးဆိုပြီး…
    အဲဒီရည်ရွယ်ချက်နဲ့ သုံးနေတာ တော်တော်များမယ်..
    ကျနော်တို့ရပ်ကွက်ထဲမှာပြောပါတယ်.. ။

    တချို့ကျတော့လည်း..အင်တာနက်ဖွင့်ပြီး FB ပေါ်ကမဆင်း…
    ချက်လို့ ပြုတ်လို့မဆုံး…

    ဆိုတော့.. အင်တာနက်ဆိုတာ… လိုတဲ့ဗဟုသုတတွေ ခလုပ်နှိပ်ပြီး ရှာဖွေလေ့လာလို့ရတဲ့ ဗဟုသုတဘဏ်ဆိုတဲ့အတွေးနဲ့ သုံးတဲ့သူ (ရပ်ကွက်ထဲ) တော်တော်နည်းတယ်… ။

    နောက်ပြီး.. ရပ်ကွက်ထဲက လူကြီးတော်တော်များများ(တော်တော်များများ)ကလည်း..
    သူတို့သားသမီးရဲ့ ဖုန်းကို စစ်ဖို့နေနေသာသာ… ဖုန်းကို ကိုင်ပြီး ပါဝါခလုပ်တောင် ဖွင့်တတ်တဲ့သူ ခပ်နည်းနည်း…
    စမတ်ဖုန်းတွေဆို..သူတို့ခမျာ..ဘာမှမလုပ်တတ်မကိုင်တတ်… ။
    နည်းနည်းလေး..မှားတာနဲ့..ဟိုလူ့ပြ ဒီလူ့ပြနဲ့…အရပ်ကူပါလူဝိုင်းပါ..ဖြစ်နေတာ..
    ပြီးတော့… သူတို့ လူကြီးတွေကိုယ်တိုင်ကလည်း..အင်တာနက်ဆိုတာ…ဆော့စရာလို့.မြင်နေကြသေး..

    ကျနော် အင်တာနက်ဆိုင်က ပြန်လာတိုင်း…
    ဦးလေးဖြစ်သူက..လှမ်းလှမ်းပြောတယ်..
    မင်း..အင်တာနက် သွားဆော့ပြန်ပြီလား..တဲ့…
    ကျနော်…အင်တာနက် သုံးပြီး စာတွေရေး..စာတွေဖတ်နေတာက…အပျော်တမ်း ဆော့တာကြီးကိုဖြစ်လို့…
    အဲ့လို…

    ဆိုတော့…
    ဆိုတော့….

  • မြစပဲရိုး

    January 18, 2015 at 11:37 pm

    “ကိုယ့် သားသမီးရဲ့ စမတ်ဖုန်းကို စမ်းကောက်ကိုင်ကြည့်” နိုင်ဖို့ သူရို့ က ကိုယ့်ထက် လည် ပါ့ ကိုသုရှင်။
    အပေါ်မှာ မိုက်မိုက် ပြောသလို ဝှက်ဂဏန်း မသိဘဲ ဘယ်လိုဖွင့်နိုင်မလဲ။
    ဒီတော့ တိုက်ရိုက် တနည်း သွယ်ဝိုက်တစ်ဖုံ သာ မပြတ် ပညာပေးစကား တွေ ပြောနေဖို့ ဘဲ ရှိတော့တယ်။
    သူတို့ အသွားအလာ နဲ့ အပေါင်းအသင်း ကိုသာ ပိုပြီး ဂရုစိုက်ပေါ့။
    တစ်ခါတစ်လေ သူတို့ ကို ယုံကြည်ပေးခြင်း ဟာလဲ နည်းကောင်း တစ်ခု လို့ ပြောတာဘဲ။
    ကျွန်မလဲ စမ်းသပ်ကွင်း ထဲ မှာ လက်နက်မျိုးစုံ နဲ့ပါ။

Leave a Reply