နတ် လူ သာဓု ကောင်းချီးပေးစေသောဝ်…..

ဦးေက်ာက္ခဲJanuary 16, 20151min56962

မင်္ဂလာပါခင်ဗျား…

မြန်မာ့ဂဇက်တွေ့ဆုံပွဲနဲ့ သဘာဝရိပ်သာရှိ သက်ကြီးရွယ်အို ဂီလာနများ အရေးပေါ်ဋ္ဌာနအတွက် စုပေါင်းအလှူတော်မင်္ဂလာလည်း အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါပြီ… ။ ဦးကျောက်ခဲကို လူချင်းမသိကြသော်လည်း ရပ်ဝေးရပ်နီး ပြည်ပနိုင်ငံပေါင်းစုံကနေ သဒ္ဓါတတ်အားသရွေ့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ အလှူတော်ရှင်များကိုရော ၊ ဝိုင်းဝန်းကူညီခဲ့ကြတဲ့ ဂဇက်ညီအစ်ကို မောင်နှမများကိုရော ကျေးဇူးအထူးတင်ရှိပါတယ် ။ ဦးကျောက်ခဲ ပကာသနမပါ ရေစက်မချပဲလှူခဲ့တာပါ ။ အလှူခံပို့စ်မှာ ရေးခဲ့သလိုပါပဲ ရေများရာ မိုးမရွာဘဲ တကယ်လိုအပ်နေတဲ့နေရာမှာ ကွက်ကြားမိုးရွာခွင့်ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်ခင်ဗျ ။ သာဓု ခေါ် ၊ အာမင် ရွတ်ပြီး သက်ကြီးရွယ်အို ဂီလာနများအတွက် အလှူတော်ကို ကုသိုလ် ၊ ကောင်းချီးမင်္ဂလာ ယူနိုင်ကြပါပြီခင်ဗျား… ။

 

ပြန်ပြောရရင် ဒီအလှူကို စတင်မတည်ခဲ့တဲ့ နာမည်ကျော် ရွာသားတစ်ဦးနဲ့ ဦးကျောက်ခဲ သဘာဝရိပ်သာကို လှူဖို့ရည်ရွယ်ပြီး တိုင်ပင်နေကြတာ အချိန်အတော်ကြာကြာထဲကပါ ။ ပထမတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လှူဖို့ပါပဲ ၊ ဒါပေမယ့်…. စို့စို့ပို့ပို့ အမှတ်တရဖြစ်အောင် လှူနိုင်ရင်ပိုကောင်းမယ်ဆိုပြီး ဂဇက်မိသားစုနဲ့ အများကို အကူအညီတောင်းခဲ့တာပါ ။ အလှူငွေကိုလည်း ဒီလောက်မမျှော်လင့်ထားခဲ့ပါဘူး ။ အောက်ထပ် တစ်ဆောင်အတွက် သိန်း-၆ဝ ၊ လိုတာကို ထပ်ဖြည့်ကြမယ်ဆိုပြီး အလှူခံခဲ့တာပါ ။ အခုတော့ အတိုင်းထက်အလွန် ၈,၀၄၀,၀၀ဝ ကျပ် (သိန်းရှစ်ဆယ် နဲ့ လေးသောင်းကျပ် တိတိ) ကောက်ခံရရှိတာမို့ လိုအပ်နေတဲ့ အတွင်းပရိဘောဂလေးတွေကိုလည်း လှူနိုင်ခဲ့ရလို့ အတော်လေးပီတိဖြစ်ရပါတယ်ခင်ဗျ ။ နောက်ထပ်ပြီး ရိပ်သာက အကျိုးတော်ဆောင်များရဲ့ လောကီလူ့ဘောင် စွန့်လွှတ်ခဲ့တာတွေကို သိလိုက်ရတော့ သီလ ၊ သိက္ခာတွေကို မချီးကျူးဘဲ မနေနိုင်ခဲ့တာမို့ အလှူတော်ငွေအတွက် အတော်စိတ်ချသွားပါတယ် ။

 

ကိုင်း … အလှူတော်မှာ ငွေစာရင်း အမှတ်မှားတာလေးတွေရှိခဲ့ရင် ဒီပို့စ် သက်ကြီးရွယ်အိုများခိုကိုးရာ သဘာဝရိပ်သာအတွက် အလှုတော်ဒါန က အလှူရှင်စာရင်းလေးကိုဖတ် ၊ အားမနာဘဲ ဝေဖန်ထောက်ပြပြီး ပကာသနမပါ ရေစက်မချတဲ့ အလှူတော်မင်္ဂလာလေးကို ရှူစားပေးပါဦး….

 

နတ် လူ သာဓု ကောင်းချီးပေးစေသောဝ်...
နတ် လူ သာဓု ကောင်းချီးပေးစေသောဝ်…

စကားစပ်မိလို့ အလှူဒါနနဲ့ပတ်သက်တဲ့ ဦးကျောက်ခဲရဲ့အတိတ်ကို ဆောင်ပါရစေ…
ဦးကျောက်ခဲ လူ့ဘောင်လောက ဒုက္ခရောက်နေသူတွေကို ကြုံတိုင်းကူညီတတ်ပေမည့် ဘာသာရေးနဲ့ ပတ်သက်တဲ့နေရာတွေမှာ အတော်လှူခဲလှပါတယ် ။ ဘုရားတည် ကျောင်းဆောက် နာမည်ကြီးဆရာတော်တွေကို လှူဖို့ဆိုရင် အတော်ပဲ လက်တွန့်တယ်ခင်ဗျ ။ ဘာသာမဲ့ဆန်တယ်လို့ ဆိုချင်ဆို ၊ ကိုယ်တိုင်က လက်ငင်းအကျိုးကိုပဲ ရှေးရှူတာကိုး … ။ ဒါပေသည့် မိစ္ဆာဒိဋ္ဌိဆိုပြီး ဦးကျောက်ခဲကို အထင်မသေးပါနဲ့… ဦးကျောက်ခဲ ဓမ္မာရုံဒါယိကာပါခင်ဗျ ။ အဟိ… အဲသည့်အကြောင်းကို ပြန်ပြောရရင်တော့ မွေးသဖခင်နဲ့ မွေးသမိခင် မပါလို့မဖြစ်ဘူး…. ။

 

လွန်ခဲ့သော ၁၃-နှစ်ကျော် ၂၀၀၂ ကပေါ့ခင်ဗျာ…
အဲ့သည်တုန်းက ဦးကျောက်ခဲ အိမ်ထောင်ပြုဖို့ရည်ရွယ်တာမို့ ၊ စင်္ကာပူမှာ ကျွဲလိုနွားလိုကုန်းရုန်းပြီး သမ္မာအာဇီဝ ပိုက်ဆံရမည့်အလုပ်ဆို အကုန်လုပ်ခဲ့တဲ့အချိန်ပေါ့ဗျာ ။ အလုပ်မှာလည်း ညပိုင်းရော၊ ပိတ်ရက်တွေပါ အချိန်ပိုဆင်း အလုပ်လုပ်ခဲ့ပြီး ၊ လွှမ်းမိုးရဲ့ ကိုပေါသီချင်းထဲကလို ပိုက်ဆံလေးလက်ထဲစုမိလို့ ရည်ရွယ်ထားသူကလေးကို ဆက်သွယ်လိုက်တော့မှ ၊ သင်းကလေးက ကိုယ့်လို မြန်မာငမွဲကိုစွန့်ပြီး ဂျာမန်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားဖို့ အထုပ်ပြင်ပြီးသားဖြစ်နေပါပြီတဲ့ ။ အဲသည့်တော့ ဦးကျောက်ခဲလည်း လောကကြီးကိုစိတ်နာ ၊ အလုပ်ပင်ပန်းလွန်းလို့ နားချင်တာလည်းပါတာမို့ မိသားစုကိုလစဉ်ထောက်ပံ့ငွေအပြင် ၊ ကျစ်ကျစ်ပါအောင်စုထားတဲ့ မြန်မာငွေ သိန်းခုနှစ်ဆယ်လောက် အိမ်ကိုပို့လိုက်တာပေါ့ဗျာ… ။

 

ဒီလိုနဲ့ အလုပ်ထွက်စာတင် ၊ အခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေပြင်ပြီး ၂၀၀၂ ခုနှစ် အကုန်ပိုင်းလောက်မှာ မိဘရင်ခွင်ကို အောင်ဖျာလိပ်တာပေါ့ ။ ခရီးဆိုက်ပြီး နောက်နေ့မနက်ခင်း မနက်စာစား ၊ ကော်ဖီသောက်နေချိန်မှာ မွေးသဖခင်က ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ထဲက သူ့ရဲ့ဇာတိ ဇနပုဒ်ရွာငယ်ကလေးဆီကို ခရီးဆက်ဖို့ အထုပ်အပိုးပြင်ခိုင်းပါတယ် ။ ဦးကျောက်ခဲကလည်း အသဲကွဲတိုးရစ် မောင်ကျန်ရစ်ဆိုတော့ စိတ်ပြေလက်ပျောက် ခရီးထွက်ချင်နေတာ ရေကန်အသင့်ကြာအသင့်ပေါ့ခင်ဗျာ ။ မိဘနှစ်ပါးနဲ့ သင်္ဘောတစ်တန် ပဲ့ထောင်တစ်တန်စီးပြီး ဆွေတော်မျိုးတော်တွေရှိရာအရပ်ကို ချီတက်ကြတာပေါ့ခင်ဗျာ ။

 

ဦးကျောက်ခဲ အရင်ပို့စ်တွေမှာ ရေးခဲ့သလိုပါပဲ ၊ မွေးသဖခင်ရဲ့ ဇာတိရွာကလေးမှာ တံငါနဲ့ လယ်သမားတွေချည်းနေတာဆိုတော့ ပျဉ်ထောင်အိမ်ဆိုတာ လက်ချိုးရေလို့ရလောက်အောင် အလွန်မွဲပါတယ် ။ ရွာကလေးကို ဦးကျောက်ခဲတို့ သားအမိ၊ သားအဖတွေရောက်သွားတော့ တစ်ရွာလုံးက သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်ခင်ဗျ ။ ဦးကျောက်ခဲလည်း ရင်ထဲက ကိလေသာ အပူမီးတွေပျောက်ပြီး ဆွေတော်မျိုးတော်တွေနဲ့ ပျော်ပျော်ပါးပါးပေါ့ခင်ဗျာ ။ နောက်နေ့မနက်ခင်း ဦးဇင်းဦးမောင်ကြီးက ဦးကျောက်ခဲတို့မိသားစုကို အမှာတော်ရှိတယ်ဆိုလို့ ဘုန်းကြီးကျောင်းကို ချီတက်ကြတာ ဟိုရောက်တော့မှ ဦးကျောက်ခဲ… မျက်လုံးကို ပြူးသွားတာပဲ ။ မပြူး ခံနိုင်ရိုးလားခင်ဗျ … အနှီ ငမွဲရွာက ရွာဦးကျောင်းမှာ တိုက်ခံဓမ္မာရုံကြီး ဟီးထနေအောင် ဆောက်ထားလို့ပါ ။ စိတ်ထဲမှာတော့ ထုံးစံအတိုင်း “လူတွေမွဲတာ ဘုန်းကြီးတွေကို ဖို့နေရတာကိုး” လို့ ခပ်ရွတ်ရွတ်တွေးပြီး ပြုံးလိုက်မိပါသေးရဲ့…. ။

 

ဒါပေမယ်… ဒါပေမယ့်ပေါ့ခင်ဗျာ… ဓမ္မာရုံကြီးနားကိုသွားပြီး အလှူရှင်ကမ္ဗည်းကိုဖတ်လိုက်တော့မှ “ဟိုက်” ကနဲ ပါးစပ်ဟောင်းလောင်းဖြစ်သွားတာ ၊ ခဲလာတဲ့ စီးကရက်တောင် ရင်ဘတ်ပေါ် ပြုတ်ကျပါတယ်ခင်ဗျ … ။ ရှူစမ်းပါဦးမိတ်ဆွေ…
“မိဘနှစ်ပါးအား အမှူးထား၍ ဦးကျောက်ခဲ ကောင်းမှု ၊ နတ် လူ သာဓုခေါ်စေသောဝ်” တဲ့….
နားမလည်နိုင်လွန်းလို့ မွေးသဖခင်နဲ့ မွေးသမိခင်ကို လှည့်ကြည့်တော့ ၊ သူတို့က အောင်နိုင်သူအပြုံးနဲ့ မိန့်မိန့်ကြီး နှုတ်ခွန်းခြွေတာက…
“ငါ့သား အံ့ဩဝမ်းသာသွားအောင် ၊ သံသရာ အထောက်အပံ့ဖြစ်အောင် ၊ မင်း လွှဲပေးလိုက်တဲ့ သိန်း-၇ဝ ထဲကနေ အဖေတို့ အမေတို့ လှူလိုက်တာ… သာဓုခေါ်ပေရော့… ” တဲ့…

 

တကယ်ပါဗျာ… မျက်ရည်တောင်ဝိုင်းတယ် ။ သေဟဲ့… နန္နိယ ၊ အဲသည့်ပိုက်ဆံလေးနဲ့ မြန်မာပြည်ပြန်ပြီး သင့်လျော်ရာစီးပွားရေးလေး လုပ်ကိုင်စားမလို့ ပို့ပေးလိုက်မိတာ ၊ မိဘနှစ်ပါးက မသိနိုးနား လှူချလိုက်တာမို့ ဦးကျောက်ခဲ စိတ်ထဲမှာ နိုင်ငံခြားကိုပြန်ပြီး သူတစ်ပါးဝန်ထမ်း ပြန်လုပ်ရပေဦးတော့မည်ဆိုပြီး ရင်ထဲမှာ ဆို့သွားတာပဲ ။ လွန်လည်းလွန်ခဲ့ပြီဆိုတော့ မိဘနှစ်ပါး စိတ်မကောင်းဖြစ်အောင် ဘာမှတော့မပြောမိပေမည့် ၊ အဲသည့် ဓမ္မာရုံကြီးကို ရေစက်ချချိန် ၊ တစ်ရွာလုံးနဲ့ မိဘနှစ်ပါး ဝမ်းသာပီတိ “နမောတဿ” ၃-ကြိမ်ရွတ်ဆိုကြတဲ့အခါ ၊ ဦးကျောက်ခဲတော့ “နှမြောတသ” ချည်း ရွတ်နေမိတော့တာပါပဲဗျာ ။ လုပ်ရက်လိုက်တာ ဘိုစိန် (အဖေကို ချစ်စနိုးနဲ့ခေါ်တာ) ရယ် ဆိုပြီး ကိုယ့်ရင်ဘတ်ကိုယ် တဘုံးဘုံးနဲ့ထု ၊ အားရပါးရ စိန်အောင်မင်းလို ငိုချင်းချလိုက်ချင်တာပါပဲခင်ဗျာ ။

 

နားမယ်လို့ ရည်ရွယ်ခဲ့တာ ရင်းနှီးစားဖို့ပိုက်ဆံ အလုံအလောက်မရှိတော့တာမို့ အလှူပြီးတော့ စိတ်နာနာနဲ့ အလုပ်ပြန်လုပ်ဖို့ နိုင်ငံခြားကိုပြန်ထွက်လာတာ ယနေ့ထက်တိုင်အောင်ပါပဲ ။ အဲသည့် ဓမ္မာရုံကြီးကိုလည်း သာဓုတောင်မခေါ်ပဲထားခဲ့တာ ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်တော့မှပဲ ကျေးဇူးတင်စကားတွေကြားခဲ့ရလို့ သာဓု သုံးကြိမ်ခေါ်ပြီး အထူး ပီတိဖြစ်ရပါတော့တယ် ။ ဟုတ်ကဲ့ … နာဂစ်မုန်တိုင်းဝင်မွှေတော့ အဲသည့်နားကရွာတွေ ၊ တချို့ရွာလုံးကျွတ် သေကြေပျက်စီးကြပေမည့် ၊ အဲသည့်ရွာကလေးမှာတော့ လုံးဝအဖိတ်အစင် မရှိခဲ့ပါဘူး ။ တစ်ရွာလုံးမှာ အခိုင်အခံ့ရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ အဲသည့် ဓမ္မာရုံကြီးမှာ အကုန် မုန်တိုင်းခိုကြရလို့ အသက်ဘေးကင်းခဲ့ရကြောင်းပါတဲ့ ခင်ဗျား….

 

 
ဪ… မရည်ရွယ်ထားသော်လည်း… အလှူအကျိုးပေးသည် ဆန်းကြယ်ပေစွ….

62 comments

  • Ma Ma

    January 16, 2015 at 10:33 pm

    သာဓု သာဓု သာဓုပါ။
    ရှေ့ဆုံးကနေ အကျယ်ကြီး သာဓုခေါ်လိုက်တယ်။

    ကိုယ်ကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ပီပီ ဘုရားလှူ ကျောင်းဆောက် နတ်တင်တွေကိုပဲ လှူပြီး ကျေနပ်အားရနေခဲ့တာ။

    ဒီရွာရောက်မှ အသိအမြင်တွေ ပြောင်းလဲလာပြီး လူမှုရေးကိစ္စတွေမှာ ကူညီတာကို အားသန်သွားတာ။

    အခု သဘာဝတရားရိပ်သာကလည်း ခိုကိုးရာမဲ့ ဂီလာန တွေအတွက် အားထားစရာနေရာဖြစ်လို့ အခုလိုစုပေါင်းပြီး လှူဖြစ်လိုက်တာ ဝမ်းသာလှပါတယ်။ 🙂

    • ဦးကျောက်ခဲ

      January 17, 2015 at 8:15 am

      အန်တီမမရဲ့ ဒါနအတွက်လည်း သာဓု ၃-ကြိမ်ခေါ်ပါရစေ…
      လိုအပ်နေတဲ့နေရာမှာ လှူရတာမို့ အတိုင်းမသိ ပီတိဖြစ်ရပါတယ်…
      အလှူနေ့က အန်တီမမသာပါခဲ့လို့ကတော့ အတိုင်းထက်အလွန်ပဲ…
      :k:

  • ဝင့်ပြုံးမြင့်

    January 17, 2015 at 12:03 am

    .ကျောက်စ် နာဂစ်က ၂၀၀၈ မှာ ဖြစ်တာ။ ဓမ္မာရုံလှူ လိုက်တာ မထင်ဘဲ အသက်ကယ်ပြီး ဖြစ်သွားတယ်နော်။ မျှစ်တို့ကတော့ နာဂစ်မှာ အိမ်ပြို သွားတယ်။ အခု သဘာဝရိပ်သာ အလှူ ကြီးအတွက်လည်း အရမ်းဝမ်းသာပါတယ်။ ကိုယ်တိုင်ကတော့ မလှူ နိုင် မတမ်းနိုင်သေးဘူး။ မရှိလို့ မလှူ ၊ မလှူ လို့ မရှိဆိုတဲ့ ဗမာ စကား ဒီတစ်ခါတော့ မှန်သွားပြီ အဟိ။

    • ဦးကျောက်ခဲ

      January 17, 2015 at 8:21 am

      မျှစ်ရေ … အမှန်ပြင်လိုက်ပါပြီ… ကျေးဇူးပါခင်ဗျ…
      ကျနော်လည်း မရည်ရွယ်ဘဲ အသက်တွေကို ကယ်ဖြစ်သွားတာပါ…
      “မရှိလို့ မလှူ ၊ မလှူ လို့ မရှိ” ဆိုတာ ဘုန်းကြီးစကားဗျ…
      ဒကာတွေက မရှိလို့ မလှူ ၊ မလှူ လို့ ဘုန်းကြီးမှာမရှိတာလေ…. ဟီ ဟိ
      :k:

  • kai

    January 17, 2015 at 1:47 am

    ၂၀၀၂ က သိန်း၇ဝနဲ့.. ရန်ကုန်မှာ မြေဝယ်ထားရင်..ခုဆို..သိန်းရာထောင်…
    ပြောသာပြောတာ.. အခု သာဘာဝရိပ်သာမြေကြီးကလည်း.. ဦးရော့ခ်တို့.. ဒယ်ဒီပါးပါးသူငယ်ချင်းကလှူထားတာဆိုလားပဲ….
    သာဓု… :k:

    • ဦးကျောက်ခဲ

      January 17, 2015 at 8:29 am

      သဂျီးရဲ့ ၅-ဒေါ်လှအတွက်လည်း… သာဓု
      ဟို… အန်ကယ်ကြီးလည်း “ငါ့ သူငယ်ချင်း သားသမီးတွေ” ဆိုပြီး ပီတိတွေဖြစ်…
      ဦးရော်နီက “ဟာ… ကိုခိုင်xxx အဖွဲ့တွေ” ဆိုပြီး အံ့ဩ ဝမ်းသာဖြစ်…
      ကျောက်စ်တို့ကတော့ VOA ကင်မလာတွေကို ရှောင်ခဲ့တယ်… ဟီ ဟိ
      :k:

  • မွသဲ ( 17082011 )

    January 17, 2015 at 7:53 am

    သာဓု သာဓု သာဓုပါကျောက်စ်ရေ။ ကိုယ့်အလှုအတွက်လဲသာဓုပါ။ ဓမ္မာရုံဒါယိကာကြီးအတွက်လဲသာဓု သာဓု သာဓုပါ

    • ဦးကျောက်ခဲ

      January 17, 2015 at 8:35 am

      မွသဲကိုလည်း ကျေးဇူးအထူးတင်ပါတယ်…
      တကယ်တော့ ကျောက်စ်ကအဝေးမှာ ၊ ဒီအလှူအတွက် မွသဲတို့ပဲ အဓိကပံ့ပိုးသွားတာပါ…
      သာဓု… သာဓု… သာဓု… ပါဗျား…
      နောင်ဘဝဆိုတာ ရှိမယ်ဆိုရင်… ဂဇက်အဖွဲ့တွေကို မိသားစုဝင် ဖြစ်ချင်မိရဲ့…
      :k:

      • Ma Ma

        January 17, 2015 at 10:09 am

        ဂဇက်အဖွဲ့ကို မိသားစုဝင်ဖြစ်ချင်ရင် နောင်ဘဝအထိစောင့်စရာမလိုပါဘူး ကျောက်စ်ရယ်။
        သားလေးမွေးပြီးရင် ရွာထဲမှာ ချွေးမွတွေ တော်ကောက်လိုက်ပေ့ါ။
        ဒါမှမဟုတ် သမီးလေးတစ်ယောက်လောက် ထပ်မွေးလိုက်။
        အနည်းဆုံး ကြောင်တစ်ကောင်တော့ ရမယ်။ :k:

  • Mike

    January 17, 2015 at 9:09 am

    .သာဓု… သာဓု… သာဓု… ပါဗျား…
    .အလှူ ခရီးစဉ်လေးက မမေ့နိုင်စရာအမှတ်တရရှိလှပါတယ်ဗျာ
    .ဓမ္မာရုံရေစက်ချပွဲမှာငူငူကြီးထိုင်နေတဲ့ အူးကျောက်စ် ကိုမြင်ယောင်ပြီးရီချင်သွားတယ်
    .၂၀၀၂ က သိန်း၇ဝ နဲနဲနောနောမဟုတ်..ဆနွန်းကား ၃စီးလောက်ဝယ်လို့ရတယ် :k:

    • ဦးကျောက်ခဲ

      January 18, 2015 at 7:02 am

      တကယ်ဆြာမိုက်ရဲ့ …. ရေစက်ချချိန်မှာ အကြီးအကျယ်နင်နေတာ…
      ဟီ ဟိ …. ပြချင်စမ်းပါဘိ…. ဆြာမိုက်တို့သိတဲ့ ကျောက်စ်မဟုတ်…
      :k:

  • Kaung Kin Pyar

    January 17, 2015 at 9:44 am

    ရေစက်ချပွဲမှာ ဦးကျောက်ဖြစ်သွားမယ့်ပုံကို မြင်ယောင်မိတယ်….။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကိုယ့်အလှူက အသက်ကယ်တဲ့နေရာမှာ အသုံးတည့်သွားဆိုလို့….ဝမ်းသာစရာပါပဲ…။
    ဓမ္မာရုံကြီးအတွက်လဲ သာဓု သာဓု သာဓု ပါ…။ သဘာဝရိပ်သာအလှူအတွက်လဲ သာဓု သာဓု သာဓု ပါလို့
    🙂

    • ဦးကျောက်ခဲ

      January 18, 2015 at 7:07 am

      ဒီလိုပဲ သမီးကောင်းကင်ပြာရေ….
      တခါတရံမှာ မမျှော်လင့်ထားသော အကျိုးပေးတတ်တယ်ဆိုတာကိုပါ…
      စကားမစပ်… ရယ်ချင်နေဒါ
      :k:

  • Nyo Win

    January 17, 2015 at 9:45 am

    သာဓု… သာဓု… သာဓု… ပါဗျာ…
    ဒီလိုလက်ရာလေးမဖတ်ရတာကြာပေါ့….
    လောကီအရေးရှုပ်ထွေးပေသမို ့ အရင်းဆုံးသူငယ်ချင်းတွေနဲ ့တောင်မတွေ ့ရတာအတော်ကြာပေါ့။
    ခပ်ဝေးဝေးကနေပဲ ပီတိစား သာဓုခေါ်ပါတယ်ဗျ…..
    သိန်း ၇ဝ နဲ ့ရွာအသက် ရင်းပျော်ပါတယ်ဆကျောက်စ်…….ဒီ့အတွက်လည်းထပ်ပီး သာဓုပါဗျား…။

    • ဦးကျောက်ခဲ

      January 18, 2015 at 7:11 am

      ပေါ်တော်မူ ဆြာညို….
      ကျန်တာတွေတော့ အပြင်မှာပြောမယ်… ဒဂယ်ဗျ … ခင်ဗျားလည်း ဂဇက်ချစ်သူ…
      :k:

  • manawphyulay

    January 17, 2015 at 9:53 am

    ခုလို အလှူကို ကုသိုလ်မျှဝေပေးတဲ့အတွက် သာဓု သာဓု သာဓု သုံးကြိမ်ခေါ်မိပါတယ်ရှင်။ အမြဲတမ်းလည်း လှူနိုင်တမ်းနိုင်ပါစေလို့ မနော မေတ္တာပို့သလိုက်ရပါတယ်ရှင့်။

    • ဦးကျောက်ခဲ

      January 18, 2015 at 7:16 am

      သာဓုပါဗျ …. ဒီလောက်ရင်းနှီးနေသူချင်း ဖိတ်စာမကမ်းတာ ချိတ်နာဒယ်…
      ကျောက်စ်နှမ မနော စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သမီးသားပွါးစီးနိုင်ပါစေ…
      :k:

  • Novy

    January 17, 2015 at 11:29 am

    ဦးကျောက် / မသဲ/ မဝေတို့ရဲ့ကောင်းမှူ့နဲ သဘာဝတရားရိပ်သာကိုသိခွင့်လှူခွင့်ရခဲ့တဲ့ အတွက်ကျေးဇူးအထူးတင်ပါတယ်နော်

    • ဦးကျောက်ခဲ

      January 18, 2015 at 7:21 am

      ဟွင့်…. ကျေးကျေး တင်စရာမလိုပါဘူးဂျ…
      နံရိုးတွေနာနေတဲ့ ချစ်ကိုဂျီးကိုအားနာနေဒါ… ခွိ
      :k:

  • CharTooLan

    January 17, 2015 at 11:50 am

    လူဒပိုင်း နတ်ဒပိုင်း ဝင်ပီးသာဓုခေါ်လို့ရလားဗျ
    ကျနော်က အစိတ်အပိုင်းအတော်များများကို အငွေ့နဲ့ပဲကျေနပ်နေရလို့လေ
    ဖေ့ဘုတ်မှာအပြိုင်အဆိုင်တင်နေကျတဲ့ နိုင်ဂံဒဂါက စားစရာတွေအပါအဝင်ပေါ့ ခိခိ 😛

    • ဦးကျောက်ခဲ

      January 18, 2015 at 7:26 am

      ဟီ ဟိ …. သာမီးတို့ မောင်နှံ စာပေးစာယူ သင်တန်းတက်ပါလေ…
      ကြာဘာဒယ် …. ပြိုင်မောင်းမလားလို့…. ဟာ ဟ
      :k:

  • မြစပဲရိုး

    January 17, 2015 at 5:25 pm

    ကျောက်စ်
    သာမင် (သာဓု + အာမင်) :))

    နက်ပီ (ခ) ဒိုင်ရာပါ (ခ) အနှီး သင်တန်း တွေ နဲ့ မအားတဲ့ကြားက စာလေးတွေ ရေးပြီးမျှ လို့ ကျေးဇူးပါ။
    အပေါ်မှာ ကညိုဝင်း ပြောသလိုပါဘဲ။
    မဖတ်ရတာ ကြာတဲ့ လက်ရာကောင်း လေး ပြန်ဖတ်ရလို့ အပြတ်တော့ ဖတ်ချင်ပါတယ်။
    အမြဲ မဟုတ် တောင် တစ်လ တစ်ခါလောက် တော့ တင်ပေးပါရှင်။
    အသက်ကယ်ဖို့ ဖြစ်သွားတဲ့ Building Funds ကတော့ “It is Written” ပါ ကကျောက်စ် ရေ။
    တစ်ချို့ အရာ တွေ က ဖြစ်လိုက်တာ အရမ်း ကို သိပ္ပံ နယ်လွန် ဖြစ်တတ်တာပါ။
    ဒီအတွက် ကျွန်မလဲ “သာမင်” :))

    သူများကို ပြောတဲ့ မောင်မောင်ညို ရော။ ကြားလားရှင့်။

    မခိုင်လုံသော သတင်း ရပ်ကွက် ကကြားတာတော့ လေ။သိလား။
    အဲ့ နာမည်ကြီး ထိပ်တန်း အလှူရှင်ကြီးက အဲ့ ရိပ်သာမှာ လူ့ဝတ် ကြောင် စွန့် လိုက်ပြီ ဆိုလား။
    ဟုတ်ရင်တော့ …..
    ထပ်ပြီး
    သာမင် :))

    • ဦးကျောက်ခဲ

      January 19, 2015 at 2:07 pm

      အရီးရေ… ကျောက်စ်တော့ ဗိုက်ကလေးကို ဥ ထားရတာပဲ…
      ဟီ ဟိ ကျောက်စ်ဗိုက်ရော… မိနှင်းနှင်းဗိုက်ကိုပါ…
      “It is Written” ဆိုရင်တော့ အရီးတို့မျက်မြင် ပါပဲ… ကျောက်စ်ရေးချင်သေးတယ်…
      အဟိ… အဲသည့်အလှူရှင်ဂျီးနဲ့ လွဲသောအကြောင်း နောင်မှ… နှောင်မှ
      :k:

  • Before

    January 17, 2015 at 5:33 pm

    ကျောင်းဒကာကြီး ဦးဦးကျောက်ခဲ သာဓုပွားကာ ပိတိနဲ့ဖတ်သွားပါတယ် နော်
    သာဓု သာဓု သာဓု

    • ဦးကျောက်ခဲ

      January 19, 2015 at 2:12 pm

      မရည်ရွယ်ပဲ အကျိုးဖြစ်သွားတယ် ဆြာခရေ…
      ကျောင်းဒကာကြီးတော့ မလုပ်လိုက်ပါနဲ့… စေတနာ မပြတ်သေးဘူး… အဟိ
      :k:

  • မိုး မင်းသား

    January 17, 2015 at 5:42 pm

    သာဓုသုံးကြိမ်ခေါ်ပါတယ်
    ်ခင်ဗျာ အူးကျော်တို ့သွားလှူတဲ ့သဘာဝရိပ်သာကိလိုက်သွားပါတယ်ကျော်လည်းရောက်ဖူးချင်လို ့ပါ

    မှတ်မှတ်ယရကတော ့ ကိုဂီ ့ကားပေါ်ပါသွားတဲ ့သဂျားလေးကတော ့ ကားမူးလို ့ဥဩဆွဲသတဲ ့လေ

    နောက်အမှတ်ရစရာတွေကတော ့ ကိုယဲစည်ပြောတဲ ့

    မိနစ်၃ဝ အတွင်း ဟီးဟီး
    ပြန်တော ့ကိုအမတ်က ကားနဲ ့လည်းတန်းထိလိုက်ပို ့ပါတယ်
    ကျော်ရယ်အလင်းဆက်ရယ် မအိကြည်ပြာစိုးရယ်

    နောက်ဆုံးပြောချင်တာကတော ့ အားလုံးကိုကျေးဇူးတင်ပါတယ်
    လို ့ပြောပါရစေ

    • ဝင့်ပြုံးမြင့်

      January 18, 2015 at 12:13 am

      .အလို ကိုမိုုးမင်းသားပါလား။ နွေပေါက်ခါနီးမှ ပြန်ပေါ်လာတယ်။

    • ဦးကျောက်ခဲ

      January 19, 2015 at 2:16 pm

      ဟီ ဟိ…. လမ်းဆုံးအထိမှ မရောက်တာကိုး…
      တကယ် အမှတ်တရပါပဲဗျာ… ကျနော်တို့ အဲ့အချိန်တွေ ပြန်မရတော့ဘူး…
      :k:

  • aye.kk

    January 17, 2015 at 9:38 pm

    သာဓုသုံးကြိမ်ခေါ်ပါတယ်။
    အခုကောင်းတော့၊နောင်ကောင်းပါလိမ့်မည်။
    သားထူးသားမြတ်ရတနာ၊ဗိုက်ထဲမှာကတည်းအလှူဖြစ်အောင်စေ့ဆော်ပေးတယ်။။
    သားရတနာကောင်းလေးအတွက်အကြိုမင်္ဂလာပါ။။
    အလှူဖြစ်မြောက်သွားတာနှစ်ထောင်းအားရပီတိဖြစ်ရပါကြောင်းပြောပြပါရစေ။။

    • ဦးကျောက်ခဲ

      January 22, 2015 at 8:01 am

      လှူဖို့ ပြင်ဆင်နေတာ အတော်ကြာပါပြီ အန်တီအေး…
      ကျောက်စ်က အဝေးရောက်နေလို့ စိတ်သွားတိုင်းကိုယ်မပါ…
      အခုမှပဲ ဂဇက်မောင်နှမတွေကောင်းမှူနဲ့ အလှူအထမြောက် အောင်မြင်သွားတာပါ…
      🙂

  • ဝင့်ပြုံးမြင့်

    January 18, 2015 at 12:35 am

    .အသိတစ်ယောက်က တီဘီ ဖြစ်တယ်။ နဂို သိထားတာက တီဘီဖြစ်ရင် ငွေသောက်သောက်လဲ ကုန်မယ်လို့ သိထားတာလေ။ ဒါနဲ့ သူက ရန်ကုန်တက်ပြီး ဆေးကုတော့ ကုသခပဲ ယူပြီး ဆေးဝါးဘိုး လုံးဝ မပေးခဲ့ရဘူးတဲ့။ ဆေးယူပြီး ပြန်လာတော့ သူက ဆေးကိုမသောက်ချင်ဘူးလုပ်ပါရော။ သူ့စိတ်ထဲမှာ ဆေးတွေ အလကားပေးလိုက်တာ ဒိတ်လွန်ဆေးတွေ၊ ဒါမှမဟုတ် အပေါစားဆေးတွေဖြစ်မယ်လို့ ထင်တယ်လေ။ ကျမကိုလည်း ပြောပြတယ်။ ကျမလည်း ဦးနှောက်ခြောက်ရတာပေါ့။ ရက်တွေတော်တော်ကြာမှ ပြန်စဉ်းစားမိတယ်။ ဘီလ်ဂိတ်က တစ်ကမာ္ဘလုံးအတွက် တီဘီဆေးလှူ ထားတဲ့အကြောင်း ဂျာနယ်ထဲမှာသတင်းတိုလေးအဖြစ် ဖတ်ခဲ့ဖူးတာပြန်သတိရတယ်။ တီဘီဝေဒနာရှင်လည်း ဆေးမှန်မှန်သောက်ပြီး အခုဆို ဝဖီးလို့ ကျန်းမာနေပါပြီ။
    ျှ

    • ဦးကျောက်ခဲ

      January 22, 2015 at 8:05 am

      မျှစ်ရေ အဲသည့်လို အကျိုးရှိတဲ့ အလှူမျိုးကိုပဲ စိတ်ပါလက်ပါ လှူချင်တာပါ…
      တီဘီဆေးဆိုလို့ အဲသည့်ထိုးဆေးကို အကုန်မထိုးရဘူး… Only 75% ပဲ…
      တနေကုန် မူးဝေနေအောင် အတော်ပြင်းတယ်လို့ ဆိုတယ်ခင်ဗျ…
      🙂

    • ဦးကျောက်ခဲ

      January 22, 2015 at 8:07 am

      အမှတ်တမဲ့ကနေ ဖြစ်သွားတာ…
      :k:

  • YUYA MON

    January 18, 2015 at 9:26 am

    ~~~I AM SO GLAD WE ARE BEST DONORS~~~
    *****MAY OUR DAYS BE MERRY AND BRIGHT*****
    THANKS!!!

    • ဦးကျောက်ခဲ

      January 22, 2015 at 8:08 am

      အလှူဖြစ်မြောက်အောင် ပံ့ပိုးပေးခဲ့လို့ သာဓု… သာဓု… သာဓု… ပါခင်ဗျား…
      🙂

  • ဦးကြောင်ကြီး

    January 18, 2015 at 10:13 am

    ကျောက်အလှူ
    ပိတောက်ဖြူ
    အနောက်သူ
    ကောက်ယူ..

    • ဦးကျောက်ခဲ

      January 22, 2015 at 8:11 am

      ကြောင်အလှူ…
      ဗလောင်ဆူ…
      စာဂဖြူ…
      နီဂရိုးမဂျီးနဲ့ယူ…
      :k:

  • padonmar

    January 18, 2015 at 10:22 pm

    ဓမ္မာရုံအလှူက မလတ်ပြောသလိုပဲ ဒီရွာသားတွေ နာဂစ်ဘေးကလွတ်ဖို့ ဖြစ်လာတာပါပဲ။အခုဆို တွေးကြည့်ရင် ပီတိဖြစ်စရာပါ။လေးလေးနက်နက် သာဓုခေါ်ပါတယ် ဦးကျောက်ရေ။
    နောက်ပြီး ဦးကျောက်သာ အဲဒီ သိန်း ၇ဝနဲ့ မြန်မာပြည်မှာ ရင်းနှီးလုပ်ကိုင်ဖို့ မကျန်တော့တဲ့အတွက် တခေါက်ပြန်ထွက် အလုပ်လုပ်မိတာလည်း ကောင်းဖို့ဖြစ်လာတာ နေမှာပါပဲ။
    ဒီမှာနေရင် ဦးကျောက် အရင်လို ပြန်မဆိုးမိဘူးလို့ မပြောနိုင်ပါဘူး။
    ပကာသန မပါတဲ့ အလှူအတွက်လည်း သာဓုထပ်ခေါ်ပါတယ်။

    • မြစပဲရိုး

      January 18, 2015 at 11:17 pm

      အစ်မဒုံ ပြောတာ ထပ်ဖြည့်လိုက်ဦးမယ်။
      တကယ်လို့ အပြင်မှာ မရှိရင် ရွာထဲလဲ ရောက်ဖို့ မလွယ်။
      နှင်းကေသရာ ရဲ့ သူရဲကောင်း လဲ ဖြစ်လာဖို့ အကြောင်းမရှိ။
      သားလေးရဲ့ ပါပါး ဘွ ကတော့ ဝေးရော။
      ဒီ လို အကျိုး တွေဖြစ်လာဖို့ကို အဲဒီ ပိုက်ဆံ တွေက အကြောင်းဖြစ်ခဲ့တာပေါ့။
      Gwyneth Paltrow ရဲ့ Sliding Doors ရုပ်ရှင် မှာ ပြသလိုဘဲ။
      အကြောင်း(၁) ကြောင့် ဖြစ်လိုက်တဲ့ အကျိုး တစ်မျိုး။
      အကြောင်း(၂) ကြောင့် ဖြစ်လာတာက တစ်မျိုး။
      အဲဒီ နှစ်မျိုး ကို ယှဉ်ပြထားတာ။
      “ကံ” အကြောင်း ရဲ့ အစ က ဘယ်လို မှ မှန်းမရ။
      ကြိုးစားတာ ကြိုးစားတာ တစ်ပိုင်း။
      ကျန်တာ က သူ့ဟာသူ ကို ဖြစ်ခဲ့တာပါ။
      အဲဒါလေး ကို မြင် လိုက် နိုင်ရင် လောကကြီး ထဲ အတော် နေပျော်သလားဘဲ။
      ဒီမှာ ဗုဒ္ဓ ရဲ့ အဆုံးအမ အနှစ် က တန်ဖိုးကြီး ကြီး လာတာပါဘဲ။
      သင်္ကန်းခြုံ ပြီး ဟိုလူ့ ကောင်မ ခေါ် ဒီလူ့ ဖာသည်မ ပြော နဲ့ အတော်လေး အကျင့်တရား ပျက် နေတဲ့ သူ တွေကြောင့် “ဗုဒ္ဓ ရဲ့ အဆုံးအမ” တွေ ပျက်စီး နေရတဲ့ အခြေ ကို ဒီအတိုင်း ကြည့်နေကြ သင့်သလား။
      အတော်လေး ရှက်ဖို့ ကောင်းလာပြီ။ 🙄

    • ဦးကျောက်ခဲ

      January 22, 2015 at 8:28 am

      အန်တီဒုံနဲ့ အရီးလတ်ရေ… ကောင်းဖို့ဖြစ်လာတယ်ပဲ မှတ်လိုက်ပါတယ်…
      မြန်မာနိုင်ငံမှာပဲ လုပ်ကိုင်စားဖို့ဖြစ်ခဲ့ရင် ဘဝလမ်းကြောင်း တမျိုးပြောင်းခဲ့ပါလိမ့်မယ်…
      အဲ… မှန်ရာပြောရရင် ဟိုကိုယ်တော်တွေ လုပ်ပုံ ပြောပေါက်တွေကြည့်ပြီး…
      Free Thinker ကနေ ကြာရင် Atheist ဖြစ်တော့မယ်…
      ရှေ့ကနေ ဉာဏ်အလင်းနဲ့ ဗုဒ္ဓ ရဲ့ အဆုံးအမတွေကို မျက်စေ့ ဖွင့်ပေးရမည့်အစား…
      မီးဒုတ်ကြီးကိုင်ပြီး လိုက်ရှို့နေတော့တာပဲ… စိတ်ကုန်ပါ့…
      🙁

  • တိမ်မည်း

    January 19, 2015 at 10:56 am

    သာဓု သာဓု သာဓုပါဗျား….
    မရည်ရွယ်ပဲ ရတဲ့ ကုသိုလ်က တယ်ကြီးတာကိုး။

    • ဦးကျောက်ခဲ

      January 22, 2015 at 8:31 am

      ကုသိုလ်ဆိုတာကတော့ မမြင်ရလို့မသိဘူးဗျ…
      ပီတိကတော့ ခံစားရတာ အတော်အရသာရှိတယ်…
      :k:

  • Ma Ei

    January 19, 2015 at 2:31 pm

    ဓမ္မာရုံအလှူရှင်အတွက် ဝမ်းမြောက်ဝမ်းသာ(ဖတ်ရင်းနဲ့ ရီမိလို့) သာဓုပါ…
    အခု လှူဖြစ်တဲ့ သဘာဝရိပ်သာ အလှူ အတွက်လဲ တစ်ကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်…
    စီစဉ်သူ ဆောင်ရွက်သူ အလှူလာကြသူတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်…
    …အလှူအကျိုးပေးသည် ဆန်းကြယ်ပေစွ….ဆိုတာလေးလဲ ဆက်ပါဦးနော်…

    • ဦးကျောက်ခဲ

      January 22, 2015 at 8:36 am

      အလှူအကျိုးပေးဆိုလို့ တိုက်ဆိုင်တာပြောရရင်…
      နာဂစ်ဖြစ်ပြီး အဲသည့်ဓမ္မာရုံကြီး အသုံးဝင်သွားပြီလို့ မှတ်ယူတဲ့အချိန်ကနေ…
      ဒီနေ့အထိ… အလုပ်အကိုင် ငွေရေးကြေးရေး အတော်အဆင်ပြေသွားတယ်…
      :k:

  • ဖားသက်ပြင်း

    January 19, 2015 at 3:19 pm

    ​ကျော်​ ​ကျော်​့ကရင်​မ​လေးနဲ့ညားရင်​ အဲ့မှာ အလှူယိး​ပေးမယ်​ဂျာ
    🙂

    • ဦးကျောက်ခဲ

      January 22, 2015 at 8:37 am

      ဖဒိုလင်းထင်… အနှီ ဖားသက်ပြင်းကို တမလွန်ကနေ ဆုံးမတော်မူပါ…
      :k:

  • pooch

    January 19, 2015 at 3:56 pm

    သာဓုပါ ဦးကျောက်
    မမနှင်းမွေးမဲ့ သားအတွက် ချွေးမရွေးရင် သများကိုလည်း ထည့်စဉ်းစားပေးပါလို့ :mrgreenn:

    PK ကြည့်ပြီးတော့မှ သူကြီး ဘယ်ကလာလဲ ခုမှ သိတယ် သူက ဒီမြေပေါ်ကမှ မဟုတ်တာလို့ :loll:

    မရည်ရွယ်ပေမဲ့ တကယ်လှူ ဖြစ်ခဲ့တဲ့ ကျောင်းက အသက်ကယ်ရာဖြစ်သွားတာ နည်းတဲ့ကုသိုလ်မှ မဟုတ်တာ။
    ကိုယ်တွေတောင် ခုထိ သူများ အသက်ကယ်ဖူးသေးတဲ့ သူမဟုတ်ဖူး ။

    • ဦးကျောက်ခဲ

      January 22, 2015 at 8:50 am

      အဟိ… အဖေတူ မျိုးကောင်းလေးမို့ ကျောက်စ်သားကိုလိုချင်ရင် စစ်ခင်းရလိမ့်မယ်…
      အလှူကတော့ ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် အကုန်လှူခဲ့ပါတယ်…
      :k:

  • Shwe Ei

    January 20, 2015 at 4:54 pm

    -အလှူအတွက်လဲ ဝမ်းသာတယ်
    -သဘာဝတရားရိပ်သာမှာ ရှိနေတဲ့..အူးလေး(အရင်း မဟုတ်သော်လည်း..အရင်းကဲ့သို့ ချစ်ခင်ရပါသည်)ကို စာအုပ်လှူခွင့်ရလို့လဲဝမ်းသာတယ်
    -နောက်တကြိမ် အိုက်အူးလေးဆီကိုဘဲ စာအုပ်ထပ်သွားလှူဖို့အစီအစဉ်ရှိတယ်..
    -ပြီးတော့ အိုက်အူးလေး ဆီကဘဲ စာဖတ်စရာ ရှားပါးတဲ့အကြောင်း သတင်းကြားလိုက်ရလို့ ဂျာနယ်အဟောင်းများ အလှူခံပါအုံးမည်။

    • ဦးကျောက်ခဲ

      January 22, 2015 at 8:58 am

      စာအုပ်စာတမ်းလှူနိုင်ရင်လည်း ကောင်းတာပဲ…
      ရိပ်သာမှာ စာကြည့်တိုက် တစ်ခုလောက်ရှိရင် ပိုတောင်ကောင်းဦးမယ်…
      အဓိက ရည်ရွယ်တာက ကိုရင်လေးတွေနဲ့ ရွာနီးချုပ်စပ် အတွက်ပါ…
      🙂

  • Mr. MarGa

    January 21, 2015 at 11:41 am

    နောက်ကျသာဓု ခေါ်ပါသည်
    သာဓု သာဓု သာဓုပါ ဓမ္မာရုံဒကာကြီးခင်ဗျ
    အလှူအတွက်လည်း သာဓုထပ်ခေါ်ပါတယ်
    (လက်မောင်းတော့ နည်းနည်းအောင့်သဗျာ ဟီးးး )

    • ဦးကျောက်ခဲ

      January 22, 2015 at 9:01 am

      ကျောက်စ်မောင်နှံက ကိုယ့်ဗိုက်ကိုယ်သယ်တယ်…
      ခင်ဗျားက သိန်းရှစ်ဆယ်လေးသောင်း ငွေထုပ်ကြီးကိုသယ်တယ်…
      မန်းကနေ အလှူငွေ စုပေးတဲ့အတွက်ရော ၊ ကျေးဇူးအထူးပါ ကိုရင်မာဃ…
      :k:

  • Wow

    January 21, 2015 at 2:35 pm

    အလှူတို့ ကုသိုလ်ကောင်းမှုတို့က ဘုရားလက်ထက်ကလို ချက်ချင်းရွှေမိုးငွေမိုးရွာချပြီး အကျိုးပေးတာမဟုတ်ပေမဲ့ တချိန်မှာတော့ အံ့ဩလောက်အောင် အကျိုးပေးသလားလို့

    • ဦးကျောက်ခဲ

      January 22, 2015 at 9:05 am

      အကျိုးကိုမျှော်ကိုးပြီး လှူခဲ့တာမဟုတ်ပေမည့်…
      စေတနာ အကျိုးပေး ၊ အကုသိုလ်အကျိုးပေးဆိုတာ အံ့ဩစရာ…
      အလှူ အသုံးတဲ့သွားလို့ ခံစားရတဲ့ပီတိကိုတော့ ဘာနဲ့မှ မလဲနိုင်ဘူး ဝေါင်းရဲ့…
      :k:

      • Wow

        January 23, 2015 at 10:27 am

        ကိုယ်တွေ့ဗျ… ကျောက်စ်ရဲ့ :kwi:

  • uncle gyi

    January 22, 2015 at 9:38 pm

    ကြားဖူးတာကအလှုူတခုမှာလှူသူနဲ့နိဗ္ဗန်ဆော်
    ့နိဗ္ဗန်ဆော်ကပိုကုသိုလ်ရတယ်တဲ့
    ဆိုလိုတာက့လှူသူက၁ခုရရင့်နိဗ္ဗန်ဆော်က၂ခုရတယ်ပေါ့
    ဒီအကျိုးအခုဘဝကိုအကျိုးပေးရင်
    ကိုကျောက်တော့မိန်းမ၂ယောက်ရဖို့သေချာသလောက်ပဲ
    မျှော်

    • ဦးကျောက်ခဲ

      January 23, 2015 at 10:06 am

      ဟမ်မာယေး… uncle gyi တော့ အချွန်နဲ့မပြီ…
      မိန်းမ ၂-ယောက် ရဖို့ဆိုရင်တော့ ဇနီးရယ် သမီးလေးရယ်ဆို တော်ပါဘီ…
      သာမီးဟုတ်ဘူးနော်… အဲ့လောက် ခေါင်းအစားမခံနိုင်ပါ… အဟိ
      :k:

  • La Yeik

    January 23, 2015 at 9:06 am

    သာဓု၊သာဓု၊သာဓု ပါရှင့်….

    • ဦးကျောက်ခဲ

      January 23, 2015 at 10:08 am

      အမျှ… အမျှ… အမျှ… ယူတော်မူကြစေကုန် :k:

  • surmi

    January 24, 2015 at 11:29 am

    ဘာပြောရမလဲ ဆိုတော့
    အားလုံးပြောပြီးနေပြီမို့ အထူးပြောစရာတောင်မရှိ :kwi:
    ဘာဘဲဖြစ်ဖြစ် ထင်မှတ်မျှော်လင့်ထားခဲ့တာထက် အလွန်ပိုပြီး အဆင်ပြေချောမွေ့ခဲ့လို့ အလွန်ဝမ်းမြောက်ကြောင်းပါဗျို့ ။
    နောက်တခါထပ်ပြီး ဆုံဖို့ စုမိဖို့ မလွယ်နိုင်တော့တဲ့အချိန်မှာ နောက်ဆုံးပိတ် အိပ်နဲ့လွယ်ဆိုသလိုပါဘဲ
    လောကီလောကုတ္တရ အကျိုးနှစ်ဖြာ ရှိအောင်းဆောင်ရွက်နိုင်ခဲ့ကြလို့
    သတိယမိတိုင်း ကျေနပ်မဆုံးပါဗျာ ။
    တကယ်တော့ ……
    ပြီးခဲ့တဲ့မိုးတွင်းကာလလောက်ကတည်းက မတည်အလှူရှင်နဲ့ညသန်းကောင်းယံအချိန်မှာ ဒီအလှူဖြစ်မြောက်ဖို့ဦးစွာပထမ ပြောဖြစ်ခဲ့ကြပါတယ် ။
    စိတ်အားထက်သန်းလွန်နေသူ ရပ်ဝေးအလှူရှင်အတွက် ကျေနပ်စေဖို့ ဆောင်ရွက်ပေးမယ် ပြောခဲ့ပေမယ့်
    စည်းရုံးလှုံ့ဆော်ရေးညံ့သူဖြစ်နေလို့ ကိုယ့်ကိုကိုယ် မယုံရဲခဲ့ပါဘူး ။
    ဒါပေမယ့် ……
    ဦးကျောက်ခဲ ပြန်လာတဲ့အချိန်မှာ ဒီလိုဒီလိုအစီစဉ်တွေ ရှိတယ်လို့သနရပြီးအချိန်မှာတော့ အားတက်လာမိပါတယ် ။
    ဝိုင်းဝန်းကူညီလှူတန်းပေးခဲ့သောရွာတွင်းရွာပြင် ညီအစ်ကိုမောင်နှမများနှင့်တကွ
    ဖြစ်မြောက်ရေးအတွက် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ပေးကြသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းပါ ။
    ဒီအလှူဖြစ်မြောက်ရေးအတွက် အဆုံးအထိပါဝင်ဆောင်ရွကနိုင်ခြ်င်း မရှိခဲ့တာကိုလည်း ခွင့်လွှတ်ကြနိုင်ပါစေကြောင်းးး

    လေးစားလျှက်

    • ဦးကျောက်ခဲ

      January 26, 2015 at 12:21 pm

      ကိုရင်ဆာမိ အလှူကို မလိုက်နိုင်ခဲ့ပေမယ့် ၊ ကိုရင့်အလှူပါ …
      ကျောက်စ်က နောက်ဆုံးမှ နိဗ္ဗာန်ဆော် နှမ်းဖြူး လုပ်ရတာခင်ဗျ …
      မတည်အလှူရှင်လည်း အလှူကို ကြောင်ချောင်း ချောင်းဖို့ လွတ်သွားတယ်…
      :k:

Leave a Reply