အိမ်က ကလေးတွေ…

Kaung Kin PyarJanuary 26, 20151min28519

“မွေ့….ညီမလေး ကလေးတွေကို ကျွေးပြီးပြီလား….”

မနက်နိုးနိုးချင်း…အိမ်ပြင်က ငှက်တွေ အာဗြဲစိန်လုပ်နေတာ ပြတင်းပေါက်က လှမ်းကြည့်နေတဲ့…ကျမကို မြင်လိုက်လို့…အမြီးပြုတ်မတတ် လှုပ်ခါပြနေတဲ့ ခွေး လေးကောင်ကို မျက်နှာလွှဲလိုက်ပြီး မီးဖိုခန်းကို လျှောက်လာရင်း အိမ်က အမကို မေးလိုက်တာပါ…။

“အမလေး…ပြီးပါပြီတော်….လူတောင်မစားရသေးဘူး..သူတို့ကို ကျွေးပြီးပြီ….”

“များများကျွေးနော်…၊ ကိုယ့်သမီးချည်းပဲ မကျွေးနဲ့။ ညီမလေး ကလေးတွေက ဗိုက်အိုး ပိုကျယ်တယ်….”

“သိတယ်..သိတယ်…စားနိုင်တာကို သိတယ်…”

အိမ်က အမကလဲ မခံဘူး…၊ ပြန်အော်တယ်…။

ကျမ ၃နှစ်သမီးအရွယ်ကတည်းက သူက အိမ်ကို ရောက်နေတာ…။ အမေနဲ့ ဆွေမျိုးမကင်းဘူး..ပြောတာပဲ…၊ တစ်အိမ်လုံးကိစ္စ အမေက အဲ့ဒီအမကို စိတ်ချတယ်…၊ ကျမတို့နဲ့ကလဲ ညီအစ်မလိုပဲ…။ နာမည်က မမြင့်မြင့်ဝေတဲ့…။ ကာလရွေ့လျားလာတော့ မွေ့ဖြစ်သွားတယ်…။ နာမည်အပြည့်အစုံခေါ်ရမှာတောင် ပျင်းလို့..အဲ့ဒီအမခမျာမှာ…မွေ့တစ်လုံးနဲ့ ကျေနပ်လိုက်ရရှာတယ်….။

သူ့အသဲကျော်က အိမ်က ကြောင်မ…( ဒါကြောင့်လဲ အပျိုကြီး ဖြစ်နေတာ…) ( တော်ပါပြီလေ…. ပြောတော့ပါပုစ့်။ မတော် ရွာထဲက ကြောင်ချစ်သူတွေ ကျမကို ဆော်ပလော်တီးလိမ့်မယ်…)

အိမ်မှာက တိရိစ္ဆာန်ဆိုတာ မွေးစရာကို မလိုတာ…။ ရေချိုးခန်းဘေးမှာ…ခမ်းလု လို့နာမည်ပေးထားတဲ့ ဖားတစ်ကောင်ရှိသေးတယ်…။ ခမ်းလုဆိုတာ ဘာအဓိပ္ပါယ်လဲတော့ မသိဘူး..။ ပါးစပ်ထဲတွေ့တဲ့ ပေါက်ကရနာမည်အော်ရင်း သူ့နာမည် ဖြစ်သွားတာပဲ…၊ အထီးလား အမလားလဲ မသိဘူး…။ တခါတလေ မြွေတွေရောက်ရောက်လာပြီး ခမ်းလုကို ပတ်တနာရှာသေးတယ်….။

အဲ့လိုအချိန်မျိုးဆို..ကျမတို့ တစ်အိမ်လုံး ခမ်းလုဘက်ကချည်းပဲ….။

ကျမတို့အိမ်က ဝင်းကျယ်ကျယ်ထဲမှာ…အပင်ကြီးတွေလဲ အိမ်နား အတော်ပေါတယ်…။ မသိရင် တောထဲ ရောက်နေသလိုပဲ။ သွားလာရဝေးတာ၊ လူပြတ်တာ၊ ဘာဆိုင်မှ အနီးအပါးမရှိတာတွေ ဖယ်လိုက်ရင်…တိတ်တိတ်ဆိတ်ဆိတ်နဲ့ အတော်အေးတဲ့နေရာ….။ နွေရာသီဆို ပိုသိသာတယ်…။ တခြားနေရာတွေမှာ ဘယ်လောက်ပူလောင်နေနေ…၊ အိမ်ပေါ်တက်တဲ့ ကုန်းစောင်းလေးပေါ် လျှောက်လိုက်ရုံနဲ့ အေးသွားရော…။ နားအေးပါးအေး နေချင်တဲ့ လူကြီးတွေအကြိုက်ပေါ့….။ အပင်စိုက်တာ ဝါသနာပါတဲ့ အမေ့အကြိုက်….။ ကျမတော့ မကြိုက်ပါဘူး…၊ အပင်လဲ ခုအရွယ်ထိ တစ်ခါ စိန်ပန်းပင်လေးတစ်ပင်လား…မှတ်မှတ်ရရစိုက်ဖူးတာ…။ ဘယ်လိုပဲ မကြိုက်မကြိုက် လူကြီးတွေက လူကြီးတွေ ဖြစ်နေလေတော့ ဘီဒိုအာဏာနဲ့ ခေါ်တဲ့အချိန်…ကျမတို့ကလေးတွေ ယက်ကန်ယက်ကန် ပါလာရတာပဲ…။ စရောက်ရောက်ချင်းတုန်းက မနေတတ်….။

“ကျွတ်”ဆိုတာ…အလွန့်အလွန်ကြောက်ပါတဲ့ အင်ဗာတီဗရိတ်တွေကို…အဲ့ဒီရောက်မှ စုံစုံလင်လင် မြင်ဖူးတာ….။ မိုးစကျပြီး ဆောင်းတွင်းအလယ်လောက်အထိက ဘယ်အချိန်များ ဒင်းတို့ကပ်လာမလဲဆိုပြီး တထိတ်ထိတ်နေခဲ့ရတဲ့ ရက်တွေပေါ့….။ မျက်စိဒေါက်ထောက်ပြီး အိမ်ထဲကတစ်နေရာသွားတော့မယ်ဆို..ပတ်ဝန်းကျင်ကို အရင်စေ့စေ့စပ်စပ် လေ့လာရတာ..။ တခါက ပုရွက်ဆိတ်အမဲကြီး ကျမခြေဖမိုးပေါ် ရောက်နေတာကို ရုတ်တရက်လှမ်းကြည့်လိုက်တော့ ကျွတ်ထင်ပြီး…ကျမခြေကားယားလက်ကားယားနဲ့ အိမ်ကလူတွေရှေ့မှာကာယအိန္ဒြေ ပျက်ခဲ့ရသေးတယ်..။ ဒင်းတို့က အဲ့ဒီလိုလဲ ကျမကို အရှက်ခွဲခဲ့တာ…..။ တခါတလေ အိပ်မက်ထဲတောင် ထည့်မက်တဲ့အထိ….။ အိမ်ကကြောင်မက ထရန်စပိုတာမလေ…။ တခါတခါ သူ့လက်ချောင်းခြေချောင်းလေးတွေကြား ပါပါလာလို့ သူ့ကိုလဲ အိပ်ခန်းထဲမဝင်အောင်….မျက်စိဒေါက်ထောက်ကြည့်ရသေးတယ်…။ ကျမခြေချောင်းတွေများ အရင်က စုစုလေး..၊ ခုတော့ ဒင်းတို့များ ခြေချောင်းကြားရောက်နေမလားဆိုပြီး အပြင်ကပြန်လာတိုင်း ခြေချောင်းတွေဖြဲဖြဲကြည့်ရတာနဲ့ပဲ…ကျမ ခြေချောင်းတွေ ကြဲကုန်တာလေ…ဒင်းတို့ကြောင့်…။

ပြောသလိုပဲ…။ အိမ်မှာက တိရိစ္ဆာန်ဆိုတာ မွေးစရာကို မလိုတာ….။ အပေါ်ကပြောတဲ့ ထရန်စပိုတာမရဲ့ အမေလဲ အိုက်လိုပဲ….။ အိမ်ကိုဘယ်ကမှန်းမသိရောက်လာ၊ ယောက်ယက်ခတ်ပြပြီး ပွတ်သီးပွတ်သပ်လုပ်လေတော့…ဟိုဟာလေးချကျွေး၊ ဒီဟာလေး ချကျွေးနဲ့…သူက ဟိုဘက်အိမ်ကူးလိုက်၊ ကိုယ့်အိမ်ကူးလိုက်လုပ်ပြီး… ဒီ နှစ်အိမ်က သူ့စားအိမ်သောက်အိမ်ကို ဖြစ်သွားတော့တာ…။ ဟော့…ဗိုက်ကလေးလဲပူလာရော.. အိမ်ကအမက သူဝင်မွေးဖို့ စက္ကူပုံးတွေ အခင်းတွေ အဆင်သင့်ပြင်ပြီးသွားပြီ….။

မွေးတော့လဲ တခြားကြောင်တွေများ လူမသိသူမသိတိုးတိုးတိတ်တိတ် ပြီးသွားခဲ့တာ..။ သူ့ကျမှ ညဘက်ကြီး မွေးချင်နေတာနဲ့ အိပ်နေတဲ့လူပေါက်စေ့လိုက်နှိုး၊ လူစုံမှ တစ်ယောက်က သူ့လက်ကို ကိုင်၊ တစ်ယောက်က သူ့ဗိုက်ကိုပွတ်၊ တစ်ယောက်က ဘုရားစာရွတ်နဲ့…အိုက်လို…ကြောင်ပါးဝခဲ့တာ…။ မွေးလဲမွေးရော…ထရန်စပိုတာမ တစ်ကောင်တည်း….။

ကင်းမြီးကောက်ကြီးတွေလား…ဟဲဗီးကြီးတွေရှိတယ်နော်..အိမ်မှာ…။ နွေအကူးဆို ထွက်ထွက်လာပြီ…။ အရက်ထဲ စိမ်သောက်ချင်သူများ…လာဖမ်းဂျဘာ…။

ခုနကပြောတဲ့…ခွေးလေးကောင်လေ…

အိမ်အပေါ်ကုန်းပေါ်က ခွေးသုံးကောင်ရယ်၊ အိမ်ပေါ်လမ်းကုန်းအတက်က ခွေးတစ်ကောင်ရယ်…ပေါင်း လေးကောင်။ ကုန်းပေါ်က ခွေးသုံးကောင်က ခွေးလင်မယားနှစ်ကောင်ရယ်၊ သူရို့သမီးလေး တစ်ကောင်ရယ်..။ အဖေအမေရုပ်လေးမဆိုးသလောက် သမီးလေးက ရုပ်လေး မဆိုစလောက်ဆိုးရှာတယ်….။ ဒါကိုပဲ အိမ်ကအမက သူ့ကို ရုပ်ဆိုးမလို့ခေါ်တယ်….။ ကျမ မကြိုက်မှန်းသိလို့…တမင် စ ပြီးခေါ်တာလေ…။

အဲ့ဒီခွေးလေးကောင်နဲ့…ဟိုကြောင်မ စားဖို့သောက်ဖို့ကို အမက ဈေးမှာ ငါးတွေ ကြက်ရိုးတွေဝယ်တယ်၊ ဆန်သပ်သပ်ဝယ်ပြီး တစ်အိုးသပ်သပ်ခွဲ သေချာချက်ကျွေးတာ…။ ကာကွယ်ဆေး ကာကွယ်ဆေးမို့၊ သန်ချဆေး သန်ချဆေးမို့…၊ ဟိုသားအမိ နှစ်ကောင်ကို ကလေးမရအောင်ဆိုလား အဲ့ဒီဆေးလဲထိုးသေးတယ်..။ အဲ့ဒါတွေအတွက်ကတော့ အဖေနဲ့ကျမက လကုန်တိုင်း နောက်လအတွက် ပိုက်ဆံထုတ်ပေးတယ်….။

စေတနာကြောင့်မို့ထင့်…၊ အဲ့ဒီနောက်ပိုင်း အဖေနဲ့ကျမ အလုပ်အကိုင်ပိုင်းမှာ အဆင်ပြေခဲ့တယ်…။

ဒီနေ့လဲ အိမ်ကအမနဲ့ အချီအချပြောရင်း မနက်စာစားဖို့ ထမင်းစားခန်းဘက်ကူးလာတော့ အမေက ပေါင်မုန့်ထောပတ်သုတ်နေပြီ…။

“အမေ့…သမီးလဲ စားမယ်….”

အမေက ပြန်ပြောတယ်..။ တစ်ခွန်းပဲ…

“ကွကိုယ်…သုတ်စား” တဲ့….

အွင်း…..ရဘာဒယ်..ဒီလောက်ကတော့…အရည်ထူနေပြီ…။

ပေါင်မုန့်တစ်ချပ်ကို ကျမကောက်ကိုင်လိုက်ရင်း…ခမ်းလုကို သတိရလို့….

“အမေ့…ဖားတွေက ဘာစားလဲဟင်…”

အမေကလဲ သဘောပေါက်ပါတယ်…၊ ကျမ ကြောင်ရေချိုးတော့မယ်ဆိုတာ…။

“ကွကိုယ် အသာနေပါဟယ်….၊ သွသူ ရှာစားပါလိမ့်မယ်…” တဲ့…

အဲ့ဒီအချိန်မှာပဲ..အိမ်က အမက ဝင်ပြောတယ်…။

“ဟယ်…ရုပ်ဆိုးမကတော့…ဘီစကစ်တော်တော်ကြိုက်တယ်….၊ မနေ့က ငါကျွေးတော့ စားလိုက်တာ အများကြီးပဲ…”တဲ့…

လုပ်ပြီ…သူများ သားသမီးကို နာမည်လာဖျက်နေပြီ…။ ဒါမျိုးတော့ ဘယ်ရမလဲ…။

“ညီမလေးရဲ့ မိကျားက ရုပ်မဆိုးဘူး…၊ မွေ့ရဲ့ ကြောင်မထက်တောင်…လှသေးတယ်…”

ဒါမျိုးက ပြောနေကျပါ….။ ကြားဖူးနေကျ မွေ့ကတော့ အရည်ထူပြီး ပြုံးဖြီးဖြီးလုပ်နေတယ်….။ တောင်ကြီး – ရန်ကုန် ကူးလိုက်သန်းလိုက်လုပ်နေတဲ့ အမေကသာ ကျမစကားကြောင့် ကျမကို မျက်လုံးကြီးပြူးပြီး..ပြန်ကြည့်ရင်းနဲ့ ပြောတယ်…။

 

“ကြောင်မက မိကျားထက်တော့ လှပါတယ်ဟယ်…” တဲ့…

“ဟင်…အမေကလဲ…မိကျားကမှ တစိမ့်စိမ့်ကြည့်လေ…ပိုလှလေ….”

ကျမလဲ အမေ့ကို စချင်တာနဲ့ နိုင်အောင်ပြောခဲ့ပြီး အလုပ်သွားဖို့ ထမင်းစားဝိုင်းက ထွက်လာခဲ့တယ်…။ ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်နိုင်တဲ့ ခွေးတွေကို မချစ်ဘူးလို့ အတိအလင်းတရားဝင်ကြေငြာထားတဲ့ အမေကတော့ မျက်စောင်းကြီးတထိုးထိုးနဲ့ အိမ်မှာကျန်ခဲ့လေရဲ့…..။

ပြန်ရင်တော့…ဒီကိစ္စ အမေနဲ့ ဆက်ငြင်းရဦးမယ်…..

🙂

 

 

ကောင်းကင်ပြာ

19 comments

  • Wow

    January 26, 2015 at 4:09 pm

    ငယ်ထဲက ခွေးကိုက်ခံရဖူးလို့ ခွေးတော့ချစ်ဖူး.. ကြောင်ကတော့ နူနူဝဲဝဲကျိုးကျိုးကမ်းကမ်း ချစ်တယ် :kwi:

    • ခင်ဇော်

      February 2, 2015 at 2:40 pm

      So do I..
      :k:

  • Kaung Kin Pyar

    January 26, 2015 at 4:30 pm

    ခွေးရော ကြောင်ရော ချစ်ပါတယ်…။
    သို့သော်..အိမ်က ကြောင်မကတော့ စားတာနဲ့အိပ်တာ နှစ်မျိုးပဲလုပ်တယ်..။
    ခုလို ဆောင်းတွင်းမနက်စောစောဆို မထချင်ထချင်နဲ့ အိပ်ယာကထ၊ ရေချိုး၊ အလုပ်သွားဖို့ ပျာယာခတ်ချိန်တိုင်း…စောင်ပုံကြားခွေခွေနေတဲ့ ဒင်းကို မနာလိုပုစ့်…
    🙂

  • အလင်းဆက်

    January 26, 2015 at 5:51 pm

    ကျနော့် အိမ်က အောင်နတ်ကမှ ချစ်စရာအကောင်းဆုံး

    • Kaung Kin Pyar

      January 27, 2015 at 11:11 am

      အမလေးနော်…အိမ်ကသမီးလေးက တစိမ့်စိမ့်ကြည့်လေ ပိုလှလေလို့ ပြောလိုက်မိတာနဲ့…ယောကျာင်္းလေးရှင်ဘက်က ကြော်ငြာဝင်တယ်…။
      ငါ့မိကျားလေးကို ဖွက်ထားမှပဲ…
      :k:
      :k:
      :k:

  • Mike

    January 27, 2015 at 8:49 am

    .အသက်ကြီးလာရင် အဲ့လိုနားအေးပါးအေး နေရာမှာ ခြံလေးဝန်းလေးနဲ့ အပင်ဝါးပင်စိုက်ပြီးနေချင်တာဗျ
    .ခုတော့ စိတ်ကူးတောင်မယဉ်နိုင်ပါဘု :b:
    .အိမ်မှာတော့ ဘာကောင်မှမမွေးဘူး..မွေးသာမမွေးတာ ကြောင်တွေကတော့ဝင်ထွက်သွားလာနေကြတာပဲ
    .လစ်ရင် အသားကြော် ငါးကြော်လေးတွေ..ပါသွားတတ်တာမို့ ကရုစိုက်ဖုုံးအုပ်ထားရသေးတယ်… :))

    • Kaung Kin Pyar

      January 27, 2015 at 11:37 am

      အမေက ကောင်းကင်ပြာကို အပင်စိုက်တဲ့ အလေ့အကျင့်လေး လုပ်ထားလို့ ပြောတယ်….။ အမေကတော့ အပင်စုံစိုက်တယ်…။ ဝါသနာလဲ ပါတယ်..။ အရိပ်ရပင်တွေရော..၊ သစ်ခွတွေရော…။
      ပူတာအိုက ပါလာတဲ့ သစ်ခွနက်ဆိုတာ နာဂစ်တုန်းက လွင့်သွားလို့ လိုက်ဆွဲတာနဲ့ အမေ့ကို တောင်းတောင်းပန်ပန် အိမ်ထဲ ပြန်ခေါ်ရတယ်….။ အိမ်အတွက် ဘုရားပန်းကတော့ အမေစိုက်ထားတဲ့ အပင်တွေနဲ့တင် ဝေဝေဆာဆာရှိတယ်…။
      ကောင်းကင်ပြာတော့…အလှပန်းပင်တွေထက်စာရင် အရိပ်ရပင်တွေနဲ့….ကိုင်းလှတဲ့ အပင်တွေကို ပိုသဘောကျတယ်…။ သို့သော်…စိုက်လားဆိုတော့ စိုက်ဖူး…။ ကိုယ်စိုက်တဲ့အပင် တော်တော်နဲ့ အပင်ကြီးဖြစ်မလာရင် စိတ်က မရှည်တော့ဘူး…။
      နားအေးပါးအေးနေရာဖြစ်တာတော့ မပြောနဲ့…ဦးမိုက်ရေ့။ သင်္ကြန်တောင် ဘာသံမှ မကြားတာ…၊ ဘာကားမှလဲ မလာဖူး…။
      🙁

  • ဦးခင်ခ

    January 27, 2015 at 10:06 am

    ငယ်တုန်းက ဘောလုံးကန်တာ ဘောလုံးလမ်းဘေးခြုံထဲဝင်သွားလို့ ဆော့ချင်ဇောနဲ့ သွားကောက်တာ အဲဒီခြုံထဲမှာ ခွေးအသေးလေးတွေ မွေးထားလေတော့ ခွေးမကြီးက သူ့ကလေးတွေ ကို လာလုပ်တယ်ထင်လားမသိ ဘောလုံးယူလှည့်အထွက်မှာ နောက်တင်းပါးကို လှမ်းကိုက်ခံရပြီးကထဲက အိမ်နားက ခွေးမွေးထားတဲ့ခြံရှေ့က ဖြတ်ရရင်ကို ခြံတံခါးပိတ်ထားတောင်မှ အလိုလိုလန့်ပြီး အပြေးလေးဖြတ်တယ်။ အဲလို အပြေးဖြတ်လေ ခွေးကမျက်စိနှောက်ဟောင်လေ နောက်ဖြတ်ရမှာ ကြောက်လေနဲ့ သံသရာလည်ခဲ့တာပေါ့ဗျာ။
    အခုကြီးလာတော့ ခွေးရှိတဲ့ခြံထဲဆို ဝင်ကိုမဝင်ရဲဘူးဗျ။ ခွေးချစ်ဖို့ မွေးဖို့နေနေတာတာဗျာ။

    • Kaung Kin Pyar

      January 27, 2015 at 11:31 am

      ခွေးတော့ ကိုက်ခံရဖူးဘူး….။
      တခြားခွေးမှန်သမျှ တွေ့တာနဲ့ မကြောက်ဘူး၊ ကိုင်ရဲတယ်…။ အဖွားအိမ်က ခွေးသာ လန့်တာ….။ အဖွားအိမ်ကို သွားဖြစ်လားမသွားဖြစ်လားဆိုတာ ခွေးတောင် ကိုယ့်ကို မမှတ်မိ…။ အိမ်တော့ အတော်လုံတယ်…။ အိမ်က ဘာပစ္စည်းမှ ထိလို့မရ…။ ထိမိတာနဲ့၊ ကိုင်မိတာ၊ ယူမိတာနဲ့ ကိုက်ပြီးသားပဲ…။
      ကိုက်တာက သူ့တာဝန်၊ နောက်ကဆေးဖိုးလို်က်ရှင်းရတာက အဖွားတာဝန်…။
      🙂

  • ဂျက်စပဲရိုး

    January 27, 2015 at 11:07 am

    အိမ်မှာလဲ အိမ်လုံအောင် ခွေးလေး တစ်ကောင် မွေးမယ် ဆိုပြီး ခွေးအိမ်တွေ ဘာတွေ အကျအန ဆောက်ပြီး ကာမှ မွေးမယ် မှန်းထားတဲ့ ငတိ က စက်ရုံ မှာ မဟားဒရား အကိုက်သန် နေတာနဲ့ မမွေးလိုက်ရဘူး။
    တော်ကြာ လူတွေ ကိုက် ထွက်ကိုက်နေမလား ခြံနီးချုပ်စပ် က ခွေးတွေနဲ့ ဆော်လေမလား ဆိုပြီး။
    အဲ့အဖွဲ့ထဲက နောက်တစ်သား ကျရင်တော့ တစ်ကောင်လောက် မွေးရလောက်ပါရဲ့။ း)
    မြန်မာခွေးလေးပါ…
    ဟို ဝံပုလွေ လိုလို ခွေးမျိုးကြီးတွေတော့ ရရင် မွေးချင်သား။

  • Kaung Kin Pyar

    January 27, 2015 at 11:29 am

    တူတူပဲ…ခွေးဆို အကြီးကြီးတွေပဲ မွေးချင်တာ…။ ဟိုအဟောင်သန်တဲ့ အီးဘောလောလေးတွေ ကြိုက်ဝူး…။
    မွေးဖို့ ပေးမယ့်သူပေးတာတောင်…ပြောတဲ့ အိုက်လေးကောင်နဲ့ မတည့်မှာစိုးလို့ မမွေးရဘူးရယ်…။
    အိုက် လေးကောင်က မွေးထားတာမဟုတ်၊ အိမ်နားရှိသမျှ ကျွေးရင်းကျွေးရင်းနဲ့…ထုံးစံအတိုင်း စားအိမ်သောက်အိမ် ဖြစ်သွားတာ…။

  • ဖားသက်ပြင်း

    January 27, 2015 at 1:34 pm

    ​ေြကြာင်​လေး​တေ ခြစ်​ချာ​ယေး​တေ​ညော်​
    သတ်​စားပီး ဘီယာနဲ့မြည်​းရင်​ အ​တော်​​ကောင်​းမှာ
    နှာနုကို သံပံတလင်​းနဲ့ပွတ်​ဆွဲ
    တချက်​ပဲ ဆိုလား
    ပလပ်​ ပလပ်​

  • Kaung Kin Pyar

    January 27, 2015 at 1:38 pm

    ယူဇေ…ယူဇေ
    အိုက်ဒါတွေ…အပျင်းတစ်လို့ ကျိမရဒါ…
    လာဆို မလာဘူး..။ ဗိုက်ဆာရင် တညောင်ညောင်လုပ်ပြီ…။ ညဆို မအိပ်ဘူး…။ အိမ်ပူရင် မနေတော့ဘူး…။
    ကွကိုယ်အခွင့်ထူးခံလို့ သတ်မှတ်တဲ့ဟာဒွေ….
    ပလပ်ကောင်းရင် ပြောစ့်
    ပီးမှ အိမ်က အမနဲ့ ရှင်း…
    :mrgreen:

  • ခင်ဇော်

    February 2, 2015 at 2:43 pm

    ရေးးတတ်လိုက်တာ
    ရေးးပုံက ချစ်စာလေးးးး
    လူ အတိုင်းးးပဲ..!!
    :chit:
    အမ လည်းး တွားးသွားးး ကျောရိုးးးမဲ့တွေကို ကြောက်တယ်။

  • Kaung Kin Pyar

    February 2, 2015 at 4:01 pm

    ပြန်ရောက်ပြီလား မချွိ!!!
    ဒီက ဆွေမျိုးတွေက ဒီလောက်ချစ်တာတောင် ယာယီအိမ်မှာ ပိုပျော်နေတယ်ဆိုလို့ စိတ်မကောင်းဝူးးး…
    :byee:
    😥
    😥

  • naywoon ni

    February 2, 2015 at 11:56 pm

    အဲ့ဂလို ​နေရာမျိုး ​နေချင်​ဘာ့ဗျာ ။ တစ်​ကယ်​ တိတ်​တိတ်​ ဆိတ်​ဆိတ်​ ရှိရဲ့​နော်​ ။ အလှူခံ စက်​သံ​တွေ ဘာ​တွေ မင်​ဂါ​ဆောင်​ စက်​သံ​ဒွေမရှိဘူး​နော်​ ။ ထီသည်​​တွေလဲမလာဘူး​နော်​ ။ ဒါဆိုလာလည်​မယ်​ 🙂

  • Kaung Kin Pyar

    February 3, 2015 at 9:10 am

    အိမ်နားမှာတော့ အာဗြဲစိန်လို့ နာမည်ပေးထားတဲ့ ငှက်လေးတွေပဲ ရှိတယ်… :)…ခုတော့ ဥဩသံကြားနေပြီ….။ ဟိုတစ်လောတုန်းကတော့ မြောက်လေတိုက်လို့ အပင်တွေ ယိမ်းခါနေရော့…
    လာလည်ပါ ဆရာနေရေ….။ စော်ဘွားကြီးကုန်းဘက်လာဖို့ရှိရင် ဒီဖုန်းကို ဆက်ပါနော့… 09 420 703 460. ပိတ်ရက်တွေဆို အိ်မ်မှာရှိပါတယ်…။ အစီအစဉ်မရှိဘဲရောက်ဖြစ်ရင်လဲ ဆက်ပါ..။ မနက်ပိုင်း မွေ့နဲ့ တစ်ခါတစ်လေ ဈေးလိုက်သွားတတ်တာကလွဲရင်…၊ Seminar ကောင်းလို့ သွားမော့တတ်တာကလွဲရင် အိမ်မှာရှိပါတယ်…။ ထမင်းဖိတ်ကျွေးပါရစေ..။

  • ရွာစားကျော် မင်းနန္ဓာ

    February 3, 2015 at 5:12 pm

    ဒို့ကတော့
    တကယ့် လူသားသား လူမီးမီးကလေးတွေပဲ အိမ်မှာ မွေးထားတယ်
    :kwi:

  • Kaung Kin Pyar

    February 4, 2015 at 11:30 am

    .အွန့်….
    .ထိချက်ပြင်းတွားဘီ…
    🙁

Leave a Reply