အမယ်လေး

လက်… လက်.. လက်ကြီး….

ငယ်သံပါအောင် အော်ဟစ်သံနဲ့အတူ ပြေးထွက်သွားတဲ့ ခင်မရဲ့ခြေသံကိုကြားလိုက်ရတာမို့…

ကြည့် လုပ်ပြီ ခင်မတို့များ သူများကို မစောင့်တော့ဘဲနဲ့ ရုံးခန်းထဲမှာတစ်ယောက်ထဲထားခဲ့တဲ့ အပြင် ခြောက်သွားသေးတယ်..သိမယ်

ဒါနဲ့ ကျမ ဆရာယူခိုင်းလိုက်တဲ့ ပစ္စည်းတွေယူ၊ ရုံးခန်းတံခါးကို သော့ပြန်ပိတ်နေရင်း ကျောချမ်းလာသလို တစ်ယောက်ယောက်က ကြည့်နေသလို ခံစားမိတာနဲ့ နောက်ကိုလှည့်ကြည့်လိုက်ပါတယ်..

တစ်ယောက်ယောက် တစ်ဖက်ခန်းထဲဝင်သွားတာ လက်လေးဘဲမြင်လိုက်ရတယ်. .အဲ့ဒီလက်..ချယ်ရီရောင် လက်သဲနီလေးတွေဆိုးထားတဲ့ ဖြုသွယ်လှပတဲ့ လက်ကလေး…ဟင် ဒါ..ဒါ..မမရည်မွန် ရဲ့လက်..

မမရည်မွန်ရေ..မမရည်မွန်…မမရည်မွန်..မမရည်မွန်ရေ….

… … … …. ……. ….

မမရည်မွန် တဲ့ ဖြူဖြူသွယ်သွယ် ချောလှသတဲ၊့ ခု နှစ်ဝက်မှ အသစ်ရောက်တဲ့ကျောင်းသူတဲ့ ၊သွားကြည့်ရအောင်တဲ့ ခင်မ ရဲ့သတင်းပေးမှုကြောင့် ကျမတို့ ခုနှစ်တန်းကျောင်းသူတစ်စု မုန့်စားဆင်းချိန်မှာ ရှစ်တန်းအေကို သွားချောင်းကြပါတယ်။ ကျမတို့အုပ်စု အခန်းပေါက်သကနေ အတန်းထဲကို အသည်းအသန် ချောင်းနေချိန် သူက အတန်းထဲဝင်ဘို့ ကျမတို့ အုပ်စုနောက်မှာရောက်နေခဲ့တယ်..ကျမတို့ပြောသမျှ သူအကုန်ကြားခဲ့တယ်..ညီမလေးတို့လို့ ခေါ်တဲ့ သူ့အသံလေးက ချိုသာနေခဲ့တယ်..အဲ့လိုနဲ့ဘဲ သူက ကျမတို့ အချစ်တော် မင်းသမီးလေးဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့ ချယ်ရီရောင် လက်သည်းနီ ဆိုးထားတဲ့ ဖြူဖြူသွယ်သွယ် လက်ကလေးကို အချစ်ဆုံးပါလို့ ပြောရင် သူနှစ်နှစ်ချိုက်ချိုက်ရယ်တတ်တယ်..သူကလဲ အနေအေးတဲ့ ကျမကို အချစ်ဆုံးတဲ့ ..ချစ်စရာ မမရည်မွန်ပါ..

ကျမတို့်တင်မက ကျောင်းသားတွေကလဲ သူ့ကိုချစ်လာကြတဲ့အခါ..အဲ့ဒီသူတွေကတော့ ကျမတို့ရဲ့ရန်သူပေါ့ သူ့သဘောကျ သူ့ကိုကာကွယ်ဘို့ ကိုယ်ရံတော် တာဝန်ယူခဲ့ကြတယ်…သူ့ကိုချစ်တယ်ပြောသူမှန်သမျှ ကျမတို့ရဲ့နည်းမျိုးစုံနဲ့ ရန်ပြုခြင်းကို မလွဲမသွေကြုံတွေ့ရပါတော့တယ်…ကျမတို့ အုပ်စု ဘယ်လိုပညာပေးလိုက်တယ်ဆိုတာ ပြန်ပြောပြရင်း သူနဲ့အတူ ပျော်နေခဲ့ကြတယ်။

ဒါပေမယ့် မကြာခင်မှာဘဲ သူ ကျမတို့ကို ဓာတ်ပုံတစ်ပုံပြလာတယ်..အဲ့ဒါ သူ့ချစ်သူတဲ့ ဒီကျောင်းကဘဲတဲ့ သူ့ကို မနှောက်ယှက်ရဘူးတဲ့ ညီမလေးတို့ လက်ခံရမတဲ့ ကျမတို့ တားကြတယ်…သူလက်မခံဘူး…ကျမတို့ ဘာလုပ်ကြမယ်ထင်သလဲ… ထုံးစံအတိုင်းပေါ့…ဒီတော့သူ စိတ်ဆိုးတယ်၊ ကျမတို့ကို မခေါ်တော့ဘူး။ ခင်မတို့က သူ့ကို စိတ်ဆိုးလို့ အခေါ်ပြောမလုပ်တော့ဘူး နင်သွားရင် နင့်ကိုလဲ မခေါ်ဘူးတဲ့ ကျမ သူ့ဆီဘဲသွားခဲ့တယ်။ ကျမကို အချစ်ဆုံးဆိုတော့ ပြောရင် ရနိုင်မယ်ထင်ခဲ့တာကိုး ဒါပေမယ့် သူကတော့ ဒီအကြောင်းပြောမယ်ဆို နောက်မလာနဲ့တော့တဲ့…ဒီလိုနဲ့ ဝေးခဲ့ရတယ်…

အဲ့ဒီနောက် သူ့ ..အဖေနဲ့ အမေ ကွဲသွားတယ်တဲ့ ၊ အဖေနဲ့ နေတယ်တဲ့၊ ခဏခဏ ကျောင်းပျက်သတဲ့..ရည်းစားနဲ့ ကျောင်းပြေးတာတဲ့၊ ကျောင်းအုပ်ကြီးက မိဘခေါ်တွေ့တော့ သူ့အဖေသိသွားပြီး အရိုက်ခံရသတဲ့… ကျောင်းထုတ်သွားပြီတဲ့ ..ခိုးထွက်တာ လမ်းထိပ်မှာသူတို့နှစ်ယောက်ကို သူ့အဖေမိလို့ နှစ်ယောက်လုံး အရိုက်ခံရသတဲ့ .. အိမ်ပြင်ပေးမထွက်ဘူးတဲ့…အိပ်ဆေးတွေသောက်လို့ သေသွားပြီတဲ့…အိပ်နေသလိုဘဲတဲ့…သူ့အကြိုက် ချယ်ရီရောင် လက်သည်းနီ ဆိုးထားပေးတယ်တဲ့…အသုဘ ချတဲ့နေ့က ကျောင်းသားတွေ အခေါင်းကစားသတဲ့ …ပန်းခွေနဲ့ ဇာတွေယူလာပြီး ကျောင်းက စက္ကူပင်မှာချည်ထားသတဲ့…အတန်းထဲမှာ သူ့ထိုင်ခုံကို ဘယ်သူမှထိုင်လို့မရဘူးတဲ့.. တွန်းချတယ်တဲ့… စာအုပ်တွေလွှင့်ပစ်တယ်တဲ့… နှင်းဆီပန်းနံ့တွေပေးတယ်တဲ့..ပရိတ်တရားနာလဲ မရဘူးတဲ့.. စာမေးပွဲနေ့ သူ့အတွက် ထိုင်ခုံပေးထားရတယ်တဲ့…

တစ်ကယ်ဝေးခဲ့ရပြီဘဲ မမရည်မွန်ရယ်..

…. … …… … … …. ….

မမရည်မွန်ရေ..မမရည်မွန်…မမရည်မွန်..မမရည်မွန်ရေ….

ကျမ အော်ငိုနေချိန်မှာဘဲ ငိုနေတဲ့ ခင်မနဲ့ သူငယ်ချင်းတွေ ဆရာတို့နဲ့ အတူရောက်လာပြီး ကျမကို သင်တန်းခန်းမဆီကို ခေါ်သွားခဲ့ပါတယ်..

ဆရာက ရယ်လျှက် အမယ်လေး တစ်ကယ့်ကြက်ခြေနီတွေပါလား…နွေကျောင်းပိတ်ရက် သင်တန်းပေးရုံမကသူတို့ကိုပါပြန်ပြုစုရတော့မတဲ့… သရဲ ခြောက်ခံရတာများ အော်ငိုနေရသလားတဲ့ သူများတွေ ၀ိုင်းရယ်ကြပေမယ့် မရယ်နိုင်ခဲ့ပါဘူး..မမရည်မွန်ရေ…မမရည်မွန်က ကျမကို ခြောက်တာမဟုတ်ပါဘူးနော်… နှုတ်ဆက်တာပါ…  နှုတ်ဆက်တာပါ…

ပြုပြုသမျှ ကောင်းမှု အစုစုကို အမျှပေးဝေပါတယ်

ဘ၀ အဆက်ဆက် ဒီလိုအဖြစ်ဆိုးမျိုး မကြုံပါစေနဲ့

ကောင်းရာမွန်ရာ ရောက်ပါစေ မမရည်မွန်ရေ…

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..