BAMA ဥက္ကဌ ဒေါက်တာတင်ငွေနှင့် တွေ့ဆုံခြင်း

kaiMarch 11, 20102min890

ဒေါက်တာတင်ငွေ နှင့် ဇနီး ဒေါ်ဒေစီခင်ငွေ

ဒေါက်တာတင်ငွေကို ၁၉၄၂၊ဇန်နဝါရီ၉ရက်တွင် အဘဦးထွန်းလှ၊အမိဒေါ်သန်းတို့မှ ဖျာပုံ၊မရပ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း၅ဦးတွင် အငယ်ဆုံးဖြစ်သည်။ ပျဉ်းမနားအမှတ်၁ကျောင်းတွင်ရတန်းထိပညာသင်ကြားခဲ့ပြီး  ရန်ကုန်ရှိ Hla Practice Schoolသို့ ပြောင်းရွှေ့ပညာသင်ကြားကာ ၁၉၅၈တွင် မက်ထရစ်စာမေးပွဲအောင်သည်။ ၁၉၅၈-၁၉၅၉တွင် ရန်ကင်းကောလိပ်တွင် Inter Aကိုသင်ယူပြီး ၁၉၅၉-၁၉၆ဝတွင် ရန်ကုန်ပင်မတက္ကသိုလ်တွင်InterBအောင်သည်။ ၁၉၆ဝတွင် ဆေးတက္ကသိုလ်တွင်ပညာသင်ကြားပြီး ၁၉၆၅မတ်လတွင်MBBSဘွဲ့ရသည်။ ၁၉၆၆မှ၁၉၆၈ထိ မြန်မာနိုင်ငံ မျက်ခမ်းစပ်တိုက်ဖျက်ရေးစီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇ဝတွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချသည်။ ၁၉၇၁မှ၁၉၇၃ထိFamily practice medicineနှင့်၁၉၈ဝတွင် Geartric Medicine Board Certifiedaအောင်မြင်သည်။ ၂၀၀၈ဇွန်လမှစပြီး BAMA(Burmese American Medical Association)အသင်းဥက္ကဌတာဝန်ဆောင်ရွက်သည်။

၁)ဆရာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာပုံကစပြီးပြောပြပါ။

ကျနော့်အမျိုးသမီးမိဘတွေက ဦးနုခေတ်မှာထဲက ယူအက်စ်ကိုရောက်နှင့်နေတယ်။ ကျနော်က ဘွဲ့ရပြီး မျက်ခမ်းစပ်တိုက်ဖျက်ရေးမှာ အလုပ်လုပ်တယ်။ECFMGဖြေပြီး အောင်ရင် ယူအက်စ်သွားဖို့ စိတ်ကူးတယ်။ အဲဒီတုန်းက မြန်မာပြည်က လှမ်းဖြေရတာ။ မအောင်ရင်တော့ မသွားဘူးပေါ့။သူများတိုင်းပြည်မှာ စားပွဲထိုး၊ဓာတ်ဆီထည့်တာမျိုးတော့ မလုပ်ချင်ဘူးလေ။ စာမေးပွဲလှမ်းဖြေတာ ၁၉၆၈မှာ အောင်သွားတယ်။ မြန်မာပြည်ကို သံယောဇဉ်ရှိသေးတော့ မသွားသေးဘူး။၁၉၇ဝမှာမှ သွားတယ်။

၂)ဒီကို စရောက်ရောက်ချင်း ဆရာ့အတွေ့အကြုံ။

၁၉၇ဝဇန်နဝါရီမှာရောက်တယ်။အဲဒီတုန်းက ဒီမှာဆရာဝန်က ရှားတယ်။ ကျနော့်ကို ဒီလာဖို့ ဒေါ်လာ၇၅ဝနဲ့လေယာဉ်လက်မှတ်ပို့ပေးတယ်။ အဲဒီတုန်းက ဓာတ်ဆီ၁ဂါလံကို ၃၂ဆင့်။Raver Swood Hospital,Chicagoမှာတာဝန်ထမ်းဆောင်ရတယ်။ ဆေးရုံက living quarterပေးပါတယ်။rotating internshipတနှစ်လုပ်ရတယ်။ ဆေးရုံမှာ မြန်မာဆရာဝန်တွေ ရှိနှင့်တယ်။ ၁၉၇၁-၁၉၇၃ထိFamily Practiceလုပ်တယ်။

၃)ဆေးရုံက ဘာလူမျိုးလူနာတွေ အတက်များလဲ။ ဘာရောဂါတွေအတက်များလဲ။

ဆေးရုံကမြောက်ပိုင်းအခြမ်းနဲ့တောင်ပိုင်းအခြမ်း၂ခြမ်းပေါင်းရင် ကုတင်၆၀ဝဆံ့။မြောက်ပိုင်းခြမ်းမှာ အဖြူက ၁၀ဝရာနှုံးပဲ။ တောင်ပိုင်းခြမ်းမှာတော့ လူမည်းများပါတယ်။ အတက်များတာကတော့ ကင်ဆာ၊  နှလုံးရောဂါ၊လေဖြတ်တာတွေပေါ့။ ရောဂါကတော့ မြန်မာပြည်မှာရှားတဲ့ရောဂါတွေလဲ တွေ့ရတယ်။Ulcerative colitis, Chron’s disease,MS, Parkinson’sdisease,Abdominal Aortic Aneurysim, Berry aneurysm, Amyotropic laterasclerosis,ထိခိုက်မှုဆို head injuryတွေအတွေ့များတယ်။

၄)မြန်မာပြည်ကလူနာတွေနဲ့ ဒီကလူနာတွေ ဆရာဝန်တဦးအမြင်နဲ့ ဘာခြားနားမှုတွေ့ရလဲ။

ဒီကလူနာတွေက သူ့ရောဂါသူသိကြတာများတယ်။သူဘာဆေးစားနေတယ် ဘာရောဂါရာဇဝင်ရှိတယ် ပြောတတ်တယ်။ပညာရေးအရ သူတို့က အနည်းဆုံးအထက်တန်းအောင်ကြပြီးသူတွေများတယ်။ကျနော်တို့ မြန်မာပြည်ကတောကလူနာတွေကျ ဒါတွေသိပ်မပြောတတ်ဘူး။ရိုးသားပြီး သိပ်သနားစရာကောင်းတယ်။

၅)ဆရာ့အလုပ်ခွင်မှာ လူမျိုးရေး ၊အသားအရောင်ခွဲခြားဆက်ဆံခံရတာမျိုး ကြုံဖူးပါလား။

ကျနော်တော့ လုံးဝမကြုံခဲ့ရပါဘူး။ ကျနော်တို့ဆေးရုံမှာလူမျိုးစုံတယ်။ ဆရာဝန်ထဲမှာ မြန်မာ၊ကိုးရီးယား၊ထိုင်ဝမ်၊အီရန်၊တရုတ်စုံတယ်။အဲ့ဒီဆေးရုံက အဖြစ်အပျက်တခုပြောပြချင်တယ်။ ကျနော်တို့ဆရာဝန်တွေထဲက အီရန်ဆရာဝန်မေးတဲ့မေးခွန်းကို လူနာအမေရိကန်အမျိုးသမီးက နားမလည်ဘူး။ ဆရာဝန်က’What is your illness?”လို့မေးတာ။  လူနာကနားမလည်ဘူးပြန်ပြောတော့ ဆရာဝန်က စိတ်ဆိုးပြီး လူနာchargeကိုလွှင့်ပစ်တာ။ဘေးက နောက်ဆရာဝန်တယောက်က”What brought you here?”လို့ ဝင်မေးပေးမှ လူနာကနားလည်သွားတယ်။ အဲဒီတုန်းက ဆရာဝန်ရှားတော့ အလုပ်မဖြုတ်ပါဘူး။ လူနာကလည်း စိတ်မဆိုးဘူး။ သူတကယ်နားမလည်လို့ လို့ပြောတယ်။ အဲဒီ့ရက်ပိုင်းမှာ Medical Director ကကျနော်တို့ နိုင်ငံခြားသားဆရာဝန်တွေကို အင်္ဂလိပ်စကားပြောသင်တန်းတက်ဖို့ စီစဉ်ပေးတယ်။ ဆေးရုံမှာ ညနေ၅နာရီက၆နာရီထိ အင်္ဂလိပ်စကားပြောသင်ရတယ်။ ကျနော့်ကို တရက်သင်တန်းမှာ အင်္ဂလိပ်သတင်းစာဖတ်ပြခိုင်းတာ ဖတ်တတ်တော့ သူတို့အံ့ဩတယ်။ ဒါနဲ့ကျနော်လည်း ကျနော်တို့တိုင်းပြည်မှာ အင်္ဂလိပ်စာဖတ်တာ အဆန်းမဟုတ်ကြောင်း၊ စကားပြောသာ ပြောကျင့်မရှိလို့ ကျွမ်းကျင်မှုနဲတာဖြစ်ကြောင်း သူတို့ကို ပြောပြရတယ်။

၆)အဲဒီကာလက ဒီကဓာတ်ခွဲခန်းတွေက မြန်မာပြည်ကဓာတ်ခွဲခန်းတွေနဲ့ ယှဉ်ရင် တော်တော်ကွာသလားဆရာ။

ကျနော် ဒီကအရေးပေါ်ဌာနမှာလုပ်တော့ EKG,Chest X ray,Abodomenal X rayတွေ တောင်းနိုင်တယ်။ cardiac enzymesတွေ တောင်းနိုင်တယ်။ Ultra sound,CTတို့တော့ မရှိသေးပါဘူး။

၇။)ဆရာ အရေးပေါ်ဌာန(Emergency)မှာ လုပ်ခဲ့တယ်နော်။

ဟုတ်ကဲ့။၁၉၇၅-၁၉၈ဝထိလုပ်ခဲ့တယ်။ ကျနော်ပထမဆုံးtrainingပြီးတော့  Illinoisက Springfield department of registration and educationကိုလျှောက်တယ်။ သူတို့ဌာနက ကျနော်တို့ မြန်မာပြည်ကဆေးကျောင်းကို အသိအမှတ်မပြုဘူး။ ဒါကြောင့် နောက်ထပ်intership၁နှစ်ထပ်ဆင်းရတယ်။ထပ်လုပ်ရင်းFLEXလျှောက်တယ်။ အဲဒါအောင်ရင် ဒီလက်မှတ်နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၈ပြည်နယ် သွားလို့ရတယ်။ ၁၉၇၄မှာ tariningပြီးတော့ City of Chicago Board of Healthလျှောက်တော့ ၃ပတ်အတွင်းမှာ အလုပ်ရတယ်။ သူတို့ပို့တဲ့ဆီသွားတောCook County Geriatric Hospital, south sideမှာရတယ်။ ၁၀ဝရာနှုံးလူနာက လူမည်းတွေ။မနက်၈နာရီက ညနေ၄နာရီ၊တနင်္လာကနေသောကြာထိလုပ်ရတယ်။ အဲဒီမှာ၁နှစ်ခွဲ။နောက်တော့ မှာ ၁၉၇၅-၁၉၈ဝထိ Augustara Hospital,Chicagoမှာအရေးပေါ်ဌာနမှာလုပ်ဖြစ်တယ်။ အလုပ်ချိန်က တနင်္လာကကြာသပတေး၊ မနက်ရနာရီကညရနာရီထိ။စနေ၊တနင်္ဂနွေမှာတော့ Oak Forest Hospitalမှာ Geriatricမှာလုပ်တယ်။တနေ့၁၆နာရီလုပ်ရတယ်။

၈။)ဆရာ့အရေးပေါ်ဌာနအတွေ့အကြုံတွေ မျှဝေပါဦး။

ကျနော်အလုပ်လုပ်တဲ့ဆေးရုံအရေးပေါ်ဌာနမှာဆရာဝန်၁ဦးနဲ့သူနာပြု၅ဦးရှိတယ်။ ရောဂါအများဆုံးလာတာတော့ ဆီးချိုနဲ့ ပန်းနာရင်ကျပ်များတယ်။နှလုံးရောဂါHeart attackတွေလဲများတယ်။  နောက်အရိုက်ခံရလို့ ဦးခေါင်းပိုင်းထိခိုက်တာမျိုးတွေလာတယ်။ ရောဂါတခုချင်းစီ အခြေအနေအလိုက် ချက်ချင်းtestတွေလုပ်ရတယ်။cutဆိုချုပ်ရတယ်။ မေးခိုင်ကာကွယ်ဆေး(Tetanus Toxidထိုးပေးရတယ်။ တခါမှမထိုးဘူးတဲ့လူနာဆို Hyper  Tec globulinထိုးပေးရတယ်။ အထူးကုဆီ လွှဲပြောင်းသင့်သူလွှဲပေးရတယ်။ သိပ်ဆိုးဆိုးဝါးဝါးတွေတော့ မကြုံရပါဘူး။ လူနာကအများဆုံးတနေ့၁၅ယောက်လောက် လာတတ်တယ်။ အရေးပေါ်လုပ်ရင်း Employee Health Physicianလဲ တွဲလုပ်ရသေးတယ်။

၉။)အရေးပေါ်မှာ၅နှစ်ပြီးတော့။
၁၉၈ဝအရေးပေါ်ဌာနမှာ အလုပ်လုပ်ပြီးတော့ Geriatric Board Certified ဖြေတာအောင်တော့ Geriatricအနေနဲ့ Illinois State Hospitalဆီပြောင်းတယ်။ အဲဒီမှာ ၁၉၈၂ကနေ၂၀၀၂ထိအလုပ်လုပ်ခဲ့တယ်။ Geriatric fellowship Attendingမှာ စာပြတယ်။

၁၀။)Geriatricမှာအဓိက ဘယ်လိုလူနာတွေတွေ့ရလဲ။

လေဖြတ်တာ၊ဆီးလမ်းကြောင်းပိုးဝင်တာ၊နမိုးနီးယား၊ နှလုံးရောဂါ၊ဦးနှောက်ကင်ဆာတွေ အတွေ့များတယ်။

၁၁။)ဆရာပင်စင်ယူတော့။
၂၀၀၂ဒီဇင်ဘာမှာ retireလုပ်ပါတယ်။

၁၂။)ပင်စင်ယူချိန်ဆရာ့လုပ်သက်က။
ကျနော်က early retirement.Golden Handshake လို့ခေါ်တယ်။ ပင်စင်ယူချိန်မှာ လုပ်သက်ကို၅နှစ်အသက်ကို၅နှစ်ထည့်ပေါင်းပေးတယ်။ ကျနော့်လုပ်သက်က၂၈နှစ်။ သူတို့က၅နှစ်ထည့်ပေါင်းတော့၃၃နှစ်ဖြစ်သွားတယ်။ cityမှာ၁နှစ်ခွဲ၊countyမှာ၃နှစ်ခွဲ၊stateမှာ၂၃နှစ်။stateမှာလုပ်သက်အနည်းဆုံး၈နှစ်ရှိမှဒီပင်စင်ကqualifyဖြစ်ပါတယ်။ ၂၀၀၂ဒီဇင်ဘာမှာ ပင်စင်ယူပါတယ်။ ၂၀၀၃ထိကျနော့်မှာ ဆေးကုသခွင့်လိုင်စင်ရှိတယ်။

၁၃။)အမေရိကားမှာ ဆရာဝန်တွေသိပ်သတိထားရတဲ့ လူနာကတရားစွဲတာမျိုးအတွက် ဘယ်စနစ်တွေရှိပါလဲ။

ကျနော်တို့ကို ဆေးရုံက အာမခံဝယ်ပေးတယ်။ 10millionsထိ coverဖြစ်တယ်။ကျနော့်တသက်တော့ တခါမှမကြုံဘူးပါဘူး။

၁၄။)ဆရာလက်ရှိဥက္ကဌအဖြစ်တာဝန်ယူနေတဲ့ BAMAအသင်းမှာ ပါဝင်ခဲ့ပုံနဲ့ အသင်းရဲ့လှုပ်ရှားမှုတွေပြောပြပေးပါ။

ကျနော်ပင်စင်ယူပြီး Chicagoကနေ Los Anglesကိုပြောင်းလာတော့  အတွင်းရေးမှူးအနေနဲ့၂နှစ်၊ဒုဥက္ကဌအနေနဲ့၂နှစ် အသင်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အသင်းကဥက္ကဌကို၂နှစ်တကြိမ် မဲပေးစနစ်နဲ့ မေလမတိုင်ခင်ရွေးတယ်။ ကျနော့်ကို အသင်းဥက္ကဌအဖြစ် ၂၀၀၈မေမှာ အသင်းကရွေးတယ်။ECရော Board of Directorsကရောရွေးတယ်။ ခု၂၀၁ဝမေမတိုင်ခင်မှာ နောက်အသင်းဥက္ကဌအသစ်ကို ထပ်မံရွေးချယ်မှာ ဖြစ်ပါတယ်။ အသင်းလှုပ်ရှားမှုတွေက တခြားလူမှုရေးအသင်းတွေဖြစ်တဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်းနဲ့ ပူးပေါင်းပြီး သင်္ကြန်ပွဲမှာ သွေးပေါင်ချိန်၊ကိုယ်အလေးချိန်၊သွေးချိုစစ်တာတွေ အခမဲ့လုပ်ပေးတယ်။ ဒေါက်တာယူဂျင်းတော်ရဲ့Tsuzeအသင်းနဲ့ ပူးပေါင်းပြီး Flu Shotကို မြန်မာဘုန်းကြီးကျောင်းများဖြစ်တဲ့ Azuzu,Grand Viewကျောင်းများမှာ လူအယောက်၆၀-၇ဝစာအခမဲ့ထိုးပေးတယ်။သင်္ကြန်ပွဲမှာ ပညာရေးထူးချွန်သူလူငယ်တွေကို ဆုပေးတယ်။Fallနဲ့Springတနှစ်မှာ၂ဝကြိမ် အသင်းညစာစားပွဲလုပ်တယ်။အသင်းဝင်တွေကဆရာဝန်၊သွားဆရာဝန်၊သူနာပြု၊Lab technician,pharmacistတွေပါဝင်တယ်။ထမင်းစားပွဲမှာ အမေရိကားဆရာဝန်လိုင်စင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူတွေကို ဆုပေးတယ်။၂၀၀၉စက်တင်ဘာ၅မှာ အသင်းဥက္ကဌနဲ့ ဘဏ္ဍာရေးမှူးပူးပေါင်းပြီး ဆရာဝန်၊သွားဆရာဝန်pre reunionကို စီစဉ်ကျင်းပတာ လူအယောက်၃၀ဝလောက်လာတယ်။ ကျနော်တို့က ပြည်ပနဲ့တခြားပြည်နယ်ကလာတဲ့လူတွေ အဆင်ပြေဖို့ အကြိုအပို့ပါစီစဉ်ပေးပါတယ်။

၁၅။)အမေရိကားလာဖို့ပြင်ဆင်နေတဲ့ လူငယ်တွေကို ဆရာဘာအကြံဉာဏ်ပေးချင်ပါလဲ။
အမေရိကားလာဖို့ စိတ်ကူးရင် စာတွေကျေနေအောင်ဖတ်ခဲ့ရမယ်။ ဒီတိုင်းပြည်က မေးခွန်းပုံစံက Multiple Choice Questionပုံစံ။eassy ပုံစံစာဖတ်ရင် အောင်ဖို့ခက်မယ်။ တအုပ်လုံးကျေအောင်ဖတ်မှကောင်းတယ်။ ဒီတိုင်းပြည်မှာ အဖြစ်များတဲ့ရောဂါတွေကို ပိုလေ့လာရမယ်။ Washington Manuualနဲ့ Merk Manuualဖတ်တယ်။ Harisonက သိပ်အသေးစိတ်သွားချင်မှဖတ်လို့ကောင်းတယ်။

၁၆။)ဒီဆရာဝန်အလုပ်နဲ့ မြန်မာဆရာဝန်ဘာတွေ ထူးထူးခြားခြားကွာခြားမှုရှိလဲ။

အဓိကက CME(Continue Medical Eduction)မပြတ်ပေးတယ်။ up to date ဖြစ်ဖို့ recertificationကပြန်ပြန်ဖြေနေရတယ်။ Family practicဆို၆နှစ်ရနှစ်မှာတခါ၊Geartricဆို ၁ဝနှစ်တခါပြန်ဖြေရတယ်။ သူများမေးရင် ဆွေးနွေးနိုင်အောင်။

၁၇။)ဆရာအမြဲကျင့်သုးံတဲ့ ဘဝတိုးတက်ရေးအတွက် အယူအဆနဲ့ ပြသနာတွေကြုံလာရင်ဘယ်လိုရင်ဆိုင်ကျော်လွှားတယ်ဆိုတာ စာဖတ်ပရိသတ်ကိုမျှှဝေပေးပါ။

လိုချင်တဲ့ဆန္ဒရှိလို့ ကိုယ်ကြိုးစားရင် ကိုယ်အောင်မြင်တာပါပဲ။ြ ပသနာတွေအတိုက်အခိုက်တွေကြုံလာရင်လဲ စိတ်အေးလက်အေးထားပြီး ဖြေရှင်းတယ်။။ ကိုယ့်ကိုပုဂိုလ်ရေးတိုက်ခိုက်တာကြုံလည်း တတ်နိုင်သလောက်လျစ်လျှူရှုပြီး သည်ခံခြင်း၊ခွင့်လွှတ်ခြင်းကို အမြဲလက်ကိုင်ထားပါတယ်။

၁၇။ဆရာ့ဘဝမှာ အမှတ်ရဆုံးအဖြစ်အပျက်။

ကျနော်Trachoma Survery Team Leaderအနေနဲ့ မြန်မာပြည်မှာတာဝန်ထမ်းဆောင်တုန်းက မိတီ္ထလာခရိုင်တခုလုံးသွားရတယ်။ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်တဲ့ဒေသတွေသွားရတယ်။ ကားမဝင်နိုင်တဲ့ရွာတွေဆို ရမိုင်ကျော်လမ်းလျှောက်သွားရတာ မနက်သွားညနေစောင်းမှရောက်တာရှိတယ်။ တောထဲမှာပဲအိပ်ရတယ်။ သူကြီးကို၁လနို့တစ်စာကြိုပို့ရတာ။ကျောက်ဆည်၊မန္တလေးထိသွားတာရှိတယ်။နတ်မောက်သွားတယ်။ အမှတ်ရဆုံးက မကွေးကရွာလေးတရွာကိုသွားတာ ကားကမရုန်းနိုင်ဘူး။ ၂မိုင်၃မိုင်လမ်းလျှောက်ရတယ်။ဒီအညာဒေသတွေက ရေသိပ်ရှားတာ။ မျက်ခမ်းစပ်ရောဂါဆိုတာလဲ အပူပိုင်းဒေသမှာရေရှားလို့ဖြစ်တာမျိုးလေ။ဒါနဲ့ ကျနော်တို့လမ်းမှာရေငတ်တော့ သောက်စရာရေလုံးဝမရှိဘူး။ အနီးက ဘုန်းကြီးကျောင်းကိုဝင်တော့လဲ ရေမရှိဘူး။ထန်းရည်ဘဲရှိတော့ ရေဆာဆာနဲ့ ထန်းရည်ဘဲသောက်တာ မနက်ကသူတို့ခပ်ထားတဲ့ထန်းရည်အချိုက ညနေစောင်းတော့အချိုမဟုတ်တော့ဘူး။ သောက်တုန်းကချိုပေမယ့် မူးပြီးအိပ်ပျော်သွားရော။ ရွာတွေက ရေခပ်ဖို့၄မိုင်လောက်သွားရတာ။ နေကပြင်း၊ဖုန်ကထူ။ကျနော်တို့စီးတဲ့လှည်းကနွား၂ကောင်လဲ အပြန်ကျသေသွားရော။ တောရွာအရပ်ကလူတွေက သိပ်ကူညီပြီးစိတ်ထားဖြူစင်တာ မမေ့နိုင်စရာပါ။ ကျနော်တို့ ကျန်းမာရေးအဖွဲ့ကို လိုလေသေးမရှိကျွေးမွေးပြုစုတယ်။ နောက်အမှတ်တရတခုက အမေရိကားရောက်ပြီး အရေးပေါ်မှာလုပ်တော့ ငယ်သူငယ်ချင်းဒေါက်တာChowdaryက Pathology Professorအနေနဲ့ သင်တန်းလာပေးတာ။ မမျှော်လင့်ဘဲ နိုင်ငံခြားမှာပြန်ဆုံတော့ ၂ယောက်လုံး အံ့ဩဝမ်းသာကြတာပေါ့။

၁၈။)အမေရိကားရောက်မြန်မာတွေရဲ့  ကျန်းမာရေးအခက်အခဲ(ဥပမာ-ကျန်းမာရေးအာမခံမရှိတဲ့သူမျိုး)ကို ဆရာဝန်တဦးအနေနဲ့ ကျန်းမာရေးအတွက်ဘာအကြံဉာဏ်ပေးလိုပါလဲ။

ပထမက ဒီမှာ ကျန်းမာရေးအာမခံမရှိသူတွေက county hospitalကိုသွားသင့်တယ်။ နောက်နာတာရှည်ရောဂါတွေဆို researchလုပ်တဲ့အဖွဲ့အစည်းတွေမှာ volunteerအနေနဲ့ပါရင် ဆေးကုလို့ရမယ်။ဆေးရမယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျနော်အထူးပြောလိုတာကတော့ အစားစားလို့နဲနဲဝပြီဆိုတာနဲ့ ချက်ချင်းရပ်လိုက်ပါ။ ကယ်လိုရီပမာဏစားတာလျော့ရင် အသက်ပိုရှည်ပါမယ်။အာဟာရပြည့်တဲ့ အသီးအနှံအရွက်များများစားဖို့ တိုက်တွန်းပါတယ်။  red meatနဲ့saturated fatရှောင်ကြပါ။ပိန်ပြီးရင် ဝဖို့သိပ်လွယ်တယ်။ဝပြီးပိန်ဖို့သိပ်ခက်တယ်။ ဝပြီဆို နောက်ဆက်တွဲ သွေးတိုး၊ဆီးချို၊နှလုံးရောဂါတွေ လိုက်လာပြီ။ ကိတ်မုန့်လေးတတုံးစားလိုက်လို့ ကိုယ်ခန္ဓာဝလာပြီဆို ပြန်လျှော့ရတာမတန်ပါဘူး။ နေ့စဉ်၁နာရီလောက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပါ။

၁၉။)မန္တလေးဂေဇက်သတင်းစာအပေါ်ဆရာ့အမြင်။

ကျနော်သတင်းစာလစဉ်ဖတ်ပါတယ်။ တဖြည်းဖြည်းပိုကောင်းလာတယ်။သတင်းစုံတယ်။ ကဏ္ဍစုံတယ်။ကြော်ငြာကအစ ဘယ်ဆိုင်ဘယ်မှာရှိတယ် လွယ်လွယ်သိနိုင်လို့ သွားဝယ်ရလွယ်တယ်။ Burmese communityအတွက် သိပ်အကျိုးရှိတဲ့စာစောင်လို့ မြင်ပါတယ်။

၂၀။)စာဖတ်ပရိသတ်ကိုပြောချင်တဲ့ ဆရာ့စကား။

၂၀၁ဝနှစ်သစ်မှာ မြန်မာတွေအားလုံး peace,love,prosperity good health for this new year 2010

မန္တလေးဂေဇက်မှ မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးသော ဆရာဒေါက်တာတင်ငွေနဲ့ ဇနီးဒေါ်ဒေစီခင်ငွေကို ကျေးဇူးတင်ပါတယ်။

(ဆောင်းဦးပန်း)

မှတ်ချက်။  ။ မန္တလေးဂေဇက် ဖေဖေါ်ဝါရီလထုတ်“ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍ“တွင်ဖေါ်ပြပြီးဖြစ်ပါသည်။