အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမားများဖြင့် နိုင်ငံ မဖွံ့ဖြိုးနိုင်

zaw mgAugust 20, 20101min360

အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမားများဖြင့် နိုင်ငံ မဖွံ့ဖြိုးနိုင်

စစ်အစိုးရနှင့် နီးစပ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ်ခွင့် ရနေသော စီပွားရေး သမားများကို အသုံးချ၍ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း မြန်မာ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က ပြောဆိုလိုက်သည်။

Oi-lFollowup2“အစိုးရရယ် အစိုးရနဲ့ နီးစပ်တဲ့ လက်သင့်ရာစား လုပ်ငန်းရှင်များ (Cronies) နဲ့ ပေါင်းနေလို့ ကတော့ ၃၀၁ဝ ပြည့်နှစ် မှာလည်း ဒီအတိုင်း ဖြစ်နေမှာပဲ” ဟု ဒေါက်တာ ဦးမြင့်က ပြောသည်။

ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဩဂုတ်လ ၁၄ ရက်နေ့က ကျင်းပသော “၂၀၁ဝ ပြည့်နှစ် အလွန် နိုင်ငံရေး ဆက်စပ် စီးပွား အဆောက် အအုံ အပြောင်း အလဲတွင် ပုဂ္ဂလိက အခန်းကဏ္ဍ” (The Role of Private Sector in the changing of Political Economy Beyond 2010) ဟောပြောပွဲ၌ ထိုသို့ ပြောကြား သွားခြင်း ဖြစ်သည်။

ဒေါက်တာ ဦးမြင့်သည် ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်တို့တွင် ကထိက၊ ဌာနမှူး တာဝန်များ ယူခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ဌာနခွဲတွင်လည်း ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အာရှနှင့် ပစိဖိတ်ဒေသ) ၏ သုတေသန ဌာနခွဲမှူး အဖြစ်လည်း တာဝန်ယူခဲ့သည်။ မြန်မာ နိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင် အဖွဲ့ဝင် ဖြစ်ပြီး ပြည်တွင်း စီးပွားရေးဆိုင်ရာ ဟောပြောဆွေးနွေးမှုနှင့် အကြံပေးမှုများ ဆောင်ရွက်ပေးနေသည်။

စီးပွားရေးသမားများတွင် လုပ်ကိုင်နိုင်စွမ်း ရှိသော်လည်း စေတနာ ရှိရန် လိုအပ်ပုံကို “သူတို့ရဲ့ စေတနာ (Intention) ကို ဘယ်လို ပြောင်းမလဲ။ တိုင်းသူပြည်သားတွေ ကောင်းအောင် ဘယ်လို လုပ်မလဲ။ ပုဂ္ဂလိက ကဏ္ဍ ကောင်းအောင် ဘယ်လို လုပ်မလဲ။ ဒါက အခက်အခဲပဲ” ဟု ဒေါက်တာ ဦးမြင့်က ထောက်ပြသွားသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထုတ်ဖော်ကြေညာပြီးနောက် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိလွှဲပြောင်းခြင်း အမည်ခံကာ စစ်အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့သည်။

ထိုသို့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသည့် အနေအထားမှာ “ပုဂ္ဂလိကပိုင် ပြုခြင်း” (Privatization) ဆိုသော်လည်း “ကိုယ်ပိုင်ပြုခြင်း” (Pocketization) ဖြစ်သွားနိုင်ကြောင်း ဒေါက်တာ ဦးမြင့်က ဝေဖန်သည်။

စစ်အစိုးရဝန်ကြီး ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်၏ IGE ကုမ္ပဏီနှင့် နီးစပ်သော အင်ဂျင်နီယာတဦးက ပုဂ္ဂလိက ပိုင်လုပ်ငန်းအဖြစ် လွှဲပြောင်းယူသည့် စီးပွားရေးသမားများသည် နိုင်ငံအကျိုးစီးပွားထက် ကိုယ်ကျိုးကြည့်သူများ ဖြစ်ကြောင်း ပြောဆိုသည်။

“သစ်တော စိမ်းစိမ်းမြင်ရင် ခုတ်မယ်။ ဒါပဲသိတယ်။ ကိုယ်မခုတ်ရင် သူများဦးသွားမှာကိုး။ အခုလည်း ရွေးကောက်ပွဲ မတိုင်မီ သူတို့လုပ်ကိုင်ခွင့် ရထားတဲ့ စီမံကိန်းကြီးတွေကို သဘောတူ လက်မှတ်ထိုးဖို့ လောနေကြတယ်။ နောက်ဆိုရင် ဘာဖြစ်လာမလဲ မသိဘူးကိုး” ဟု ၎င်းက ပြောသည်။

နိုင်ငံစီးပွားရေး တိုးတက်ရန် ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်၍ ပို့ကုန်အားပြုသော စီးပွားရေးစနစ်ကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်နှင့် ယခု ဗီယက်နမ်စသော အာရှနိုင်ငံများ၏ စီးပွားရေး တိုးတက်လာရာ မြန်မာနိုင်ငံသည် ထိုလမ်းကြောင်းကို လိုက်သင့်ကြောင်း သံအမတ်ကြီးဟောင်း ဦးလှမောင်က ပြောသည်။

၂၀၁ဝ ရွေးကောက်ပွဲ အပြီးတွင် စီးပွားရေး မူဝါဒများ ဖြေလျော့လာပြီး လုပ်ခင်းသာသော စီးပွားရေး အဆောက်အအုံ အခြေအနေများ ပေါ်ပေါက်လာမည်ဟု ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများက မျှော်လင့်နေသည်ဟု စီးပွားရေးသမား အသိုင်းအဝိုင်းက ဆိုသည်။

“လူတိုင်းကတော့ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပဲ” ဟု UMFCCI အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ပြည်တွင်း စီးပွားရေး ပညာရှင်တဦးကမူ ၂၀၁ဝ နောက်ပိုင်းတွင် စီးပွားရေးအခင်းအကျင်း ပြောင်းလာလိမ့်မည်ဟု မထင်ကြောင်း သုံးသပ်သည်။

စစ်အစိုးရနှင့်နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးနေအောင် စသူတို့ သည် ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်းလုပ်ငန်း၊ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ စက်သုံး လောင်စာဆီ စွမ်းအင်ကဏ္ဍ စသည့် အကျိုးအမြတ်များသော လုပ်ငန်းများကို လုပ်ပိုင်ခွင့် ရရှိ ထားသည်။