images

 

 

 

 

 

 

 

 

ပတ်ဝန်းကျင်သည် အကျည်းတန်မှုများနှင့် ဝန်းရံပစ်လိုက်သောအခါ
ထိုပတ်ဝန်းကျင်အတွင်းမှ လူသားသည် သိမ်မွေ့လှပနိုင်စွမ်းဖို့ရာ မလွယ်ကူတော့ချေ။

အဲသည် ဝါကျကလေးကို ချရေးဖြစ်ပြီးနောက် လက်ရှိ ကိုယ် ဖြစ်နေတာတွေကို ပြန် တွေးတောမိသည်။

ညနေက ကျွတော် ဆံပင်ညှပ်ပါသည်။
ဖြစ်ချင်တော့ မြေနီကုန်း ဘဏ်မှ ထုတ်ယူလာသော ငွေကျပ် သုံးသိန်းက လွယ်အိတ်ထဲ ရှိနေသည်။
ဆံပင်ညှပ်ဦးမှပဲ လို့ စိတ်ကူးရပြီး ဆံသဆိုင်ထဲ ဝင်လိုက်ချိန်မှာ အချိန်က ညနေမှောင်ရီပျိုးစဖြစ်နေပြီ။

ဆိုင်ထဲမှာ ကျွန်တော်နှင့် ဆံပင်ညှပ်သူပါဆိုမှ နှစ်ယောက်။ ထို့အပြင် ပို မရှိပါ။
ဆိုင်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့်  အနည်းငယ် ဆိုင်မပီမသများ ဖြစ်နေသလားလို့။
သို့သော် ဒါက ကျွန်တော့် စိတ်အထင် ဖြစ်ပါလိမ့်မည်။

ဆိုင်ထဲမှ ဆံသပညာရှင်က အသက်ခပ်ငယ်ငယ် အမျိုးသားဖြစ်သည်။
ကျွန်တော် ဆိုင်ထဲ ဝင်လိုက်ပြီဆိုသည်နှင့် ”ထိုင်ခုံမှာ ထိုင်လေ” ဟု ပြောသည်။
ကျွန်တော်က ဝင်ထိုင်ဖို့အလုပ်မှာ ”လွယ်အိတ်ကြီး ချွတ်ပြီး ဟိုနားက ခုံမှာ ထားထားလိုက်ပါလား”တဲ့။

လွယ်အိတ်။ ဟုတ်သားပဲ ဆံပင် အညှပ်ခံဖို့ ထိုင်ခံမှာ ထိုင်တော့မယ့်သူတစ်ယောက်အနေနှင့် လွယ်အိတ်တော့ ချွတ်သင့်သည်။ ဒါပေမယ့် ကျွန်တော် ဤလွယ်အိတ်ကို ကိုယ်နှင့်မကွာသာ ထားချင်သည်။

ကိုယ်အလွယ်တကူ လှမ်းမမြင်ရသော နေရာ / ထို့ထက်ပို၍ ကိုယ့်လွယ်အိတ်ကို တခြားသူတစ်ယောက်ယောက် ဆွဲယူပြေးသွားလျှင် ပြန် လှမ်းဆွဲယူရန် မလွယ်ကူသော နေရာမျိုးမှာ ထားလိုက်ဖို့ ကျွန်တော် စိတ်မချနိုင်ပါ။
အိတ်ထဲမှာ ငွေတွေပါသည်။
ယာဉ်မောင်းလိုင်စင်တွေရော မှတ်ပုံတင်တွေရော တခြား ကိုယ်ရေးကိုယ်တာ အရေးကြီးအရာတွေ ပါနေသည်မဟုတ်လား။
.ပျောက်သွားလျှင် အလွယ်တကူ ပြန်မရနိုင်သော အရာတွေ ပါနေသည့် လွယ်အိတ်တစ်လုံးကို ပြီးစလွယ်တော့ မထားရက်နိုင်ပါ။

ကျွန်တော်က စိုးရိမ်စိတ် လွန်ကဲတတ်သူလို့ပဲ ဆိုကြပါစို့။

အဲ့သည် စိုးရိမ်စိတ်ကြောင့်သာ ”ဟင့်အင်း ကျွန်တော့်အိတ်ထဲမှာ အရေးကြီးတာတွေပါနေလို့ ပေါင်ပေါ်ပဲ တင်ထားမယ်လေ” လို့ ဆံသသူကို ပြန်ပြောလိုက်မိသည်။

ပြောပြီး ပြီးချင်းမှာပင် စကားမှားသွားပြီဟု တွေးလိုက်မိသည်။

တကယ်ဆို အရေးကြီးတာတွေ ပါလို့ ဆိုသော အကြောင်းပြချက်အစား ”ရပါတယ် ပေါင်ပေါ်တင်ထားလည်း ဖြစ်ပါတယ်” ဟု ပြောလိုက်လည်း ရတာပဲ။
ဒါမှမဟုတ် သူပြောတဲ့စကားကို မသိချင်ယောင် ဇွတ်ဆောင်ပစ်လိုက်လည်း ဖြစ်တာပဲ မဟုတ်လား။

အခုတော့ ကိုယ့်အိတ်ထဲက အရာတွေရဲ့ အနေအထားကို သူစိမ်းတစ်ယောက်ရှေ့ ချပြလိုက်မိပြီ။
ညံ့လိုက်တဲ့ငါ . . .ပါလား။

အိတ်ထဲမှာ အရေးကြီးတာတွေ ပါလို့ ကိုယ်နဲ့မကွာ ထားမယ်ဆိုသော ကျွန်တော့်စကားအတွက် ပြန်ရလိုက်တာက ဆံသသူ၏ ”ဒီဆိုင်ထဲ အစ်ကိုနဲ့ ကျွန်တော် နှစ်ယောက်ပဲ ရှိတယ်” ဆိုသည့် စကားတစ်ခွန်း ဖြစ်သည်။

ဆံသသူက ပြုံးပြုံးလေး ပြောတာဆိုပေမယ့် ကျွန်တော့် စိတ်ထဲ စိုးရိမ်သည်ထက်ပို စိုးရိမ်စရာ ဖြစ်သွားသည်။

ဟုတ်သားပဲ။ သည်ဆိုင်ထဲမှာ သူနဲ့ ကျွန်တော် နှစ်ယောက်ထဲပါပဲလား။
ထိုင်ခုံမှာ ဝင်ထိုင်ပြီးသည်နှင့် ဆိုင်အနောက်ဘက်ကို ကြည့်မိတော့ ဆိုင်သည်  ခြံဝန်းတစ်ခုနှင့် တစ်ဆက်တည်းဖြစ်သောကြောင့် ဆိုင်၏ အနောက်ဘက်မှာ တံခါးပေါက်တစ်ခုရှိနေသည်။

ဆိုင်ရှေ့မှ ဝင်ပြီး ထိုတံခါးပေါက်မှ ထွက်လိုက်လျှင် ဆိုင်၏ အနောက်ဘက် ခြံဝန်းတစ်ခုထဲ ရောက်သွားလိမ့်မည်။
ခြံဝန်း အနောက်ဘက်ခပ်ဝေးဝေးမှာ သစ်သားအိမ်ကလေးတစ်လုံး ရှိပါသည်။

သေချာတွေးကြည့်တော့ ဒါကလည်း စိုးရိမ်စရာတစ်ခု ဖြစ်နေပြန်သည်။
ကျွန်တော့်ကို ဆံပင်ညှပ်နေတုန်း ဆံသသူဟာ နောက်ထပ် အပေါင်းအပါတွေကို အချက်ပြပြီး ဆိုင်ထဲ ဝင်လာဖို့ခေါ်/ ပြီးလျှင် သူ့လက်ထဲက ချွန်မြနေသည့် ကတ်ကြေးဖြင့် ကျွန်တော့်အနောက်ကနေ ခါးကို ထောက်ပြီး ပါလာတာ အကုန်ပေးစမ်း မပေးရင် ကတ်ကြေးနဲ့ထိုးလိုက်မယ်ဆိုပြီး အကြမ်းဖက်လျှင်ကော. . .
ဟင့်အင်း ဒီလိုအနေအထားမျိုးမှာ အကြမ်းဖက်လိုစိတ်ရှိသူတွေအနေနဲ့ အရှင် လုခြင်းအစား အသေလုပြီး အစဖျောက်တဲ့နည်းကို အသာလေး လုပ်လို့ရနေတာပဲ။

တွေးလေလေ စိုးရိမ်စိတ်က ဖိစီးလာလေလေ ဖြစ်နေသည်။

ဆံသသူ၏ လက်ထဲမှ ကတ်ကြေးက ကျွန်တော့် ခေါင်းပေါ်မှာ တရွှမ်းရွှမ်းပြေးလွှားနေသည်။
ဘယ်တော့များ အဲသည်ကတ်ကြေးအချွန်က ကျွန်တော့် နားထင်ကို လာထောက်မလဲ. . .
ဒါမှမဟုတ် အဲသည်ကတ်ကြေးက ကျွန်တော့်ခါးကို လာထောက်လေမလား ဆိုသော စိတ်သောကဖြင့် မှန်ထဲမှာ ကတ်ကြေးကို မျက်ချေမပြတ် ကြည့်နေမိသည်။

ဆံပင်ညှပ်သူသည် ပရိုဖက်ရှင်နယ် မပီသပါ။
ဆံသခြင်းအလုပ်ကို လုပ်နေသော်လည်း ကျွမ်းကျင်သပ်ရပ်စွာ စိတ်ကျေနပ်လောက်အောင် သူ့ပညာကို မပြနိုင်ပါ။
သို့သော် ကျွန်တော်က ဤဆိုင်ထဲမှ မြန်မြန်ထွက်သွားချင်ပြီ။

တစ်ဝက်တပျက် ညှပ်လက်စတန်းလန်းကြီးဖြင့် တော်ပြီ ဟု ပြောချလိုက်ပြီး ဆိုင်ထဲက ပြေးထွက်မိမတတ်ဖြစ်နေပြီ။

ဆယ့်ငါးမိနစ်မျှသော ဆံသချိန်သည် ကမ္ဘာချီအောင် ကြာနေပြီလား ထင်ရသည်။

နောက်ဆုံးမှာတော့ ဆံသဆိုင်ကနေ ဆံပင်ညှပ်ပြီးလျှင်ပြီးချင်း
(ဘလိတ်ဓါးဖြင့် ဆံပင်တွေ တိခြင်းပင် မလုပ်ခိုင်းတော့ပဲ)
ဆိုင်ထဲမှ ထွက်ခဲ့သည်။

~~~~~~~~~~~~~~~~~

ကျွန်တော်ကများ သိပ်ကြောက်တတ်သူဖြစ်နေသလား။
.ဟေ့အေး။
ကျွန်တော် မကြောက်တတ်ပါ။

ကျွန်တော့် ပတ်ဝန်းကျင်ကိုက ကြောက်စရာကောင်းနေတာ။

ကျွန်တော်တို့ ရပ်ကွက်ထဲက ကျိုက္ကလော့ စေတီတော်ဘုရားပွဲတော် ကျင်းပစဉ် ရက်တွေအတွင်းက တစ်ညမှာတော့ လူတစ်ယောက် ဓါးဖြင့်အထိုးခံရပြီး ပါသမျှကို လုယူမှု ဖြစ်ခဲ့သည်။
ဓါးဖြင့်အထိုးခံရပြီး လုယက်ခံရကတော့ ကံကောင်း ထောက်မစွာ အသက်မသေခဲ့။

ဒါပေမယ့် နောက်တစ်ညမှာတော့ လူကိုအသေသတ်ပြီး ပါသမျှ လုယက်သွားမှုတစ်ခု ထပ်ဖြစ်သည်။
အလုခံရသူ သေသွားသည်။
အလုခံရသူသည် မိန်းမလျာတစ်ယောက်ဖြစ်သည်ဟု ကြားသိရပါသည်။

မကြာသေးခင်က ကချင်ပြည်နယ်မှာ စေတနာ့ဝန်ထမ်း ဆရာမလေးနှစ်ယောက် ရက်ရက်စက်စက် မုဒိမ်းအကျင့်ခံရ သတ်ဖြတ်ခံခဲ့ရသည်။

ကျွန်တော့် အသိမိတ်ဆွေတချို့၏ ဖုန်းတွေထဲမှာ ဘာသာခြားသူတို့က ဖမ်းဆီးခေါ်ဆောင်ပြီး လူ အရှင်လတ်လတ်ကို ခေါင်းဖြတ် သတ်ပြသော ဗီဒီယိုဖိုင်များ ရှိနေသည်။ အဲ့ဒါတွေ ကျွန်တော် ကြည့်ဖူးသည်။

ပြီးခဲ့သည့်လက မြေနီကုန်းလမ်းဆုံနားမှာ လမ်းသွားရင်း ဖုန်းကို ကိုင်လာသူ ကောင်မလေးတစ်ယောက်ဆီမှ လူတစ်ယောက်က ဖုန်းကို ဆက်ခနဲ လုပြေးသွားသည့်လုယက်မှု ကျွန်တော်ကိုယ်တိုင် မြင်လိုက်ရသည်။ လူသူ ရှုပ်ထွေးရာ လမ်းဆုံမှာပင် လုယက်သူတွေက လှုပ်ရှားနေကြပြီ။

လူကို ရိုက်ပြီး ပစ္စည်းလုယူမှုများ. . .
အပျောက် ဖျောက်မှုများကို မကြာခဏ ကြားနေရသောအခါ ကျွန်တော် လက်ချည်းဗလာသက်သက်ဖြင့် လမ်းမထွက်ချင်တော့ပါ။

မိုးချုပ်အိမ်အပြန် လူပြတ်ရာလမ်းကို ဖြတ်လျှောက်နေရသူတစ်ယောက်အနေနဲ့ ကိုယ့်ဆီမှာ ပြန်လည် ခုခံကာကွယ်ဖို့ လက်နက်တစ်ခုခုတော့ ပါသင့်ပြီ။

စိုးရိမ်စိတ်ချည်းသက်သက်နှင့် လမ်းထွက်မည့်အစား. . . ကိုယ့်အနားကပ်လာပြီး ဓါးထောက် လုမည့်သူကို ဖျတ်ခနဲ ဓါးနဲ့ ပြန်ထောက်ပြီး ခုခံနိုင်သင့်ပြီ။

ကျွန်တော် ဖတ်ဖူးတာတော့ ကိုယ့်ကို အသက်အန္တရာယ်ကျရောက်အောင် ပြုလုပ်ဖို့လာသူကို ပြန်လည်ခုခံ ကာကွယ်ပိုင်ခွင့် ရှိပါသည်။
ကိုယ်ကမှ ပြန်လှန် မခုခံလျှင် ကိုယ့်ကို ရန်ပြုလာသူ၏လက်ထဲ လည်စင်းပေးရတော့မည် မဟုတ်လား။
ခုခံကာကွယ်ပိုင်ခွင့်တော့ ရှိကို ရှိရမည်။

တစ်ခုတော့ ရှိတယ်။ ကျွန်တော့်အနေနဲ့ ခုခံကာကွယ်ပိုင်ခွင့်အကြောင်း တွင်းဆုံး မမှတ်မိပါ။

ကိုယ့်ကို အသက်အန္တရာယ်ကျရောက်တဲ့အထိ ရန်ရှာသူကို ဘယ်လောက်ထိ ပြန် လုပ်ခွင့်ရှိသလဲ။
သူ့အသက် သေသည်အထိတော့ လုပ်ခွင့်မရှိဘူးထင်သည်။

ဒါပေမယ့် ပြန်လည် ခုခံရင်း လက်လွန်သွားပြီး ရန်ရှာသူ သေသွားလျှင်ကော. . .

အနည်းဆုံးတော့ ကိုယ့်အသက်ကို ရန်ပြုလာသူအနေနဲ့ ကိုယ့်ကို ဆက်လက် ရန်မရှာနိုင်လောက်သည်အထိတော့ ပြန်လည်ခုခံခွင့် ရှိမည်ထင်သည်။
လွန်ခဲ့သော ခြောက်နှစ်လောက်က ထိုဥပဒေကို ဖတ်ရှုလေ့လာဖူးခဲ့သမျှ အခုအချိန်မှာ မမှတ်မိတော့တာ ကျွန်တော့် မှတ်ဥာဏ်အားနည်းချက်ဖြစ်ပါသည်။

မှတ်မိသလောက်တော့ အရိုးအသွား ၆ လက်မကျော်သော ဓါး သို့မဟုတ် ချွန်ထက်သော လက်နက်တစ်ခုခု ကိုင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိလျှင် ဥပဒေအရ အပြစ်ပေးခံရမည်ဆိုတာပဲ။

ဒါဖြင့် အရိုး အသွား ၆ လက်မ မပြည့်သော (ဥပမာ ၅ လက်မအရွယ် ခေါက်ဓါးတစ်ချောင်း) လက်နက်တစ်ခုလောက်တော့ ဆောင်ထားလို့ ရတန်ကောင်းပါရဲ့။

တကယ်တော့ တိုင်းပြည်တစ်ပြည်အတွင်းမှ လူမှုဝန်းကျင်တစ်ခုအတွင်းမှာ
ဘာစိုးရိမ်ကြောင့်ကျမှုမှ မရှိဘဲ ဘာလက်နက်မှ ဆောင်ထားစရာ မလိုဘဲ
လွတ်လပ်ငြိမ်းချမ်းစွာ သွားလာလှုပ်ရှားခွင့် ရနေလျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ။

ကိုယ့်နံဘေး ကပ်လာသူတိုင်းဟာ ကိုယ့်က်ု အန္တရာယ် မပြုရဲ မပြုနိုင်လောင်အောင် ဥပဒေအရထိန်းချုပ်မှုရော အသိတရားအရ ထိန်းချုပ်မှုပါ ရှိနေသင့်ပါသည်။

ကျွန်တော်တို့ဟာ မလုံခြုံမှုနှင့် စိုးရိမ်ဖွယ်ရာ အခြေအနေများကို ချင်ခင်နှစ်သက်နိုင်သူများမှ မဟုတ်တာ။

ဒါပေမယ့် အခုအချိန်ထိတော့ ကျွန်တော်ရင်ဆိုင်နေရသည့် ပတ်ဝန်းကျင်သည် စိတ်ချလက်ချသွားလာ လှုပ်ရှားနိုင်ခွင့်ကို မလုံခြုံမှုက ကြီးစိုးထားဆဲဖြစ်သည်။

ထိုအတွက်ကြောင့်ပင်
ကျွန်တော် ဓါးတစ်ချောင်း ဆောင်ထားချင်နေပါတော့သည်။

စာပေ အနုပညာများ /ကဗျာဆောင်းပါများ ရေးသားနေသည့် ကျွန်တော့်လက်များဖြင့်
ထိခိုက်နာကျင်စရာ ကိစ္စများ ဖြစ်ပေါ်စေတတ်သည့် ဓါး လက်နက်တစ်ခုကို ကိုင်ဆောင်ထားရမည့်အတွက်တော့
ကျွန်တော် နောင်တမရချင်တော့ပါ။

. . . .

. . . .

. . . .

~~~~~~~~~~~~~~~~~~~

အလင်းဆက်@မောင်သူရ

10 / 02 / 2015 / 13 : 27 PM

malariakarte-myanmar-2013

alinsett

About alinsett

alinsett has written 615 post in this Website..

. . .