မင်္ဂလာပါ ။

ပုံမှန် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ကနေ အခုတစ်ပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့ ….

  • မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား နှစ်ရာနီးပါး ဆက်လက်အကျဉ်းကျခံနေရဆဲပဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကြေညာလိုက်တဲ့သတင်း…

  • ပန်းဆိုးတန်းနဲ့ ဒလဘက်ကမ်းကို ကူးသန်းနိုင်မယ့် မြစ်ကူးတံတား အပါအ၀င် ရန်ကုန်မြစ်ကြောင်းတလျှောက်မှာ မြစ်ကူးတံတား (၄) စင်းကို                                          ထပ်မံ တည်ဆောက်မယ်ဆိုတဲ့သတင်း…

  • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေတပ်သုံးပြီးတိုက်ခိုက်နေတဲ့                                             အစိုးရနဲ့ လက်နက်ကိုင်အဖွဲများရဲ့ တိုက်ပွဲများနဲ့ နောက်ဆက်တွဲသတင်းများ…                                     အခြား ပြည်နယ်များမှ ပြည်တွင်းစစ်ပွဲဆိုင်ရာ သတင်းများ…

  • US ဖို့တ်ဝိန်းမြို့နဲ့ မြန်မာနိုင်ငံရှိ မွန်ပြည်နယ်မြို့တော် ၊ မော်လမြိုင်တို့ဟာ ညီအစ်မမြို့များဖြစ်ကြောင်း တရားဝင် အသိအမှတ်ပြုလိုက်တဲ့သတင်း

  • မြန်မာနိုင်ငံကို ဘာသာရေး ခွဲခြားဆက်ဆံမှု အထူးစိုးရိမ်ရတဲ့နိုင်ငံများစာရင်းထဲက ပယ်ဖျက်နိုင်ရေးအတွက် US အပါအ၀င် ဘာသာရေးလွတ်လပ်ခွင့်အရေး လှုပ်ရှားမှု လူ့အခွင့်အရေးဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်မယ့်သတင်း…

  • ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အစိုးရကျောင်းများနည်းတူ                                   အဆင့် တိုးမြှင့်နိုင်ရေးကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့သတင်းနဲ့…

  • ၂၀၁၄ ခုနှစ် စီးပွားရေးစစ်တမ်းအရ မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှုပြဿနာ ကြီးထွားနေတယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်…

  • တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံများနဲ့အတူ                                         ကျောင်းသူ ကျောင်းသား ၆၀ ကျော် စာမေးပွဲဖြေဆိုနိုင်ခြင်းမရှိတဲ့သတင်းနဲ့   စစ်ဘေးဒဏ်သင့် ဒေသများရဲ့ အခြေအနေများ…

  • အထွေထွေရွေးကောက်ပွဲအရေး ၊ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ ကိစ္စရပ်တွေဟာ စိန်ခေါ်မှုတွေဖြစ်ကြောင်း ပြောဆိုလိုက်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်များ..

  • ဗိုလ်ချုပ်ရုပ်ရှင် Teaser ဗီဒီယိုထုတ်လွှင့်မှုဆိုင်ရာ သတင်းနဲ့                                   ကြည့်ရှုလိုက်ရတဲ့ ပြည်သူများရဲ့ ဝေဖန်ပြောဆိုမှုသတင်းများ…

  • သတင်းမီဒီယာသမားများ အစိုးရဌာနဆိုင်ရာတွေအတွင်း သတင်းယူတဲ့အခါ                           လွတ်လပ်စွာ သတင်းရယူခွင့်ရှိဖို့အရေး အစိုးရက ဆောင်ရွက်ပေးဖို့ တင်သွင်းတဲ့အဆိုတစ်ရပ် ပြည်သူ့လွှတ်တော်မှာ ရှုံးနိမ့်ခဲ့တဲ့သတင်း…

  • အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ကျောင်းသားတွေ ဆူပူမှု                       ဖြစ်အောင် နောက်ကွယ်ကနေ ကြိုးကိုင်နေသူများ၊ အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ ရှိနေကြောင်း အစိုးရဘက်က ကြေညာလိုက်တဲ့သတင်းနဲ့ ကျောင်းသားသပိတ်ဆိုင်ရာ နောက်ဆက်တွဲ သတင်းအချက်အလက်များ….

  • ဗြိတိန် အခြေစိုက် Wanderlust ခရီးသွား မဂ္ဂဇင်းက မြန်မာနိုင်ငံရဲ့ ပုဂံမြို့ကို ဒုတိယမြောက် ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံးမြို့အဖြစ် သတ်မှတ်ဖော်ပြလိုက်တဲ့သတင်းနဲ့…

  • US ရှိ မြို့အသီးသီးမှာ ကျင်းပပြုလုပ်တော့မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများအပါအဝင်…

  • အခြား သိမှတ်ဖွယ်ရာ သတင်းအဖြာဖြာကို စုစည်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၂ ။

လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ မရှိတော့ဘူးလို့ မြန်မာအစိုးရဘက်က ပြောဆိုမှုတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား နှစ်ရာနီးပါး ဆက်လက်အကျဉ်းကျခံနေရဆဲပဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ AAPP) က သတင်းထုတ်ပြန်လိုက်ပါတယ်။

လက်ရှိအချိန်ထိ ပြုစုထားတဲ့ စာရင်းတွေအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား (၁၇၇) ဦးခန့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက် ရက်စွဲနဲ့ AAPP က ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေမှုတွေလည်း လျော့ပါးသွားခြင်း မရှိတဲ့ အပြင် ဆက်လက် တိုးပွားလျက်ရှိနေပြီး နိုင်ငံသားတိုင်းရဲ့ အခြေခံအခွင့်အရေးများအရ ဆန္ဒထုတ်ဖော်ခြင်းတွေကို ပုဒ်မ ၁၈၊

ပုဒ်မ ၁၉၊ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ တောင်သူလယ်သမားတွေကို ပုဒ်မ ၄၄၇၊ ၄၂၇ အပါ အ၀င် မတရားသဖြင့် ဖမ်းဆီးပြီး

တရားစွဲဆိုမှုများလည်း ပြုလုပ်နေဆဲဖြစ်ကြောင်း  AAPP ရဲ့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၁၁ ။

ရန်ကုန်မြို့ ၊ ပန်းဆိုးတန်းနဲ့ ဒလဘက်ကမ်းကို ကူးသန်းနိုင်မယ့် မြစ်ကူးတံတား အပါအ၀င် ရန်ကုန်မြစ်ကြောင်းတလျှောက်မှာ မြစ်ကူးတံတား (၄) စင်းကို ထပ်မံ တည်ဆောက်သွားဖို့ စီမံမှာဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း (လမ်း/တံတား) မှ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြို့ပြနဲ့ ဒေသလိုအပ်ချက်တွေအရ တံတားတွေ ထပ်မံတည်ဆောက်ဖို့ လျာထား သတ်မှတ်ထားပေမဲ့ ငွေကြေးအခက်အခဲကြောင့် အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေတာဖြစ်တယ်လို့ သိရပါတယ်။

တံတားတွေ ထပ်မံတည်ဆောက်ဖို့ ကုန်ကျစရိတ်က အလွန်များပြားတာကြောင့် ပြည်ပချေးငွေနဲ့ လုပ်မှ ဖြစ်နိုင်ကြောင်း …

မြစ်ကူးတံတားတစ် စင်းတည်ဆောက်ရာမှာ ကုန်ကျစရိတ်အနေနဲ့ US ဒေါ်လာ သန်း ၁၅၀ ခန့်ရှိနိုင်ပြီး ချေးငွေကူညီဖို့ စိတ်ဝင်စားတဲ့ နိုင်ငံတချို့က လာရောက်စုံစမ်း လေ့လာခြင်းတွေ ရှိနေပြီး ချေးငွေပေးအပ်ဖို့တော့

အတည်ပြုဆုံး ဖြတ်နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

တံတားတည်ဆောက်မှုများနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက စိတ်အဝင်စားဆုံး ဖြစ်နေပြီး တောင်ကိုရီးယားနိုင်ငံအနေနဲ့ ပန်းဆိုးတန်း – ဒလမြစ်ကူးတံတား တည်ဆောက်မှုကို အကူအညီပေးဖို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်ထိတော့ အကောင်အထည် မဖော်နိုင်သေးပါဘူး ။

ရန်ကုန်မြစ်ကြောင်းဟာ မကြာမီကာလမှာ တန်ချိန်မြင့် ပင်လယ်ကူး သင်္ဘောများ ၀င်ရောက်နိုင်တဲ့ ဆိပ်ကမ်းအဖြစ် ပြောင်းလဲဖို့ လျာထားချက်များအရ

တံတားတွေသာ တည်ဆောက်မယ်ဆိုရင်  သာမန်ထက် အမြင့်ပေ ပိုမ်ုတည်ဆောက်ရမှာဖြစ်တာကြောင့် ကုန်ကျစရိတ်ပိုများနိုင်ကြောင်း သိရပါတယ်။

ပန်းဆိုးတန်းနဲ့ ဒလဘက်ကမ်းကို အခုအချိန်ထိ တံတားတည်ဆောက် မပေးနိုင်သေးတဲ့အတွက်လည်း မြစ်တစ်ဖက်ကမ်းဒေသတွေအနေနဲ့ ဆက်သွယ်သွားလာရေး ခက်ခဲမှုတွေရှိနေပြီး ဒေသဖွံ့ဖြိုးရေး နိမ့်ကျမှုများ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၁၁ ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်အစိုးရဘက်က လေတပ်သုံးပြီး တိုက်ခိုက်ကြောင်း သိရပါတယ်။

ဒေသတွင်း ပြင်းထန်းတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ ဈေးနဲ့ ကျောင်းများ ပိတ်ထားခဲ့ရပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်ကြရကြောင်း သတင်းရရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ် ၊

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဖေဖော်ဝါရီလ ၉ ရက် နေ့က စတင်ပြီး

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာပြည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးနေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ စစ်တပ်ဘက်က helicopter ၂ စီးနဲ့ ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကျဲခြင်း … စက်သေနတ်နဲ့ ပစ်ခတ်ခြင်း..စသည်ဖြင့် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့ပေါ်ကနေ စစ်ဘေးဒဏ် လွတ်ရာကိုတိမ်းရှောင်သွားသူတွေထဲမှာတော့

ဒေသခံတွေ အပြင် တရုတ်နိုင်ငံကနေ ဈေးဆိုင်လာရောက်ဖွင့်သူတွေနဲ့ အလုပ်လုပ်သူတွေလည်း ပါဝင်နေတဲ့အတွက် စိုးရိမ်ပူပန်တဲ့အကြောင်း တရုတ်နိုင်ငံကလည်း ထုတ်ဖော်ပြောဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်အနီး ကိုးကန့်ဒေသ တ၀ိုက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ

နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတာကြောင့်

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

တရုတ်အနေနဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ ရင်းနှီးမြှုပ်နှံမှု အများအပြား လုပ်ကိုင်ထားပြီး

မြန်မာပြည် မြောက်ပိုင်း နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံကို သွင်းယူဖို့ ဆောက်လုပ်ထားတဲ့ ရေနံစိမ်းပိုက်လိုင်းများ.. ၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများလည်း ရှိနေတဲ့အပြင် နှစ်နိုင်ငံနယ်စပ် ပဋိပက္ခတိုက်ပွဲတွေကြောင့် ၂၁ ရာစု ပိုးလမ်းမကြီး ဖောက်လုပ်မယ့် စီမံကိန်း ထိခိုက်မှာကိုလည်း တရုတ်အနေနဲ့ စိုးရိမ်နေကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၁ ။

ရန်ကုန်တိုင်းအတွင်းရှိ မှုခင်းအဖြစ်များတဲ့ နေရာများစာရင်းမှာ ပြည်သူ့ရင်ပြင်၊ အင်းလျားကန်ဘောင်၊ မျှော်စင်ကျွန်းနဲ့ သီရိမင်္ဂလာဈေးသစ်တို့ ပါဝင်နေကြောင်း သိရပါတယ်။

အဆိုပါနေရာတွေမှာ ခိုက်ရန်ဖြစ်ပွားခြင်း၊ လုယက်မှုဖြစ်ပွားခြင်း၊ ခါးပိုက်နှိုက်ခံရခြင်းစတဲ့ အမှုအခင်းများ ဖြစ်ပွားတတ်ပြီး ရဲတပ်ဖွဲ့တွေကလည်း အဲဒီနေရာတွေမှာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရပါတယ်။

၂၀၁၄ အတွင်းမှာ အမှုအခင်းတွေ အများဆုံးဖြစ်တဲ့ မြို့နယ် ပေါင်း ၁၆ မြို့ နယ်ရှိပြီး

လောင်းကစားမှု၊ လက်နက်ပုန်းမှု၊ ယစ်မျိုးမှု၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးမှု၊ ရဲအက်မှု၊ ဆင်ဆာမှု၊ ခြေချုပ်မှုများ အများဆုံးကျူးလွန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ထုတ်ဖော်ပြောဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း မှုခင်း အဖြစ်များတဲ့ မြို့နယ်တွေကတော့ ကြည့်မြင်တိုင်၊ လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ တာမွေ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သန်လျင်၊ မြောက်ဥက္ကလာပ၊ ဒလ၊ တွံတေး၊ တိုက်ကြီး၊ ထန်းတပင်၊ မှော်ဘီနဲ့ လှည်းကူးတို့ ဖြစ်ပါတယ်။

ဖြစ်ပွါးမှုနှုန်းမြင့်မားလာတဲ့ အမှုတွေကတော့ လူသတ်မှု၊ ဓားပြမှုနဲ့ ယခုနှစ်အတွင်း ဖမ်းဆီးဖို့အတွက် တရားခံ ၅၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၀ ။

ဖို့တ်ဝိန်း ညီအစ်မမြို့ ကော်မတီဟာ ပြီးခဲ့တဲ့ ၂၀၁၄ အောက်တိုဘာလက မြန်မာနိုင်ငံအတွင်းကို သုံးလကြာ သွားရောက် လေ့လာသုံးသပ်ပြီးနောက်မှာ မြန်မာနိုင်ငံတွင်းရှိ မော်လမြိုင်မြို့ကို ဖို့ဝိန်းရဲ့ ညီအစ်မမြို့အဖြစ် အတည်ပြု ရွေးချယ်လိုက်ပါတယ်။

US ဖို့တ်ဝိန်းမြို့နဲ့ မြန်မာနိုင်ငံရှိ မွန်ပြည်နယ်မြို့တော် ၊ မော်လမြိုင်တို့ဟာ ညီအစ်မမြို့များအဖြစ် တရားဝင် အသိအမှတ်ပြုပြီး ဆက်ဆံရေးတစ်ရပ် ထူထောင်လိုက်ပြီလို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖို့တ်ဝိန်းမြို့မှာ ကျင်းပတဲ့ မွန်အမျိုးသားနေ့ အခမ်းအနားမှာ ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းရှိ မြို့တွေထဲမှာ မော်လမြိုင်မြို့ရဲ့ လူမှုဝန်းကျင် ပေါင်းစုနေထိုင်ပုံတွေက    ဖို့တ်ဝိန်းမြို့ကို မြန်မာပြည်မှ ရောက်လာသူတွေ နေထိုင်ပုံနဲ့လည်း နီးစပ် တူညီနေတယ်လို့ ဆိုပါတယ်။

ဖို့ဝိန်းမြို့ရဲ့ ညီအစ်မမြို့ဖြစ်လာတဲ့ မော်လမြိုင်မြို့ဟာ ဖို့တ်ဝိန်းနေပြည်သူအများစု မတွေ့ဖူးတဲ့ နွားလှည်းများ၊ တောင်တန်းတွေပေါ်က စေတီပုထိုးများနဲ့ အံ့သြဖွယ်ရှုခင်းများ ရှိနေပြီး မြစ်များစွာ စီးဆင်းပေါင်းစုံတဲ့ အရပ်ဒေသတစ်ခုဖြစ်တာကြောင့် နေချင်စဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။

ဖို့တ်ဝိန်းမြို့ကို မြန်မာပြည်ကနေ ပြောင်းရွှေ့အခြေချလာသူ ခုနစ်ထောင်ခန့် ရှိနေပြီး

မြန်မာ၊ မွန်၊ ကရင် ၊ စတဲ့လူမျိုးပေါင်းစုံနဲ့… ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ၊ အစ္စလာမ် ..စတဲ့ ဘာသာမျိုးစုံတို့ နေထိုင်လျက်ရှိပါတယ်။

ဖို့တ်ဝိန်းမြို့ဆီကို ၁၉၉၁ ခုနှစ်က စတင်ပြီး မြန်မာလူမျိုးတချို့ဟာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာအများစုဟာ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့်

ထွက်ပြေးပြီး ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေထဲမှာ ခိုလှုံခဲ့ကြရသူများလည်း ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၀ ။

မြန်မာနိုင်ငံဟာ ဘာသာရေးခွဲခြားဆက်ဆံမှု အထူးစိုးရိမ်ရတဲ့နိုင်ငံများစာရင်းမှာ ပါဝင်နေတဲ့အတွက် အဆိုပါစာရင်းထဲက ပယ်ဖျက်နိုင်ရေးအတွက် US အပါအ၀င် အခြားနိုင်ငံများနဲ့

ဘာသာရေးလွတ်လပ်ခွင့်အရေးလှုပ်ရှားမှု လူ့အခွင့်အရေးဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြောဆိုလိုက်ပါတယ်။

ဘာသာရေးဆိုင်ရာ အထူးစိုးရိမ်ရတဲ့ နိုင်ငံများစာရင်းကနေ ပယ်ဖျက်နိုင်ရေးဆိုတာ US ကွန်ကရက်နဲ့ အစိုးရတို့ရဲ့ သဘောထားအပေါ် မူတည်နေကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရ သတ်မှတ်ချက်များ ၊ လွတ်လပ်စွာကိုးကွယ်ခွင့်နဲပတ်သက်ပြီး

မကျေနပ်မှုများ ရှိခဲ့လျှင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံကို တိုင်ကြားနိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုကိစ္စများ ဖြစ်ပေါ်တဲ့အခါ

သာသနာရေးဝန်ကြီး ဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ဦးဆောင်ဖြေရှင်းပေးလျက်ရှိပြီး

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ တွေ ဖွဲ့စည်းပြီးလည်း တွေ့ဆုံ ညှိနှိုင်းပေးကြောင်း သိရပါတယ်။

US နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးစိုးရိမ်ရတဲ့ နိုင်ငံများအဖြစ် မြန်မာ ၊ တရုတ်၊ အိရစ်ထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်နဲ့   ဥဇဘက် ကစ္စတန်တို့ကို ၁၉၉၉ ခုနှစ်က စတင်သတ်မှတ်ထားကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၁၀ ။

လွှတ်တော်အတွင်းကို ၊ စစ်ကိုင်းတိုင်းဒေသကြီး ၀က်လက်မဲဆန္ဒနယ်မှ သူရဦးအေးမြင့် တင်သွင်းလိုက်တဲ့ အဆိုတစ်ရပ်ဖြစ်တဲ့ နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို အစိုးရကျောင်းများနည်းတူ အဆင့်တိုးမြှင့်နိုင်ရေး ၊ နိုင်ငံတော် အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဆိုပါ အဆိုပြုချက်ဟာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများပြားခဲ့တဲ့အတွက် အတည်ဖြစ်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို အစိုးရကျောင်းများနည်းတူ အဆင့်တိုးမြှင့်နိုင်ရေး အဆိုကို ပြည်ထောင်စုအစိုးရအနေနဲ့ မကြာမီကာလအတွင်း အကောင်အထည်ဖော်ပေးရမှာ ဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံအတွင်း အခမဲ့ပညာရေးစနစ် ကျင့်သုံးတယ်ဆိုပေမယ့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် အခွင့်အရေးများ မရရှိတာကြောင့် အစိုးရ ကျောင်းများနည်းတူ ထောက်ပံ့ပေးရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရဲ့ အဆင့်တိုး လျှောက်ထားမှုကို သတ်မှတ်ချက်နဲ့ ညီညွတ်လျှင် ခွင့်ပြုပေးနိုင်ရေး…စတဲ့ အချက် (၆) ချက်ကို အစိုးရထံ   တင်ပြအဆို ပြု ခဲ့တာဖြစ်ပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို တစ်နှစ်ထက် တစ်နှစ် ထောက်ပံ့ကြေးများ တိုးမြှင့်ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပြီဖြစ်တာကြောင့် ၀မ်းသာမိကြောင်း ၊

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတာဖြစ်ပြီး အစိုးရက ထောက်ပံ့ကြေးအပြင် တခြားဘာမှ ပေးအပ်ခြင်းမရှိတဲ့အပြင်

အစိုးရကျောင်းတွေနဲ့လည်း ခွဲခြားဆက်ဆံခံရသေးကြောင်း လှိုင်သာယာမြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ အရှင်စန္ဒိမာ က မိန့်ကြားခဲ့ကြောင်းလည်း ကြားသိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၀ ။

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်များ ဆောင်ရွက်မှုကို အဓိက စိန်ခေါ်နေတဲ့ ပြဿနာ အတားအဆီးပေါင်း (၃၄) ခု ရှိနေပြီး၊ အဲ့ဒီထဲမှာ အကျင့်ပျက် ခြစားမှုက နံပါတ်(၁) နေရာမှာရှိနေပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံး ပြဿနာပဲလို့ မြန်မာနိုင်ငံ ဆိုင်ရာ စီးပွားရေး စစ်တမ်းတစ်စောင်က ဖေါ်ပြလိုက်ပါတယ်။

OECD ခေါ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊

ESCAP ခေါ် ကုလသမဂ္ဂ အာရှ နဲ့ ပစိဖိတ်ဒေသ စီးပွားရေး၊ လူမှုရေး ကော်မရှင်၊ မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင် နဲ့ ကုန်သည်ကြီးများ အသင်း UMFCCI တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် စီးပွားရေးစစ်တမ်းမှာ ဖေါ်ပြလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ စစ်တမ်းရဲ့ ဖော်ပြချက်တွေအရ အကျင့်ပျက်ခြစားမှုပြီးရင်

နည်းပညာ အားနည်းမှု၊ မြေနေရာ အခက်အခဲ၊ ကြီးမားလှတဲ့ အတိုးနှုန်း၊

ကျွမ်းကျင်လုပ်သားရှားပါးမှုတွေအပါအဝင် နိုင်ငံရေးမတည်ငြိမ်မှုများ စသည်ဖြင့် မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အစဉ်လိုက်ဖေါ်ပြထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ အကျင့်ပျက် ခြစားခြင်းပြဿနာနဲ့ နေသားတကျ အရိုးစွဲနေတာကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်နေတဲ့ အခုအချိန်မှာ ထိထိရောက်ရောက် တိုက်ဖျက်သင့်ကြောင်း၊

ဒီအချက်ကို တိုက်ဖျက်ဖို့အတွက် တရားဥပဒေ စိုးမိုးရေးက အရေးကြီးပြီး၊

ဥပဒေ နဲ့စည်းမျဉ်းစည်းကမ်းတွေကို အစိုးရရော၊ ပြည်သူတွေပါ လိုက်နာကြဖို့လိုကြောင်းလည်း တိုက်တွန်း ဖေါ်ပြထားပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၁၀ ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဟာ အစိုးရဘက်က သဘောထားအရ ကမ်းလှမ်းထားချက်အတိုင်း မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ကြေညာလိုက်ပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ် ထိုးဖို့အတွက် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းအမျိုးသားနေ့မှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း RCSS အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်းက ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့ RCSS အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၀၉ ။

ရန်ကုန်မြို့ စီးတီးစတားဟိုတယ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အထွေထွေရွေးကောက်ပွဲအတွင်း ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြု လိုက်ခြင်းကို ဆန္ဒပြဖို့ စီစဉ်နေတာတွေဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကို ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့.. နိုင်ငံရေးပါတီ ၁၀  ခုရဲ့ ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသားသပိတ်အရေးနဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုလိုက်ခြင်းကို ဆန္ဒပြနေတာတွေနဲ့ ပတ်သက်ပြီး

နိုင်ငံရေးပါတီ ၁၀ ပါတီက သတင်းစာ ရှင်းလင်းရာမှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကျောင်းသူ ကျောင်းသားတွေအနေနဲ့ အခုလိုသပိတ်မှောက်ကြတာဟာ အစိုးရကို အကြပ်ကိုင်ရာရောက်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ကရင်ပြည်သူ့ပါတီ၊

ချင်းတိုးတက်ရေးပါတီ၊

ဗမာပြည်သူ့ပါတီနဲ့ မြန်မာ အမျိုးသားကွန်ဂရက်ပါတီ၊

ခမီ အမျိုးသားတိုးတက်ရေးပါတီ၊

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊

၈၈ မျိုးဆက်ကျောင်းသား လူငယ်များ၊

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊

အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ် စတဲ့ ပါတီ ၁၀ ခုရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၀၈ ။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စပြီး ဖြစ်ပွားနေတဲ့

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံများနဲ့အတူ

ကျောင်းသူ ကျောင်းသား ၆၀ ကျော် စာမေးပွဲဖြေဆိုနိုင်ခြင်း မရှိဘူးလို့

အလယ်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းက အောင်ဘာလေကျေးရွာရဲ့ အလယ်တန်းကျောင်းမှာ သူငယ်တန်းကနေ သတ္တမတန်းအထိ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေထဲက

၆၀ ကျော်ဟာ အတန်းတင် စာမေးပွဲမဖြေလိုက်ရဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ရှိနေပြီး ပညာရေးအတွက် ငွေရေးကြေးရေးလည်း တော်တော်ခက်ခဲနေကြောင်း ၊ ပညာရေးက မဖွံ့ဖြိုးရတဲ့အထဲမှာမှ အခုလိုအခြေအနေတွေ ဖြစ်နေတာကို စိတ်မကောင်းဖြစ်မိကြောင်းလည်း ပြောဆိုထားပါတယ်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ယခုနှစ်ပညာသင်နှစ်မှာ

အခြေခံပညာအဆင့် ကျောင်းပေါင်း ၃၉ ကျောင်းကို ဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့

ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၀၈ ။

ပြည်တွင်းစစ် ၊ ပဋိပက္ခတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ကချင်ပြည်နယ်တွင်းက စစ်ရှောင်ဒုက္ခသည်တွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး

စစ်ပြေး စစ်ရှောင်ဒုက္ခသည်များရဲ့ ရေရှည် ဘဝရပ်တည်နိုင်ဖို့

ပြန်လည်ထူထောင်ရေး အစီအစဉ်တွေကိုလည်း အလေးထားဆောင်ရွက်သင့်ပါကြောင်း

ကချင်ပြည်နယ်ရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆ်ုလိုက်ပါတယ်။

 

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင်းက စစ်ပြေး၊ စစ်ရှောင် ဒုက္ခသည်တွေဆီ သွားရောက်အကူအညီပေးနိုင်ဖို့ ကြိုးစားရာမှာ အစိုးရဘက်က ခွင့်ပြုချက်မပေးတဲ့ အနေအထားတချို့လည်း ဖြစ်နေတဲ့အတွက် အခက်အခဲရှိနေကြောင်းလည်း

ကချင့်အရေး ကူညီပေးနေသူတွေက ပြောဆိုနေပါတယ်။

 

စာနာထောက်ထားမှု ၊ အကူအညီများ အရေးတကြီးလိုအပ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်းဒေသတွင်းက ကျေးရွာသားတွေနဲ့ စစ်ပြေးဒုက္ခသည် စခန်းတွေအထိ သွားရောက်ပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့ အစည်းအနေနဲ့ သွားရောက်ကူညီ ထောက်ပံ့ပေးနေကြောင်း သိရပါတယ်။

သွားရေးလာရေး အခက်အခဲများ၊ စစ်အရှိန်ကြောင့် ပိတ်မိနေတဲ့ ဒေသများ ဖြစ်နေတဲ့အတွက် စားနပ်ရိက္ခာတွေကို မျှတချင့်ချိန်ပြီး စားသောက်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စာသင်ရတဲ့ကလေးတွေရဲ့ အခြေအနေကလည်း တခြား တနေရာကိုသွားပြီး စာသင်ရတယ်ဆိုတဲ့အခါမှာ ကလေးတွေအတွက် နေ့စဉ်လိုအပ်ချက်တွေရှိနေကြောင်းနဲ့ ၊

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့်နယ်မြေနဲ့ ကျေးရွာတွေမှာ

တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ရွာသားတွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေရောက်အောင် ကယ်ထုတ်နိုင်ရေးလည်း အရေးကြီးနေတယ်လို့ သိရပါတယ်။

ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား

အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ လက်မှတ် ရေးထိုးကြဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်မြောက်လာနိုင်ရေးကိုလည်း

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အလေးအနက်တိုက်တွန်းလိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၀၇ ။

နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ဖေဖော်ဝါရီလ ၇ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ

သမ္မတ ဦးသိန်းစိန်က ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအရေး ၊ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ ကိစ္စရပ်တွေအကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအရေး ၊ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ ကိစ္စရပ်တွေဟာ ၂ဝ၁၅ ခုနှစ် အတွက် မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့တာပါ။

၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေအလွန်မြင့်မားနေတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ၊

ရွေးကောက်ပွဲ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုဖို့အရေးနဲ့                               အစိုးရဌါနများ ပြုပြင်ပြောင်းလဲမှု၊

အခြေခံဥပဒေ ပြင်ဆင်မှု ဆိုင်ရာကိစ္စရပ်တွေဟာ ကြီးမားစွာကျော်လွှားရမှာဖြစ်ကြောင်း…                         ဒီအရေးတွေဟာ အောင်မြင်အောင် ဆောင်ရွက်ရမယ့် ကိစ္စရပ်များဖြစ်တယ်ဆိုတာ အလေးအနက် ခံယူပြီး ရှေ့ဆက် ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က လာမယ့် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပပေးမှာ ဖြစ်ကြောင်းလည်း ကတိပေးပြောဆိုပါတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဦးသိန်းစိန်အပါအဝင်

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများနဲ့ နိုင်ငံတကာ သံတမန်များ..၊ ပြည်တွင်း ပြည်ပ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ.. တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၀၇ ။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဗမာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့

နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နေ့တစ်နေ့ဖြစ်ပါတယ်။

 

အနယ်နယ်အရပ်ရပ်မှာ ဗိုလ်ချုပ်ရာပြည့်ပွဲအတွက် အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ်နေကြပြီးဖြစ်တဲ့အပြင်

ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတိကို ရုပ်ရှင်အဖြစ်ရိုက်ကူးနေတဲ့

ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီကလည်း ကောင်းနိုးရာရာ အပိုင်းတွေကို Teaser အဖြစ်ရိုက်ကူးပုံဖော်ပြီး ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်သံလိုင်းတွေနဲ့ အွန်လိုင်းတွေမှာ ပြသလိုက်ပါတယ်။

 

အဆိုပါဗီဒီယိုဖိုင်ဟာ ကိုယ်ဝန်ဆောင်ထားတဲ့ ဒေါ်ခင်ကြည်နဲ့ ကလေးတွေကို စစ်ရှောင်စေတဲ့ အခန်းက စပြီး ဝန်ကြီးများရုံးမှာ ဗိုလ်ချုပ် လုပ်ကြံခံရတဲ့ အခန်းအထိ ဇာတ်ဝင်ခန်း လေးခန်းကို  ၁၂ မိနစ်ခန့် ရိုက်ကူးထားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် Teaser ဗီဒီယိုကို ကြည့်ရှုလိုက်ရတဲ့ ပြည်သူအများစုကတော့

ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မှုနဲ့ အသံကို အားမရနိုင်ကြောင်း ဝေဖန်ခဲ့ကြပြီး မိန့်ခွန်းပြောသော အခန်းကိုတော့ ချီးကျူးခဲ့ကြပါတယ်။ ပြည်သူအများစုကတော့ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်သူရဲ့ အဝတ်အစားတွေဟာ သစ်လွင်တောက်ပလွန်းနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

 

Teaser ရိုက်ကူးထုတ်လွှင့်လိုက်တာဟာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး အတွက် ရန်ပုံငွေရရှိရန် ရိုက်ကူးပြသတဲ့သဘော သက်ရောက်သွားပြီး ရုပ်ရှင် ဆက်လက်ရိုက်ကူးနိုင်ရေးအတွက် ရန်ပုံငွေ လှူဒါန်းလိုသူတွေအနေနဲ့ လှူဒါန်းကြပါ..လို့လည်း… ရုပ်ရှင်အမြည်းမှာ ထည့်သွင်းကြေညာထားပါတယ်။

 

ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် မည်သူမဆို ငွေကျပ် (၁၀၀၀) မှ စပြီး လှူဒါန်းနိုင်ကြောင်း ကြေညာထားပြီး ပြည်တွင်းအလှူရှင်တွေဟာ

ပြည်တွင်းပုဂ္ဂလိက ဧရာဝတီဘဏ် စာရင်းရှင် နံပါတ် ( ၀၀၈၀ ၁၀၂၀၁၀၀၀ ၃၂၃၀ ) နဲ့ စုငွေစာရင်းနံပါတ် ( ၀၀၈၀ ၂၀၂၀ ၁၀၀၂၂၆၈၉ ) ကို ငွေလွှဲ ပါဝင်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

 

နိုင်ငံတကာမှ လှူဒါန်းလိုသူများကတော့ Western Union ဘဏ်မှတစ်ဆင့် ဧရာဝတီဘဏ်ရှိ Bogyoke Aung San Film Funding ဆီကို ငွေလွှဲပို့ လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၀၆ ။

သတင်းမီဒီယာသမားများအနေနဲ့ အစိုးရဌာနဆိုင်ရာတွေအတွင်း သတင်းယူတဲ့အခါ

လွတ်လပ်စွာ သတင်းရယူခွင့်ရှိဖို့အရေး

အစိုးရက ဆောင်ရွက်ပေးဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက

ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် အဆိုရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

 

သတင်းမီဒီယာသမားတွေရဲ့ အခက်အခဲတွေကို အဆိုပြုတင်သွင်းခဲ့တာဖြစ်ပြီး သတင်းမီဒီယာသမားများဟာ မိမိတို့ရဲ့ တာဝန်တရပ်ရပ်ဖြင့် အများပြည်သူသို့ သတင်းများ တင်ပြရေးသားနိုင်ဖို့အတွက် ဆောင် ရွက်တဲ့နေရာမှာ အစိုးရဝန်ကြီးဌါနများ၊

ရဲစခန်းများ… စတဲ့ နေရာဒေသများကို သွားရောက်သတင်းယူတဲ့နေရာမှာ … မချေမငင်ဆက်ဆံခံရခြင်း၊ နေရာထိုင်ခင်း မပေးခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ မောင်းထုတ်ခံရခြင်း၊

တားမြစ်ခံရခြင်းများကို တွေ့ကြုံနေရတဲ့အတွက်

နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်၊ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာကျဆင်းမှာကို စိုးရိမ်စရာဖြစ်နေကြောင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။

 

သတင်းမီဒီယာအရေး တင်ပြတဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ ကန့်ကွက်မဲက ၂ဝဝ ကျော်ရှိပြီး ထောက်ခံမဲက ၅ဝ ကျော်သာ ရှိတဲ့အတွက် ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျောင်းသားသပိတ်ဆိုင်ရာ သတင်းများ ။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ကျောင်းသားတွေအနေနဲ့ ဆူပူမှုတွေ မဖြစ် ဖြစ်အောင် နောက်ကွယ်ကနေ ကြိုးကိုင်နေသူများ၊ အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ ရှိနေကြောင်း အစိုးရဘက်က ဖေဖော်ဝါရီ ၅ ရက် ညမှာ ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းသားလူငယ်တွေကို အသုံးချပြီး ကျောင်းသားအမည်ခံသူများ၊

နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်သူများ၊ အားပေးအား မြှောက်ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတချို့ ပါဝင်ပတ်သက်နေတာကို တွေ့ရှိရကြောင်းနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ရဟန်းရှင်လူပြည်သူများနဲ့ လူမှုရေးအဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ သတင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်ကို သပိတ်မှောက် ကျောင်းသားတွေဘက်က ကန့်ကွက်ပယ်ချခဲ့ပြီး ဒီလို ထုတ်ပြန်လိုက်တာဟာ သပိတ်မှောက် ကျောင်းသားတွေကို နှိမ်နင်းဖို့အတွက် အစိုးရဘက်က ပြင်ဆင်တာဖြစ်နိုင်တယ်လို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်သပိတ်မှောက်နေတဲ့ သပိတ်လမ်းကြောင်းများ ရန်ကုန်မြို့ကို ရောက်ရှိခါနီးအချိန်မှာ ကမာရွတ်မြို့နယ်အတွင်းရှိ ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ် ခြောက်ခုကို ကျောင်းလုံခြုံရေး တိုးမြှင့်ချထားကြောင်းလည်း သိရပါတယ်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့အနေနဲ့ ပူးပေါင်းဆန္ဒထုတ်ဖော်ပွဲတွေကိုလည်း ရန်ကုန် ၊မန္တလေးနဲ့ အခြားမြို့တွေမှာ ပြုလုပ်နေကြပြီး ပြည်သူအများစုဟာ ကျောင်းသားတွေကို ဝန်းရံပြီး လှုံ့ဆော် လမ်းလျှောက်ပွဲတွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

 

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး လမ်းလျှောက်ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေထဲမှာ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ကိုရီးယား ကျောင်းသားများလည်း ပါဝင်လှုပ်ရှားခဲ့ကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်တိုင်း လွှတ်တော်ခန်းမမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြုလုပ်တဲ့ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ NNER ပညာရေး ကွန်ရက်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာတော့ ကျောင်းသားတွေဘက်က တောင်းဆိုချက် (၁၁) ချက်ကို အစိုးရဘက်က သဘောတူလိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၀၅ ။

US ၊ ဝါရှင်တန်ဒီစီမြို့မှာ အေးရှားဖောင်ဒေးရှင်းက ဦးဆောင်ပြီး မြန်မာ့လူ့ဘောင်အပြောင်းအလဲနဲ့ အစိုးရ ပြုပြင်ပြောင်းလဲမှုအပေါ် သုံးသပ်ခြင်းဆိုတဲ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ရာမှာ…                 မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေကြောင်း သုံးသပ်ပြောဆိုလိုက်ကြပါတယ်။

အဆိုပါ ဆွေးနွေးပွဲအတွင်း မြန်မာ့ဖွံ့ဖြိုးရေးရင်းမြစ်ဌာန၊ ဆက်သွယ်ရေးနဲ့ သင်တန်းဆိုင်ရာညွှန်ကြားရေးမှူး ဦးတင်မောင်သန်းနဲ့ အေးရှားဖောင်ဒေးရှင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ညွှန်ကြားရေးမှူး မက်သယူး အာနိုးတို့က

မြန်မာအစိုးရနဲ့ အရပ်ဘက်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုဆိုင်ရာတွေကို တင်ပြလိုက်ကြပါတယ်။

ဒါ့အပြင် မေတ္တာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အမှုဆောင်ညွှန်ကြားရေးမှူး ဦးစိုင်းဆမ်ခမ်း၊ အေးရှား ဖောင်ဒေးရှင်းက မြန်မာဌာနကိုယ်စားလှယ် မစ္စ ကင်မ်နန်းတို့က တင်ပြဆွေးနွေးချက်တွေအရ မြန်မာပြည်ရဲ့ … အစိုးရနဲ့ အစိုးရအဖွဲ့ အလုပ်လုပ်ပုံ၊

ဒီမိုကရေစီနဲ့ တာဝန်ယူမှု အဓိပ္ပာယ် စတာတွေကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် မသိကြသေးသူတွေ များနေသေးကြောင်း ၊                 လူထုကြားမှာ အရာရာကို မယုံကြည်စိတ်တွေ လွှမ်းမိုးနေကြကြောင်းများလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ ဧည့်ပါမောက္ခ ဒေးဗစ် စတိုင်းဘက်နဲ့ တခြားပညာရှင်နှစ်ဦးတို့ကလည်း မြန်မာ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၀၅ ။

ဗြိတိန်နိုင်ငံအခြေစိုက် Wanderlust ခရီးသွား မဂ္ဂဇင်းက မြန်မာနိုင်ငံရဲ့ ပုဂံမြို့ကို ဒုတိယမြောက် ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံးမြို့အဖြစ် သတ်မှတ်ဖော်ပြလိုက်ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ၁ဝ ရာစုနဲ့ ၁၄ ရာစုကြားအချိန်ကာလက မြန်မာပြည်အလယ်ပိုင်းမှာ တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းစေတီပုထိုးတွေရှိရာ ပုဂံမြို့ကို Wanderlust ခရီးသွား မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်တွေက ကမ္ဘာ့ဒုတိယ အခမ်းနားဆုံးမြို့ အဖြစ် ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ မဂ္ဂဇင်းဟာ စာဖတ်ပရိသတ်တွေကို ၂၀၁၄ ခုနှစ်အတွင်း လည်ပတ်ခဲ့တဲ့ မြို့များ၊ လေကြောင်းလိုင်းဝန်ဆောင်မှုများ၊ ဧည့်လမ်းညွှန်တို့ရဲ့ ၀န်ဆောင်မှုများနဲ့ ဒေသတွေအပါ် စိတ်ဝင်စားမှုများ စသည်ဖြင့် မဲစနစ်နဲ့ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။

စစ်တမ်းကောက်ယူမှုအရ လာအိုနိုင်ငံ လွန်ပရာဘွန်ဒေသက နံပါတ်(၁)နေရာ ရခဲ့ပြီး မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံက နံပါတ်(၂) ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ကမ္ဘာကျော် ခရီးသွားလုပ်ငန်း ကုမ္ပဏီဖြစ်တဲ့ Lonely Planet က

”၂ဝ၁၅ ခုနှစ်အတွက် ချစ်သူကို အဖြေပေးဖို့ အကောင်းဆုံးနေရာ”အဖြစ် ပုဂံမြို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ပုဂံဒေသကို လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ အဓိကအားဖြင့် နှစ်တစ်ထောင်နီးပါး သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်များ၊ အညာဒေသရဲ့ သဘာဝရှုမျှော်ခင်းများကို လေ့လာလိုကြခြင်းဖြစ်ပြီး အခုလိုရွေးချယ်ခံရခြင်းဟာ မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းတွေ အခုထက် ပိုမိုဖွံ့ဖြိုးလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ယူဆနေကြပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိက ပြည်ထောင်စု မြို့အသီးသီးမှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများ….

`~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“

US ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ Oakland မြို့ ရှိ ဓမ္မအေးရိပ်ကျောင်းတိုက် တည်ရှိရာ …

2523.23rd Ave, Oakland, CA 94606 မှာ နှစ်စဉ် ကျင်းပနေတဲ့ ထမနဲပွဲတော် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ပွဲတော်ကျင်းပမယ့်နေ့ကတော့ ဖေဖော်ဝါရီလ ၊ ၁၄ ရက်နေ့ဖြစ်ပြီး မနက် ၁၀ နာရီကနေ စတင် ကျင်းပမှာ ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများအနေနဲ့ မပျက်မကွက် ကြွရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ထားကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဖုန်း 510-585-6773 နဲ့ 415-935-7114 တို့ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ နယူးယောက်မြို့ ၊ Queens ဝိသုဒ္ဓါရုံ ဓမ္မရံသီကျောင်းတိုက် တည်ရှိရာ 42-15, 74th st, Elmhurst NY 11373 မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ၊ မနက် ၁၀ နာရီက စတင်ပြီး ထမနဲပွဲတော် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

မြန်မာမိတ်ဆွေအပေါင်း ကြွရောက် ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ ပွဲတော်အကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း – (718) 639-3834 နဲ့ (347) 972-5488 တို့ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ နော့သ်ကာရိုလိုင်းနားပြည်နယ် ၊ ဓမ္မဗိမာန်ကျောင်းတော်ကြီး တည်ရှိရာနေရာဖြစ်တဲ့ 6612 Brass road, Jamestown, NC 27282 မှာ ဗုဒ္ဓပူဇနိယပွဲတော်နဲ့ ထမနဲပွဲတော်တို့ကို ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်ကျင်းပမယ့်ရက်ကတော့ ဖေဖော်ဝါရီလ ၂၈ ရက် ၊ စနေနေ့ မနက် ၁၁ နာရီမှာ စတင်ကျင်းပမှာဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေအပေါင်း ကြွရောက် ကြည်ညိုပြီး ကုသိုလ်ယူနိုင်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။

ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း (336) 882-5012 (R) 847-4462(M) တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေးလီးစီးတီးမြို့ ၊ Theravada Dhamma Society,                               699 Serramonte Blvd. # Daly City, CA 94015 မှာ ဆရာတော် ဦးဃောသိတာ ဘိဝံသကနေပြီးတော့ ထေရဝါဒ ဓမ္မတရားတော် သင်တန်းတွေကို ပို့ချ သင်ကြားပေးမှာဖြစ်ပါတယ်။

ဓမ္မသင်တန်းတွေကို ဖေဖော်ဝါရီလ (၂) ရက်နေ့ကနေ ဇွန်လ (၂) ရက်နေ့အထိ နေ့စဉ် ည(၇)နာရီမှာ သင်ကြားပို့ချမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေနဲ့ မည်သူမဆို တက်ရောက် နာယူ သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း – (၆၅၀) ၉၉၃ ၈၇၇၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

အင်တာနက်လိုင်းတွေ ဆိုးဆိုးဝါးဝါး ကျနေတာကြောင့် ပုံတွေ ပိုစ့်ထဲ ထည့်ရခက်နေပါကြောင်း…

အင်တာနက်လိုင်းကောင်းတဲ့အခါမှာ…ပိုစ့်ထဲ..သတင်း ဓါတ်ပုံတွေ ဖြည့်သွင်းပေးသွားမည်ဖြစ်ပါကြောင်းးး

 

 

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .