မဲထက်ဝက်ကျော်ဖြင့် ကြံ့ဖွံ့နိုင်မည်ဟု ဦးအောင်သောင်း ပြောဆို

zaw mgAugust 20, 20101min682

မဲထက်ဝက်ကျော်ဖြင့် ကြံ့ဖွံ့နိုင်မည်ဟု ဦးအောင်သောင်း ပြောဆို

စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲပေးမည့်သူ ၁၆ သန်း ရှိနိုင်ပြီး ရွေးကောက်ပွဲတွင် ၅ဝ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းလူယုံဖြစ်သူ အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ခန့်မှန်းပြောဆိုလိုက်သည်။

ဩဂုတ်လ ၉  ရက်နေ့တွင် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အားကစားခန်းမ၌ ပြုလုပ်သော ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲတွင် ကြံ့ဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်သောင်းက ပြောကြားသွားခြင်း ဖြစ်သည်။

Aung-Thaungလာမည့်နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပမည့် လူဦးရေ ၅၉  သန်း ကျော်ရှိသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူမှာ သန်း ၃ဝ ခန့်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကြံ့ဖွံ့သည် ”မိုးရွာ၍ ဖားအော်သော ပါတီမဟုတ်” ဟု ဆိုကာ ပါတီသည် အခြားပြိုင်ဘက်များထက် အစစအရာရာ သာလွန်မှုရှိသည်ဟု ဦးအောင်သောင်းက ဆိုသည်။ သူသည်  တောင်သာမြို့နယ် ဝဲလောင်ကျေးရွာ ဇာတိသားဖြစ်ပြီး မန္တလေးတိုင်းမှ ဝင်ရောက်အရွေးခံမည် ဖြစ်သည်။

သူကိုယ်တိုင်ပင် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံတို့တွင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမှုများ လုပ်နေခဲ့သည်။ တောင်သာမြို့နယ်များရှိ ကျေးရွာများကို ကြံ့ခိုင်ဖြိုး စံပြကျေးရွာများအဖြစ် ထူထောင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ဒီပဲယင်းတွင် ၂ဝဝ၃ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ၂ဝဝရ ခုနှစ် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်မှုဖြင့် ကြံ့ဖွံ့မှာ နာမည်ပျက်ဖြင့် ကျော်ကြားသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီ၏ နိုင်ငံတဝှမ်း ရုံးဖွင့်ပွဲများနှင့် အလံတင်ပွဲများကို မနက်ဖြန် နံနက်တွင် ကျင်းပမည်ဖြစ်သည်။

2 comments

  • chitsayar

    August 20, 2010 at 5:27 pm

    အေးပါ အေးပါ သေချင်းဆိုးမသာရဲ ့
    မည်သူ့ကိုမှ၊မည်သည့်အကြောင်းနှင့်မျှ ပုဂိ္ဂုလ်ရေး စော်ကား တိုက်ခိုက်မှုမျိုး မပြုလုပ်ရ။
    ပုဂိ္ဂုလ်ရေး စော်ကား တိုက်ခိုက်မှုမျိုး လုပ်လိုက်တာဟုန်ဘူး
    မေတ္တာပို ့လိုက်တာ

  • bigcat

    August 20, 2010 at 9:36 pm

    နည်းတာပေါ့။ ငါသာဆို အနည်းဆုံး ၁၁ဝ ရာခိုင်နုံးကျော်အောင်လုပ်မှာ။ သေချာအောင် မဲခိုးမယ့်အပြင် အသင့်ခြစ်ပြီးသားမဲတွေ ထပ်ဖြည့်ရမှာမိုလို့။ လူတဦးတည်း အပြေးပြိုင်တာ ပန်းဝင်ခါနီးစည်းရှေ့မှာ ရှိတဲ့ခဲလုံးကို ခလုပ်တိုက်လိုက်လို့ ခဲလုံးက ပထမဆုရပြီး ပြေးသူ ဒုတိယဆုပဲချိတ်တဲ့ ပုံပြင်လိုဖြစ်မှာဆိုးလို့ပါနော်။

Leave a Reply