ကျွန်မ ဘာမှ မဟုတ်ပါ။
. မြန်မာပြည် ထဲ က ချို့တဲ့လွန်းတဲ့ ကလေးများ အတွက် အနာ ရှိခဲ့သော သာမာန် မိန်းမ တစ်ယောက် သာပါ။
ထို ကလေး များ အတွက် တရားမျှတ သော အုပ်ချုပ်မှု ကို လိုချင်ရုံပါဘဲ။
ထို အုပ်ချုပ်မှု ပုံစံ မရမချင်း ကျွန်မ ချစ်တဲ့ ကလေးငယ်များ ဆင်းရဲတွင်းထဲ နက်မြဲနက်နေဦးမှာပါ။

၁၉၈၈ မဟုတ်တော့ပါ။
၂၀၁၅ မှာ မြန်မာပြည်ထဲ လူတန်းစား ကွာလွန်းနေပါပြီ။
ချမ်းသာသူများ ဒီ အရေးမှာ တကယ် ဝင်မပါပါ။
တကယ် ထပ်ပြီး ဒုက္ခ ရောက်မှာ လက်ရှိ ဆင်းရဲ နေပြီး လက်လုပ်လက်စားသမားများပါ။

တကယ်လို့ ပါချင်ကြ ရင် ရန်ကုန် ထဲ ရှိနေသူများ စပြီး လှုပ်လို့ ရနေသားဘဲ။
ဘယ်သူမှ မလှုပ်တာ ဘယ်သူမှ မပါဘဲ လေ နဲ့ အားပေးနေလို့ဘဲ။
ကိုယ့် အတ္တ နဲ့ ဖြစ်ချင်တာ ကိုချည်း ရှေ့တန်းမတင်ကြပါနဲ့။
ဒီ အတွက် ကျွန်မ ဒီ စာများ ကို မျှပါသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ နီးပါး က ဗိုလ်ချုပ်အောင်ဆန်း စကား တွေ က အခုချိန်ထိ သွေးထွက်အောင် မှန်လွန်း နေဆဲ မို့
ပိုပိုပြီး လေးစား ကြည်ညိုမိတာ အမှန်ပါ။

ဒီလူ ကို နိုင်ငံ မှာ အပြည့် မသုံးလိုက်ရဘူး။

သူ့ နီးပါး တော်တဲ့ သူ့လို ကိုယ်ကျိုးစွန့်ထားတဲ့ သူ့ ကိုယ်ပွါး “ဒေါ်အောင်ဆန်းစုကြည်” ကို
ဒီ တစ်ပွဲ မှာ ပွဲပျက်ပြီး  လက်လွှတ် လိုက်ရရင်တော့ တိုင်းပြည်တော့ မပျက်ပါဘူး။
. မြန်မာပြည် ဟာ ကမ္ဘာမှာ လူတန်းစား အကွာဟ ဆုံး နိုင်ငံ အဖြစ် ထိပ်ဆုံးမှာ ရတော့ကို ဂုဏ်ယူကြပေရော့။

=================================================================

(၁) သူကြီး အတွက် ( ဖတ်ရ သလောက် အင်္ဂလိပ် ကို မမုန်း လို့ တော့ ရှာမတွေ့)
++++++++++++++++++++++++++++
၁၉၄၇ ဇွန်လ ၁၀ ရက် နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး  ကို စတင်ကျင်းပခဲ့သည်။
ဤပြောကြားသောမိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၏ နောက်ဆုံးမိန့်ခွန်း ပင် ဖြစ်သည်။
ဤ တိုင်းပြုပြည်ပြု မိန့်ခွန်းပြောပြီး ဇူလိုင် ၁၉ရက်နေ့တွင် လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည်။
(မိန့်ခွန်း ထဲ မှ အချို့ ကို ရွေးပြီး ဖော်ပြလိုက်ပါသည်)

အင်္ဂလိပ် တွေကိုကြည့်။
အင်္ဂလိပ်တွေဟာ ကျွန်တော်တို့ အပေါ်မှာ အုပ်ချုပ်နေလို့ ကျွန်တော်တို့က မုန်းပေမဲ့ အင်္ဂလိပ်တွေမှာ ချီးမွမ်းစရာတွေ အများကြီးရှိတယ်။
ခုပြီးခဲ့တဲ့စစ်ကြီးမှာ သူတို့ဘယ်လောက်အကျဉ်းအကျပ်ရောက်သလဲ။
အဲဒီ အကျဉ်းအကျပ်ထဲက နေပြီးတော့ကာ တခါတည်းကို လွတ်မြောက်လာအောင် ၊ ဘယ်လောက် တခါတည်းကို အံကြိတ်ပြီးတော့၊
ခါးတောင်းကြိုက်ပြီးတော့ ကြိုးစားလာသလဲ။
ဒီမူတွေ ကို ကြည့်ပါ။
အခုလဲဘဲ သူတို့ တိုင်းပြည်မှာ နေတာ ကိုကြည့်။
သူတို့ တိုင်းပြည်လဲဘဲ အခုလို လူတွေ ကျပ်ကျပ်တည်းတည်းနေရတာ လူတွေ မညည်းဘူးလားဆိုတော့ ပုထုဇဉ်ဘဝ ညည်းတော့ညည်းကြမှာပါဘဲ။ ညည်းကြတယ်။
ညည်းပင်ညည်းငြားသော်လည်းဘဲ စည်းနဲ့ကမ်းနဲ့ညည်းကြတယ်။ စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြတယ်။
အဲဒီလိုလုပ်နေကြတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာတော့ စည်းကမ်းကို ယခုအခါမရှိဘဲ ဖြစ်နေတယ်။
စည်းကမ်းမရှိတော့ကာ ယခုနိုင်ငံရေးလုပ်တဲ့ နေရာတွေမှာ ယခုအခါမှာ နယ်ချဲ့သမား သဘောကျမဲ့ အလုပ်မျိုးကို လုပ်နေတယ်။
ယခု ကျွန်တော်တိတိလင်းလင်းပြောထားစမ်းမယ်။
ဗမာပြည်မှာ လူထုညီညွတ်ရေး၊ တိုင်းရင်းသားညီညွတ်ရေး တွေဟာ မပြိုမကွဲဘဲနဲ့ ဘယ်သူမှ ဖောက်ထွင်းလို့ မရလို့ ရှိရင်
နောက်ပြီးတော့ လက်ဝဲ သမား ဆိုတဲ့ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်သည်ထက်ညီညွတ်ရင်
အဲဒီ အင်အားဟာ ကြီးကြီး သလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ပိုကောင်းလာမယ်။
အဲဒီ အင်အားဟာ ငယ်ငယ်သလောက် ခင်ဗျားတို့ လွတ်လပ်ရေးဟာ ရတယ်ဆိုပေမဲ့ နည်းနေမယ်။ အခွင့်အရေးနည်းမယ်။
. နောက်တစ်ခါ အဲဒီလို နေရာမှာ နိုင်ငံရေးသမားတစ်ချို့ ခြေထိုးတာကို ခင်ဗျားတို့ ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြရင်တော့ရင် အဲဒါ ခင်ဗျားတို့ လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။
အဲဒီတော့ အဲဒါမျိုးတွေ ကို သတိထားဖို့ ရှိပါတယ်။

++++++++++++++++++++++++++++++++

(၂)  ကျောင်းသားများ နဲ့ ထောက်ခံသူများ အတွက်

++++++++++++++++++++++++++++++++

၁၉၄၇ ဇွန်လ ၁၀ ရက် နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး  ကို စတင်ကျင်းပခဲ့သည်။
ဤပြောကြားသောမိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၏ နောက်ဆုံးမိန့်ခွန်း ပင် ဖြစ်သည်။
ဤ တိုင်းပြုပြည်ပြု မိန့်ခွန်းပြောပြီး ဇူလိုင် ၁၉ရက်နေ့တွင် လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည်။
(မိန့်ခွန်း ထဲ မှ အချို့ ကို ရွေးပြီး ဖော်ပြလိုက်ပါသည်)

ယခုတိုင်းပြည်မှာ မငြိမ်မသက် ဖြစ်နေတဲ့ ကိစ္စ ဆူဆူပူပူ ဖြစ်နေတဲ့ ကိစ္စ တွေဟာ တိုင်းပြည်အတွက် အကျိုးရှိသလား။ မရှိဘူးလား ဆိုတာ ခင်ဗျားတို့ ထပ်စဉ်းစားကြည့်။
ခင်ဗျားတို့ အကျိုးရှိတယ်၊ မရှိဘူး ဆိုတာ ခင်ဗျားတို့ စဉ်းစားဖို့လိုတယ်။
ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်က တခါတလေ အပြောအဆိုမှားတာ ရှိရင်ရှိမယ်။
တခါတလေလဲဘဲ အလုပ်နဲနဲပါးပါးမှားတာရှိမယ်။
သို့သော်လဲဘဲ စေတနာကတော့ သန့်ရှင်းလျှက်ပါဘဲ။
ဒါကျွန်တော် သေသေချာချာ ဝန်ခံရဲပါတယ်။

ကျွန်တော် အရင်တစ်ခါက ပြောခဲ့ဘူးသလိုဘဲ နိုင်ငံရေးဖက်က အေးနေပြီးတော့ကာ မဟုတ်တဲ့နေရာမှာ ဆူပူတဲ့ဖက် က ပိုသလို ဖြစ်နေပါတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။
အဲဒီတော့ကာ အဲဒီလိုမဟုတ်တဲ့နေရာမှာ ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့ လူတွေမှန်သမျှ ဝိုင်းဝန်းကူညီနှိမ်နင်း ဖို့လိုတယ်။
ဘယ်သူ့ကိုမှ အားပေးဖို့မလိုဘူး။
သို့သော်လဲဘဲ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ထူထောင်ရေး၊ ဗမာပြည် တိုင်းသူပြည်သား ညီညွတ်ရေး၊ လူထုရဲ့ ညီညွတ်ရေး၊ တိုင်းရင်းသားညီညွတ်ရေးအတွက် လုပ်တဲ့နေရာတွေမှာ
ယခုထက်ပိုပြီး ဆထက်တပိုးတိုးပြီး လုပ်ကြဖို့လိုတယ်။
ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကလဲ ဒီနေရာမှာဆိုရင် လုပ်လာတဲ့နေရာမှာ လိုသေးတယ်။
ကျွန်တော်လဲ သိပ်မကျေနပ်သေးဘူး။
အဲဒီတော့ကာ ဒါတွေ အားလုံး အလုပ်လုပ်ကြဖို့လိုတယ်။
အဲဒီလို လုပ်နိုင်မှသာလျှင် လွတ်လပ်ရေးဆိုတာလဲဘဲ ကျွန်တော်တို့ ရည်မှန်းထားတဲ့ အချိန်ပိုင်းအတွင်းမှာ ရလဲရမယ်။
ရပြီးတဲ့နောက် ကျွန်တော်တို့ ရှေ့ဆက်လက်ပြီးတော့ကာ အားလုံး နင်းကန်ပြီးတော့ အလုပ်လုပ်နိုင်မှ အနှစ် ၂၀လောက်ကြာရင် တန်ကာကျမယ်။

အနှစ် ၂၀လောက်ကြာရင် တန်ကာကျမယ် ဆိုတာက ကျွန်တော်နဲနဲ ထပ်ရှင်းပြချင်သေးတယ်။
ဥပမာနဲ့ပြောခဲ့ချင်တယ်။
ဥပမာ ပညာရေး ကြည့်မယ်။
ပညာရေးမယ် ကျွန်တော်တို့ ဗမာပြည်မယ် အရင်စစ်မဖြစ်ခင် တုန်းကထက် အင်မတန် အောက်ကျ နောက်ကျ ဖြစ်နေတယ်။
အင်မတန် အောက်ကျ နောက်ကျ ဖြစ်နေတော့ကာ အခမဲ့ မူလတန်းပညာ မသင်မနေရ ဥပဒေ လုပ်ပေးပါလို့ ပြောတယ်။
ဥပဒေ သာ လုပ်ပေမဲ့ ဘယ်လောက်ကြိုးစား၊ ဘယ်လောက် အလုပ်လုပ်မှ ဘယ်လောက်ကြာမှ အဲဒီ အခမဲ့ မူလတန်း မသင်မနေရ ပညာဆိုတာ
ဗမာပြည်တပြည်လုံး ရွာတိုင်း မြို့တိုင်း မှာ ဖြစ်မလဲ ဆိုတာက အနှစ်၂၀ လောက်ကြာမှ ဖြစ်လိမ့်မယ်။
ယခုရှိတဲ့ ဆရာတွေ က အင်မတန်နည်း နေတယ်။
ဒီ ဆရာတွေကို သင်ရမဲ့ ကောလိပ်ကျောင်းတွေ နော်မံကျောင်းတွေ ဖွင့်ရဦးမယ်။
. ကျောင်းအဆောက်အဦ တွေပျက်နေတယ်။
ဒီကျောင်းတွေမှာသုံးမဲ့ ပစ္စည်း ကိရိယာ တန်ဆာပလာ၊ စာအုပ် ခဲတံ၊ ကျောက်သင်ပုန်း၊ ဘီရို အကုန်လုံး ရှိရမယ်။
ဒါတွေလဲ စုံစုံလင်လင် ရှိရမယ်။
အဲဒီဟာတွေအတွက် ကုန်မဲ့ငွေတွေဟာ ဘယ်လောက်ကုန်မလဲ ဆိုရင် ကုဋေပေါင်း အများကြီးချီပြီးတော့ ကုန်မယ်။
အနှစ် ၂၀လောက် ကျွန်တော်တို့ ကုန်း လုပ်ပါမှ အနှစ်၂၀ လောက်ရှိမှ ခင်ဗျားတို့ ဗမာပြည် တပြည်လုံး အခမဲ့ မူလတန်းပညာ မသင်မနေရပညာဆိုတာ တတိုင်းတပြည်လုံး  ..ရွာတိုင်း၊ မြို့တိုင်း မှာ ဖြစ်မယ်။

အဲဒီလို လုပ်နိုင်အောင်က ကျွန်တော်တို့ လုပ်ရမယ် ဆိုရင် ခင်ဗျားတို့ ပြဲအောင် အလုပ်လုပ်ရမယ်။
အလုပ်မလုပ်ဘဲ နဲ့တော့ လွတ်လပ်ရေးမရပေမဲ့ ဘယ်နည်းနဲ့မှ ခင်ဗျားတို့ လွတ်လပ်ရေး အရသာကိုကျပ်ပြည့် တင်းပြည့် ခံစား စံစား ရမှာမဟုတ်ဘူး ဆိုတာ
ဘယ်လိုအစိုးရတက်တက်၊ ကွန်မြူနစ် အစိုးရဘဲ တက်တက်၊ ဆိုရှယ်လစ် အစိုးရဘဲ တက်တက်၊ ဘာ အစိုးရဘဲ တက်တက်
အဲဒီ အလုပ်မလုပ်ဘဲနဲ့တော့ ခင်ဗျားတို့ မဖြစ်ဘူး ဆိုတာကို ကျွန်တော် တစ်ထစ်ချ ရဲရဲ ကြီးပြောရဲတယ်။

အဲဒီတော့ကာ ခင်ဗျားတို့ဟာ
လွတ်လပ်ရေး ကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။
လွတ်လပ်ရေး ကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။
လွတ်လပ်ရေး ကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။
အဲဒီလို လုပ်ပြီး တဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစား စံစားချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့ စည်းကမ်းရှိကြဖို့
ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို
အကျင့်ဆိုးတွေ
အကျင့်ဟောင်းတွေ
. စောက်ကျင့်တွေ ကို ပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်။

+++++++++++++++++++++++++++++++++++++++

လူထု ကို တစ်ပါတ်မရိုက် – ၁၉၄၇ခုနှစ် မတ်လ ၇ရက်နေ့ မေတ္ကာရပ်ခံချက် စာတမ်း
. မြန်မာ့ အသံမှ ည ၆နာရီ ၃၀မိနစ် အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား အသံလွှင့်ဖတ်ကြားသွားခဲ့သည်။
(မိန့်ခွန်း ထဲ မှ အချို့ ကို ရွေးပြီး ဖော်ပြလိုက်ပါသည်)
ဗမာတွေ လမ်းနှစ်ခွ ရောက်နေကြပြီ။
တလမ်းမှာ ကျွန်သက်ရှည်မည့်လမ်း ဖြစ်သည်။
အခြားတလမ်းမှာ ကျွန်သက်တိုမည့်လမ်းဖြစ်သည်။
ဤ နှစ်လမ်း အနက် ဘယ်လမ်းကို လိုက်ကြမည်လဲ။

ယခုအခါတွင် ဗမာပြည် နိုင်ငံရေး တွင် ဖ၊ဆ၊ပ၊လ နှင့် ဖ၊ဆ၊ပ၊လ ဆန့်ကျင်ရေးဟူ၍ အကြမ်းအားဖြင့် နိုင်ငံရေးသမား နှစ်မျိုး နှစ်စား ရှိသည်။

ခပ်ရှင်းရှင်း ပြောရလျှင် ဖ၊ဆ၊ပ၊လ ဆန့်ကျင်ရေးသမား များထဲ တွင်
၁။ ဗြိတိသျှ နယ်ချဲ့သမား တို့၏ ပဉ္စမံ တပ်သား များနှင့်
၂။ မင်းသားကြီး လုပ်ချင်သူများ ပါကြသည်။

. ဗြိတိသျှ နယ်ချဲ့သမား တို့၏ ပဉ္စမံ တပ်သား များဆိုသည်မှာ အခြားမဟုတ်။
ဗမာ့ အဆီအနှစ်များကို စားသောက်နေကြသော ဗြိတိသျှနယ်ချဲ့ သမား များ ထံမှ အရိုးအယွင်း များ ကို လက်ဝေခံပြီး လျှင် ဗမာပြည်တွင်း၌ ဗြိတိသျှနယ်ချဲ့ သမားတို့၏ အလိုတော်ကျ လိုက်လုပ်ပေးနေသော သူများပင် ဖြစ်ကြသည်။
ဥပမာ – ဖ၊ဆ၊ပ၊လ အင်အားစုများကို ပျက်ပြားအောင်ပြုလုပ်ခြင်း၊ ဖ၊ဆ၊ပ၊လ အပေါ်တွင် လူထုက အထင်လွဲ အောင် လှုံ့ဆော်ပေးခြင်း၊
. ဗြိတိသျှ နယ်ချဲ့သမား တဦးတည်း ကို မဲ ပြီး မတိုက်နိုင်အောင် ဖ၊ဆ၊ပ၊လ ကို ဘေး နှင့် နောက်မှ ဝင်၍ တိုက်ပေးခြင်း အစရှိသည့် လုပ်ငန်း များဖြစ်ကြသည်။
ထိုမျှမကသေး၊ ရွေးကောက်ပွဲ မလုပ်ဖြစ်အောင်ပင် အဆိုပါ ပဉ္စမံ တပ်သား တပ်သားတို့၏ အကူအညီဖြင့် ဗြိတိသျှ နယ်ချဲ့သမား တို့သည် ကြိုးစား ကြပေလိမ့်ဦးမည်။
. ရွေးကောက်ပွဲ မလုပ်ဖြစ် လေလေ ဗြိတိသျှ နယ်ချဲ့သမား များ သည် ဗမာ့ အဆီအနှစ်များကို အချိန်ကြာကြာ စားသောက်ရလေလေ ဟူသော သဘောဖြင့်
၎င်းတို့၏ ပဉ္စမံ တပ်သား များကို အသုံးပြုပြီး ရွေးကောက်ပွဲ ကို ဖျက်ပစ်မှာ စိုးရိမ်ရသေးသည်။
ဤအချက်ကို လူထုသည် ကောင်းစွာသဘောပေါက်ရမည်။

ပဉ္စမံ တပ်သား များ၏ အကြောင်းကို အကျဉ်းချုပ်၍ ဖော်ပြခဲ့ပြီးပြီ။
မင်းသားကြီး လုပ်ချင်သူများ၏ အကြောင်းကို ရှင်းပြရဦးမည်။

ယခုအခါတွင် ဖ၊ဆ၊ပ၊လ သည် လူထု၏ရှေ့၌ မားမားမတ်မတ် ရပ်၍ ခေါင်းဆောင်နေခြင်းကို ထိုမင်းသားကြီး လုပ်သူများသည် မနာလို မရှူဆိတ်ကြချေ။
ရပ်ခြင်းရပ်လျှင် သူတို့သာရပ်လိုကြသည်။
သို့ရာတွင် သူတို့၏ ရှေ့နောက်မညီညွတ် သော ခေါင်းဆောင်မှု၊ အမြင်တို သောခေါင်းဆောင်မှု၊
ဘယ်သူသေသေ ငတေမာရင် ပြီးရောဟူသော ခေါင်းဆောင်မှု၊ မကြာခဏ ဖောက်လွဲဖောက်ပြန် ဖြစ်ခဲ့ရသော ခေါင်းဆောင်မှုများကြောင့်
လူထုကလည်း မိမိတို့၏ရှေ့တွင် ထိုမင်းသားကြီး လုပ်လိုသူများကို အရပ်မခံကြချေ။

သို့ဖြစ်ရာ မင်းသားကြီး မလုပ်ရလျှင် မနေနိုင်သော ထိုခေါင်းဆောင် တစု တို့သည် ပတ်မကြီး ကို ထိုးဖောက်လျှက် ရှိကြသည်။
၎င်းတို့အတွက်မှာမူ ၎င်းတို့ခေါင်းဆောင် ဖြစ်မှုသာလျှင် အဓိကဖြစ်သည်။
လူထုလွတ်လပ်ရေးမှာ သူတို့ခေါင်းဆောင်ဖြစ်မှုလောက် အရေးမကြီးပေ။
ထို့ကြောင့်လည်း သူတို့ခေါင်းဆောင်ဖြစ်ရသည့် အခါတွင် ဗမာ့လွတ်လပ်ရေးလမ်းစဉ်ကို မည်သို့ပင်ထိခိုက်စေကာမူ ဂရုမစိုက်ဘဲ
ထိုမင်းသားကြီး မလုပ်ရသူများ သည် ပတ်မကြီး ထိုးဖောက်ရန် လုံ့လပြုခဲ့ကြသည်ကို တိုင်းပြည်လူထု၏ မျက်မြင်ပင်မဟုတ်လော။

ဗမာလူထုကြီးသည် ယခုအခါတွင် လမ်းနှစ်ခွသို့ ရောက်လျှက်ရှိကြပြီဖြစ်ရာ ယခုပြောခဲ့ပြီးသော
. ဗြိတိသျှ နယ်ချဲ့သမား တို့၏ ပဉ္စမံ တပ်သား များနှင့် မင်းသားကြီး မလုပ်ရသူများ ကို ကောင်းစွာသတိပြုကြရမည်။
ယခု တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ မှာ ဗမာ့နောင်ရေးကို ဆုံးဖြတ်ရမည့် ရွေးကောက်ပွဲ ဖြစ်နေသောကြောင့် တခါအထည့်မှားလျှင် တသက်နီးပါးမျှ ခံကြရပေလိမ့်မည်။

+++++++++++++++++++++++++++++++++

 

About မြစပဲရိုး

Khin Latt has written 240 post in this Website..