ကျောင်းသား တောင်းမစား Fighter Peacock

ရဲဘော်တို့… မင်းတို့ မကြာခင် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ကို သိမ်းပိုက်ကြတော့မည်။ မိုင်ရာရှည် ချီတက်လာခဲ့တဲ့ ခရီးရဲ့ အသီးအပွင့် ခံစားရတော့မည်။ ရန်ကုန်ကို မသိမ်းခင် အခက်အခဲတွေ ဖြတ်ကျော်ရဦးမည်။ ဖွတ်မိုက်တွေ၊ လုံထိန်းတွေနဲ့ တိုက်ပွဲဆင်နွှဲကောင်း ဆင်နွှဲရဦးမည်။ ရှေးခေတ်ကတော့ မြို့ကိုသိမ်းလျင် တံတို်င်း၊ ဝင်ပေါက်တံခါးတွေကို ရိုက်ချိုးပစ်ရသည်။ ခုလည်း ဒင်းတို့အခိုင်အမာပြုထားတဲ့ တံခါးတွေကို ရိုက်ချိုးပစ်ကြ။ အချို့ကလည်း ပြောမည်… တံခါး နှမြောစရာ မလုပ်ပါနဲ့ နောက်ပြန်လှည့် ဘာညာကွိကွ…။ အဲဒီတံခါးတွေသည် ရန်ကုန်မြို့ကို အကျဉ်းချထားတဲ့ ထောင်တံတိုင်း သံတိုင်တွေ။ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝန်းကို တံတိုင်းခတ် ထားစရာ မလို။

ရန်ကုန်လူထုက မင်းတို့ကို စောင့်မျှော်နေကြပြီ။ ၂၀၀ရ ခုနှစ် သံဃာအရေးအခင်းအပြီး စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု  အစိုးမရကို ကိုင်လှုပ်နိုင်တာ မင်းတို့ကျောင်းသားတွေပဲရှိသည်။ ကုန်ကုန်ပြောလျင် ဘွားဒေါ်ဂျီးတောင် မစွမ်းစောင်နိုင်ခဲ့။ ၈၈ပွင့်လင်းတွေလည်း အိယောင်ဝါး…။ မင်းတို့ရဲ့ ရိုးသားမှုကို လူထု ယုံသည်။ စမိလျင် ဆုံးအောင်လုပ်တတ်တာ ကျောင်းသားပဲရှိသည်ဟု လက်ခံသည်။

လောလောဆယ်တော့ ရန်ကုန်မြို့တံခါးကို ရိုက်ချိုးဖို့ ပြင်ကြ။ တောင်းဆိုချက် မရလျင် ရန်ကုန်ကို သိမ်းပိုက်ကြ..။ အလုပ်လုပ်ခြင်ယောင် ဆောင်နေတဲ့ အုပ်ချုပ်ရေးယန္တရားထက် စီးပွားရေးအချက်အခြာနေရာကို ပိတ်ဆို့တာ ပိုထိရောက်သည်။

ထောင်တံခါးဝကို ရိုက်ချိုးကြ
ထောင်တံခါးဝကို ရိုက်ချိုးကြ

ရန်သူက အင်အားသုံး နှိမ်နင်းမည်လော.. ၅ဝ ၅၀  မည်သူမှ တပ်အပ် မပြောနိုင်။ လူထုအား တကယ်ပါလျင် ဒင်းတို့ လျှော့သွားဖို့များသည်။ အကြောင်းက ပြန်ပေးဆပ်ရမည့် တန်ဖိုး ပိုကြီးမှန်း ဘပြောင်တို့လူစု ကောင်းကောင်းသိသည်။ ခုအချိန်အထိ ကျောင်သားအရေး တောင်းဆိုချက် မူဘောင်အတွင်းမကျော်… အန်အယ်လ်ဒီ၊ ရှစ်ပူးများနှင့် တိုက်ရိုက် မပတ်သက်၍ ကျောင်းသားများ မြို့တွင်းဝင်ရန် နောက်ဆုံးအကွက် ရွှေ့ပေးနိုင်သည်။

စစ်အုပ်ချုပ်ရေး ကာလ ပြန်ကြည့်… ဆန့်ကျင်ရေး စာတကြောင်း ရေးမိလျင် နိုင်ငံတော် အကြည်အညိုပျက်စေမှု၊ တိုင်းပြည် မငြိမ်မသက် ဖြစ်အောင်ပြုမှု ချဲ့လိုက်တဲ့ အကျယ်… တိုင်းပြည် ပျက်မတတ်။ ခုတော့ ဘာရေးရေး.. သူတို့အဘချုပ်ကြီး မကောင်းကြောင်း စာအုပ်ထွက်တာတောင် ဘာမှ မဖြစ်။ ခုလို အင်တာနက်ခေတ်မှာ အယင်လို ဖြီးဖျန်းခြောက်လှန့်လို့ မလွယ်မှန်း ဒင်းတို့ ကောင်းကောင်းသိ၏။ ကျောင်းသားတွေ မြို့ထဲရောက်လျင် အန်အယ်လ်ဒီနဲ့ ရှစ်ပူးများ လက်ရှောင်နေကြမည် သို့မဟုတ် တက်ကြွစွာ ပူးပေါင်းမှု မရှိမည်ကိုလည်း မှန်းဆသိနိုင်၏။ ထို့ကြောင့် တင်းထားမရ အဆုံး ကျောင်းသားတပ်ကို လူစုခွဲ ဝင်ခိုင်း၊ အလံမထောင် ကြွေးကြော်သံ မပါ ကားစီး မြို့ထဲဝင်ခိုင်းဖွယ်ရှိ၏။ တောင်းဆိုချက်များ ရလျင် ညှိနှိုင်းကောင်းသည်။

ဖွတ်အစိုးမရနဲ့ ညှိနှိုင်းမှု ရာဇဝင် ပြန်ကြည့်လျင် အမျိုးမျိုးသော ခေါင်းစဉ်အောက်တွင် အတိုက်အခံများ ခေါင်းလျှုိုဝင်ကြရသည်။ ထင်သလို ဖြစ်မလာတော့ မချိတင်ကဲ မျက်နှာဖြဲသူနှင့်၊ မျက်နှာချိုသွေး ခေါင်းလျှိုသွားသူနှင့်၊ ရလာမှာပါ ဆက်မျှော်နေသူနှင့်.. အားလုံး ဖရိုဖရဲ။ အတွက်တခါလွဲတော့ ပေးဆပ်မှုက ကြီးမားလှသည်။ ဝှိုက်ကတ်အရေးတွင် ဥပဒေကြမ်းကို လွှတ်တော် လက်ခံပြီးမှ ဘပြောင်အမိန့်နှင့် ပြောင်းပြန်လုပ်ပစ်ခဲ့သည်။ စစ်တပ်နှင့် ဆက်ဆံလျင် ရပြီဆိုမှ ရတယ်မှတ်.. ဖြစ်ပြီဆိုမှ ဖြစ်သည် မှတ်ရန် အရေးကြီးသည်။ ကျောင်းသား တောင်းမစားဆိုတာ စစ်ကောင်များ သိရန် ပြဖို့ အချိန်တန်ပြီ။

 

 

 

 

 

6 comments

  • ခင်ဇော်

    February 16, 2015 at 12:20 pm

    ဘုရားဘုရားးး
    ဥကြောင်တော့ ပထဝီ တရားခံဖစ်တော့မယ်/

    :k:

  • မြစပဲရိုး

    February 16, 2015 at 2:29 pm

    ဘာလို့ ပြန်လာသေးတုန်း ကြောင်ကြောင်။
    ရန်ကုန်မှာဘဲ စောင့်နေလိုက်ပါလား။
    . ကြောင်က အစ အားပေးသဟေ့ ဆိုပြီး ပိုပြီး အားရစရာပေါ့။

    • အဲ့ဒါကိုအထောက်ခံဆုံး အပြောချင်ဆုံး
      ဒီလိုတိုပြတ်ပြတ်မပြောတတ်လို့ လေရှည်နေရတာ။

      အွန်လိုင်းလေတပ်မတော်ကနေ့ နေ့စဉ်တိုက်နေတာ
      စာနဲ့တစ်မျိုး ပုံနဲ့တစ်ဖုံ
      ဒီကြားထဲ အညှီအဟောက်ကမပါရင်မပြီး
      :3

  • အလင်းဆက်

    February 17, 2015 at 8:31 am

    စစ်တပ်နှင့် ဆက်ဆံလျှင် လက်နက်ကို မျက်နှာထက် ပိုကြည့်ထား
    မျက်စိတွေရှင်ရှင်ထား
    မုသားးး သွား အလကားဆိုတဲ့သီချင်းကို ကျက်ထား
    ဟားဟား

    :k:

  • Mike

    February 18, 2015 at 9:44 am

    မစိုးရိမ်တိုက်သစ် နာယကဆရာတော်
    အရှင်ကဝိန္ဒာဘိဝံသ၏ မေတ္တာရပ်ခံချက်

    ခရီးရှည် ချီတက်လာသူကို ပန်းတိုင်ရောက်ခါနီးမှ ပန်းတိုင်သို့ မဝင်ရ မသွားရလို့ တားမြစ်ခံရသူအတွက် ဘယ်လောက် အခံရခက်မယ်ဆိုတာ ကိုယ်ချင်းစာသင့်ပါတယ်၊
    ပန်းတိုင်ဝင်ပြီး အေးအေးချမ်းချမ်း သူ့လမ်းသူ သွားခွင့်ပေးလိုက်ရင်လဲ ဘာပြဿနာမှ ဖြစ်စရာအကြောင်းမရှိပါဘူး၊
    ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ ပြောဆိုခြင်းဟာ ခြိမ်းခြောက်မှုမြောက်နေတယ်ဆိုတာကို စဉ်းစားသင့်ပါတယ်၊
    ငြိမ်းချမ်းတဲ့နည်းလမ်းများနဲ့ ဆောင်ရွက်ခဲ့တဲ့ လမ်းကြောင်းကို ပြန်ပြောင်းသတိရစေချင်ပါတယ်၊
    အာဏာနောက်ကို လိုက်ပြီးပြောဆိုမှုတွေဟာ တရားနည်းလမ်းမကျပါဘူး၊

    ပန်းတိုင်ရောက်ရင် အေးအေးချမ်းချမ်း ကိုယ့်လမ်းကို လျှောက်လှမ်းကြမယ်ဆိုတဲ့ ကတိမျိုးပေးနိုင်အောင် အခွင့်လမ်းပေးပါပို့ အာဏာနောက်လိုက်များကို မေတ္တာရပ်ချင်ပါတယ်။
    နုနယ်တဲ့ နှလုံးသားကို ခက်ထန်အောင် မလုပ်ကြပါနဲ့။

    15-2-2015

    စစ်သားကလည်း စစ်သားအလုပ်လုပ်တာ ဂုဏ်ပြုပါတယ်။ ကျောင်းသားကလည်း ကျောင်းသား
    အလုပ်လုပ်တာ အလေးထားပါတယ်။ ရဟန်းကလည်း ရဟန်းအလုပ်လုပ်တာ လေးစားပါတယ်။
    တစ်ချို့သော အာဏာဆန်သောအရေးအသားများသည် သွေးသားကြမ်းကြုတ်စေအောင်၊ သွေး
    များကွဲအောင် ဖန်တီးနေသကဲ့သို့ရှိသည်။

    ကလေးဆိုတာ ဦးစားပေးတာခံချင်တာပါပဲ။ သူတို့စိတ်တွေနုညံ့နေတာပါ။ ကြားထဲက လူများက
    ရိုင်းအောင် ကြမ်းအောင်လုပ်နေ၍သာ ကြမ်းကြရမ်းကြတာပါ။ တာဝန်ရှိသူများအနေဖြင့် ကြားလူ
    များကို ဖော်ထုတ်ဖယ်ရှားပြီး လက်နက်မဲ့ ကလေးများကိုတော့ နွေးထွေးစွာ ပန်းအဝင်မှာကြိုဆို
    လိုက်နိုင်မယ်ဆိုရင်“ရန်ကုန်ဝင်ရင် ဥပဒေအတိုင်းဆောင်ရွက်မယ်”ဆိုသောစကားထက် အောင်
    မြင်နိုင်ပါကြောင်း…..

    မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး၏အမြင် မေတ္တာရပ်ခံချက်ကို ထောက်ခံလိုက်ပါသည်။
    Ashin Candakumara shared မစိုးရိမ်တိုက်သစ် မဟာအောင်မြေ’s photo.
    Yesterday at 10:47 ·

  • ခင်ဇော်

    February 19, 2015 at 10:49 am

    ကျာင်းသားသပိတ်နှင့် ဆရာတော်အရှင်ဆန္ဒာဓိက၏အမြင်
    ==============================
    ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းနှင့်ပတ်သက်၍
    ဆရာတော်၏သဘောထားအမြင်အားမေးမြန်းလျောက်ထားရာ…..
    ဆရာတော်က
    “မေတ္တာတရားဖြင့်သာငြိမ်းချမ်းစွာပြီးစီးစေလိုကြောင်း…:”
    “ကျောင်းသားတွေကတက်ကြွစွာချီတက်ကြတယ်။
    ပြည်သူတွေကနွေးထွေးစွာကြိုဆိုကြတယ်။
    အာဏာပိုင်တွေကဝမ်းမြောက်စွာ ခွင့်ပြုကြရုံပါပဲ။
    အဲဒီလိုနိုင်ငံကောင်းကြိုးအတွက် သုံးပွင့်ဆိုင်
    တက်ညီ လက်ညီဆောင်ရွက်ကြမယ်ဆိုရင်
    ဘယ်လောက်များကျက်သရေ ရှိလိုက်မလဲ။
    နိုင်ငံအတွက်လည်း အကြီးအကျယ် ကောင်းကျိုးဖြစ်ထွန်းသွားမယ်”……..
    အားပေးသင့်
    =========
    “အနာဂတ်ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ကျောင်းသား
    လူငယ်တွေရဲ့…
    နိုင်ငံရေးစိတ်ဓာတ်နိုးကြားမှု၊
    နိုင်ငံတိုးတက်လိုမှု၊စိတ်ထက်သန်မှုကို….
    နိုင်ငံ့ခေါင်းဆောင်အားလုံးကရော…..
    နိုင်ငံသားအားလုံးကပါ အထူးဝမ်းမြောက်စွာနဲ့…
    ကျေကျေနပ်နပ်ကြီး အားပေးသင့်ပါတယ်….”
    အခိုင်အမာ
    ========
    “ကျောင်းသားတွေရဲ့ အောင်ပွဲဟာ….
    နိုင်ငံတော်ရဲ့အောင်ပွဲဖြစ်တဲ့အတွက်….
    ကျောင်းသားတွေရဲ့စိတ်ထဲမှာ ငါတို့အောင်မြင်သွားပြီ
    ဆိုတဲ့ ခံစားချက်…အခိုင်အမာစွဲမြဲသွားအောင်…
    ကျောင်းသားတွေရဲ့..စိတ်ဆန္ဒအတိုင်း
    ရည်မှန်းရာလမ်းဆုံး ပန်းတိုင်ထိ ချီတက်ခွင့်ပြုစေချင်ပါတယ်..”
    “ကျောင်းသားတွေ အောင်မြင်တာကို
    ငါတို့ရှုံးနိမ့်တယ်လို့..မယူဆစေချင်ပါဘူး….
    မိဘဆိုတာ သားသမီးတွေအပေါ်
    အနိုင်အရှုးံတွက်ရိုး ထုံးစံမရှိဘူးလေ….
    အစိုးရဆိုတာ ပြည်သူတွေရဲ့ မိဘပဲ မဟုတ်လား..”
    “ဘာလက်နက်မှမကိုင်ဆောင်ပဲ ငြိမ်းချမ်းစွာ
    ချီတက်ကြတာဖြစ်တဲ့အတွက် …..
    ဘာဆူပူလှုပ်ရှားမှု၊ဘာမငြိမ်မသက်ဖြစ်မှုမှ
    ဖြစ်လာစရာအကြောင်းမရှိပါဘူး….
    ကိုယ့်သားသမီး၊ကိုယ့်မြေးမြစ်လေးတွေလိုသဘောထားပြီး…
    အန္တရာယ်ကင်းဘေးရှင်းစွာနဲ့
    ဗဟိုဆုံရပ်ထိ ချီတက်နိုင်အောင် ကြင်နာနွေးထွေး…
    ကူညီစောင့်ရှောက်ပေးသင့်ပါတယ်…”
    “ကျောင်းသားတွေ နဲ့ ပြည်သူလူထုကြောင့်တော့…
    ဆူပူအကြမ်းဖက်မှုဖြစ်စရာအကြောင်းမရှိပါဘူး။
    နေ့စားကြေးယူပြီး ခိုင်းတာလုပ်တဲ့လူတစုကြောင့်သာ
    အကြမ်းဖက်မှုဖြစ်နိုင်တာပါ။
    သက်ဆိုင်ရာက အဲဒီလိုလူတွေကို အဲဒီလိုမခိုင်းဖို့ပဲ
    အရေးကြီးပါတယ်။
    မေတ္တာကြီးကြီးထားပြီးနားလည်ခွင့်လွှတ်ပေးလိုက်ရင်
    ကျောင်းသားသပိတ်ဟာ အေးအေးချမ်းချမ်းနဲ့….
    အမြန်ပြီးဆုံးသွားပါလိမ့်မယ်…..” …ဟု………
    ဆရာတော်က မိန့်ကြားခဲ့ပါတယ်။
    18.2.15(wed)
    စံတော်ချိန်နေ့စဉ် မှ
    ကူးယူ၍ဖော်ပြပေးပါသည်။

    On behalf of U Kyaung
    :k:

Leave a Reply