ာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းက ပြည်သူများဘဝကို ဇာတ်လမ်း ကျောရိုးအဖြစ် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားဂျပန်တွင်ရုံတင်မည်

zaw mgAugust 20, 20101min590

နာဂစ်ဇာတ်ကား ဂျပန်တွင်ရုံတင်မည်

နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းက ပြည်သူများဘဝကို ဇာတ်လမ်း ကျောရိုးအဖြစ် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံတွင် ယခုလ ၂၉ ရက်နေ့တွင် ပြသမည် ဖြစ်သည်။

နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး ၂ နှစ်ကျော်ချိန်တွင်  “အလွမ်းများနှင့် ဧရာဝတီ” အမည်ရ ဒီဗီဒီ ဇာတ်ကားကို ဂျပန်နိုင်ငံရောက် နိုင်ငံရေး လှုပ်ရှားသူများ အပါအဝင် သရုပ်ဆောင် ၇ဝ ပါဝင်  ရိုက်ကူးထားသည်။
Nargis
မြစ်ဝကျွန်းပေါ်မှ နာဂစ်မုန်တိုင်းဒဏ် မသင့်မီ မိသားစု နှစ်စု အကြောင်းကို အခြေခံ၍ ရိုက်ထားခြင်းဖြစ်ပြီး ကျေးရွာ အိမ်မှူး၊ ဥက္ကဋ္ဌ တို့က အတိုးနှုန်းဖြင့် ငွေချေးရာ မဆပ်နိုင်သဖြင့် အိမ်မှ နွားသိမ်းသွားသည့် အကြောင်းများ၊ မုန်တိုင်းတိုက်ခတ်စဉ် မောင်နှမနှစ်ယောက် ကွဲသွားပြီး နောက်ပြန်ဆုံတွေ့ကြပုံ၊ ထိုနောက် ဒေသခံ စစ်ဗိုလ်တဦးက မောင်လေးကို ကလေးစစ်သား စုဆောင်းရေးသို့ ခေါ်သွားပုံ စသည့် ဇာတ်ဝင်ခန်းများ ပါဝင်ကြောင်း ဒါရိုက်တာ ဦးဌေးသစ်က ပြောသည်။

”ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းမှာ လုပ်ကြံခဲ့တဲ့ထဲမှာ ကြံ့ဖွံ့တွေပါတယ်ဆိုတာတွေ၊ ဒီစစ်တပ်က ဖွဲ့စည်းတဲ့ ဒီအဖွဲ့အစည်းကို ထောက်ခံရမယ်ဆို သေတာဘဲ ကောင်းတယ်ကွာဆိုပြီး လူထုက စိတ်ပျက်သွားတာကို ကလေးတွေပါ သိသွားအောင် ဖော်ပြထားပါတယ်” ဟု သူက မဇိ္ဈမကို ပြောသည်။

ဂျပန်နိုင်ငံ ချီးဘားမြို့ရှိ အယ်ထိုးခါဝါမြစ် ပတ်ဝန်းကျင်တွင် အဓိက ရိုက်ကူးထားသည့်
ရုပ်ရှင်ဇာတ်ကား ပြသချိန် ၁ နာရီခွဲကြာမြင့်ပြီး မြန်မာ၊ ဂျပန်၊ အင်္ဂလိပ်ဘာသာတို့ဖြင့် စာတမ်းထိုးမည် ဖြစ်သည်။

ဇာတ်လမ်း ရိုက်ကူးချိန် ၁ နှစ်ခွဲခန့်ကြာမြင့်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ တသောင်းနီးပါး ကုန်ကျကြောင်း ဒါရိုက်တာ ဦးဌေးသစ်က ပြောသည်။

နာဂစ် ဖြစ်ရပ်မှန် ၈ဝ ရာခိုင်နှုန်းဖြစ်ပြီး ၂ဝ ရာခိုင်နှုန်း စိတ်ကူးများဖြင့် ရိုက်ထားသည့် အလွမ်းများနှင့် ဧရာဝတီ ဇာတ်လမ်း ရိုက်ကူးရေးအတွက် လိုအပ်သည့် ငွေကြေးကို ဇာတ်ကားတွင် ပါဝင်သူများကိုယ်တိုင် ထည့်ဝင် ရိုက်ကူးသည်။

ယခုလ ၂၉ ရက်နေ့တွင် ဂျပန်နိုင်ငံရှိ လူ ၃ဝဝ ဆန့် Toshima-ku Minami Otsuka-Hall ရုပ်ရှင်ရုံတွင် ပထမဆုံး တရက်အတွင်း ၃ ကြိမ်အဖြစ် ရုံတင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
n
ဂျပန်ရှိ ဒီမိုကရေစီလှုပ်ရှားသည့် အဖွဲ့အစည်းများမှ လူ၈ဝ ခန့် ဖိတ်ခေါ်ထားပြီး ရုပ်ရှင် လက်မှတ် တစောင်လျှင် ဂျပန်ယန်း ၁၅ဝဝ တန်ဖိုးရှိ လက်မှတ်ပေါင်း ၅ဝဝ ကျော် ရောင်းရပြီ ဖြစ်ကြောင်း သိရသည်။

၎င်းဇာတ်ကားမှ ရရှိသော အလှုငွေများကို ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများမှတဆင့် မုန်တိုင်းသင့်ဒေသများ ပြန်လည် ထူထောင်ရေး အတွက် ကူညီပံ့ပိုးပေးသွားမည်ဟု ယခင်က ဆိုသည်။

ဒါရိုက်တာ ဦးဌေးသစ်သည် မြန်မာပြည်တွင် နာမည်ကျော် ပန်းချီဆရာကြီး ဦးဘသစ်၏ သားဖြစ်ပြီး မြန်မာရုပ်ရှင် လောကတွင် ရုပ်ပြောင်းရုပ်လဲ မိတ်ကပ်ပညာရှင်နှင့် ဒီဇိုင်း ပညာရှင်အဖြစ် ၁၅ နှစ်ခန့်ကြာ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။