ဦးလေး စီးကရက်တွေ သောက်နေပြန်ပြီလား၊ မသောက်တော့ဘူးဆို…

ရုံးက pantry ထဲ ထမင်းစားဘို့ ဝင်လာတဲ့ ကျမ စီးကရက်နံ့ထောင်းထောင်းထအောင် သောက်နေတဲ့ ဦးလေးကိုတွေ့လိုက်ရတာမို့ မနေနိုင်ပြောလိုက်မိပြန်ပါပြီ။

ဦးလေးကလဲ ထုံးစံအတိုင်း… အေးပါဟာ ခုလေးမှပါ ခဏဘဲရှိပါသေးတယ်… အငွေ့တွေ ရှိုက်မသွင်းပါဘူး ခဏငုံထားပြီးထုတ်လိုက်တာပါ… အာသာပြေပေါ့ .. ပြီးရင် နင်ဘာဟင်းချက်လဲ ငါတော့ ဝက်ကလီစာ ချက်လာတာ.. အမနေကောင်းလား ကို…ကော နေကောင်းလား စသည်ဖြင့် စကားလွှဲတွေ ဒလစပ်ပြောရင်း စီးကရက် ကို်ကုန်အောင် ဖွာပါတော့တယ်။

ဦးလေးဆိုတာ   ကျမတို့ ငယ်ငယ်တုံးက ဘေးအိမ်က သူ့အမအိမ်ကိုလာရင်း ကျမတို့ ရဲ့ ဦးလေးလိုခင်ခဲ့ရသူ ကျမအိမ်ထောင်ကျတော့လဲ အမျိုးသားနဲ့က သူငယ်ချင်းဖြစ်ခဲ့ဖူးသူပါ.. ခုတော့ ကျမ အလုပ်လုပ်တဲ့ Company group က လူကြီးလေ… စီးကရက်ကိုတော့ လက်ကမချ လက်ကြားဝါအောင် ကိုယ်မှာအနံ့စွဲနေတဲ့ထိ သောက်တတ်တာကလွဲလို့ ပျော်ပျော်နေတတ်ပြီး ဝန်ထမ်းတွေဘက်က နေတတ်သူမို့ အားလုံးက ချစ်ခင်လေးစားကြသူပါ။

စီးကရက် အနံ့ပါးပါးလောက်ကို နှစ်သက်တတ်သူကျမ၊ မိုးအေးအေးမှာ စီးကရက်တစ်လိပ် သီချင်းတွေနဲ့ငြိမ့်ခဲ့ဘူးသူကျမ ခရီးသွားရင် တစ်ခါတစ်လေ စီးကရက်လေးနဲ့ အဖော်ပြုခဲ့ဘူးပေမယ့် ဦးလေးကိုတော့ လက်မြှောက်ခဲ့ရပါပေါ့။

နောက်တော့ Company ရဲ့ထုံးစံအတိုင်း အဆင့်ဆင့် နေရာရွှေ့ တာဝန်ပေးတာမို့ ဦးလေးနဲ့ ကျမ ရုံးနေရာ မတူတော့ပါဘူး။ အဆောက်ဦးတစ်ခုတည်း အတွင်းမှာကိုဘဲ တာဝန် အသီးသီးနဲ့ဆိုတော့ အကြောင်းကိစ္စရှိမှသာ ဦးလေးကိုတွေ့ဖြစ်တာမို့ နိုင်ငံခြားကို ဆေးသွားကုတယ်ဆိုမှဘဲ နေမကောင်းတာ သိရပါတော့တယ်။ သူ့တပည့်မလေးပြောမှ.. ..ခံတွင်းကင်ဆာ ဖြစ်နေတဲ့အကြောင်း သွားဖုံးမှာ အဖုပေါက်လို့ သွားဆေးခန်းမှာခွဲကြောင်း၊ စစ်ဆေးချက်အဖြေအရ ကင်ဆာအမည်တပ်ကြောင်း၊ နိုင်ငံခြားက ဆရာဝန်ကြီးတွေနဲ့ ပြပြီးမှ ဆဲလ်များ ပျံ့နှံ့မှုမြန်နေတဲ့အတွက် မျက်နှာတစ်ခြမ်းက အရိုးများလှီးထုတ်ရမှာဖြစ်ကြောင်း သိခွင့်ရပါတော့တယ်။

ဦးလေးပြန်ရောက်ပြီတဲ့၊… international ဆေးရုံကြီးတစ်ခုမှာ ကျမတို့သွားတွေ့တဲ့အခါ အရိုးတစ်ခြမ်းမရှိလို့ တစ်ဖက်ချိုင့်နေတဲ့ မျက်နှာ၊ ပိတ်မရတဲ့ မျက်လုံးတစ်ဖက်၊ သွားတွေတစ်ချောင်းမှမရှိဘဲ စေ့မရတဲ့ နှတ်ခမ်းတစ်ဝက်၊ မပီသ တိုးလျှတဲ့ စကားသ၊ံ ပြန်တော့လို့ ပြနေတဲ့ လက်အမူရာတွေကြောင့် စိတ်မထိန်းနိုင်တော့ဘဲ အခန်းပြင်ထွက်လို့ ငိုမိပါတော့တယ်။

နောက်တော့ ဆေးရုံကဆင်း ဓာတ်ကင် ဆေးသွင်း စတာတွေလုပ်ရင်း နေကောင်းလာလို့ ရုံးပြန်တက်နိုင်ခဲ့ပါတယ်။ နောက်ငါးနှစ်တော့ ဘာမှမဖြစ်တော့ဘူးတဲ့.. အံကပ်နဲ့ ခုတပ်ထားတဲ့ မျက်နှာအနေထားကတော့ တွေ့စကလောက်မဆိုးတော့ပေမယ့် အရင်လိုအကောင်းတော့ မဟုတ်တော့ပါဘူး၊ အသားရောင်ကလဲ မမှန် တစ်ခါတစ်လေ မဲခြောက်နေတတ်ပါတယ်။ ဦးလေးနေပြန်ကောင်းရင် စီးကရက်တွေ မသောက်နဲ့တော့နော် လို့ ကျမ ပြောဖြစ်အောင်ပြောတဲ့အခါ ဦးလေး ရယ်နေပါတယ်။ စီးကရက်ရဲ့ မကောင်းကျိုးတွေလဲ မိချောင်းမင်း ရေခင်းပြမိပါတယ်…

စီးကရက်မှာ ပါဝင်တဲ့ ဆေးရွက်ကြီးတွင် အဓိကအားဖြင့် နီကိုဒင်းနှင့် နိုက်ထရိတ်၊ ပရိုတင်းနှင့် အယ်လကာလွိုက်များမှ ပြောင်းလဲလာသည့် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများပါဝင်ကြောင်း၊ ဆေးရွက်ကြီးထွက်ပစ္စည်းမှာ အဓိကအားဖြင့် နှစ်မျိုးရှိပြီး အငွေ့ထွက်သော ဆေးရွက်ကြီးထွက်ပစ္စည်းနှင့် အငွေ့မထွက်သော ဆေးရွက်ကြီးထွက် ပစ္စည်းတို့ဖြစ်ကြောင်း၊ အငွေ့ထွက်သော ဆေးရွက်ကြီးထွက်ပစ္စည်းတွင် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ပြောင်းဖူးဖက်လိပ်နှင့် ဆေးတံ စသည်တို့ နှင့် အငွေ့မထွက်သော ဆေးရွက်ကြီးထွက်ပစ္စည်းတွင် ကွမ်းစားဆေးအမျိုးမျိုးပါဝင် တဲ့ အကြောင်း ၊တွေ ပြောပြလို့ပေါ့… ပြီးတော့

ဆေးလိပ်နှင့် ဆေးရွက်ကြီး အသုံးပြုမှုတို့ကြောင့် နှစ်စဉ်လူပေါင်း သုံးသန်းခန့် အသက်ဆုံးရှုံးကြရပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းနှင့် နှီးနွှယ်သော ရောဂါများကြောင့် သေဆုံးရသူဦးရေမှာ ၄ ဒသမ ၉ သန်းကျော် ရှိနေပြီး တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ရမှုကြောင့် သေဆုံးသူဦးရေမှာ ခြောက်သိန်း ကျော်ရှိနေတဲ့ အကြောင်း ဖတ်ဖူးသမျှလေးလဲပြောပြဖြစ်ပါတယ်။

ခြောက်လလောက်အကြာမှာ ဦးလေးရောဂါပြန်ဖြစ်ပါတယ်၊ နိုင်ငံခြားမှာ ပြန်စစ်တော့ ကျန်တဲ့ မျက်နှာတစ်ဖက်ခြမ်းက အရိုးကိုကူးသွားပါပြီတဲ့ ပျံ့နှံ့မှုနှုန်းကလဲ မြန်လွန်းပါသတဲ့ နိုင်ငံခြားမှာ ခွဲစိတ်ကုသမှု မလုပ်တော့ဘဲနဲ့ ဒီမှာဘဲ ဓာတ်ကင် ဆေးသွင်းပြီး သက်သာအောင်နေရပါတော့မယ်တဲ့။ ဆေးရုံ ဆေးခန်းမှာ တစ်လှည့်စီ ဆေးသွင်းရင်း အခြေနေ ပိုဆိုးလာခဲ့ပါပြီ။ မျက်နှာတစ်ဖက်မှာ အဖုထွက်ပြီး ယောင်လာတဲ့အတွက် တစ်ဖက်ကချိုင့်နေတာ ပိုသိသာနေခဲ့တယ်၊ နှာခေါင်းကနေ ပြည်ပုတ်ရည်တွေ စီးကျလာခဲ့လို့ အနံ့အသက်လဲ မကောင်းခဲ့ဘူး၊ အဖတ်မျိုမရလို့ ဆေးနဲ့ အစာမှန်သမျှ ကြိတ်ချေပြီး ပိုက်နဲ့ထည့်ရတယ်။

နောက်တော့ ဆေးရုံပြန်တင်ရတော့တယ်။ ကျမ အမျိုးသားက ဆေးရုံမှာဦးလေးကို သွားတွေ့တဲ့အခါ သူငိုပါတယ်၊ ဓာတ်ကင်ပြီးရင် သူ့မှာမျက်နှာကို မီးရှို့နေသလိုခံစားရတာတဲ့.. မင်းတို့ အားပေးတာ ကျေးဇူးတင်ပေမယ့် ပြန်ကောင်းလာမယ်လို့ သူ့မှာ မျှော်လင့်ချက်မရှိတော့ပါဘူးလို့ မျက်ရည်တွေနဲ့ ပြောလာခဲ့တယ်။ အဲ့ဒီညမှာဘဲ မျက်နှာပေါ်က အဖု ပေါက်ထွက်သွားပြီး မနက်ပိုင်းလောက်မှာ အသက်ဆုံးသွားခဲ့ပါတယ်။

အစားမတော် တစ်လုပ် အသွားမတော်တစ်လှမ်းတဲ့ ဦးလေးအတွက်တော့ ဘယ်လို စကားပုံပြောရမလဲ၊၊ ဦးလေးသာ စီးကရက်မသောက်ရင် ဒီလိုဝေဒနာ ခံစားရမှာမဟုတ်ပါဘူး လို့တွေးမိပါတယ်။ စီးကရက် မသောက်တတ်သူတွေလဲ ဒီရောဂါ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စီးကရက်သောက်တဲ့သူတွေကတော့ ဖြစ်နိုင်ချေများတယ်မို့လား။ သိန်းပေါင်း ထောင်ချီကုန်ခဲ့ပေမယ့် ဦးလေးအသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ဝဋ်ကျွှတ်သွားတယ်လို့သာ ဖြေရမယ်ပေါ့။ဘဝ ဘဝ တွေက ဝဋ်ကျွေးပါလို့ ဒီဘဝပေးဆပ်ရခြင်းဆိုရင်ဖြင့် နောင်ဘဝတွေ ဒီအဖြစ်မျိုးဝေးပါစေ ဦးလေးရေ…

ဒီနောက်ပိုင်း ကျမ ခင်တဲ့သူ ပြောခွင့်ရတဲ့သူ အားလုံးကို စီးကရက်မသောက်ဖို့ ပြောပါတယ်။ ဦးလေးကတော့ ဒီလမ်းကိုရွေးချယ်သွားပါတယ်။ နောက်လူတွေ ဒီလမ်းကို ဆက်မလျှောက်စေချင်ပါ။

ဆေးလိပ် သို့မဟုတ်စီးကရက် အငွေ့ထဲတွင်ကတ္တရာစေး၊ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုဒ်၊ ဟိုက်ဒြိုဂျင်ဆိုက်ရာနိုက်၊ နိုက်ဒြိုဂျင်အောက်ဆိုဒ်ဓာတ်များပါဝင်ပြီး ရှူရှိုက်သွင်းလိုက်သည့်အခါ အဆုတ်မှတဆင့် သွေးထဲသို့ရောက်ရှိသွားပြိး ခန္ဓာကိုယ်တခုလုံးကိုပျံ့နှံ့သွားကာ အဆုတ်သာမက အခြားအင်္ဂါများကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲသူများသည် အဆုတ်ပွခြင်း၊ နာတာရှည်လေပြွန် ရောင်ရမ်းခြင်း၊ အဆုတ်ကင်ဆာ၊ ခံတွင်း ကင်ဆာ၊ အသံအိုးကင်ဆာတို့အပြင် အစာမျိုပြွန်၊ ဆီးအိမ်၊ ကျောက်ကပ်၊ အသည်း၊ အစာအိမ်၊ အူမကြီးကင်ဆာများ ဖြစ်ပွားနိုင်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုယ်တိုင် ဆေးလိပ်သောက်ခြင်း(သို့) ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းတို့ကြောင့် သားအိမ်မှတစ်ဆင့် သန္ဓေသားသို့သွားသည့် သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်းတို့ကြောင့် မိခင်နှင့်ကလေးပါ အန္တရာယ်ဖြစ်စေနိုင်သည်။ သားပျက်၊ သားလျှောခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ ပေါင်ချိန်မပြည့်သော ကလေးမွေးဖွားခြင်း၊ မွေးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။

ကောင်းကျိုးမရှိတဲ့ စီးကရက်ကို ကိုယ်တိုင် သောက်ကြသူတွေအပြင် တစ်ဆင့်ခံ ရှူရှိုက်နေကြရတဲ့ မိမိရဲ့ ချစ်ခင်သူတွေ ကိုပါ အန္တရာယ်မဖြစ်စေဘို့ ဖြတ်လိုက်စေချင်ပါတယ်။ တတ်နိုင်ကြတဲ့ ချစ်ခင်သူတွေကလဲ မသောက်ဘို့ ပြောပေးကြပါ၊ လျှော့သောက်ရာမှ ဖြတ်လိုက်ကြစေချင်ပါတယ်။

စီးကရက်ဖြတ်ဘို့ အကောင်းဆုံးနည်းလမ်းက သစ်ကြပိုးခေါက်ကို စီးကရက်ကဲ့သို့ အားပါးတရဖွာလိုက်ပါ… ခဏနေရေသောက်ပါ… အာသာပြေသွားပါလိမ့်မယ်…

တစ်ခါတစ်လေ တော့လဲ စီးကရက်ကို ဟန်ပါပါခဲနေကြတဲ့ လူကြီး လူရွယ် တွေကိုမြင်တိုင်း ကျမ ဦးလေးကို သတိရပါတယ်။

စီးကရက်က ပေးတဲ့ ဝေဒနာဆိုးမှ ကင်းဝေးကြပါစေ။

About Ma Ei

Ma Ei has written 53 post in this Website..