တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ဦးရှိသတဲ့။ တစ်နေ့မှာ ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို ဒီလိုပြောလိုက်ပါတယ်။
“မင်းအဖေက ငါ့လောက် ဥာဏ်မကောင်းပါဘူးကွာ။ မင်းအဖေထက် ငါကပိုပြီးတော့ ဥာဏ်ကောင်းတယ် သိလား´´

အဲ့စကားကိုကြားရတဲ့အခါ မိန်းမဖြစ်သူက ဟားတိုက်ရယ်မောပြီးတော့ ပြန်ပြောသတဲ့။
“တော်စမ်းပါရှင်။ ရှင်က ဘာများဥာဏ်ကောင်းလို့လဲ။ ကျုပ်အဖေက ရှင့်ထက်ပိုပြီးတော့ ဥာဏ်ကောင်းတယ်သိလား။ ဘယ်လောက်တောင် ကောင်းသလဲဆိုရင် ကျုပ်အဖေက ရှင့်အဖေ မမွေးခင်ကတည်းက ဥာဏ်ကောင်းတာ´´
ဒါပေမဲ့ ယောက်ျားဖြစ်သူကတော့ မိန်းမဖြစ်သူရဲ့ စကားကိုလက်မခံဘူး။ သူ့ယောက္ခမထက် သူကပိုပြီး ဥာဏ်ရည်သာတဲ့အကြောင်းကို မိန်းမသိစေရမယ်ဆိုပြီး တွေးနေသတဲ့။

တစ်နေ့မှာတော့ သူ့ယောက္ခမဆီကို သူ့မိန်းမကတဆင့် အိုးအလွတ်တစ်လုံး ပို့လိုက်တယ်။ အိုးကို ပို့လိုက်တဲ့အပြင် သူ့ယောက္ခမကို မှာလိုက်တာကတော့ …
“အဖေ၊ ကျွန်တော့်ရဲ့ ဒီအိုးအလွတ်ထဲကို အရက်တွေ ပြန်ဖြည့်ပြီး ပို့ပေးလိုက်ပါ အဖေ။ ဒါပေမဲ့ အရက်က အဖေကိုယ်တိုင်ချက်ပြီး ပြုလုပ်ထားတဲ့ အရက်လဲ မဖြစ်စေရဘူး။ ဘယ်သူ့မှ ချက်ထားတဲ့ အရက်လဲ မဖြစ်ရဘူး။ ပိုက်ဆံနဲ့ ၀ယ်ထားတဲ့အရက်လဲ မဖြစ်ရဘူးနော်´´ လို့ဆိုသတဲ့။
သမက်ဖြစ်သူယောက်ျားက သူ့ယောက္ခမတော့ အခတ်တွေ့ပြီ၊ အချိန်ပေးပြီး အဖြေထုတ်နေရပြီ လို့တွေးနေသတဲ့။ ဒီ့အပြင် အဖြေလဲရှာလို့ရမှာ မဟုတ်ဘူးလို့ ထင်နေပြန်တယ်။
တကယ်တော့ သမက်ဖြစ်သူက သူ့ဘာသာသူ တွေးထင်နေတာပါ။ ယောက္ခမဖြစ်တဲ့ အဘိုးကြီးကတော့ ဒီလိုမဟုတ်ပါဘူး။ သူ့ရဲ့ သမက်ဆီကို ချက်ခြင်းပဲ သတင်းပြန်ပို့လိုက်သတဲ့။ သူ့သမက်လိုချင်တဲ့ အရက်ရှိတယ်လို့ သတင်းပြန်ပို့ပါတယ်။

ယောက္ခမဖြစ်သူ အဘိုးကြီး ပြန်ပို့တဲ့ သတင်းက ဒီလိုပါ။
“သားရေ၊ မင်းလိုချင်တဲ့ အရက်က ငါ့မှာ အဆင်သင့်ရှိပြီးသားကွ ဒါပေမဲ့ ငါမင်းဆီကို အဲ့ဒီအရက်ပို့ပေးမယ့် လူမရှိဘူးဖြစ်နေတယ်။ ဒီတော့ ငါ့ဆီကို လူတစ်ယောက်ပို့လိုက်စမ်းပါဦး။ အရက်အိုးသယ်ဖို့ပေါ့။ ဒါပေမဲ့ အဲ့လူက ယောက်ျားလည်း မဖြစ်ရဘူး၊ မိန်းမလည်း မဖြစ်ရဘူးနော်။ ဒီထက်ရှင်းအောင်ပြောရရင် ယောက်ျားအင်္ဂါပါတဲ့သူလည်း မဖြစ်ရဘူး။ မိန်းမအင်္ဂါပါတဲ့သူလည်း မဖြစ်ရဘူးနော်။´´

အံ့အားသင့်ဖွယ်ရာ အကြောင်းပြန်ကြားလိုက်တဲ့ ယောက္ခမဖြစ်သူရဲ့ ပြန်စာကိုရလိုက်တဲ့ သမက်ဖြစ်သူခမျာ မျက်လုံးပြူးသွားပါတော့တယ်။ ယောက်ျားအင်္ဂါလည်းမပါသူ၊ မိန်းမအင်္ဂါလည်းမပါသူဆိုတော့ ဘယ်လိုမှ ရှာတွေ့လို့ရမှာ မဟုတ်ပါဘူး။ ဒီကမ္ဘာပေါ်မှာ နေရာအနှံ့လိုက်ရှာရင်တောင် ဘယ်မှာမှ ရှာလို့ရမှာ မဟုတ်ပါဘူး။
နောက်ဆုံးမှာတော့ သမက်ဖြစ်သူ လင်ယောက်ျားက သူ့ရဲ့ယောက္ခမ အဘိုးကြီးဟာ သူ့ထက်ဥာဏ်ရည်သာတဲ့အကြောင်း သူ့ရဲ့ဇနီးကို ၀န်ခံလိုက်ရပါတော့တယ်။

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer