( သူ နဲ့ ကျနော် ရဲ့ အချစ်ပြဇာတ် ) ဇာတ်သိမ်း

တောင်ပေါ်သားFebruary 25, 20151min24522

ဒီမနက် သူ့ကိုဖွင့်ပြောမယ်ဆိုတဲ့စိတ်ကြောင့် ညက ကောင်းကောင်းအိပ်မပျော်ပါဘူး ၊

မနက် ၅ နာရီကတည်းက နိူးနေပြန်ရပါတယ် ၊ ၅ နာရီခွဲမှာတော့ အိပ်ယာကထ ရေချိုးလိုက်တယ် ၊

ကျနော်တို့အိမ်က ၂ ထပ် ၊ အပေါ်ထပ်မှာ အမေ ကျနော်ကအောက်ထပ် ၊

ရေက အိမ်ရှေ့ထောင့် မာလကာပင်အောက်မှာ တိုင်ကီနဲ့ပါ ၊ ရေစက်မရှိ ၊ ဝယ်သုံးရတာပါ ၊

စောစောစီးစီးကြီး ရေချိုးနေတဲ့ကျနော့်ကို ဝရန်တာကနေ အမေက အံ့အံ့ဩဩ ကြည့် လို့ ၊

လှည်းတန်းဘူတာအလာ အာတီးယားလမ်းထဲမှာ တိတ်ဆိတ်စွာပေါ့ ၊

ကျေးဇူးှင်ရထားက အချိန်မှန်လို့ ၆ နာရီခွဲမှာ ဟုမ်းလမ်းဘူတာ ရောက်လာပါတယ် ၊

ထုံးစံအတိုင်း ရွာမလက်မှတ် ၂ စောင်ဝယ်ပြီး သူလာမယ့် လမ်းကလေးဘက်ကို ငေးနေမိပါတယ် ၊

အနီရောင်အောက်ခံမှာ အဝါပန်းပွင့်လေးတွေနဲ့ ဝမ်းဆက်မလေးက ဘူတာကိုမြင်ရတဲ့နေရာအရောက်မှာပဲ

ဟိုကြည့်ဒီကြည့်နဲ့ ကျနော့်ကို ရှာသပေါ့လေ ၊ ( အထင်မဟုတ် အမြင် )

သိပ်မကြာခင်မှာ ရထားဝင်လာပါတယ် ၊ ကျနော့်ရင်ထဲမှာလည်း ရထား ဆယ်စီးခုတ်မောင်းနေသလိုပါပဲ ၊

( မာလာ  )

( ဟင်  ဘာလဲကိုမျိုးသန့် )

( ဟို ဟိုလေ  မာလာ့ကို ပြောစရာရှိလို့ )

( အမယ်လေး ခုလည်းစကားပြောနေတာပဲမလား ၊ ကဲ ဘာများပြောမလို့လဲ )

( ကျနော် မာလာ့ကို ဘယ်လောက်မြတ်နိူးတယ်ဆိုတာ မာလာသိမှာပါ ၊ ချစ်တာတင်မဟုတ် တကယ်မြတ်နိူးမိတာပါ ၊ အဲ  အဲဒါ )

( အင်းးးးး  တစ်နေ့နေ့ ကိုမျိုးသန့် ဒီလိုပြောလာမယ်ဆိုတာ မာလာသိပါတယ် ၊ ကိုမျိုးသန့် မာလာ့ကို ချစ်တယ်ဆိုတာလည်း ယုံပါတယ် ၊ ဒါပေမယ့် )

( ဟင်  ဘာ ဘာဒါပေမယ့်လဲဟင် )

( မာလာတို့က တရုတ်လူမျိုးဆိုတာ ကိုမျိုသန့် သိပါတယ်နော် )

( ဟုတ်ကဲ့ မှန်းမိပါတယ် )

( မာလာတို့ မျိုးနွယ်က အမျိုးအချင်းချင်း အိမ်ထောင်ပြုကြရပါတယ် ၊ အမားတို့တုန်းကလည်း ဒီလိုပဲ စေ့စပ်ထားတဲ့သူနဲ့ ယူရတာ ၊

မာလာ့မှာလည်း ၈ တန်းလောက်ကတည်းက လူကြီးချင်း သဘောတူထားသူ ရှိပါတယ် ၊ မာလာ့ထက် ၅ နှစ်လောက် ကြီးပါတယ် ၊ သူက

အခုထိုင်ဝမ်မှာ အလလုပ်လုပ်နေတယ် ၊ မာလာ ဂျီတီအိုင်ပြီးလို့ အာအိုင်တီ ဝင်ခွင့်ဖြေဖို့ မီရင်ဖြေမယ် ၊ မမီရင်

အမျိုးတွေအလုပ်မှာဝင်လုပ် ၊ ပြီးရင် သူနဲ့ယူူရမှာ ၊ အမားတို့က အရမ်းရှေးရိုးဆန်တယ် ၊ မာလာ ဘာတတ်နိူင်မှာလဲ ၊ မာလာလည်း

ကိုယ်ရင်ခုန်ရသူနဲ့ နေချင်တာပေါ့ ၊ ဒါပေမယ့် ဒီကြားထဲ ဘယ်လိုနေနေ ပြီးရင်တော့ အဲဒီလူကို ယူရမှာ ၊ သူ့ကိုလည်း

တစ်ခါပဲ တွေ့ဘူးပါတယ် ၊ ကိုမျိုးသန့်  မာလာ့ကို စကားပြန်ပြောပါဦး )

( ကျနော် ဘာပြောနိူင်ဦးမှာလည်း မာလာရယ် ၊ ကဲ မာလာက အခု ကျနော့်ကို အဖြေပေးပြီပဲထား ၊ ၂ နှစ် ၃ နှစ် ချစ်သူတွေလိုနေ ၊ ပြီးရင်

လမ်းခွဲကြမယ် ၊ ကဲ မာလာပဲ စဉ်းစားပါဦး ၊ တစ်နေ့ လမ်းခွဲရမယ်ဆိုတာ သေချာနေတဲ့သူကို ဘေးမှာထားပြီး ကျနော်ပျော်နိူင်မလား

မာလာကော ပျော်မတဲ့လား )

( ကိုမျိုးသန့်ရယ်  မာလာတို့ အချစ်ဆုံး သူငယ်ချင်းလို နေလို့ရတာပဲလေ ၊ ဟင် ကိုမျိုးသန့် ရွာမဘူတာရောက်တော့မယ် ၊ လာ ဆင်းစို့လေ )

( မာလာ ဆင်းနှင့်ပါ ၊ ကျနော် သွားစရာရှိသေးလို့ )

( ဟင်  ဘယ် ဘယ်ကိုသွားမှာလဲဟင် ၊ လျှောက်သွားမနေနဲ့နော် ၊ အတန်းတက်ရဦးမယ်မလား )

( အမေ ခိုင်းထားလို့ပါ ၊ မာလာ ဆင်းနှင့်နော် )

ရထားက ဘူတာထဲ တရွေ့ရွေ့ ဝင်လာပါတယ် ၊ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို ကျနော် နှုတ်ဆက်လိုက်ပါတယ် ၊

ခဏလေးအကြာမှာပဲ ရထားက ဆက်ထွက်ခဲ့တာမို့ ရီဝေဝေ မျက်လုံးထဲမှာတော့ ဝမ်းဆက်မလေးက တဖြည်းဖြည်း ဝေး ဝေးလို့

ကျန်ခဲ့ပါပြီ ၊

8b

စဉ်းစားကြည့်ကြပါဦး ၊ ခင်ဗျားတို့ဆိုရင်ကော တစ်နေ့သူတစ်ပါးရင်ခွင်ထဲဝင်ရမယ့်သူကို ချစ်သင့်သလား ၊

ချစ်နေနိူင်မလား ၊ ပျော်ကော ပျော်နေနိူင်မလား ၊

တွဲရတာ အမြတ်ပေါ့ကွာ ဆိုတဲ့ အောက်တန်းကျတဲ့စိတ်လည်း ကျနော့်မှာ မရှိဘူး ၊

အချစ်ဆိုတာ ကျနော်အတွက် စစချင်း ဆောက်နဲ့ထွင်း ဆိုသလို အတော့်ကို အခံရခက်တယ်ဗျာ ၊

ရထားဟာ ဒညင်းကုန်းကိုကျော်လို့ ဂေါက်ကွင်း ၊ ကျိုက္ကလဲ့ဘူတာတွေဘက်ဆီ ချိုးကွေ့လာနေပါပြီ ၊

( ညီလေး  လက်မှတ် ) တဲ့ ၊ လက်မှတ်စစ်ပါလား ၊ အင်းးး  ကိုယ့်မှာက ရွာမမအထိပဲ ဝယ်လာတာလေ ၊

မြို့တစ်ပတ်စာရဲ့  ၃ ဆ  ဒဏ်ငွေဆောင်လိုက်ဦးပေါ့ကွယ် ၊

ဪ အချစ် အချစ်  အချစ်ဆိုတာ တစ်ခါတစ်လေ အချစ် မတော်ရင် ဒဏ်ကြေးပါ ပါလာတတ်တာကိုး ၊

မင်္ဂလာဒုံ မြောက်ဥက္ကလာတို့ကိုကျော်လို့ ရန်ကုန်ဘူတာကြီးအထိ လိုုက်ခဲ့မိပါတယ် ၊ အဲဒီနောက် ကုန်းတံတားကိုကျော်

ဆူးလေပန်းခြံကားဂိတ်ဆီကိုပေါ့ ၊

နောက်နေ့က စပြီး ကျနော် ရထား မစီးတော့ပါဘူး ၊

လိုင်းပေါက်မှတ်တိုင် ( အခု မရှိတောာ့ ) ကနေ ပြား ၃ဝ နဲ့ နံပါတ် ၈ အင်းစိန်ကားကိုစီး ၊

အင်းစိန်ကနေ ကျောင်းကို တစ်မတ်နဲ့ မင်္ဂလာဒုံကားကိုစီး ၊ အပြန်လည်း ထိုနည်း၎င်းပေါ့ ၊

အဲဒီနှစ်က ကျနော် စာမေးပွဲကျပါတယ် ၊ မကျခံနိူင်ရိုးမလား ၊ စိတ်က စာမှာမှ မရှိတာ ၊

နောက်နှစ်မှာတော့ မြေနီကုန်းကနေ လှိုင်တက္ကသိုလ်ဝင်ပြီးး အင်းစိန်သွားတဲ့ နံပါတ် ၈ ကို စီးမိရာက လှိုင်တက္ကသိုလ်က

မိုးညှင်းသူကလေးနဲ့ဆုံ ၊

ကျောင်းခေါ်ချိန် ၇၃ ့ ၅ ပဲရှိတဲ့ကျနော် စာမေးပွဲဖြေခွင့်မရ ၊ ဒီတော့ ၂ ခါကျလို့ သတ်မှတ်လိုက်သမို့

အင်းစိန်ဂျီတီအိုင်ကျောင်းတော်ကြီးနဲ့အတူ သူကလေးကိုပါ တစ်ခါတည်း ခွဲခွာလို့

ဆင်မလိုက်သင်္ဘောကျင်း ဒေါက်ဆားဗစ် ဆင်းသူဘဝ ရောက်ခဲ့ရပါတော့တယ် ၊

အချစ်ဆိုတာ ကျနော့်အတွက် အကျိုးပေးလှတယ်ရယ်လို့ကို မရှိပါဘူးဗျာ ၊

8d

22 comments

  • ခင်ဇော်

    February 25, 2015 at 1:24 pm

    ဟယ်။ ဘယ်လိုပြောရပါ့။
    အမှန်ဆို ၂ နှစ် အချိန်ရတာကိုဗျာ။
    ကြားထဲမှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်တာပဲဟာကို။

    :a:

    • တောင်ပေါ်သား

      February 25, 2015 at 1:35 pm

      အိုဗျာ တထိတ်ထိတ်နဲ့ နေသွားရမလားဗျ ၊

      ကံကြမ္မာကိုက စိတ်ကူးယဉ် ဆန်လှပါတယ်ဗျာ ၊

      အခုထိ မြို့ပတ်ရထားမြင်တိုင်း အဝေးကို ရထားစီးသွားရတိုင်း လွမ်းသလိုလို . . .

  • Mr. MarGa

    February 25, 2015 at 1:33 pm

    မာလာ လား
    မာလာ ဆို အသံကို မကြားချင်တာ
    နွေဆို ဘယ်နား မာလာဖြစ်မလဲ တွေးပူနေရတာ
    မာလာ ရေခဲ မဖြစ်မချင်း သတင်းတွေ နားစွင့်ရတာ အမော
    :mrgreenn:

    • တောင်ပေါ်သား

      February 25, 2015 at 1:37 pm

      သဂျား ဒါရယ်စရာလား

      အာ့ကြောင့် မင်း ဂေါ်မစွံဖြစ်နေတာ 🙂

      • Mr. MarGa

        February 25, 2015 at 1:53 pm

        မာလာ ဆိုလို့
        သိတဲ့ မာလာ ကို ဝင်ပြောမိတာပါ ဗျာ
        :mrgreen:

  • ဦးကျောက်ခဲ

    February 25, 2015 at 1:38 pm

    ဟွင့် …. ဆြာမြိုးကလည်း ရည်းစားတောင် မဖြစ်သေးဘူး
    မြေးဦးလေးနာမည်ကို ကြိုရွေးမိတာကိုး… ဖူးစာဆိုတာ ဦးရာလူပါဗျ…
    စစ်မယောက်ခင်မြှားကုန်သွားတဲ့ဇာတ်လမ်း…
    စကားမစပ် အဲ့နားက သဘာဝစာပေကို အလွန်သတိရတယ်…
    :k:

    • တောင်ပေါ်သား

      February 25, 2015 at 1:56 pm

      ကိုကျောက်ရယ်
      သူတစ်ပါးဆီ ပါမယ့်ဟာကြီး မ-ဦးချင်ပါဘူးဗျာ ၊
      စစ်မရောက်ခင် မြားကုန်တာဟုတ်ဘူးဗျ
      အချိန်တန် ရှုံးမယ့်စစ်ပွဲ ဘာကြောင့် နွဲနေဦးမလဲ
      အခုနေ တွေးရင်တော့ အိုကွာ နောက် ၃ နှစ်လောက်မှ ဖြစ်မယ့်ကိစ္စ
      နောင်လာ နောင်ရှင်းပေါ့ကွာ လို့ တွေးကောင်းတွေးနိူင်ပေမယ့်
      အဲဒီအချိန်တုန်းကတော့ အဲသလိုပဲ တွေးမိတယ် ၊
      လွတ်တဲ့ငါး ကြီးတယ်လို့လည်း မစဉ်းစားပါဘူး ၊
      အိတ်စ်ပီးရီးယင့် မဲ့သူတစ်ယောက်အတွက် ပထမဆုံးအတွေ့အကြုံက ခါးလိုက်တာ ၊

      ဒါနဲ့ သဘာဝစာပေဆိုတာ ဘာတုန်း

      • ဦးကျောက်ခဲ

        February 25, 2015 at 2:25 pm

        အချစ်ရဲ့အစ ဘဝက လူရည်မလယ်… ဆိုတာ ဒါမျိုးပေါ့…
        ဒီလို ကိုမြိုးရဲ့ အနောက်ပိုင်းဆေးရုံကြီးအနောက် ၊ အဲသည့်ရပ်ကွက်ကို ထီးတန်း ဈေးကလေးလို့ ခေါ်တယ်ဗျ ။ အဲသည့်အရပ်မှာ အရင်က သဘာဝစာပေလို့ ခေါ်တဲ့ စာအုပ်အငှါးဆိုင်ကြီးရှိတယ် ။ ကာတွန်း မဂ္ဂဇင်း ဝထ္ထုကနေ ဂန္ဓဝင်စာပေတွေအထိ တင်တာမို့ စာသမားတွေ အကြိုက်ဗျ ။ လက်ဝဲစာပေ ၊ လက်ရင်းကျမ်းတွေကိုလည်း ဒိုင်လျှိုငှါးတာမို့ ပန်းရောင်မရင့်တရင့် (အနီမဟုတ်) မောင်ကျောက်စ်တို့ အကြိုက်ပေါ့ ။ ၈၈၈၈ ပြီးတော့ စစ်တပ်ကမွှေလိုက်တာ အဲသည့်စာအုပ်အငှါးဆိုင်ကြီးလည်း ပြုတ်သွားတယ် ။ အဲဒါကို လွမ်းမိတာပါ ကိုမြိုးရယ်…
        🙁

        • တောင်ပေါ်သား

          February 25, 2015 at 2:31 pm

          ( အချစ်ရဲ့အစ ဘဝက လူရည်မလယ် ) တဲ့ ၊

          ပြောပေါ့ဗျာ ၊ ပြောအားရှိသူတွေ ပြောနိူင်ပါစေ ၊

          အင်းးး အခုထိလည်း လည်တယ်တယ်ပါပဲဗျာ ၊ 🙂

          အဲဒီစာအုပ်ဆိုင်တော့ မသိဘူးဗျ ၊

          ဟင်း ဟင်း ဒင်းကလေးအိမ်နားများ ဖြစ်နေမလားပဲ ၊

  • အလင်းဆက်

    February 25, 2015 at 2:51 pm

    ရထားကြီး အချိန်မှန်တယ်ဆိုကတည်းက…လွဲနေပြီ…
    တကယ်တော့ မှန်ရိုးထုံးစံမှ မရှိတာ..
    😆

    တကယ်တော့…
    ရထားကြီးက ထုံးစံမဟုတ်ပဲ…
    အချိန်မှန်သွားတာပါ…
    အဲဒီနောက်…
    အရာရာဟာလည်း… ကမောက်ကမဖြစ်လို့….
    ….
    ….

    • တောင်ပေါ်သား

      February 25, 2015 at 3:23 pm

      ဒီမယ် ရဲလင်းအောင် ဟုတ်ပါဘူး လင်းရဲအောင်

      အဲ ဟုတ်သေးဘူးထင်တယ် ၊ ထားတော့ 🙂

      ဒီမယ် အဲဒီအချိန်က မနက်ခင်းရထားတွေက အချိန်မှန်တယ်ကွ ၊
      စ ထွက်ခါစကိုး ၊ နေ့ခင်းကျမှ စင်းလုံးပျောက်တာ

      ကမောက်ကမတွေကြား ပျောက်ကျတာတွေ
      ချောက်ကျတာတွေ များသလို နောက်ကျတာတွေလည်း ရှိခဲ့သပေါ့ကွယ်

  • Shwe Ei

    February 25, 2015 at 3:02 pm

    -ထင်တော့ထင်တယ်..အူးမျိုးရေးရင်..အလွမ်းဇာတ်ဘဲဖြစ်တော့မှာလို့ 😛

    • တောင်ပေါ်သား

      February 25, 2015 at 3:16 pm

      ကျုပ်ကိုက အလွမ်းဇာတာနဲ့အတူ မွေးလာတယ်ထင်ပါ့ဗျာ

  • Mike

    February 26, 2015 at 10:06 am

    .လွမ်းဖွယ်ပေါ့ ..ကိုမျိုး ရယ်

  • pooch

    February 26, 2015 at 10:57 am

    ကိုယ်ချင်းစာပါတယ် ဗျာ
    တခါက သူငယ်ချင်းတယောက်က ခြားနားလွန်းသူတယောက်ကို သူငယ်ချင်းလိုပဲဆက်ဆံနိုင်အောင် ကြိုးစားတော့မယ်လို့ ပြောဖူးတယ် :mrgreenn:
    သူက ဟင်းမချက်တတ်တော့
    အစားကြူးသူတွေဆီ သွားပြီး ချွေးမတယောက်ရဲ့ ဝဋ်မခံနိုင်တာကိုပြောတာ
    သူတို့အမျိုးက မိဘစကားပြီးတယ်ဗျ
    ကိုယ်တွေနဲ့များ ကွာပါ့

    • တောင်ပေါ်သား

      February 26, 2015 at 11:09 am

      ဘဝတွေက ဒီလိုပါပဲ

      ရောက်ရာ ဖြစ်ရာမှာ နေသားကျအောင်ပဲ ကြိုးစားရမှာပေါ့

  • naywoon ni

    February 27, 2015 at 2:42 am

    ​ကျော်​့ ပထမဆုံး လိုက်​ခဲ့ တဲ့ ​ကောင်​မ​လေးကလည်​း တလုပ်​မျိုးထဲကပဲဗျ မိုနာလီဇာ နဲ့ ခပ်​ဆင်​ဆင်​ရယ်​ ။ သူပြုံးရင်​ မိုနာလီဇာ ပန်​းချီကားထဲက အပြုံးနဲ့ တူသလိုလိုပဲ ။ သူရို့ အမျိုးက ​မွေးကတည်​းက ​စေ့စပ်​ထားပြီးသားတဲ့ ။ ​ကျော်​လည်​း ​ဆွေးဖူးတာ​ကော့ဗျာ ။ ဒါ​ပေမဲ့ စာ​မေးပွဲ တစ်​နှစ်​ပဲ ကျလိုက်​တယ်​ ။ လူလည်​း ကဗျာသမား လုံးလုံးဖြစ်​သွား​တော့တာပဲ ။ ​စော​စောပိုင်​းတုန်​းက သူနဲ့ ပတ်​သက်​တဲ့ အချစ်​ကဗျာ​တွေ အက်​ဒစ်​လုပ်​ ဗားရှင်​း ​ပြောင်​းပြီး ဒီရွာထဲမှာ တင်​ခဲ့ ဖူးတယ်​ ။ အဲ့​တော့ကာ ကိုယ်​နဲ့ မဆုံဆည်​း ရတာလွမ်​းမ​နေနဲ့ ဗျာ ။ ဘဝတိုတိုမှာ ကိုယ်​နဲ့ သင်​့​တော်​မယ်​့ လက်​တွဲ​ဖော်​သာမြန်​မြန်​ရှာ ။ မြန်​မာပြည်​ သက်​တမ်​းမှာ အသက်​သုံးဆယ်​​လောက်​မှာပဲ အလွမ်​းဇာတ်​က ခင်​းလို့​ကောင်​းတာ ။ အဲ့က ​ကျော်​လာရင်​ တက်​သုတ်​ရိုက်​နိုင်​မှ တန်​ကာကျတာ ဗျ ။

    • တောင်ပေါ်သား

      February 27, 2015 at 9:54 am

      အဘနီ နဲ့ ကျုပ်က အစ တူသားနော့် ၊

      ဟုတ်ကဲ့ အခု ငါးဆယ်ကျော်မို့ တက်သုတ်ရိုက်နေပါကြောင်း 🙂

  • မြစပဲရိုး

    February 27, 2015 at 3:25 am

    ကိုမျိုး ကို မာလာ က မချစ်ခဲ့လောက်ပါဘူး။
    သူက ရိုးသားခဲ့သားဘဲ။
    တကယ်တော့ ကိုမျိုးကလဲ သူ့ ကို တကယ်မချစ်ပါဘူးလေ။
    ချစ်တယ်လို့ အထင်နဲ့ ကိုယ့်ဟာကို ညာခဲ့ပါ။

    နောက်မှနောက် ဖြစ်ချင်တာဖြစ်။ ရတုန်း တွဲ လိုက် မယ် ဆိုတဲ့ စိတ် မရှိတာ ကို လေးစားပါတယ် ကိုမျိုး။

    • တောင်ပေါ်သား

      February 27, 2015 at 9:51 am

      အဲသလိုများ ဖြစ်လေမလားပဲ အရီးရေ
      ငယ်လည်း ငယ်သေးတာကိုး ၊
      ရတုန်းတွဲလိုက်မယ်ဆိုတဲ့စိတ်ကတော့ အခုထိ မရှိပါဘူး
      ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီးလို့ မထင်ပေမယ့် အဲသလိုကြီးလည်း မရိုင်းတတ်ပါ ၊

  • ဦးကြောင်ကြီး

    February 27, 2015 at 10:02 am

    ဦးမျိုးသာမီးဂို ခြစ်တယ်ဗျာ..

    • တောင်ပေါ်သား

      February 27, 2015 at 10:13 am

      ငင် ဘလိုင်းဂျီးပါလား ကိုကိုကြောင်ရယ်

      သာမီးတွေက ကြောင်ချစ်ဘူး တဲ့ ၊ 🙂

Leave a Reply