အလင်းခြုံတဲ့ သတင်း Zone-28

alinsettMarch 12, 20155min16711

မင်္ဂလာပါ ။

 

ဒီတစ်ပတ် အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်  အောင်ဇေမီဒီယာ သတင်းအစီအစဉ်ကနေ ကြေညာပေးမယ့် သတင်းတွေကတော့…

 

• ကရင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ မြန်မာအစိုးရတပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲသတင်းများ….

• ဘာသာရေးကျောင်းတွေကို ဖွင့်ခွင့်မပြုဖို့ ဘာသာရေးကျောင်းတွေကို ဖွင့်ခွင့်မပြုဖို့ တင်ပြဆွေးနွေး တင်ပြဆွေးနွေးကြတဲ့သတင်း

• ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို မကြာခင် ရက်ပိုင်းအတွင်း ပြုလုပ်တော့မယ်ဆိုတဲ့ သတင်း ၊

• လောက်ကိုင်ဒေသ စစ်ရေးအခြေအနေများနဲ့ တရုတ်နိုင်ငံ နယ်စပ်ရေးရာ ပြဿနာများ…

• စစ်ဘေးဒဏ်သင့် ဒုက္ခသည်များရဲ့ အခြေအနေသတင်းများ

• ဆူပူအကြမ်းဖက်မှုဖြစ်နေတဲ့ လက်ပံတန်း အရေးအခင်း သတင်းများ…

• နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လက်ပံတောင်းကျောင်းသား အရေးအခင်းဆိုင်ရာ ကြေညာချက်များ

• မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ ညှင်းပမ်းနှိပ်စက်မှုတွေက အများဆုံးလို့ ကြေညာလိုက်တဲ့သတင်း ၊

• ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်သူ (ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ) သူရဦးရွှေမန်းနဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု သတင်း..

• မန္တလေးမြို့မှာ ရှိတဲ့ အောင်တော်မူ ဘုရားရုပ်ပွားတော်ကြီး မျက်လုံးတော် ပွင့်လာတဲ့သတင်း

• US သမ္မတ အိုဘားက မြန်မာလူငယ်တွေကို ချီးကျူးစကား ပြောကြားခဲ့တဲ့သတင်း၊

• ရှမ်းပြည်မြောက်ပိုင်းမှာ (၄၅) ရက်တာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅ဝ ကျော်ထိ ဖြစ်ပွားခဲ့ကြောင်း သတင်းကြေညာချက်နဲ့

• ရန်ကုန်မြို့က ကျောင်းသားသပိတ် ထောက်ခံသူတွေကို ရဲတပ်ဖွဲ့နဲ့အတူ အမည်မသိ အရပ်ဝတ်များကပါ ဝင်ရောက် အကြမ်းဖက်နှိမ်နင်းခဲ့တဲ့သတင်းများ …

• EU ဥရောပသမဂ္ဂနဲ့ ကျောင်းသားသပိတ်ထောက်ခံသူများရဲ့ ထိပ်တိုက်တွေ့မှုဆိုင်ရာ သတင်းများ

• မြန်မာပြည်တွင်းက အဓမ္မ လုပ်အားစေခိုင်းခံရမှုတွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားအမှုက အများဆုံးဖြစ်နေကြောင်း ILO ရဲ့ ကြေညာချက် ၊

• US မှာ ပြုလုပ်မယ့် ပွဲလမ်း သတင်းများအပါအဝင်…

• ထူးခြားဖြစ်စဉ် သတင်းများကို စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၂ ။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားလွှတ်တော်မှာ ကျင်းပနေတဲ့ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ဦးခင်မောင်လွင်က ဘာသာရေးကျောင်းတွေကို ဖွင့်ခွင့်မပြုဖို့ တင်ပြဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားလွှတ်တော်မှာ ကျင်းပနေတဲ့ ကြားနာပွဲကို ကျောင်းသားသပိတ် ထောက်ခံတဲ့ ပြည်သူ့ကိုယ်စားလှယ် ၄ ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

တခြားဘာသာရေးကနေ ဖွင့်လှစ်တဲ့ပညာသင်ကျောင်းတွေအကုန်လုံးကို ခွင့်မပြုဖို့ အဓိက ဆွေးနွေးတင်ပြခဲ့တာဖြစ်ပြီး

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ်ကြားနာပွဲမှာ ကျောင်းသား သပိတ်စစ်ကြောင်းကို အားပေးထောက်ခံတဲ့ ပြည်သူတွေအနေနဲ့ ပါဝင်ဆွေးနွေးခွင့်ရှိကြောင်း ကြေညာခဲ့ပြီးနောက် စာရင်းပေးသူ ၆ ဦးသာရှိပြီး ၄ ဦးသာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

4

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၁၂ ။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပါတီတချို့က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်လာရေး အတွက် ဆွေးနွေးထားတယ်လို့ သိရပါတယ်။

၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို မကြာခင် ရက်ပိုင်းအတွင်း ပြုလုပ်တော့မှာဖြစ်ကြောင်းပြောထားတဲ့အပြင်

တွေ့ဆုံမယ့် နေ့ရက်အတိအကျ မသိရသေးပေမဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မှာပါဝင်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ အခုရက်ပိုင်းအတွင်း ခရီးမသွားကြဖို့ သူရဦးရွှေ့မန်းက သတိပေးထားကြောင်း သိရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ၊ လွှတ်တော် ဥက္ကဌနှစ်ဦး၊ တိုင်းရင်းသားတွေကို ကိုယ်စားပြုမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ပါဝင်မယ့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ် နိုဝင်ဘာတုန်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

3

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၁ ။

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ မြန်မာအစိုးရတပ်တွေနဲ့ ဒီကေဘီအေ ကလိုထူးဘော တပ်ဖွဲ့က ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့ တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။

ကော့ကရိတ်တောင်ဘက်ခြမ်း တမိုင်ကုန်းနဲ့ ဖန်းငါးကုန်းကြားမှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး
နှစ်ဘက်ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် ဒီကေဘီအေဘက်ကတော့ ထိခိုက်ဒဏ်ရာရမှု မရှိပါဘူးလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးနေတဲ့အနီးရှိ ဒေသခံရွာသားတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်ဟာ လက်ပံတန်းမှာပိတ်ဆို့တားဆီးခံရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေဘက်ကနေ ရပ်တည်ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်မှာ အခုလို အစိုးရတပ်တွေနဲ့ တိုက်ပွဲပြန်လည် ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။

၁၃

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁၁ ။ (လက်ပံတောင်းကျောင်းသား အရေးအခင်းဆိုင်ရာ နောက်ဆက်တွဲ ကြေညာချက်များ)

 

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်စေရေးအတွက် ရန်ကုန်ကို ချီတက်ဆန္ဒပြတဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့တဲ့အပြင် ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့တဲ့လုပ်ရပ်ဟာ အရင်စစ်အစိုးရလက်ထက်က ဖိနှိပ်ခဲ့တဲ့အခြေအနေတွေဆီ ပြန်လှည့်သွားနေသလို ဖြစ်နေတာကြောင့် စိုးရိမ်ကြောင့်ကြမိကြောင်း EU ဥရောပသမဂ္ဂအဖွဲ့က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ စုဝေးခွင့်ဟာ လူ့အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အခုလို အင်အားသုံး ဖြေရှင်းတာကို တရားဝင်စုံစမ်းစစ်ဆေးပေးဖို့လည်း နိုင်ငံပေါင်း (၂၈) နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကို US ကလည်း ရှုတ်ချလိုက်ပြီး၊ ငြိမ်းချမ်းစွာစုဝေးခွင့်ကို လေးစားဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေကို အခုလို အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတဲ့ သကင်းတွေ ကြားသိရတဲ့အတွက် အလွန်စိုးရိမ်ပူပန်မိကြောင်း US နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတာတွေ အမြန်ဆုံးရပ်ဆိုင်းပြီး၊ ဖမ်းဆီးခံ ဆန္ဒပြကျောင်းသားများ ၊သတင်းထောက်များနဲ့ သံဃာတော်များကို ချက်ခြင်းပြန်လွှတ်ပေးဖို့ဆိုပြီး US အောက်လွှတ်တော်၊ ဒီမိုကရက်တစ် လွှတ်တော်အမတ် Joe Crowley နဲ့ ရီပါဘလီကင် လွှတ်တော်အမတ် Steve Chabot တို့ကလည်း ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ဩစတြေးလျရောက် မြန်မာတွေကလည်း မတ်လ ၁၂ ရက်နေ့မှာ ဆစ်ဒနီမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အိတ်ဖွင့်စာပေးပို့ပြီး ဆန္ဒပြမှုတွေ လုပ်ခဲ့တဲ့အပြင် မတ်လ ၁၃ ရက်နေ့မှာတော့ မြို့တော် ကင်ဘာရာမြို့ရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
US အခြေစိုက် The Burma Fund လို့ခေါ်တဲ့ မြန်မာ့ရန်ပုံငွေအဖွဲ့ကလည်း အရင်စစ်အစိုးရလိုပြုမူနေတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ မူဝါဒအတိုင်း ဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
US နဲ့ EU ဥရောပနိုင်ငံတွေအနေနဲ့လည်း မြန်မာအစိုးရကို ကူညီနေတာတွေကို ပြန်သုံးသပ်သင့်ပြီလို့ ပြောဆိုခဲ့ပါတယ်။
US ဝါရှင်တန်ဒီစီမြို့အနီးတဝိုက်ရှိ မြန်မာတွေကလဲ ကျောင်းသားတွေ ဆန္ဒပြတာကို၊ အကြမ်းဖက်နှိမ်နင်းတဲ့လုပ်ရပ်ကို ရှုတ်ချပြီး ဖမ်းဆီးထားသူတွေကို အမြန်ပြန်လွှတ်ပေးဖို့ US ရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟေးလီကလည်း မြန်မာအစိုးရဟာ ”လူ့အခွင့်အရေးကို ကာကွယ်မယ်လို့ ပေးထားတဲ့ ကတိကဝတ်”ကို ပြန်လည်ရုပ်သိမ်းနေပြီး ပဋိပက္ခဆီကို ဦးတည်သွားနေပြီလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
ဆန္ဒပြကျောင်းသားများကို အကြမ်းဖက် ဖြိုခွင်းမှု မလုပ်သင့်ကြောင်းနဲ့ လွန်ကဲစွာအင်အားသုံးခဲ့ခြင်းကို စုံစမ်းရေး အရာရှိများအနေနဲ့ တာဝန်ယူ ဖြေရှင်းသင့်ကြောင်း လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း တိုက်တွန်းထားပါတယ်။
ကျောင်းသားသပိတ်စခန်းကို ရိုက်နှက်ဖြိုခွင်းတာဟာ ဥပဒေနဲ့မညီတဲ့အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး တွေ့ရှိချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကလည်း တောင်းဆိုလိုက်ပါတယ်။

 

၁၂

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁ဝ / ၁၁ (လက်ပံတန်း အရေးအခင်း ဖြစ်ပွါးမှု သတင်းများ)
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ဖို့ ဆန္ဒပြတောင်းဆိုနေတဲ ့ကျောင်းသားလှုပ်ရှားမှုတွေကို ထောက်ခံကြောင်းနဲ့ လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခြင်းမပြုဖို့ အရေးအတွက် မြန်မာပြည်တဝန်းမှ အရပ်ဘက် လူမှုအဖွဲ့ အစည်းပေါင်း (၁၂၀) ကျော်က ကြေညာချက်ထုတ်ပြန်လိုက်ပြီး မကြာခင်မှာပဲ ….
လက်ပံတန်းဒေသမှာ ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ တားဆီးမှုကို ရင်ဆိုင်နေရတဲ့ ပင်မ သပိတ်ကျောင်းသားတွေနဲ့ ရဟန်းသံဃာတော်တွေကို အစိုးရဘက်က လုံခြုံရေးရဲတွေက ဝင်ရောက် အကြမ်းဖက်ပြီး ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ရိုက်နှက် ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားတွေကို ကားတွေပေါ် တင်ဆောင် ခေါ်ဆောင်သွားတဲ့အပြင် ကျောင်းသားတွေ ချီတက်ရာမှာ အသုံးပြုတဲ့ကားတွေကိုလည်း ရဲတပ်ဖွဲ့က ဖျက်ဆီးပစ်လိုက်ပါတယ်။
ဒါ့အပြင် ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့နေရာကနေ ထွက်ပြေးကြရတဲ့ ကျောင်းသားနဲ့ သံဃာတချိူ့ ဝင်ရောက်ပုန်းခိုနေတဲ့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကိုလည်း ရဲတပ်ဖွဲ့က ချက်ချင်းပဲ ဝင်ရောက် ပိတ်ဆို့ စီးနင်းခဲ့ပါတယ်။
မတ်လ ၁ဝ ရက် နေ့လည်မှာ အကြမ်းဖက်မှုကြီးဖြစ်ပွားခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ လက်ပံတန်းဒေသမှာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းသားတွေကို မတွေ့ရတော့တဲ့အပြင် ပုဒ်မ ၁၄၄ လည်း ထုတ်ပြန်လိုက်ပါတယ်။
သတင်းထောက်တချို့လည်း ဖမ်းဆီးရာမှာ ပါသွားခဲ့ရာ
ဖမ်းဆီးခံထားရတဲ့ သတင်းထောက် နာမည်စာရင်းတွေပေးဖို့ ပြန်ကြားရေးဌာနက စာနယ်ဇင်းကောင်စီထံကို ဆက်သွယ်ပြောကြားလိုက်ပြီး သတင်းထောက်တွေကိုတော့ ပြည်ထဲရေးနှင့်ညှိနှိုင်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။
လက်ပံတန်း ပင်မသပိတ် စစ်ကြောင်းကို ခေါင်းဆောင်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက ကိုမင်းသွေးသစ်နဲ့ ကိုအောင်မှိုင်းဆန်းတို့လည်း ဖမ်းဆီးခံခဲ့ရတဲ့အပြင် ဒဏ်ရာရ ကျောင်းသားကျောင်းသူများနဲ့ မူးမေ့လဲသူများလည်း ရှိခဲ့ပါတယ်။
မတ်လ ၁၁ ရက်နေ့မှာတော့ လက်ပံတန်း ပင်မကျောင်းသားသပိတ်စခန်းကနေ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကို ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးတခုမှာ ပါဝင်တဲ့အတွက်ဆိုပြီး ပုဒ်မ ၁၄၃ ၊

လူစုခွဲဖို့ အမိန့်ပေးပြီးကြောင်းသိလျက်နဲ့ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုဝေးမှာ ပါဝင်နေတဲ့အတွက်ဆိုပြီး ပုဒ်မ ၁၄၅ ၊

ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄ရ ၊ ပြည်သူ့ဝန်ထမ်းအား ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျှောက် နာကျင်စေမှု ဆိုတဲ့ ပုဒ်မ ၃၃၂ ၊

နိုင်ငံတော် အကြည်ညိုပျက်စေမှု သို့မဟုတ် အများပြည်သူ၏ အကျိုးပျက်စီးစေမှုဆိုတဲ့ ပုဒ်မ ၅၀၅(ခ) စုစုပေါင်း ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
ကျောင်းသားသပိတ်စစ်ကြောင်းကနေ ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံ စုစုပေါင်း ၁၂ရ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစိုးရဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

 

၁၁

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁ဝ ။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ ညှင်းပမ်းနှိပ်စက်မှုတွေက အများဆုံးဖြစ်ကြောင်း အစီရင်ခံစာတစ်စောင်က ဖော်ပြလိုက်ပါတယ်။
ND Burma အဖွဲ့လို့ ခေါ်တဲ့ လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာ) က ၂၀၁၄ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း စစ်တမ်းကောက်ယူပြီး မတ်လ ၁ဝ ရက် ရက်စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးထောက်မှုတွေထဲက အမှုပေါင်း (၁၀၇) ခုကို ND Burma အဖွဲ့က မှတ်တမ်းတင်ထားခဲ့တဲ့ပြင် အမျိုးအစား (၁၃) မျိုး ခွဲခြား မှတ်တမ်းလေ့လာလိုက်တဲ့အခါမှာ ညှင်းပန်းနှိပ်စက်ခြင်းအမှုတွေက ၃၈ ခုနဲ့ အများဆုံးဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ပစ္စည်းဥစ္စာ/မြေယာပိုင်ဆိုင်မှုများ သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းတွေက ၃၂ ခုရှိနေပြီး သတ်ဖြတ်ခြင်းအမှုက ၁၂ ခု ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာသာမက အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ နေရာဒေသတွေမှာပါ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
၂၀၁၄ ခုနှစ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ အလွတ်တန်း သတင်းထောက် ကိုပါကြီးသေဆုံးမှု၊ ကချင်ပြည်နယ်က ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုနဲ့ လက်ပံတောင်းပဋိပက္ခအတွင်း တောင်သူဒေါ်ခင်ဝင်းသေဆုံးခဲ့ရမှုတို့ဟာ လူသိများ ထင်ရှားခဲ့ပါတယ်။
ND-Burma အဖွဲ့အစည်းအနေနဲ့ တစ်နှစ်ကို နှစ်ကြိမ် လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာကို ထုတ်ပြန်လေ့ရှိကြောင်း သိရပါတယ်။

 

၁၀

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၁ဝ ။
မတ်လ ၁ဝရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်သူ (ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ) သူရဦးရွှေမန်းနဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်နီးပါး တွေ့ဆုံခဲ့ကြပါတယ်။
မတ်လ ၁ဝရက် မွန်းလွဲ ၁၂ နာရီကျော်မှာ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းအတွင်း မိနစ် ၂ဝ ကြာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အဆိုတွေ့ဆုံပွဲနဲ့ ပတ်သတ်ပြီး သတင်းထုတ်ပြန်ရန်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပေမယ့် လတ်တလော ဖြစ်ပွားနေတဲ့ လက်ပံတန်းကျောင်းသားသပိတ်နဲ့ ရဲတပ်ဖွဲ့ဝင်များကြား တင်းမာမှုတွေ ဖြစ်ပွါးနေတဲ့အချိန်ဖြစ်တဲ့အတွက် ဆက်စပ်မှုရှိနိုင်တယ်လို့ ယူဆကြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်းတို့ တွေ့ဆုံနေတဲ့ အချိန်နဲ့ တပြိုင်နက်တည်းလိုလိုမှာပဲ လက်ပံတန်းမှာ ပင်မကျောင်းသားသပိတ်ကို အစိုးရရဲတပ်ဖွဲ့တွေက အင်အားသုံးပြီး ရိုက်နှက်ဖမ်းဆီးမှုတွေ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

 

၉

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၉ ။

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းမှာ ရှိတဲ့ အောင်တော်မူ ဘုရားရုပ်ပွားတော်ဟာ      မတ်လ ၉ ရက်နေ့ ၁နာရီ ၃ဝမိနစ်ကနေစပြီး ညာဘက်မျက်လုံး ပွင့်တော်မူ လာတယ်လို့ သိရပါတယ်။
မန္တလေးမြို့ရှိ အောင်တော်မူ ဘုရားဟာ ၆၃လမ်းနှင့်၂၉လမ်းထောင့်မှာ တည်ရှိပြီး မျက်လုံးတော် ပွင့်လာတဲ့ သတင်းကြောင့် ဘုရားဖူးသူများနဲ့ အထူး စည်ကားခဲ့ပါတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် အခုလို မျက်လုံးတော် ပွင့်လာခြင်းအဖြစ် ယုံကြည်နေကြတဲ့အပြင် အရင်ကာလတွေမှာ ဒီလိုဖြစ်စဉ်မျိုး မရှိခဲ့တဲ့အတွက် ဒါဟာ ထူးခြားဖြစ်စဉ်တစ်ခုလို့ ယူဆနေကြပါတယ်။

အဆိုပါ အောင်တော်မူဘုရားဟာ သီပေါမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားတစ်ဆူဖြစ်ပြီး မန္တလေးမြို့မှာ ထင်ရှားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။
ညနေခင်းအချိန်တွေမှာ ဘုရားဖူးများနဲ့ အထူးစည်ကားနေတတ်ပြီး ဘုရားဖူးပြည်သူအများစုကတော့ အောင်တော်မူဘုရားမှာ ဆုတောင်းတဲ့အခါ ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြပါတယ်။

 

၇

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၇/၈/၉ ။

တရုတ်နိုင်ငံဘက်ခြမ်းမှာ ရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကြောင့် တရုတ်နိုင်ငံဟာ ဝန်ထုတ်ဝန်ပိုးဖြစ်နေကြောင်း ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်တွေကြားက တိုက်ပွဲမှာ တရုတ်ပိုင်နက်မြေပေါ်ကို လမ်းကြောင်းလွဲ ကျလာတဲ့ အမြောက်ဆံကြောင့် နယ်စပ်က အိမ်တလုံး ပျက်စီးပြိုကျသွားတဲ့အတွက် နောက်ထပ်မဖြစ်စေဖို့ တရုတ်အစိုးရက မြန်မာကို သတိပေးတောင်းဆိုခဲ့ပါတယ်။
တရုတ်ပြည်ဘက်မှာ ဒုက္ခသည်စခန်း (၇) ခု ရှိပြီး လောက်ကိုင်ဒေသတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားချိန်ကစပြီး စစ်ပြေးဒုက္ခသည်ပေါင်း (၆) သောင်းလောက် တရုတ်ပြည်ဘက် ရောက်ရှိလာပြီး ကျွေးမွေးစောင့်ရှောက်ထားရတာဖြစ်ပါတယ်။
ဒုက္ခသည်တချို့တော့ ကယ်ဆယ်ရေးစခန်းမှာ မနေဘဲ ဆွေမျိုးသားချင်းရှိရာ နေအိမ်တွေမှာ သွားရောက်စုပေါင်းနေထိုင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကိုးကန့်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတာဟာ အခုလမှာဆိုရင် (၁)လကျော်နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ ဖြစ်ပွါးနေတဲ့ တိုက်ပွဲများအတွင်း အရပ်သား (၁)ရာ ဝန်းကျင်လောက် သေဆုံးခဲ့ရပြီး စစ်ဒဏ်ကြောင့် ဒေသတွင်းစီးပွားရေးထိခိုက်မှုတွေလည်း ကြီးမားစွာ ကြုံခဲ့နေရပါတယ်။
တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးကတော့ လောက်ကိုင်မြို့ဖြစ်ပြီး ဆုံးရှုံးရတဲ့ ပမာဏကိုတော့ အသေးစိတ်မတွက်ချက်နိုင်သေးကြောင်းလည်း သိရပါတယ်။
အစိုးရဘက်က ထုတ်ပြန်ထားတဲ့ သတင်းတွေအရ တပ်မတော်ဘက်က အရာရှိများအပါအဝင် တပ်သား ၈ဝ ကျော် ကျဆုံးပြီး ကိုးကန့်တပ်ဖွဲဘက်ကတော့ (၁ဝဝ) ကျော်လောက် ကျဆုံးခဲ့ပြီလို့ ဆိုပါတယ်။

၈

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၈ ။

“မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်တပ်အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့်အစား အကျဉ်းထောင်တွေထဲကို သွားခဲ့ကြပါတယ်။” လို့ US သမ္မတ အိုဘားက မြန်မာလူငယ်တွေကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
US အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့ အယ်လ်ဘားမားပြည်နယ်၊ ဆယ်လ်မာ (Selma) မြို့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ နှစ် ၅ဝ ပြည့်အခမ်းအနားအတွင်းမှာ သမ္မတ ဘရာ့ခ် အိုဘားမားက မိန့်ခွန်းပြောကြားရင်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆို သွားတာ ဖြစ်ပါတယ်။

 

အဆိုပါ အခမ်းအနားမှာ သမ္မတအိုဘားမားက US ဟာ ပိုမိုကောင်းမွန်တဲ့ တိုင်းပြည်ဖြစ်လာဖို့အတွက် US နေ ၊ ပြည်သူသားအားလုံးက လက်တွဲလုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

 

၅

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၈ ။

ရှမ်းပြည်မြောက်ပိုင်းမှာ (၄၅) ရက်တာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅ဝ ကျော်ထိ ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်နယ် ကချင်အမျိုးသားလုံးဆိုင်ရာကွန်ရက်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့မှာ ၊ မတ်လ ရ ရက်နေ့က ကျင်းပပြီး စစ်တမ်းတစ်စောင် ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။
အဆိုပါ စစ်တမ်းဟာ ရှမ်းပြည်နယ်ကောင်းခါးဒေသမှာ စေတနာ့ဝန်ထမ်းဆရာမနှစ်ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ ၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီလ ၁၉ ရက်ကနေ မတ်လ ၅ ရက်နေ့အထိ ၄၅ ရက်သာ ကောက်ခံခဲ့တဲ့ စစ်တမ်းတစ်ခုဖြစ်ပါတယ်။
စစ်တမ်းအရ ဒေသခံပြည်သူတွေရဲ့ ဥစ္စာပစ္စည်းလုယက်ခံရမှုတွေက အများဆုံးဖြစ်တဲ့အပြင် ဒေသခံတွေကို မတရား ဖမ်းဆီးပြီး လူသားတံတိုင်းလုပ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ ပရမ်းပတာ ပစ်ခတ် သတ်ဖြတ်မှုတွေ များပြားနေကြောင်း စစ်တမ်းက ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ များပြားနေတဲ့အတွက် ဒေသခံတွေရဲ့ လုံခြုံမှု ရရှိအောင် ကာကွယ်ပေးရေးနဲ့ ပြည်သူများနေထိုင်ရာ အနီးဝန်းကျင်မှာ ပစ်ခတ်သတ်ဖြတ်မှုများ မဖြစ်ပွားစေရေး၊ ဒေသခံတွေကို ညှဉ်းပန်းနှိပ်စက်ခြင်းများနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခြင်းများကိုလည်း ဥပဒေအရ ဖြေရှင်းပေးစေလိုကြောင်း သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ဆီကို မတ်လ ၃ ရက်နေ့မှာ အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

 

၃

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၇/၈ ။

 

ရန်ကုန်မြို့က ကျောင်းသားသပိတ် ထောက်ခံကြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အမည်မသိ အရပ်ဝတ်များကပါ အကြမ်းဖက်နှိမ်နင်းခဲ့တာဟာ အစိုးရအနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပူးတွဲကြေညာချက်မှာ ပါဝင်တဲ့ ‘‘ဒီမိုကရေစီပညာရေးသပိတ်တွင် ပါဝင်သူများကို အရေးယူခြင်းမပြုရ’’ဆိုတဲ့ အချက်ကို အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်း(၂၀၀)ကျော်က စုပေါင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ငြိမ်းချမ်းစွာ စုဝေးခွင့်တဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်တို့ဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ရှိရမယ့် အခြေခံလူ့အခွင့် အရေးဖြစ်တဲ့အတွက် အစိုးရ အာဏာပိုင်တွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူ အမျိုးသမီးငယ်တွေနဲ့ ကျောင်းသား ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းခြင်း၊ အင်အားသုံးဖမ်းဆီး ခြင်းများ ပြုလုပ်နေတာကို အရပ်ဘက်လူထု အဖွဲ့အစည်း များအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ၊ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်နေကြတဲ့ ဘယ်လိုကျောင်းသားပြည်သူကိုမှ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခြင်းများ မပြုလုပ်စေလိုကြောင်း တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။
မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မှာ ပင်မကျောင်းသား သပိတ်ရဲ့ တောင်းဆိုချက်တွေကို ထောက်ခံတဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသား၊ ပြည်သူတွေကို ဒေသခံအာဏာပိုင်များနဲ့ စည်းရုံးခေါ်ဆောင်ထားတဲ့ တာဝန် စာသားပါ အနီရောင် လက်ပတ် ပတ်ထားတဲ့ အမည်မသိ အရပ်ဝတ် အကြမ်းဖက်အင်အားစုတွေကပါ အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ဝင်ရောက် အကြမ်းဖက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အခုလို အကြမ်းဖက်မှုတွေ ပြုလုပ်တာဟာ အရင် အာဏာရှင်စစ်အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ လုပ်ရပ်တွေနဲ့ တစ်ထပ်တည်း တူနေတာကြောင့် လက်ရှိအစိုးရကို ပြည်သူလူထုအနေနဲ့ ယုံကြည်မှု ထိခိုက်စေကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းကျ ပြောင်းလဲမှု လုပ်ငန်းစဉ်တွေရဲ့ အလားအလာကို စိုးရိမ်ပူပန်မိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကယန်း အမျိုးသားပါတီ၊ ဇိုမီး ဒီမိုကရေစီကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ … အစရှိတဲ့အဖွဲ့ (၂၃)ဖွဲ့ကလည်း ကျောင်းသား ကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေ ကို အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးဖို့နဲ့ ကျောင်းသားသပိတ်တွေကို အကြမ်းဖက်ဖြိုခွဲမှုတွေ မလုပ်ဖို့ အရေး အစိုးရကို မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

၄

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၆/၇

 

မြန်မာရဲတပ်ဖွဲ့ကို လူအုပ်စုနှိမ်နင်းနည်းတွေ သင်တန်းပေးခဲ့တဲ့ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂရုံး အဆောက်အဦးရှေ့မှာ ကျောင်းသားတချို့ သွားရောက်ခဲ့ကြပြီး၊ မြန်မာရဲတွေ အကြမ်းဖက်ခဲ့တာနဲ့ ပတ်သက်ပြီး EU ဥရောပသမဂ္ဂအနေနဲ့ ဘယ်လိုတာဝန်ယူမလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ချီတက်သပိတ်မှောက်နေတဲ့ လက်ပံတန်းမြို့က ကျောင်းသားသပိတ် ပင်မစစ်ကြောင်းကို ရဲအင်အားအများအပြားသုံးပြီးနဲ့ ပိတ်ဆို့ထားတဲ့အတွက် ဖယ်ရှားပေးဖို့ ရန်ကုန်မြို့မှာ တောင်းဆိုကြတာကို ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ် လူအုပ်စုကြီးက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
EU ဥရောပသမဂ္ဂ ရုံးရှိရာ လှည်းတန်းအနီးက ဆန္ဒဖော်ထုတ်ပွဲမှာလည်း ရဲတပ်ဖွဲ့များနဲ့ စွမ်းအားရှင်လို့ယူဆရတဲ့ အရပ်ဝတ် လူအုပ်စုကြီးလည်း ရောက်ရှိခဲ့ပေမယ့် ပြည်သူတချို့ရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အဆိုပါ ဆန္ဒပြပွဲကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ပြည်သူနဲ့ ကျောင်းသားတွေရဲ့ မေးခွန်းထုတ်မှုနဲ့ ပတ်သက်ပြီး မြန်မာရဲတပ်ဖွဲ့ကို EU ဥရောပသမဂ္ဂအနေနဲ့ လေ့ကျင့်သင်တန်းပေးခဲ့တဲ့ ရည်ရွယ်ချက်ဟာ လူ့အခွင့်အရေးကို ပိုမို သိရှိနားလည် စေဖို့သာ ဖြစ်ပြီး ရန်ကုန်မြို့၊ မြို့တော် ခန်းမရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေဟာ EU နဲ့ သက်ဆိုင်မှု မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Roland Kobia က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် EU ဥရောပ သမဂ္ဂအနေနဲ့ မြန်မာ ရဲတပ်ဖွဲ့က လွဲပြီး တခြား အရပ်ဝတ်အင်အားစုတွေကို လေ့ကျင့်သင်ကြားပေးခြင်း မရှိကြောင်း ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်ကြတွေကို ရဲတပ်ဖွဲ့နဲ့အတူ အရပ်သားတချို့ကပါ အစိုးရ ခွင့်ပြုချက်အရ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးတဲ့ ဖြစ်ရပ်တွေကို EU အနေနဲ့ စိုးရိမ်မိကြောင်းလည်း ပြောဆိုထားပါတယ်။
US အနေနဲ့ဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အလေးထားကြောင်းနဲ့ ဆန္ဒဖော်ထုတ်သူတွေကို ဖမ်းဆီးခြင်း၊ အင်အားသုံးပြီး ဖြိုခွဲခြင်းတွေဟာ ဒီမိုကရေစီစနစ်နဲ့ အသွင်ပြောင်းဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတဲ့ အစိုးရပြောစကားနဲ့ မကိုက်ညီဘူးလို့ US နိုင်ငံခြားရေးဌာနကလည်း ပြောဆိုဝေဖန်လိုက်ပါတယ်။

 

၆

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၅/၆

လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားများ ပင်မသပိတ်စစ်ကြောင်းကို ငြိမ်းချမ်းစွာ ရန်ကုန်ထဲ ဝင်ရောက်ခွင့်ပြုရေးနဲ့ အကြမ်းမဖက်ရေး ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးမှာ ဆန္ဒဖော်ထုတ်ကြတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက ရဲအင်အားနဲ့လူတချို့ကို သုံးပြီး အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့ပါတယ်။
မတ်လ ၅ ရက်နေ့ ညနေက အာဏာပိုင်တွေဟာ ဆန္ဒဖော်ထုတ်သူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မနီလာသိန်းအပါအဝင် ကျောင်းသား(၇)ဦးထက် မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
လက်ပံတန်းမှာ ပိတ်မိနေတဲ့ ကျောင်းသားတွေကို ငြိမ်းချမ်းစွာနဲ့ ရန်ကုန်ထဲ ဝင်ရောက်ခွင့်ပြုဖို့နဲ့ အကြမ်းမဖက်ရေးအတွက် အလံ(၁၅)လက်လောက် ကိုင်ဆာင်ပြီး ”ကျောင်းသားထုကို ဝန်းရံကြ” ဆိုတဲ့ ဗီနိုင်းတွေ ထောင်ပြီး ရန်ကုန်မြို့ ၊ ဆူးလေဘုရားအနီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲ လုပ်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ ဆန္ဒဖော်ထုတ်သူတွေကို အစိုးရ ရဲဆပ်ဖွဲ့ ရဲအင်အား (၅၀၀)လောက် နဲ့ အတူ စွမ်းအားရှင်လို့ ခေါ်ဆိုရမယ့် လက်ပတ်အနီဝတ်လူအုပ်စုကြီးကကြိုတင်ရောက်ရှိနေရာယူထားပြီး အတင်းအဓမ္မ တုတ်တွေနဲ့ ရိုက်နှက် အကြမ်းဖတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အလားတူပဲ လက်ပံတန်းမြို့မှာလည်း ကျောင်းသားထုကို ရဲတွေက တားဆီးထားခြင်းအတွက် ကန့်ကွက်ကြတဲ့ ပြည်သူတချို့ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။
အဆိုပါအကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးမှုတွေမှာ အစိုးရဘက်က ရဲတပ်ဖွဲ့နဲ့အတူ အရပ်ဝတ်နဲ့ စွမ်းအားရှင် အဖွဲ့တွေပါ ဝင်ရောက် ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းတာဟာ မကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆို ဝေဖန်လိုက်ပါတယ်။
အကြမ်းဖက် နှိမ်နင်းရာမှာ ပါဝင်ခဲ့တဲ့ လက်ပတ်အနီဝတ် စွမ်းအားရှင် ဆိုသူတွေဟာ ဘယ်သူက တာဝန်ပေးလိုက်တဲ့ ဘယ်လိုအဖွဲ့အစည်းလဲ ဆိုတာကို မေးခွန်းထုတ်စရာဖြစ်ခဲ့တဲ့အပြင် ဒီအဖြစ်အပျက်ဟာ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေနဲ့ လွှတ်တော်က ဖြေရှင်းချက် ထုတ်ရမယ့် ကိစ္စဖြစ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့အစည်းက ပြောဆိုလိုက်ပါတယ်။
လက်ရှိ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ အခုအစိုးရလက်ထက်မှာ ”စွမ်းအားရှင်”ဆိုတဲ့ အဖွဲ့အစည်း မရှိပါကြောင်း ယတိပြတ်ငြင်းဆိုလိုက်ပြီးနောက်မှာ ”ဆန္ဒဖော်ထုတ်သူတွေကို အခုလို နှိမ်နှင်းလိုက်တာဟာ လိုအပ်ချက်အရ အင်အားသုံးဖြေရှင်းရတာ ဖြစ်ပြီး

အကြမ်းဖက်တာမဟုတ်ကြောင်း ၊ အရပ်သားတွေကို အသုံးပြုတာဟာလည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေနဲ့ အညီ ကျင့်သုံးခဲ့တာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

 

၁

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၅ ။

 

မြန်မာနိုင်ငံမှာ အမှုတစ်မှုကို တစ်ဦးချင်းကျူးလွန်ခံရတဲ့ အဓမ္မ လုပ်အား စေခိုင်းခံရမှုတွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား စစ်မှုထမ်းစေမှုက အများဆုံးဖြစ်နေကြောင်း ILO က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံထဲမှာ အများဆုံး ဖြစ်ပွားနေတဲ့ အဓမ္မစေခိုင်းခံရမှုတွေဟာ ၁၈ နှစ်အောက် စစ်မှုထမ်းစေခံရခြင်း အပြင် ၊ အသက် ၁၈ နှစ်ပြည့်ပြီးပေမယ့်လည်း စစ်မှုထမ်းရခြင်း( ပေါ်တာဆွဲခံရခြင်း) ၊ အရပ်သား၊ အကျဉ်းသားတွေကို အထမ်းသမား၊ ကင်းစောင့်သမားအဖြစ် ခိုင်းစေခြင်း၊ ရပ်ရွာအဆင့်နဲ့ ဒေသအာဏာပိုင်တွေက အခြေခံအဆောက်အအုံများအတွက် ရန်ပုံငွေကောက်ခံခြင်း၊ ပြည်သူ့ဆောက်လုပ်ရေး၊ ဆောက်လုပ်ရေး စီမံကိန်းများနဲ့ စွမ်းအင်စီမံကိန်းတွေမှာ ပြည်သူတွေကို လုပ်အားဖြစ် စေခိုင်းခြင်း စသည်တို့လည်း ရှိနေကြောင်း သိရပါတယ်။
ILO အနေနဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ လက်ခံရရှိတဲ့ အတင်းအဓမ္မ စေခိုင်းခံရမှုပေါင်း ၅၂ရ ခု ရှိပြီး ၃၉၉ ခုကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ကျန်အမှုတွေကိုတော့ ဖြေရှင်းဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။

စာရင်းဇယားများအရ ၂၀၁၄ ခုနှစ်အတွင်းမှာ ပျမ်းမျှအားဖြင့် တစ်နေ့ကို အမှု ၃ ခုခန့် ဖြစ်ပွါးခဲ့တာဖြစ်ကြောင်း သိရပါတယ် ။

၂

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖွင့်လှစ်မယ့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက တာဝန်ခံ ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဇံဟာ US ရှိ မြန်မာအသိုင်းအဝန်းနဲ့ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးဖို့ ် စီစဉ်ထားကြောင်း သိရပါတယ်။
မတ်လ ၁၅ ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲ ၂းဝဝ နာရီကနေ ၃း၃ဝ နာရီအထိ ကျင်းပမယ့် တွေ့ဆုံပွဲအတွင်း မကြာခင်ဖွင့်လှစ်မယ့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးနဲ့ ပတ်သက်ပြီး ပတ်စ်ပို့၊ ဗီဇာ၊ နေထိုင်ခွင့် အစရှိတဲ့ ကောင်စစ်လုပ်ငန်းရပ်တွေကိုလည်း ဆွေးနွေးပြောဆိုဖို့ ရှိကြောင်း သိရပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမယ့် နေရာကတော့ မြန်မာဆေးခန်းနဲ့ လုပ်ငန်းများ ရှိရာ မွန်ထရီပတ်ခ်ရှိ ဒေါက်တာ ဇော်ထွန်းရဲ့ East West Dental Clinic အနောက်မှာ တည်ရှိတဲ့ ‘အောင်ဇေခန်းမ’မှာ ဖြစ်ပါတယ်။
လိပ်စာကတော့ Southern California Burma-Chinese Association (အောင်ဇေခန်းမ) 629 (B) E Garvey Ave, Monterey Park, CA 91755 ဖြစ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အမေရိကန် ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ ဂျော်ဖရီ ဟီးလားဆိုသူ မြန်မာနိုင်ငံတွင်း ရောက်ရှိစဉ်က ရိုက်ကူးခဲ့တဲ့ လက်ရွေးစင်ဓာတ်ပုံတွေကို စုစည်း ထုတ်ဝေထားတဲ့ စာအုပ်မိတ်ဆက်ပွဲနဲ့ ဓာတ်ပုံပညာ ဟောပြောဆွေးနွေးပွဲကို ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ်လို့ သိရှိရပါတယ်။
မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့) နဲ့ မတ်လ ၁၆ ရက် (တနင်္လာနေ့) တွေမှာ ပြုလုပ်မယ့် စာအုပ်မိတ်ဆက် ဟောပြောပွဲအတွင်း အာရှတိုက်နိုင်ငံများရဲ့ လမ်းတွေပေါ်မှာ သဘာဝကျကျ ဓာတ်ပုံတွေကို အနုပညာမြောက်အောင် ရိုက်ကူးခဲ့ရပုံတွေကို ပြောဆိုမယ့်အပြင် မြန်မာ ဓာတ်ပုံဝါသနာရှင်တွေနဲ့လည်း အယူအဆဖလှယ် ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ဂျော်ဖရီ ဟီးလားရဲ့ Daybreak in Myanmar ဆိုတဲ့ အဆိုပါ ဓာတ်ပုံမှတ်တမ်းစာအုပ်ကို ၂၉.၉၅ ဒေါ်လာနဲ့ရောင်းချနေပြီး အင်တာနက် အွန်လိုင်း စတိုးဆိုင်ဖြစ်တဲ့ အမေဇုံမှာလည်း မှာယူနိုင်ကြောင်း သိရပါတယ်။
ဆန်ဖရန်စစ္စကို မြန်မာကွန်မြူနတီ ယဉ်ကျေးမှုစင်တာအတွင်းမှာလည်း ရောင်းချမှာဖြစ်ပြီး ဂျော်ဖရီ ဟီးလားကိုယ်တိုင် လက်မှတ်ထိုးပေးမယ်လို့ သိရပါတယ်။
အခမ်းအနား အချိန်နဲ့ နေ့ရက်ကတော့ မတ်လ ၁၅ ရက်နေ့မှာ ညနေ ၅ း ၃ဝ နာရီ ၊ မတ်လ ၁၆ ရက်နေ့မှာတော့ ည ရ း ၃ဝ ဖြစ်ပါတယ်။

အခမ်းအနား ကျင်းပမယ့် လိပ်စာကတော့ Myanmar Community & Cultural Center 1320, Decoto Road, Union City CA 94587 ဖြစ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

“၂ရ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (ဖုန်းမော်နေ့)” ဖြစ်တဲ့ မတ်လ ၁၃ ရက်နေ့မှာ နယူးယောက်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှု ဆန္ဒပြပွဲတစ်ခု ပြုလုပ်မယ်လို့ သိရပါတယ်။

”မြန်မာပြည်တွင်းက ဒီမိုကရေစီပညာရေး သပိတ်မှောက် ကျောင်းသားတွေကို ထောက်ခံခြင်းနဲ့ မြန်မာအစိုးရရဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချခြင်း”ဆိုတဲ့ အမည်နဲ့ စုဝေးလှုပ်ရှားမှာ ဖြစ်ပါတယ်။
လူအခွင့်အရေးအခြေအနေတွေ ချို့ယွင်းလာခြင်းအဖြစ် မြင်တွေ့ရတဲ့ မြန်မာအစိုးရရဲ့ အကြမ်းဖက် ချိုးဖောက်မှုတွေကို ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခဲ့တဲ့အတွက် ဆန့်ကျင်ဆန္ဒပြမှာဖြစ်ပြီး ကျောင်းသူ/ကျောင်းသားတွေကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ US နေ ပြည်သူများ လာရောက်ပူးပေါင်းကြပါလို့ နယူးယောက် – မြန်မာဒီမိုကရေစီအင်အားစုက ဖိတ်ခေါ်ထားပါတယ်။
လှုပ်ရှားမှု စတင်မှာကတော့ –

၂၀၁၅ ခုုနှစ် မတ်လ ၁၃ ရက်၊ သောကြာနေ့ – ညနေ ၄းဝဝ နာရီကနေ ၅းဝဝ နာရီထိ ဖြစ်ပါတယ်။
စုဝေးလှုပ်ရှားမှု ပြုလုပ်မယ့်နေရာကတော့ –

မြန်မာကောင်စစ်ဝန်ရုံး (နယူးယောက်မြို့) – 10 E 77th Street, New York, NY 10075 ဖြစ်ပါတယ်။
ပါဝင်လိုသူများအနေနဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေကတော့ –

ကိုနေတင်မြင့် (347-944-7341), ကိုအောင်ခန့် (516-808-1515), ကိုဖိုးခွား (917-349-2169), ကိုအောင်မိုးဝင်း (518-417-8256) တို့ကို ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဥက္ကလံမြို့ ရှိ ဓမ္မ အေးရိပ်ကျောင်းတိုက်မှာ မြန်မာနှစ်သစ်ကူး သင်္ကြန် ပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။
ဧပြီလ ၁၈ ရက် ၊ စနေနေ့မနက် (၁၀)နာရီမှာ စတင် ကျင်းမှာ ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေ မြန်မာနွယ်ဝင်များကို ဖိတ်ခေါ်ထားပါတယ်။
ပွဲတော်ကျင်းပမယ့် တည်နေရာကတော့ ဓမ္မအေးရိပ်ကျောင်းတိုက် ၊ 2832, International Blvd, Oakland CA, 94606 (Safe Location) ဖြစ်ပါတယ်။
အသေးစိတ် သိရှိလိုသူများအနေနဲ့…

ဖုန်း ၅၁၀-၅၈၅-၆၇၇၃ ကို ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

 

=========================

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

azm

 

 

 

 

 

 

 

 

 

11 comments

  • naywoon ni

    March 12, 2015 at 12:13 pm

    ဘယ်​ဂျာနယ်​မှ ဝယ်​မဖတ်​​တော့ဘူး ရွာထဲက မုန်​့သိုင်​းခြုံ ပဲ ဝယ်​စား​တော့မယ်​ ။ အဲ့ ဟုတ်​ပါဘူး ။ အတင်​းစုံ တဲ့ အလင်​းဇုံပဲ ဝင်​ဖတ်​​တော့မယ်​ ။ ​ဘောလုံးပွဲ သတင်​း​လေးပါထည်​့​ဟ ။ ဒါမှ ​ရောင်​းအားတက်​မှာ 🙂

    • Alinsett@Maung Thura

      March 12, 2015 at 5:47 pm

      .ဘောသတင်းကတော့ထူးခြားတာလေးဆို ထည့်ရေးပါ့
      ဒါမယ့် တော်ရုံတော့ ထည့်မနေတော့တာ
      .ဖတ်ပြကြေညာတဲ့ အစ်ကိုတော်နဲ့အစ်မတော်တို့လည်း ဒီလောက်နဲ့တောင် အတော် လျှာထွက်တော်မူနေတာ

      အားကစားသတင်း သီးသန့်လုပ်မယ်ဆိုရင်တော့တမျိုးပေါ့

      :k:

  • မြစပဲရိုး

    March 13, 2015 at 5:40 am

    { အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ်ကြားနာပွဲမှာ ကျောင်းသား သပိတ်စစ်ကြောင်းကို အားပေးထောက်ခံတဲ့ ပြည်သူတွေအနေနဲ့ ပါဝင်ဆွေးနွေးခွင့်ရှိကြောင်း ကြေညာခဲ့ပြီးနောက်
    စာရင်းပေးသူ ၆ ဦးသာရှိပြီး ၄ ဦးသာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ }

    လေသေနတ် နဲ့ စစ်တိုက် နေကြသူ တွေ
    ဖိတ်တဲ့ အချိန် က သိပ်ကပ် သွား တော့ …. လို့ ပြောပါလေ။
    မဟုတ်လဲ – ကလေး တွေ ထောင်ထဲ က မလွတ် သေးလို့။
    ကျန်တဲ့ သန်းပေါင်း များစွာသော ကလေး များ အတွက် ထောက်ခံ အား ပေး နေတာ မဟုတ်ဘူးလား။
    ရည်ရွယ်ချက်က ဘာလဲ။ အရေးကြီးတာ ဘာလဲ။
    တိုင်းပြည် ဆူပူ ဖို့လား။

    ဦးခင်မောင်လွင် ဆိုတာ ဘယ်သူလဲ။ ဇာတ်ရှုပ်ကြီး နဲ့ စဖွင့်တာပါလား။

    • Alinsett@Maung Thura

      March 13, 2015 at 3:11 pm

      အရီးရေ….
      ဒီမှာတော့ ..ဒီလိုလေး တွေ့သဗျ…

      http://www.naltha.com/pyithuhluttaw/representative/%E1%80%A5%E1%80%AE%E1%80%B8%E1%80%81%E1%80%84%E1%80%B9%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%9C%E1%80%BC%E1%80%84%E1%80%B9

      ၁။ အမည် – ဦးခင်မောင်လွင်
      ၂။ အခြားအမည် –
      မရှိပါ
      ၃။ လူမျိုး/ ဘာသာ –
      ဗမာ/ဗုဒ္ဓ
      ၄။ နိုင်ငံရေးစိစစ်ရေး ကတ်ပြားအမှတ် –
      ၈/စလန(နိုင်) ဝ၀၈၆၈၇
      ၅။ မွေးသက္ကရာဇ် –
      Sunday, March 10, 1968
      ၆။ မွေးဖွားရာဇာတိ –
      ၇။ ပညာအရည်အချင်း –
      B.Sc (Botany)
      ၈။ လက်ရှိအလုပ်အကိုင် –
      ကုန်သည်
      ၉။ အဘအမည်၊ အလုပ်အကိုင် –
      ဦးတင်မောင်၊ တောင်သူ
      ၁၀။ အမိအမည် ၊ အလုပ်အကိုင် –
      ဒေါ်ကြွက် (ကွယ်လွန်)
      ၁၁။ ဇနီး/ခင်ပွန်း အမည် ၊ အလုပ်အကိုင် –
      ဒေါ်နှင်းယုထွန်း၊ကုန်သည်
      ၁၂။ သား/သမီးအမည် ၊ အလုပ်အကိုင် –
      (၁) မောင်သိန်းထိုက်စိုး၊ ကျောင်းသား (၂) မအေးချမ်းမိုး၊ ကျောင်းသူ
      ၁၃။ အမြဲတမ်းနေရပ်လိပ်စာ –
      ဈေးမရပ်၊ စလင်းမြို့
      ၁၄။ ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ –
      ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
      ၁၅။ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် မဲဆန္ဒနယ် –
      စလင်း

      • kai

        March 13, 2015 at 3:42 pm

        မြန်မာပြည်ကို (တကယ်) ပြင်ချင်ရင်.. အဲဒီဘကကျောင်းကစပြင်ရမယ်…။
        ပြင်တယ်ဆိုတာက.. ဘုန်းကြီးအုပ်ချုပ်.. ဘာသာရေးစာသင်တာတွေဖြုတ်ပစ်ပြီး.. အစိုးရအထောက်အပံ့ပေးတဲ့.. ပညာတတ်ဆရာဆရာမတွေဦးဆောင်တဲ့..ခေတ်ပညာသင်ကျောင်းဖြစ်အောင်လုပ်ရမယ်ပြောတာ..။
        ဘုန်းကြီးတွေက.. အရပ်သားပညာရေးနဲ့.. ဘာဘာ.. ဘာမှမဆိုင်..
        ဆိုင်ချင်ရင်.. သူတို့ကိုယ်တိုင်.. ကလေးငယ်ပြုစုပျိုးထောင်ရေးနဲ့ဆိုင်တဲ့.. သင်တန်းတွေ..ဘွဲ့တွေအရင်ယူသင့်တယ်..။

        ဘာသာရေးသင်ကြားပေးချင်ရင်.. ကိုရင်ဝတ်လာတဲ့.. ကိုရင်(သာမဏေ)တွေကို ဘာသာရေးစာသင်ကြားပေးတာနဲ့သာ.. သာသနာကိုစောင့်ရှောက်သင့်တယ်..။
        ဒီခေတ်ဟာ.. ဘိုးတော်ဘုရားတို့ခေတ်မဟုတ်တော့…။
        ၂၁ရာစု..။

        ဘကကျောင်းရော.. ၊ ခရစ်ယန်ကျောင်းရော..။ အစ္စလမ်ကျောင်းရော.. အကုန်ဖြုတ်ဖြစ်သွားရင်.. အဲဒီအမတ်ကို.. ရွှေတံဆိပ်တောင် ပေးချင်သေး…။

  • Kaung Kin Pyar

    March 14, 2015 at 11:22 am

    လာရောက် အားပေးသွားပါတယ် အလင်းဆက်ရေ…

    • Alinsett@Maung Thura

      March 14, 2015 at 4:01 pm

      ပုံမှန် လာရောက် ဖတ်ရှုပေးနေတဲ့ ကောင်းကင်ပြာကိုလည်း ကျေးဇူးပါဗျားးး

      😆

  • Wow

    March 14, 2015 at 12:18 pm

    အပိုတွေသိပ်မပါပဲ သတင်းကြီးသီးသန့်သိရတော့လဲကောင်းတာပဲ ဆက်ဆက်ရယ်

    • Alinsett@Maung Thura

      March 14, 2015 at 3:57 pm

      ဟုတ် တတ်နိုင်သမျှ သတင်းရဲ့ ဆိုလိုရင်း ချံ ု့ ရေးထားတာလေ…
      ကျစ်လျစ်အောင် ရေးမှ… အောင်ဇေမီဒီယာက အစ်ကိုတော်နဲ့ အစ်မတော် ဖတ်ရ သက်သာမယ်..
      ဆိုလိုရင်း ပျောက်မသွားအောင်ရယ်…
      မလိုအပ်ပဲ ရှည်လျားနေတာတွေ မပါအောင်ရယ်…
      အဲ့ဒီကြားလေးမှာ… ဒီသတင်းတွေ ရှိနေအောင် ရေးကြည့်နေရတာ..

      😆

      အားပေးသွားတာ..ကျေးဇူးပါ..

        • Alinsett@Maung Thura

          March 16, 2015 at 12:42 am

          ဟိုတနေ့ကတောင် ညည်းမိသေး
          ကျနော် သတင်းတွေ စ စုဆောင်းမှပဲ
          စိတ်သက်သာစရာ သတင်း တစ်ပုဒ်မှ မစုမိဘူးးးလို့

          :kwi:

Leave a Reply