ဘုန်းကြီးကျောင်းများ မီးရှို့မည်ဟူသော ကလေး ၃ ဦး တရားစွဲခံရမည်

cobraAugust 20, 20101min1267

ဘုန်းကြီးကျောင်းများ မီးရှို့မည်ဟူသော ကလေး ၃ ဦး တရားစွဲခံရမည်

| တနင်္လာနေ့၊ ဩဂုတ်လ ၁၆ ရက် ၂၀၁ဝ ခုနှစ် ၂ဝ နာရီ ဝ၁ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။     ။ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အထင်ကရ ဘုန်းကြီးကျောင်းများကို မီးရှို့ရန် ကြံစီမှုဖြင့် ဖမ်းဆီးခံထားရသည့် လူငယ်တဦးနှင့် ကလေး ၂ ဦးကို ယခုတပတ်အတွင်း မြို့နယ်တရားရုံးတွင် တရားစွဲမည်ဟု ရဲက ပြောဆိုသည်။

လယ်တီ၊ စိတ္တသုခ၊ ပေပင်နှင့် အရှေ့လေးထပ် ကျောင်းများကို ဓာတ်ဆီလောင်း မီးရှို့မည်ဟု သံသယဖြင့် ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းတွင် ဖမ်းဆီးခဲ့သော ၂၁ နှစ်အရွယ် ကံကောင်း (ခ) သန့်ဇင်နှင့် ကလေး ၂ ဦးက မိမိတို့ ကြံစီခဲ့ကြောင်း ထွက်ဆိုသောကြောင့် မုံရွာမြို့နယ် တရားရုံးတွင် တရားစွဲဆိုသွားမည်ဟု အမှတ် ၂ မြို့နယ်ရဲစခန်းမှ ရဲအရာရှိတဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် တရားခံဘက်မှ ရှေ့နေလိုက်ပေးမည့်သူ ရှိမရှိကိုမူ မသိရသေးကြောင်း သူက ဆိုသည်။

“အမှုစစ်က စစ်တော့ သူတို့ တကယ်မီးရှို့ဖို့ ကြံစီခဲ့တယ်ဆိုတာကို ဝန်ခံထွက်ဆိုလာတယ်။ အခု သူတို့ကို တရားရုံးတင်ဖို့ လုပ်နေပါတယ်။ လောလောဆယ်တော့ ကျနော်တို့ အမှတ် ၂ မှာပဲ ထိန်းထားပါတယ်” ဟု အဆိုပါ ရဲအရာရှိက မဇ္ဈိမကို ပြောသည်။

အဖမ်းဆီးခံ ၃ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/ ၅၁၁ ဖြင့် ဇွန်လ ၃ဝ ရက်နေ့မှစ၍ တလကျော်ကြာ အမှုဖွင့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် တရားရုံးတင်ရန် စီစဉ်ခြင်း ဖြစ်သည်။

ပုဒ်မတွဲ ၄၃၆/၅၁၁ သည် ကိုးကွယ်ဝတ်ပြုသည့် နေရာ၊ အိမ်၊ ကျောင်း၊ ပစ္စည်းသိုလှောင်ရာ အဆောက်အအုံကို မီး သို့မဟုတ် ပေါက်ကွဲစေတတ်သည့် အရာဖြင့် ဖျက်ဆီးရန် ကြံစီမှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ဝ နှစ် သို့မဟုတ် တသက်တကျွန်း ချမှတ်နိုင်သည်။

သို့သော် အစောပိုင်းတွင် ရဲက ဖမ်းဆီးကာ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သူနှင့်ပတ်သက်၍ ရဲက တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။ လွတ်မြောက်သွားသူကို မီးရှို့မည့်အဖွဲ့ ခေါင်းဆောင်အဖြစ် သံဃာတော်များဘက်က စွပ်စွဲခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့် ဇွန်လ ၃ဝ ရက်နေ့ နံနက် ၄ နာရီခန့်က ကပ်လျက်တည်ရှိသော လယ်တီကျောင်းနှင့် စိတ္တသုခကျောင်းတို့ကို မီးရှို့ရန် ၁၄ နှစ်အရွယ် ကလေး ၂ ဦးက ဓာတ်ဆီပုလင်း၊ မီးခြစ်များဖြင့် တချိန်ထဲ ဝင်ရောက်သွားချိန်တွင်  ထိုကျောင်းများရှိ သံဃာတော်များက ဖမ်းဆီးမိခဲ့သည်။

“အဲဒီတုန်းက မီးလာရှို့တဲ့ ကလေးတွေကနေ တဆင့်ပြီးတဆင့် ဘုန်းကြီးတို့ကိုယ်တိုင် စုံစမ်းပြီး လိုက်ဖမ်းတော့ ခေါင်းဆောင်ဖြစ်တဲ့ မင်းမင်းဆိုတဲ့ ကောင်လေးပါ မိတယ်။ အဲဒီကောင်လေးကို ရဲက လွှတ်ပေးလိုက်တယ်။ သူ့နောက်ကွယ်မှာကို သူတို့ကို ခိုင်းနေတဲ့ အဖွဲ့ရှိသေးတယ်။ အဲဒါတွေမေးနေတုန်း မပေါ်ခင်မှာပဲ အာဏာပိုင်အဖွဲ့တွေ အတင်းလာခေါ်လို့ ထည့်ပေးလိုက်ရတာ” ဟု ကျောင်းတိုက်တတိုက်မှ ဆရာတော်တပါးက မဇ္ဈိမကို မိန့်ကြားသည်။

သံဃာတော်များ ဖမ်းမိစဉ်က ၅ ဦး ဖြစ်သော်လည်း ရဲစခန်းအရောက်တွင် နောက်ကွယ်က အဓိက ကြိုးကိုင်သူနှင့် ခေါင်းဆောင်အစစ်ကို ရဲများက ပြန်လွှတ်ပေးလိုက်သည်ဟု စိတ္တသုခကျောင်း ဆရာတော် ဦးမဏ္ဍလဘိသီရီက မိန့်ကြားသည်။ လွှတ်ပေးလိုက်သည့် အထဲတွင် အသက် ၁၃ နှစ်ခန့် အမျိုးသမီးငယ် တဦး ပါဝင်ကြောင်း သိရသည်။

ကျောင်းများကို မီးရှို့စေရန် ခိုင်းစေသည့် အသက် ၂ဝ ခန့်ရှိသူ မင်းမင်းဆိုသူကို အမှတ် ၂ ရဲများက စခန်းအရောက်တွင် လွှတ်ပေးခဲ့သလို၊ ဖမ်းစီးမိစဉ်က သူ၏ အိတ်ထဲတွင် မုံရွာမြို့ အမှတ် ၁ ရဲစခန်းက ပြုလုပ်ပေးထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကိုပါ တွေ့ရှိသဖြင့် စိတ္တသုခကျောင်းက သိမ်းဆည်းထားသည်ဟု သိရသည်။

အခင်းဖြစ်ပွားသည့်နေ့က ကျောင်းတိုက်ကို မီးရှို့ရန် ကြံစီသည်ဟူသော သူများကို သံဃာတော်များက စစ်ဆေးမေးမြန်းနေစဉ်မှာပင် စစ်ကိုင်းတိုင်း သာသနာရေးမှူး ဦးမျိုး အပါအဝင် မြို့နယ်ရဲစခန်းများမှ ရဲအရာရှိများ၊ ခရိုင်အဆင့်အရာရှိများ၊ ရယက၊ မယက ဥက္ကဋ္ဌများ ဦးရေ ၆ဝကျော် ကျောင်းဝန်းထဲဝင်၍ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

ကလေးများ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများ ရှိနေပြီး ထိုကိစ္စနှင့်ပတ်သက်၍ ကြံ့ဖွံ့အဖွဲ့နှင့် မြို့ခံအာဏာပိုင်အဖွဲ့များကို သံဃာတော်များက အယုံအကြည်မရှိဟု ဦးမဏ္ဍလဘိသီရီက မိန့်သည်။

သို့သော် မုံရွာခရိုင် ရဲအရာရှိတဦးကမူ ယင်းကဲ့သို့ ကျောင်းများကို မီးရှို့ရန် ကြံစီသူများကို သံဃာတော်များထံမှ သက်ဆိုင်ရာ မြို့ခံအာဏာပိုင်များက စိတ္တသုခကျောင်းထဲမှ ခက်ခဲစွာ တောင်းယူခဲ့ရသလို ၃ ဦးသာဖြစ်သည်ဟု ငြင်းဆိုခဲ့ပြီး ထိုကလေးများသည် မိဘမဲ့ကလေးများ ဖြစ်သည်ဟု ဆိုသည်။

မီးရှို့ရန် ကြံစီခံရသော ဘုန်းကြီးကျောင်း ၄ ကျောင်းသည် စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသော ၂ဝဝရ ခုနှစ် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြပရိတ်ရွတ် ဆုတောင်းရာတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။

7 comments

  • chitsayar

    August 20, 2010 at 4:42 pm

    အေး အေး အေး
    ဒီလိုသတင်းမျိုးကို ကြားရတာကလဲ
    ငါကိုယ်တော် မင်းတရားကြီးရဲ ့
    သောက်ကျိုးနဲ ဘုန်းကံသာ ပ

  • Pyaung Gye

    August 20, 2010 at 7:36 pm

    ဒီလိုခိုင်းတဲ့ အကုသိုကောင်တွေရှိသေးတယ်နော်

  • etone

    August 21, 2010 at 1:54 am

    ကလေးနဲ့ ခွေးကတောင်ဒီလောက်မမက်ရိုင်းပါဘူး ။ စကောလောက်မှဇောက်မနက် ၊ ခွေးထက်တောင်နိမ့်ကျပြီး အကျင့်မကောင်းတဲ့သူတွေက တောင်စားတဲ့မိဘမဲ့ကလေးတွေကို ဗန်းပြလုပ်ဆောင်ခိုင်းတာပါ ။ နောက်ဘဝ လူဖြစ်ဖို့မ ပြောနဲ့ အဝီဇိအောက်ခြေမှာ ဂျိုးပြားကပ်နေမှာမြင်ယောင်ပါသေးတယ် ။ စေတနာအကျိုးပေးမှာမို့လို့ သက်ဆုံးရှည်မလား တွေးကြည့်ပေတော့ ။

  • winne

    August 21, 2010 at 8:33 am

    စိတ်ပျက်ဖို့ ကောင်းလိုက်တဲ့ သတင်းကြီးကွယ်..

  • Yin Nyine Nway

    August 21, 2010 at 9:59 am

    21 နှစ်တောင်ရှိနေပြီ ဦးနှောက်ကို မရှိဘူး
    ပိုက်ဆံလိုချင်တာများ ဒီလိုလုပ်ရတယ်လို့
    လူစိတ်မှ ရှိသေးရဲ့လား

  • pan pan

    September 6, 2010 at 8:22 am

    ကလေးတွေ အခိုင်းခံရတာနဲ့တူပါတယ်။
    ငါးစာဖြစ်သွားတာပေ့ါ။

  • saddyangel.9

    September 6, 2010 at 2:54 pm

    ကလေးတွေကသူတို ့စိတ်နဲ ့မလုပ်လောက်ပါဘူး…နောက်ကွယ်ကနေခိုင်းတဲ့အဖွဲ ့ရှိမှာပါ…ဟုတ်တယ်ကလေးတွေကငါးစာပေါ့

Leave a Reply