” မသန့်စကောင်း သန့်စကောင်း “

တစ်ရက်ကျနော့်မိတ်ဆွေအိမ်မှာ သံဃာတော်များဆွမ်းပင့်ကြွေးတာကို ကူညီလုပ်ကိုင်ဘို့အတွက်ရောက်သွားပါတယ်။
သံဃာတော်တွေကို ဆွန်းဘုန်းပေးနေတော်မူကြတဲ့အချိန် လိုအပ်ချက်ရှိရင် ဖြည့်ဆည်းပေးဘို့ ကျနော်အသင့်စောင့်နေပါတယ်။
သံဃာတော်တွေထဲမှာ အသက်တော်ရှစ်ဆယ်ကျော်တဲ့ ဆရာတော်ကြီးတစ်ပါးလည်းပါ ပါတယ်။
ဆရာတော်ကြီးဆွမ်းဘုန်းပေးနေချိန်မှာ ဆီပြန်အသားဟင်းတွေကိုလုံးဝမထိဘဲအသီးအရွက်ကြော်လေးနည်းနည်း အသုတ်လေးနည်းနည်း အသီးအရွက်အတို့အမြုတ်လေးနဲ့ဘဲ ဘုန်းပေးတော်မူတာတွေ့ရပါတယ်။ဒါနဲ့ဘဲ
“အရှင်ဘုရား သတ်သတ်လွတ်ဘုန်းပေးတော်မူပါသလားဘုရား”လို့လျှောက်လိုက်တော့ အသာအယာခေါင်းယမ်းပြတော်မူပါတယ်။
နောက် သံဃာတော်များဆွမ်းဘုန်းပေးပြီး အချိုပွဲကပ် တဲ့အချိန်မှာ ဆရာတော်ကြီးက ကျနော်ကို့ သူ့အနားလာဘို့လက်ယပ်ခေါ်ပါတယ်။
ကျနော်အနားရောက်တော့ ဆရာတော်ကြီးက ဒီလို့မိန့်ပါတယ်။
“ဒကာလေး ရေ ဘုန်းဘုန်းက အသက်ကြီးပြီဆိုတော့ တတ်နိုင်သလောက် ဆီပါတဲ့အစားအစာကို ရှောင်ပါတယ်။
အထူးသဖြင့် ဆီပြန်ဟင်းတွေကိုပေါ့၊ခုခေတ်မှာပိုဆိုးတာက ဘာကိုမှ သန့်သန့်လေးမရနိုင်တာကိုတွေ့နေရတယ်။
ဘုန်းဘုန်းတို့ငယ်ငယ်ကဆို နှမ်းဆီဆိုလဲခပ်သက်သက်နဲ့ သန့်သန့်လေး ပဲဆီဆိုလဲ ဆုံဆီမွှေးမွှေးလေး အခုခေတ်မှာတော့ စားအုန်းဆီ ဆိုတာကပေါ်လာပြန်ရော။
ဘုန်းဘုန်းတို့ကအသေးစိတ်တော့မသိပါဘူးကွယ် စားအုန်းဆီလို ဆီမျိုးက လူကို သိပ်ကောင်းကျိုးမပေးဘူးလို့ကြားမိတော့လဲ တတ်နိုင်သမျှရှောင်တာပေါ့ကွယ်။
ခေတ်က တိုးတက်လာတာတော့ မှန်ပါတယ်။ဒါပေမယ့်နေရာတကာမှာ လှသထက်လှအောင် လူတင်မကဘူး ပစ္စည်းတွေကိုပါ အရောင်ခြယ်ကြတော့တာကိုးဒကာလေးရဲ့။
အဲပိုဆိုးလာတာကတော့ အဝတ်အထည်ကိုလဲအရောင်ဆိုး ဘုရားတင်ဘို့ပန်းကိုလဲအရောင်ဆိုး အပယိက အသုံးအဆောင်တွေ တင်မကဘဲ စားတဲ့သောက်တဲ့ပစ္စည်းတွေကိုပါ
အရောင်ဆိုးလာကြတော့ ခက်သပေါ့ကွယ်၊၊ ဒါပေမယ့်လည်း ဒကာလေးရေ ဘုန်းဘုန်းတို့လို အလှူခံစားရတဲ့ သံဃာတော်တွေကတော့ လူတွေက အထွဋ်အမြတ်ထားပြီး ဆက်ကပ်ကြတာကို သိပ်ချေးများလို့တော့မသင့်တော်ဘူးပေါ့ကွယ်၊ဒီတော့လဲဘုန်းဘုန်းကတော့ အသက်ရှည်အောင် ဆင်ခြင်ပြီး သန့်မယ်ထင်တာလေးရွေးလို့ဘုန်းပေးရတာပေါ့ ဒကာလေးရဲ့”

အိမ်ပြန်ရောက်လို့ ညနေထမင်းစားကြတော့ မနက်က ဘုန်းဘုန်းမိန့်ခဲ့တာတွေကိုသတိရမိတော့ ဆီတွေဝေ့နေတဲ့ ဟင်းခွက်တွေမြင်တော့ နှိုက်ရမှာလက်တွန့်သွားပါတယ်။
ဒါနဲ့ဘဲ မဒမ်ပေါက်ကို ဟင်းချက်ရင် ဆီလျှော့ထည့်ဘို့လဲပြောလိုက်ရော
“ကိုကိုပေါက်ရေ မီးသွေးဈေးကကြီးတော့ ညမနက်ပေါင်းလို့ချက်ရတယ်တော်ရေ့ ဆီနှမျောလို့ရေကျန်ရင် ဟင်းတွေသိုးကုန်မှာပေါ့”လို့ပြန်ပြောလိုက်တော့
“ဒါလဲ ဟုတ်ပြန်တာဘဲ”ဆိုပြီး ဆက်မပြောတတ်တော့ပါဘူး။

ကျနော်တို့အိမ်မျက်နှာချင်းဆိုင် အိမ်က” မငယ်” ငှက်ပျောသီး အုန်းသီးတွေရောင်းပါတယ်။
ဟိုဘက်ရပ်ကွက်မှနေတဲ့ ဒေါ်ခင်ဆင့်က နေ့တိုင်းနေ့တိုင်း” မငယ်” တို့ဆီကို အုန်းသီးအစိမ်းလာဝယ်ပါတယ်။
တစ်ရက်တော့ ဒေါ်ခင်ဆင့်ကြီး ကို “အုန်းသီးတွေဝယ်လှချည်းလား”လို့မေးမိတော့ “အုန်းသီးစိမ်းရေကိုသောက်ရင် အသဲအဆီဖုံးတာ သက်သာတယ် ဆိုလို့ပါ။ကျမတို့လင်မယားနှစ်ယောက်လုံး အသဲအဆီဖုံးနေတယ်ဆိုပြီးဆရာဝန်ကပြောထားလို့ ကိုပေါက်ရေ “လို့ပြန်ဖြေသွားပါတယ်။

တစ်ရက်မှာ မိတ်ဆွေတစ်ယောက်ရဲ့သားလေး စေ့စပ်ပွဲလုပ်တော့ လက်ဖက်ရည် ဆိတ်သားပတ်၊ ကိတ်မုန့်ပေါင်းစုံနဲ့ဧည့်ခံပါတယ်။
ကိတ်မုန့်ကတော့ စားချင်စရာ လှတပတ ရောင်စုံ ခရင်မ်လေးတွေနဲ့ပေါ့။ကျနော်က လည်း လူက သာ ဝ တာ အချိုမုန့်ဆို်ရင် သိပ်ကြိုက်ပါတယ်။
အဲတော့ ခရင်မ်ပါတဲ့ကိတ်မုန့်ကိုစားမလို့လက်လည်းလှမ်းလိုက်ရော ကိုထွန်းက ကျနော့်လက်ကိုဖမ်းတားထားပါတယ်။
” မစားနဲ့ကိုပေါက်ရေ ကျုပ်တို့ တော်လေးဝ မဟုတ်ပေမယ့် တော်တော်လေး ဝတဲ့စာရင်းထဲဝင်နေပြီ ဒီကိတ်မုန့်ကိုစားချင်ရင် အပေါ်က ခရင်မ်တွေဖယ်စား”လို့ပြောပါတယ်။
ကျနော်က “ဘာလို့လဲ” ဆိုတဲ့သဘောနဲ့မေးဆတ်ပြတော့ ” ဒီခရင်မ်တွေက နွားနို့နဲု့လုပ်ထားတဲ့ခရင်မ် မဟုတ်ဘူးဗျ နိုင်ငံခြားကလာတဲ့ အသီးအနှံဆီဆိုတဲ့ အဆီခဲတွေကို သကြားမူန့်နဲ့
ရော စက်ထဲ ထည့်မွှေထားတာဆိုတော့ ကျုပ်တို့လို အသက်ကြီးတဲ့လူတွေအနေနဲ့မစားသင့်တော့ဘူး” ပြောပါတယ်။
သူပြောတာကြားတော့လဲ ” ဟုတ်ပေတာဘဲ”လို့ ဆိုပြီး ဆိတ်သားပပ်ဖ် ကိုဘဲစားလိုက်ပါတယ်။

ကျနော်တို့အလုပ်က အိမ်ပြန်ရတာ မိုးချုပ်တတ်ပါတယ်။ဒီတော့လဲ ညနေ 6နာရီဆိုရင် အဆာပြေ တစ်ခုခုလောက်တော့ဝယ်စားလေ့ရှိပါတယ်။
ညနေကျန်နေတတ်တဲ့သူက 8ယောက်လောက်ဆိုတော့ ဈေးလဲသိပ်မကြီး အဆာပြေလဲဖြစ်တဲ့ အကြော်တွေဘဲဝယ်စားတတ်ကြပါတယ်။
တစ်ရက် ကိုအောင်ဖေ ဆိုတဲ့မိတ်ဆွေတစ်ယောက်ရောက်လာတော့ အကြော်စားဘို့ပြောတော့ သူကခေါင်းရမ်းပါတယ်။
အဲဒီမှာ ကလေးတစ်ယောက်က မလောက်မှာစိုးလို့အားနာပြီးမစားတာထင်လို့”လေးလေး အကြော်တွေအများကြီး လောက်ပါတယ်”လို့ပြောလိုက်တော့
“မဟုတ်ဘူးကွ အကြော်ဆိုင်တွေက သုံးတဲ့ဆီတွေက မသန့်ဘူးကွ မင်းတို့ငယ်တဲ့လူတွေအတွက်ကတော့ ကိစ္စမရှိဘူးကွ လေးလေးတို့လိုအသက်ကြီးတဲ့လူတွေက ဒီလို ဆီနဲ့ပါတ်သက်တဲ့ အစားအစာတွေကို လျှော့စားမှတော်ကာကျမယ် “လို့ အေးအေးဆေးဆေးရှင်းပြပါတယ်။
မနက်မနက် လက်ဖက်ရည်ဆိုင်ထိုင်ရင် ထမင်းကြော်နဲ့ အကြော်ပူပူနွေးနွေးလေးမှာစားမိရင် ကိုအောင်ဖေ ပြောတာကို သွား သွားသတိရတော့ စားရင်းတောင် နင်သွားသလိုပါဘဲ။

ပြီးခဲ့တဲ့လေးရက်လောက်က ကျနော်နဲ့အတော်လေးကို ရင်းနှီးတဲ့လူလတ်ပိုင်းလေးတစ်ယောက်ဆုံးသွားတယ်လို့ဖုန်းလာပါတယ်။
အသက်မှလေးဆယ်ကျော်ဆိုတော့ ကျနော်တို့ထက်စာရင်ငယ်သေးတယ် အလုပ်လုပ်ဘို့အများကြီးအခွင့်အရေးရနိုင်တယ်ဆိုတာ့ ဒီလိုစောစောစီးစီးကွယ်လွန်သွားတာ နှမျောစရာကောင်းလှပါတယ်။ဒါနဲ့ဘဲနာရေးသွားမေးကြတော့ မှ အသဲထိသွားတာပါတဲ့။
သူက ငရုတ်သီးကို အလွန်အမင်းကြိုက် အလွန်အမင်းစားပါသတဲ့။ဘာစားစား ငရုတ်သီးကိုရဲပဒေါင်းခတ်နေအောင်ထည့်စားရမှ အာသာပြေပါသတဲ့။
နောက်နေ့စဉ်နေ့တိုင်း ရေသောက်တာနဲ့ အချိုရည်သောက်တာ ယှဉ်လိုက်ရင် အချိုရည်သောက်တာပိုများပါသတဲ့။
နောက် သူကမနက်လင်းတာနဲ့ဈေးလာ ဆိုင်ဖွင့် ညမိုးချုပ်မှပြန် ဆိုတော့ နေ့လည်ဆာတယ်ဆိုရင် ဆိုင်မှာ အဆင်သင့်ရှိတဲ့ ရယ်ဒိမိတ် ခေါက်ဆွဲခြောက်တို့ ကြာဇံခြောက်တွေကိုဘဲပြုတ်စားတတ်ပါသတဲ့။ဆရာဝန်ကပြောတာတော့ မိူတက်နေတဲ့အစားအစာကိုစားမိတာကြောင့်ပါလို့ ပြောပါသတဲ့။

ဥပုဒ်နေ့တစ်ရက် ရှမ်းပွဲနားမှာ နေတဲ့ ကိုသန်း ကို ဝင်ခေါ် စားနေကျ 29လမ်းက ဦးစိန်ခေါက်ဆွဲဆိုင်ကိုသွားကြပါတယ်။
ရောက်လို့မှ မဝင်ရသေးဘူး ဆိုင်ကယ်ရပ်နေတုံးရှိသေးတယ် အကြောင်းသိနေတဲ့ တီးတီးက ကိုပေါက်တို့စားမယ်( ဂျုံအကြီးနှစ်လုံးဝက်သား နံရိုးပေါင်းနှစ်ပွဲ)လို့လဲအော်လိုက်ရော ကိုသန်းကြီးက တစ်ဟိုးဟိုးနဲ့တားပါတော့တယ်။
ကျနော်က”ဘာလဲဟ”လို့မေးတော့ “ဆရာဝန်က ငါ့ကိုဝက်သားမစားရဘူးလို့မှာထားတယ်”လို့ ကိုသန်းက မျက်နှာငယ်လေးနဲ့ပြန်ဖြေပါတယ်။
” ဒါဆိုမင်းလဲ အဆီပိတ်ပြီပေါ့”လို့မေးတော့ ဝက်သားဆိုသုံးထပ်သားမှ ကြိုက်တဲ့ကောင်က မျက်နှာမသာမယာနဲ့ခေါင်းငြိတ်ပြပါတယ်။
သူလဲ အဆီတွေများလို့ နှလုံးသွေးကြောကျဉ်းပါသတဲ့။
ကျနော်လည်း”ဘယ်နေ့ ငါ့အလှည့်လဲ”လို့သာတွေးမိပါတယ်။

တစ်ရက် မိတ်ဆွေတစ်ယောက်က သူ့ဟန်းဖုန်းကို GSM ကိုပြန်ရောင်းလို့ CDMA ပြန်ဝယ်ဘို့လုပ်ပါတယ်။
သူ့ GSM ကိုပြန်ဝယ်ချင်တဲ့လူဆီကို ဖုန်းသွားပို့တဲ့နေ့က ကျနော်ပါ အဖော်ပါသွားပါတယ်။
သွားရင်းနဲ့လမ်းမှာ ပန်းရောင်းတဲ့ဆိုင်တွေနားကို ဖြတ်သွားတော့ အနီရောင် အဝါရောင် ပန်းတိမ်ငို ပန်းလေးတွေ ကိုလှမ်းတွေ့လိုက်တော့ အံ့ဩသွားပါတယ်။
နောက်မှ သေသေချာချာ ပြန်ကြည့်လိုက်တော့ မှ အဖြူရောင်ပန်းလေးတွေကို အရောင်ဆိုးထားတယ်ဆိုတာကို သိရပါတော့တယ်။
အဲဒီဖုန်းဝယ်တဲ့ဆိုင်ဘေးက ဆိုင်က ဆီရောင်းတဲ့ဆိုင်ပါ။
ဈေးဝယ်တစ်ယောက်အရောင်း ကောင်တာမှာပိုက်ဆံရှင်းပြီးလို့ ဆီချိန်တဲ့လူဆီကို ပုံးလေးကိုင်သွားပြီဆိုရင် ကောင်မလေးတစ်ယောက်က
(ပဲငါး စားသုံး)တို့ (ပဲခြောက်စားလေး)တို့ (နှမ်းရှစ်စားနှစ်)တို့ (နှမ်းလေး ပဲနှစ်)တို့အော်နေသံကိုကြားတော့ ကျနော်နားထဲမှာ ထူးလဲထူးဆန်း နားလည်းနားမလည်နိုင်တော့
အဲဒီဆိုင်က ဖုန်းဝယ်တဲ့ ကောင်လေးကို “ဘာတွေအော်နေတာလဲ “လို့မေးလိုက်တော့လို့ကောင်လေးက ပြန်ဖြေတာလေးကိုလည်းကြားလိုက်ရော စိတ်တွေလေသွားပါတော့တယ်။

ဒါတွေက တပါတ်အတွင်းမှာတိုက်တိုက်ဆိုင်ဆိုင်လေးကြုံခဲ့ရတာပါ။
အဲတော့ မှကျနော်တို့လူတွေ နေ့စဉ်မလုပ်မဖြစ်လုပ်နေကြရတဲ့ အဟာရဖြည့်တင်းတယ်ဆိုတဲ့အစားအသောက် အကြောင်းကို နက်နက်နဲနဲတွေးမိလာပါတယ်။
ကျနော်တို့မြန်မာလူမျိုးတွေက မနက်လင်းတာနဲ့ မနက်စာ စစားတော့တာပါဘဲ။
တချို့ကထမင်းဆီဆမ်း ဒါမှမဟုတ်ထမင်းကြော် တို့ကို ပဲပြုတ်တို့ အကြော်တို့နဲ့စားတတ်ပါတယ်။ဒါတွေက ဈေးလဲသက်သာ ဘိုက်လဲပြည့် အဆာလဲခံကိုးဗျ။
တစ်ချို့ကတော့ လက်ဖက်ရည်ကော်ဖီနဲ့ ပဲနံပြား ထတ္တရာ ပလာတာ စမူဆာ တိုရှေ အစရှိတဲ့ ကုလားစာ။
ဒါတွေမစားချင်ရင် ပေါက်စီအီကြာကွေး ဂျုံခေါက်ဆွဲ ၊ဆန်ပြား တို့ ဆန်ခေါက်ဆွဲ ဆိုတဲ့ တရုပ်စာ။
ရှမ်းခေါက်ဆွဲ ဆန်စီး တို့ဆိုတဲ့ရှမ်းစာ။
ဘိုဆန်သူများကတော့ ပေါင်မုန့်မီးကင် ကြက်ဥကြော်ပေါ့။
ဒါတွေမဟုတ်သေးဘူးမန်းလေးစာ မြန်မာအစားအစာမှစားချင်တယ်ဆိုရင် မြီးရှည် မုန့်တီ ခေါက်ဆွဲ ကောက်ညှင်းပေါင်း ငချိတ်ပေါင်း အကြော် မုန့်ပျစ်စလက် စားစရာများစုံမှစုံပါ။
နေ့လည်စာထမင်းစားပြီဆိုပြန်တော့ ဗမာပီပီ အသားဆီပြန် အသီးအရွက်ကြော် ဟင်းချို ဒါမှမဟုတ် ချဉ်ရေဟင်း။
နေ့လည်နေ့ခင်းအဆာပြေစားမလား မုန့်လုံးကြီးကြော် ငှက်ပျော်သီးကိုဂျုံနဲ့ကပ်ကြော် မုန့်လက်ကောက်ကြော်။
ဟော ညနေထမင်းစားပြန်တော့လည်းမနက်ကအတိုင်းပါဘဲ။
ဒါတောင်တစ်ချို့က တစ်နေကုန်စားတာတောင် မဝလို့ ညလည်စာထပ်တီးသေးတယ်။
တစ်ရက်တစ်ရက်ကျနော်တို့စားတာက မနည်းဘူးနော်။
အဲဒီမှာ စဥ်းစားမိလာတာတစ်ချက်ရှိလာပါတယ်။
တစ်ခုခုကို ကျနော်တို့စားတော့မယ်ဆိုရင် အရင်ဆုံးကြည့်မိတာက ဇွန်းတွေ ပုဂံတွေ ဒါမှ မဟုတ်နှိုက်စားမယ့်လက် သန့်မသန့် အရင်ဆုံးကြည့်မိတာပါ။
ဒါပေမယ့် ကိုယ်စားမယ်ဆိုတဲ့ အစားအသောက်ထဲမှာ စားဘို့မသင့်တော်တဲ့ဓါတ်ပစ္စည်း တွေပါမပါကတော့ ယောင်လို့တောင်မှမတွေးမိခဲ့ပါဘူး။
အိမ်ရှင်မတွေကလဲ ဈေးဝယ်ရင် အသားလတ်မလတ် ငါးလတ်မလတ် အသီးအနှံနွမ်းမနွမ်း အလုံးကြီးမကြီး အရောင်လှမလှ ကိုသာအဓိကထားကြည့်တတ်ကြပါတယ်။
ကိုယ်ဝယ်တဲ့ဆီ ကအရောပါမပါ ကိုယ်သုံးတဲ့နနွင်းမူံ့တို့ အရောင်တင်မူံ့တို့မှာ လူကို ဒုက္ခပေးနိုင်တဲ့ ဓါတုဗေဒပစ္စည်း တွေပါမပါ ကိုတော့သတိမရတာများပါတယ်။
ဒီတော့လဲ အပေါ်ယံကောင်းမကောင်းကိုကြည့်လို့ ဝယ်မိ စားမိတဲ့ဒဏ်တွေက နောက်ကြာမှ လွန်မှ ဘေးတွေ့မှသာ နောင်တတွေရကြရပါတယ်။
ကျနော့်တို့မြန်မာလူမျိုးကလဲ ယုံလွယ်တဲ့နေရာ သူများလုပ်ရင်လိုက်လုပ်ကြတဲ့နေရာမှာတော့ထိပ်တန်းကပါဗျာ။
ကျနော်တို့အရင်က ထမင်းသုတ်ဆိုရင် ထမင်းကိုရဲနေအောင်ဆေးဆိုးကြပါတယ်။
နောက်ရွှေုဉာဏ်တော်စူးရောက်တော်မူတဲ့ တတ်ယောင်ကားလူတချို့ကအစားအသောက်အတွက်အသုံးပြုတဲ့ဆိုးဆေးကဈေးကြီးတယ် ဆိုပြီးဈေးသက်သာတဲ့ ဘယ်နေရာကို သုံးဘို့ ထုတ်လုပ်ထားမှန်းမသိတဲ့ ဓါတုဗေဒဆိုးဆေးတွေကို ရမ်းသမ်းပြီး သုံးကြည့်ပါရော လိုချင်တဲ့အရောင်တော့ ရပါတယ် ဘယ်ပစ္စည်း ကိုဘယ်လို စံနစ်တကျသုံးရမယ်ဆိုတာကို သူမသိတဲ့အတွက် နောင်မှာဘယ်လိုဆိုးကျိုးတွေရှိမယ်ဆိုတာကို လုံဝသူမသိပါဘူး။နောင်ခါလာနောင်ခါဈေးပေါ့။
ဒီလိုလူမျုးိက လူတတ်ကြီးလုပ်လို့ သူသိတဲ့ပညာတွေကို ဖြန့်ဝေပါတော့တယ်။
လူတစ်ယောက်လိုက်လုပ်ရင် ဟုတ်ဟုတ် မဟုတ်ဟုတ် နောက်ကလိုက်လုပ်တတ်ကြတဲ့
ကျနော်တို့ မြန်မာလူမျုးိတွေကလည်းကျေကျေနပ်နပ်ကြီးကို လိုက်လုပ်ကြတော့တာပါဘဲ။
ငရုတ်ဆီဆိုလဲအရောင်ရဲရဲ ဖြစ်အောင်ဆေးတွေဆိုး ၊ဖြူဖွေးနေပြီး မိူတက်နေတဲ့ ငရုတ်သီး ဖလံတွေကို လဲအရောင်တွေဆိုးအမူံ့ကြိတ်လို့ရောင်း၊နနွင်းမူံ့ဆိုရင်လဲ သဘာဝအတိုင်းကြိတ်မရောင်းတော့ဘူး ရောချင်ရာတွေရော အရောင်တွေဆိုးလို့ရောင်းကြပါတယ်။
ကြံခင်းတွေပျက် တော့ သကာရည်မထွက် ၊သကာရည်မထွက်တော့ သကြားရှားတာပေါ့။
ကျနော်တို့ဆီကလူတွေအတွက်ကတော့မခက်ပါဘူး။
ဓါတုဗေဒနဲ့ဖန်တီးထားတဲ့ သကြားဆီဆိုတာလဲသုံးထည့်လိုက်တာပယ်။အခုနောက်ဆုံးပေါ် ဓါတုဗေဒ သကြားခဲဆိုလဲ သုံးထည့်လိုက်တာပါဘဲ သက်သာရင်ပြီးရော နောက်မှ ဘာဖြစ်ဖြစ်။
အရင်က မုန်လာချဉ်တို့ သရက်ချဉ်တို့ဗူးချဉ်အစရှိတဲ့ လက်လုပ်ချဉ်ဆိုရင်လဲ ထမင်းရည်သန့်သန့်လေးကို
အသုံးပြုလို့ ချဉ်အောင် လုပ်ကြပါတယ်။
အဆင့်ဆင့်လုပ်ရတော့ အချိန်တော့စောင့်ရတယ် နည်းပညာလည်းပါတယ်ပေါ့။
အခုခေတ်မှာတော့ ဘာပညာမှမလို ဘာနည်းစနစ်မှမလို အချဉ်မှုန့်ဆိုတာနဲ့ရောနယ်လိုက် ပြီးပြီ။
နောက်မှ ဘာဖြစ်ဖြစ်ပေါ့။
နောက် နေ့စဉ်မသုံးမဖြစ်သုံးနေရတဲ့ ဆီ ပေါ့။
ဟိုးရှေးရှေးကဆိုရင် မြေပဲကို နွားနဲ့လှည့်ကြိတ်တဲ့ ဆုံဆီမွှေးမွှေး လေး နှမ်းဆီမွှေးမွှေးလေးတွေကို သုံးနေရာကနေ စက်နဲ့ကြိတ်တဲ့ဆီကို ပြောင်းသူံးကြပါတယ်။
အခုခေတ်မှာ စားအုန်းဆီဆိုတာပေါ်လာပါတယ်။
စားအုံးဆီနဲ့ပဲဆီ ဈေးနုန်းကလဲထက်ဝက်လောက်ကွာပါတယ်။
ဒီအချိန်မှာ ဈေးကွက်စီးပွားရေးဆိုတဲ့စကားလုံးကို ခုတုံးလုပ်လို့ တစ်ယောက်နဲ့တစ်ယောက် ကောင်းအောင်လုပ်ရောင်းမယ်ဆိုတာကို မေ့ထားပြီးတစ်ယောက်ထက်တစ်ယောက်ဈေးအပြိုင်အဆိုင်လျှော့ရောင်းဘို့ကြိုးစားကြပါတော့တယ်။
ဈေးလျော့ရောင်းမယ်ဆိုတော့ သူတို့ကတော့ဘယ်အရူံးခံရောင်းမလဲ နော်။
ဈေးကြီးတဲ့ပစ္စည်း ထဲကိုဈေးပေါတာတွေကိုရောထည့်တော့တာပေါ့။
အဲဒီအခါမှာ ကျနော်ကြားခဲ့ရတယ်ဆိုတဲ့
(ပဲငါး စားသုံး)တို့ (ပဲခြောက်စားလေး)တို့ (နှမ်းရှစ်စားနှစ်)တို့ (နှမ်းလေး ပဲနှစ်)ဇာတ်လမ်းတွေဖြစ်လာတာပါဘဲ။
(ပဲငါး စားသုံး)ဆိုတာ ပဲဆီအစစ်ငါးပိဿာထဲကို စားအုံးဆီ 3ပိဿာရောတာ
(ပဲခြောက်စားလေး)ဆိုတာ ပဲဆီအစစ်6 ပိဿာထဲကို စားအုံးဆီ 4ပိဿာရောတာ
ပြီးတော့မှ ဒါတွေကို မြေပဲဆီလို့ပြောပြီး ဈေးသက်သာတယ်ထင်ရအောင်လျှော့ရောင်းတာ။
နောက်ဒီထက်ပိုဆိုးလာတာက မြေပဲဆီကိုပါတယ်ဆိုရုံလောက်ထဲ့စားအုန်းဆီတွေရော ပြီးတော့မှ
ပဲဆီအနံ့ ရအောင်ဖန်တီးထားတဲ့ ဓါတုဗေဒ ဆေးတွေထည့်ပါတော့တယ်။
ဆောင်းတွင်းများရောက်ရင် ဆီရောင်းတဲ့ဆိုင်တွေမှာ အအေးဓါတ်ကြောင့်ခဲနေတဲ့ စားအုန်းဆီပေပါတွေကို
မီးတို်က်နေတာကို မြင်ဘူးမှာပါ။
အဲလိုစားအုန်းဆီတွေကို စားမိတဲ့ကျနော်တို့ရဲ့သွေးကြောတွေထဲမှာ အဆီတွေဘယ်လောက်များခဲနေမယ်ဆိုတာကို တော့ စဉ်းစားမိကြမယ်မထင်ပါဘူး။
ဒါထက်ပိုဆိုးတာက ဘာတွေနဲ့ဘယ်လိုလုပ်ထားမှန်းမသိရတဲ့ အသီးအနှံဆီဆိုပြီးနိုင်ငံခြားကဝင်လာတဲ့
အဆီခဲကြီးတွေပါ။ဒီဆီတွေက အကြော်အလှော်တွေမှာသုံးကြတာများပါတယ်။
တကယ်တမ်းပြောရရင်အိမ်မှာ ကောင်းအောင် သန့်အောင် ဘယ်လောက်ရွေးဝယ်ဝယ် ဘယ်လိုသန့်အောင်ဘဲချက်ချက် ကျနော်တို့အားလုံးသည် အပြင်ဆိုင်တွေမှာဝယ်စားတာကိုတော့ဘယ်သူမှမကင်းနိုင်တာကတော့ အမှန်ပါဘဲ။
ဒီတော့လဲ ကောင်းတာသန့်တာကို စားမိတာကိုလည်းရှိမယ် ဖြစ်သလို ချက်ပြုတ်ထားတာကိုလဲကြုံရမယ်။
ဒါကြောင့်မို့ အပြင်ဆိုင်က ဝယ်မစားဘူး အိမ်ကချက်တာ ဘဲစားမယ်ဆိုတာကလဲ စိတ်ကူးယဉ်သက်သက်ဘဲဖြစ်ပါလိမ့်မယ်။
ဒီလိုတွေ့ကရာတွေဆိုး တွေ့ကရာတွေရောရောင်းကြလို့ဘဲ မနှစ်ပိုင်းက လက်ဘက်မှာ လူကို သေစေတဲ့အထိ
ဒုက္ခပေးနိုင်တဲ့ အနေအထားတွေကိုရောက်မှန်းမသိရောက်ကုန်ကြတာပါဘဲ။
ဘယ်နေရာမှာမဆို သန့်သန့်လေးဆိုတဲ့ဝေါဟာရပျောက်သွားလောက်အောင်ကိုရောကြပါတော့တယ်၊
နှမ်းဆီ ပဲဆီထဲကိုဈေးပေါတဲ့ စားအုံးဆီတွေကိုရောတယ်။
ကော်ဖီမူန့်ထဲကိုပဲမူန့်ကိုလှော်လို့ရောတယ် မကျည်းစေ့ကို လှော်ပြီးရောတယ်၊
ကောက်ညှင်းမူန့်ထဲကို ဆန်မူန့်ရောတယ် ၊
ရောလို့ရသမျှ အကုန်ရောတော့တာပါဘဲ နောက်ဆုံးလူနားထောင်တဲ့သီချင်းတောင် မှ “ရောသမမွှေ”လို့နာမယ်တပ်ပြီးရောကြတဲ့ခေတ်ကြီးပေါ့။
ဒီလိုမသန့်တာတွေကြောင့်လဲ နှလုံးသွေးကြောပိတ်တာ အသဲအဆီဖုံးတာ အသဲခြောက်တာ အစာအိမ်ကင်ဆာဖြစ်တာစတဲ့ရောဂါတွေဝင်လာလို့
အရွယ်မတိုင်ခင် ကွယ်လွန်သွားတဲ့သူတွေ လူလတ်ပိုင်းအရွယ်မှာတင်ကို မအိုဘဲနာနေတဲ့သူ လူဦးရေများသထက်များလာတာကတော့
ဘယ်သူမှ မငြင်းနိုင်တဲ့အမှန်တရားပါ။
မီဒီယာတွေကလဲ အသက်ရှည်ရှည်အနာကင်းကင်းနေနိုင်ဘို့အတွက် ကျန်းမာရေးပညာရေး တွေကို သတင်းစာတွေ ဂျာနယ်တွေ ရေဒီယိုတွေ
တီဗွီတွေကနေ ဘက်ပေါင်းစုံကနေ မမြင်မကြား မသိမရှိလိုက်ရအောင်အမှန်တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို တွေ့ဆုံမေးမြန်းလို့ အမြဲတမ်း ပညာပေးနေပါတယ်။
ဘယ်ဟာက ဘယ်လိုဒုက္ခပေးတယ် ဆိုတဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ကျွမ်းကျင်သူတွေက ပြောနေရေးနေကြတာ နားတောင်မဆန့်တော့လို့ ကျနော်က ထပ်လျှာမရှည်တော့ပါဘူး။

ရောင်းချသူတွေအများကြီး ဆိုင်တွေအများကြီးရှိကြတဲ့အထဲမှာ လဲ စားသုံးသူတွေရဲ့ကျန်းမာရေးကို ကိုယ်ချင်းစာတရားထားလို့ ထည့်စဉ်းစားပြီး
ကုန်ကြမ်းကောင်းကောင်းကို သုံးလို့ အရောအနှောမပါသန့်သန့်လေး ထုတ်လုပ် ထုတ်လုပ်သူတွေ ရှိသလို ကောင်းတာကိုမှရွေးလို့ရောင်းချသူတွေလဲ သေချာပေါက်ရှိပါတယ်။ကိုယ့်ရွေးချယ်မူ့မှန်ကန်ဘို့ သာလိုအပ်တာပါ။
ဒါကြောင့်လဲမိတ်ဆွေများကို တိုက်တွန်းချင်တာကတော့ အနာကင်းကင်း အသက်ရှည်ရှည်နေနိုင်ဘို့ကတော့ အစားထိုးမရတဲ့ အဘိုးတန်လှတဲ့ ကိုယ့်အစာအိမ်ထဲကို ထည့်မယ့် အစားအသောက်ပစ္စည်း များကိုတော့ ဈေးပေါတာကိုမမြင်ဘဲ “သန့်မှသန့်” ဆိုတာလေးကိုဘဲရောင်းချတဲ့ဆိုင်တွေ တံဆိပ်တွေကို ရွေးချယ်လို့ဝယ်ကြပါ
သုံးစွဲကြ စားသုံးကြပါလို့တိုက်တွန်းချင်ပါတယ်။
ဆရာတော်ကြီးမိန့်ခဲ့တာလေးကို နောက်ဆုံးပိတ်အနေနဲ့ပြောလိုက်ပါရစေအုံးနော်။
“ဒကာလေးရေ အခုဘုန်းဘုန်းပြောတဲ့ အစားအသောက်ကို သန့်တာလေးတွေရွေးလို့စားဆိုတာက လက်ရှိဘဝအတွက်ကွဲ့
နောင်သံသရာအတွက်ပါပြောမယ်ဆိုရင်တော့ ဥစ္စာ ငွေကြေးကို ရှာဖွေကြတဲ့နေရာမှာလဲ သန့်ရှင်းအောင် သ မ္မာအာဇီဝကျကျရှာဖွေပါ” တဲ့ခင်ဗျာ။
ကဲကျနော်တို့ခင်ဗျားတို့ သန့်အောင် ကြိုးစားလိုက်ကြရအောင်…………………..

5 comments

  • bigcat

    August 24, 2010 at 12:33 am

    သက်သတ်လွတ်၊ အသွေးလွတ်၊ အသားလွတ်၊ မီးလွတ်၊ ရေလွတ် တွေအပြင် ဆီလွတ်တခုပါထပ်တိုးလာသင့်ပြည်ဟု ယူဆပါကြောင်း။ ဆိတ်သားပတ်ဖ်နဲ့ ဘဲသားမုန့်တော့လွမ်းတယ်ဗျာ။ ပြည်တွင်းမှာရှိစဉ် အဲဒီမုန့်တွေကို လဘက်ရည်နဲ့တွဲစားရင် တချိုက အဲဒါတွေက ခွေးသား၊ ကြွက်သားနဲ့လုပ်တာလို့ ပြောကြတယ်။ သိလို့ရှိရင် အဲဒီအကြောင်း ပို့စ်တခုလောက်တင်ပါအုံး။

  • toyo

    August 24, 2010 at 2:22 am

    အမှန်တွေချည်းပါ…ဒါကြောင့်ဆုတ်ကပ်လို့ခေါ်ဝေါ်သပေါ့….
    ဖြစ်သင့်တဲ့အချိန်ရောက်ပြီးမို့….ခါးစည်းခံကြရတော့မှာပေါ့….ဟောတဲ့ဆရာတော်တွေကတော့ဟောနေမှာဘဲ….
    မကောင်းမှုရှောင်…ကောင်းမှုဆောင်…ဖြူအောင်စိတ်ကိုထား….ဟောနေကြတာဘဲ….စကားပုံရှိတယ်လေ…ငရဲကလာသူ.ပြာပူမကြောက်…အတ္တပေါ့…ဟောနေရင်း…လုပ်နေရင်းလေ…

  • လင်းဝေကျော်

    August 24, 2010 at 3:15 am

    ပစ္စည်းမှန်အောင် ဈေးမှန်အောင် ကြပ်မတ်တဲ့အဖွဲ့အစည်း၊
    စားသုံးသူအခွင့်အရေးကာကွယ်ပေးမယ့် Consumer Right လို NGO တွေ တွင်ကျယ်ဖို့လိုနေပါပြီ။
    မြန်မာပြည်မှာ ရှိသင့်သော အဖွဲ့အစည်းများမရှိခြင်း၊ စောင့်ကြည့်လေ့လာ အရေးယူသော ဌာနများမရှိခြင်း၊
    ရှိသော အဖွဲ့၊ ဌာနများကလည်း စားဖို့နဲ့ ခိုးဖို့သာ သိခြင်းကြောင့် ဒီလို အထွေထွေ ပြဿနာတွေဖြစ်ကြရတာပါ။
    အနာဂတ်အတွက်ကော ပစ္စုပ္ပန်မှာပါ မကောင်းတာကြီးပါ။
    သိကြ နားလည်ပြီး အမှန်လေးများအမြန်လုပ်ပေးနိုင်ကြပါစေ။

  • zawana

    August 24, 2010 at 3:55 am

    ကိုပေါက်ပြောတာ မှန်ပါတယ်ခင်ဗျား… ကျနော်တို့ မြန်မာ့ အစားအစာတွေကလည်း ဆီမပါရင်မပြီး ဖြစ်နေသလို ဟင်းတွေဆိုရင်လည်း ဆီသုံးတာက အလွန်အကျွံ ဖြစ်နေတာ အကျင့်ဖြစ်နေပါပြီ။
    ပိုဆိုးတာက ဆီတွေက မသန့်တော့ ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်လာပါတယ်။
    အကြော်ဆိုင်တွေမှာ ထပ်ခါထပ်ခါ ကြော်ထားတဲ့ ဆီတွေက ပိုကြောက်စရာ ကောင်းတယ်လို့ သိရကြောင်းပါ ခင်ဗျာ။

  • intro

    August 24, 2010 at 9:48 am

    ဒီလ တစ်လလုံး စားခဲ့တဲ့ အစားအသောက်ထဲမှာ ဆီလွတ်တာ တစ်ခုမှ မရှိသေးဘူး၊ နေ့တိုင်း ဆီကို သွယ်ဝိုက်သောနည်းနဲ့ စားနေရသလိုပဲ၊ ငယ်နေတုန်းမို့ ဘာမှ မဖြစ်တာလား မသိဘူး၊ ဒါပေမယ့် ခုချိန်ကတည်းက ဆင်ခြင်ရတော့မယ်ထင်တယ်။

Leave a Reply