နားဦးတည့်ရာ တစ်ဆယ့်နှစ် – J Thin Zann (On the wrong side)

မြစပဲရိုးMarch 8, 20151min26034

ကျွန်မ မှာ အကျင့်တစ်ခု ရှိတယ်။
တစ်ခုခုကို လုပ်ပြီး ပြောပြီးလဲ ပြန်လှည့်ကြည့် ပြီး စမ်းစစ်တတ် တဲ့ အကျင့်။
တစ်ချို့ က ကျွန်မ ကို ရီ ကြတယ်။
သူတို့ကတော့ ပြတ်သတဲ့။ လုပ်ပြီး အလုပ် ကို ဘယ်တော့မှ နောင်တမရဘူး၊ ပြန်မကြည့်ဘူး တဲ့။
ဟုတ်မှာပါ။
ကျွန်မ မှားနေမှာပါ။
အခုလဲ ဒီရက် ဖြစ်နေတဲ့ အကြောင်း တွေ နဲ့ ဆက်လို့ ၈၈ က စတဲ့ သမိုင်းကြောင်းထဲ
ကျွန်မ မှားခဲ့၊ အမှားဖက်က ရပ်ခဲ့ တာ တွေ ကို ဝန်ခံဖို့ ဒီစာစု ကို ရေးပါတယ်။

အမှား(၁)
မနေ့က ပါပီမတို့ရဲ့ ဖခင်ကြီး (ဦး) မြသန်းစံ ရဲ့ ဆောင်းပါး “လုုံးဝမရေးချင်ဘဲ ရေးရတဲ့စာ” ကိုဖတ်လိုက်ရတယ်။
အဲဒီထဲမှာ ” ဒေါက်တာမောင်မောင်”  ပြောခဲ့တဲ့ ““ကျွန်တော်တို့ကျောင်းသားသမဂ္ဂကိုပျော်ပျော်ပါးပါး အုတ်မြစ်ချပါစို့”  ဆိုတဲ့ စာကြောင်း ကို ပြန်ဖတ်မိပြီး ရင်ထဲ ပြန်နာလာတယ်။
၈၈ကာလထဲ ကိုယ်လဲ ကျောင်းသူတစ်ယောက်မို့ မျက်နှာမှာ အရေခွံကွာ နေလောင် တဲ့ အထိ လမ်းပေါ်မှာ တောက်လျှောက် ရှိခဲ့တယ်။
တကယ်တော့ ၈၈ ကာလ မှာ လူတန်းစားညီ တယ်။
အားလုံး ကြပ်တည်းတယ်။
ထိပ်ပိုင်း ဝန်ကြီး များ ဆိုတာလဲ အစိုးရ ပေးတဲ့ အိမ်၊ ကား ကြောင့် သာ သူများ တွေ ထက် နဲနဲ မြင့်မယ်။
သူတို့ ကိုယ်ပိုင် ပစ္စည်း လို ပြည်သူ့ ဘဏ္ဍာ တွေ ကို မခိုးကြဘူး။
ကုန်ကုန်ပြောရင် ဦးနေဝင်း သားသမီး တွေ အခွင့်အရေး ရတာကို ဒီ ခေတ်က ထိပ်ပိုင်း သားသမီး တွေက ဝါးလုံးကွဲ ရီလိမ့်မယ်။
ဦးနေဝင်း မြေး တွေ ဘယ်လောက် ဆိုးတယ်ပြောပြော ဆရာသမား ကို ဂါရဝ ပြုတတ်တယ်၊ ယဉ်ကျေးသေးတယ်။
ဒါပေမဲ့ အာဏာရှင် ရဲ့ တံခါးပိတ် ဝါဒ မှာ ကြိုးစားသလောက် မဖြစ်ထွန်းနိုင်တာ၊ တော်ရင် ဖိထားတတ် တာ တွေ က နိုင်ငံ ကို ပျက်စီးစေတာပါဘဲ။
ဒီ အတွက်  ရုန်းထွက်နိုင်ဖို့ ကျွန်မတို့ အားလုံး ကြိုးစား ခဲ့တယ်။
ပါမောက္ခဆရာကြီး တွေ က အစ ပါတဲ့ ပွဲ မှာ ကျွန်မတို့ အားလုံး အာဏာရှင်လက်က ထွက်နိုင်မဲ့ အလင်းရောင် ကို မြင်နေကြတယ်။
ဦးနေဝင်း ဖွင့်ပေးလိုက်တဲ့ တံခါး ကို တိုး အထွက်မှာ အလောတကြီး နဲ့ ဝရုန်းသုန်းကား အဖြစ်မှာ ကျွန်မ တို့ ကို အကဲစမ်း ပြီး တံခါး တစ်ဝက် ပြန်ပိတ်သွားတယ်။
အာဏာရှင် ကို မလွှတ်ချင်သူ လူ တစ်စု ဟာ ဦးနေဝင်း နေရာ ကို ဆက်ခံဖို့ အခွင့်ကောင်း စောင့်နေတာကိုး။
ဒီအချိန် ဆရာ/ဆရာမကြီး တွေ ရဲ့ “သမီး တို့ သားတို့ ဒီ အချိန်မှာ ရပ်ဖို့ သင့်ပြီ။ အိမ်ပြန်ကြတော့။ နဲနဲ သည်းခံ လိုက်ကြပါ။ ကောင်းတဲ့လမ်း ကို မြင်နေရပါပြီ၊ မဟုတ်ရင် ကြားက အာဏာသိမ်း လိမ့်မယ်” လို့ ပြောစကား အတိုင်း လူစု ခွဲ လိုက် တယ်။
တစ်ချို့ စကားနားမထောင်ဘူး။ ဆက် နေကြတယ်။
မကြာပါဘူး။ ဆရာကြီး တွေ ပြောလိုက်သလိုပါဘဲ။
သူတစ်လူ ငါတစ်မင်း စိတ် တွေ၊ လောဘ၊ မောဟ၊ အတ္တ တွေ က အာဏာရှင်များ ကို အသက်ဆက် ပေးခဲ့ တယ်။
ကျွန်မ ကတော့ အဲဒီအချိန်တုန်း က ဦးမောင်မောင် ကို ယုံ တယ်။
အဲဒီတုန်း က နဲနဲလေး သာ စိတ်ရှည်ပေးခဲ့ကြရင် သမိုင်း တစ်ကွေ့ ဟာ ပုံစံ ပြောင်း သွားမယ် လို့ ကို အခု ထက်တိုင် ယုံကြည်ဆဲဘဲ။
ဟုတ်မှာပါ။
အဲဒီလို ယုံခဲ့တာ က ကျွန်မ မှား တာ နေမှာပါ။

အမှား (၂)
၁၉၉ဝ မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီချုပ် အားကောင်း ခဲ့ တယ်။
ဒါပေမဲ့ ကျွန်မ သူ့ ကို မယုံခဲ့ပါဘူး။ သိတာ ၂ နှစ် လောက်ဘဲ ရှိသေး တဲ့ တိုင်းတပါး က ရောက်လာ တဲ့ မိန်းမ တစ်ယောက် ကို ကျောင်းက ဆရာမ တွေ လောက် ဘယ်လို အထင်ကြီး နိုင်ပါ့မလဲ။
ဒီ မိန်းမ ဘယ်လောက် တော်ကြောင်း ကို သူတို့ မိသားစု နဲ့ ထဲထဲဝင်ဝင် ခင်မင် တဲ့ အန်တီ တစ်ယောက် ပြောပြော ပြ လို့ တော့ သိပါရဲ့။
အဲဒီ  ၁၉၉ဝ ရွေးကောက်ပွဲ ကာလ မှာ ကျွန်မ အလုပ် နဲ့ တောင်ကြီး ရောက်နေတယ်။
နေတဲ့ အိမ်က ဒီချုပ် အတွက် အတော်လေး မဲဆွယ် ခဲ့တယ်။
ကျွန်မ အဲဒီတုန်း က ဘယ်ပါတီ ကို မှ မဲ မပေးခဲ့ဘူး။
နောက်ပိုင်း ဒီချုပ် နိုင်ချိန် တစ်တိုင်းပြည်လုံး ပျော်ကြတယ်။
ကျွန်မ လဲ ကျေနပ်ပါတယ်။
တံခါးပိတ်ထား ခံရတဲ့ ကျွန်မတို့ နိုင်ငံ မှာ ထွက်ပေါက် ကို ဖွင့်ပေးနိုင်သူ ရှိသွားပြီ။
ကျွန်မ တို့ အတွက် ဒီမိုကရေစီ အသီးအပွင့် ခံစားဖို့ အချိန် ရောက်ပြီ လို့။
နောက်ပိုင်း ကိုယ့်ကို အုပ်ချုပ်ဖို့ ကြိုးစား နေတဲ့ မိန်းမ ရဲ့ အကြောင်း တွေ ကို သိအောင်ကြိုးစား ခဲ့ တယ်။
ဒီ မိန်းမ ဟာ တကယ်ဘဲ အနစ်နာခံစိတ် နဲ့ တိုင်းပြည် အတွက် လုပ် နေတာ ကို ခံစားလာ ရတယ်။
သူဟာ တကယ်ဘဲ ပညာရည်၊ နှလုံးရည် နဲ့ ပြည့်စုံသူမှန်း သိပါတယ်။
အဲဒီ အချိန် သူထောင်ထဲ ရောက်နေပြီ။
ကိုယ်က လဲ စိတ်ကသာ ရှိတာ။ လက် က တိုင်းပြည် အတွက် ထိထိ ရောက်ရောက် လုပ်ဖို့ ပမွှား အစွမ်းမရှိ။
ဒေါ်အောင်ဆန်းစုကြည် ကို ဖယ်ပြီး တိုင်းပြည်ကြီး ချောက်ထဲ မကျ အောင် ကယ်တင်ပေး ခဲ့ တဲ့ ကျေးဇူးရှင် သူတော်ကောင်းကြီး များ လက်ထဲ မှာ
တိုင်းပြည် ရဲ့ လူတန်းစား တွေ ရဲ့အဆင့်အတန်း စပြီး ကွာလာပြီ။
အာဏာ ကို သုံးပြီး ကိုယ့်အကျိုး ရှာသူ တွေ များလာပြီ။
ပေါင်းတတ်ရင် ပေါင်းတတ် သလို အခွင့်အရေး ရတဲ့ အသိုင်းအဝိုင်း ကြား မှာ စိတ်ကုန် လာပြီ။
တစ်ဖက် ကလဲ ဘာထူး လဲ။
နိုင်ငံရေး ခိုလှုံခွင့်ရပြီး အောက်ခြေလွတ် နေသူ တွေ၊ မရ တရ အခြေအနေ မှာ ဒေါ်အောင်ဆန်းစုကြည် နာမည် ပြ စား နေသူ တွေ အပြည့် အနှက်။
ဒီအချိန် စီးပွါးရေးရာ အရ နိုင်ငံတကာ ကို ဝင်ချင် လွန်းလာတဲ့ အာဏာရှင် လူတန်းစား များ က လဲ သိလာပြီ။
ဒီမိန်းမ ကို ပြစား ပြီး သူတို့လဲ လူရာဝင်နိုင်ဖို့။
ဒီတော့ လွှတ်ပေးပြီး နိုင်ငံရေးမှာ ပေါင်းဖို့ ကမ်းလှမ်းကြတယ်။
နိုင်ငံ ထဲ မှာ လူတန်းစား အခြေအနေ မတူမှု ကြောင့် အရမ်း တင်း လွန်း ရင် လက်ရှိ အခြေအနေ လေး ပါပျက်ပြီး နှစ်ဖက် အရှုံး ဖြစ် ၊ နိုင်ငံ ပျက် သွားမှာ ကို မြင် တဲ့ ပညာရှိမိန်းမ က သူ့နာကျည်း ချက် တွေ ကို ခဝါ ချပြီး လက်ခံ ခဲ့ တယ်။
သူ့ ထမိန်နား ခို နေရတဲ့ ဟိုမရောက် ဒီမရောက် နိုင်ငံရေးသမား လို့ အမည်ခံ များ ဒုက္ခရောက်ပြီ။
စစ်အစိုး ရ ကို ခါးသီး အောင် မုန်း နေပြီး ဒီ အမုန်း ကို သေရာပါ သယ်မဲ့ ပြင်ပ က မင်းသားကြီးများ လည်း ကြိတ်မနိုင် ခဲမရ ဖြစ်ပြီ။
တိုင်းပြည် ပျက်ချင် ပျက်၊ စစ်ခွေး တွေ မရှိရင်ပြီးရော ကြွေးကြော်ပြီး သူတို့ နဲ့ လက်တွဲ လိုက်သူ ကို ပါ ရန်သူ စာရင်း ထည့် လိုက်ကြရော။
ဒီ မိန်းမ တစ်ယောက် ကို ပက်ပက်စက်စက် ပြောဆို ဝေဖန် နေတာ တွေ ကို ဘယ်လို မှ မခံစား နိုင်တဲ့ အဆုံး သူတို့ ကို တုန့်ပြန် ရင်း ကိုယ်လဲ အင်တာနက် လေတိုက်ပွဲ ဝင် တပ်သား ဘဝ က စလိုက် တာ အခု ဆို ဗိုလ်ချုပ် လောက်ဖြစ်နေပြီ။
ကိုယ့် အသိုင်းအဝိုင်း မှာတော့ ကိုယ်ဟာ အချိန်ဖြုန်း ပြီး အရည်မရ အဖတ်မရ လုပ်နေသူပေါ့။
ဟုတ်မှာပါ။
ကိုယ့်လုပ်စရာ တွေ ကိုပစ်ပစ်ပြီး ဒီ ရွာ ထဲ ဟီးရိုး လုပ် အချိန်ပေးပြီး ပေါက်က ရ လေးဆယ် ပြောနေတာ တွေ က ကိုယ် မှား တာ နေမှာပါ။

အမှား (၃)
လောလောဆယ် မှာတော့ မြန်မာပြည် ထဲ လူတန်းစားပေါင်းစုံ ရဲ့သပိတ်စုံ ပေါ့။
လယ်သမား တွေ မြေသိမ်းခံ ရလို့ မကျေနပ်ဘူး။
အလုပ်သမား တွေ လစာနဲ လို့ မကျေနပ်ဘူး။
လူသားချင်း စာနာရေး နောက်မှာ မျိုးချစ် ပုဂ္ဂိုလ်ကြီးများ အတွက် လူမျိုး နှော၊ လူမျိုးပျောက် စိုးလာတယ်။
ကျောင်းသားများ အလုပ်လက်မဲ့ တွေ ၊ အရည်အချင်း မပြည့်မှု တွေ အတွက် ပေါက်ကွဲလာတယ်။
ရိုင်းနိုင်ပေမဲ့ အမှန်တရား တစ်ခု ကတော့ ပေါက်ကွဲ ထွက် နေသူ တွေ အားလုံးဟာ စားဝတ်နေရေး အဆင်မပြေသူများ အများစုပါဘဲ။
ဒီအချိန် အင်မတန် ဟန်ကျ နေသူများ က နေမြဲ အတိုင်းဘဲ နေလို တယ်။
ဒီလို လူတွေ နဲ့ မျှစားဖို့ စိတ်ကူးထဲ တောင် မရှိကြဘူး။
ဒီလို အဆင်မပြေသူ တွေ၊ နွမ်းပါးသူ တွေ ကို ဖေးမ ဖို့ အာရုံမခံ နိုင်ကြဘူး။
လူတန်းစား တွေ ရဲ့ ဘဝ နေမှု အင်မတန် ခြား နေပြီ။
ဒါဟာ အပြောင်းအလဲ အကူးအပြောင်း ကာလ အတွက် အင်မတန် ကြီးမား တဲ့ အန္တရာယ်ဘဲ။
ဒီအချက် ကို နိုင်ငံ တကယ်ဘဲ တိုးတက်စေချင်သူတိုင်း သတိပြု ရမယ်။
အဲဒါ ကို သတိမပြု မိရင် ထမင်းငတ် လို့ ဆန္ဒပြ နေသူ တွေ နဲ့ ထမင်းငတ် လို့ လက်ပတ်နီ ဝတ်ပြီး လူကြမ်း ဝင်လုပ် သူ များ ထိတ်တိုက် တွေ့မဲ့ ပွဲ ဘဲ။
နောက်မှာ အသီးသီး ကြိုးဆွဲ ပေး နေသူ တွေ ကိုလဲ မမြင်တာ မဟုတ်ပါ။
တကယ်က အများစုရဲ့ ဆန္ဒ က အာဏာရှင်လက် က လွတ်ရေး၊ ဒီမိုကရေစီ အနှစ် ခံစားရေး၊ စားဝတ်နေမှု လူနေအဆင့်အတန်း မြင့်မား ရေး ပါ။
ဒီအတွက် အားလုံး ပေါင်းပြီး မတရား အုပ်ချုပ် မင်းလုပ် နေသူ တွေ ကို ဖယ်ထုတ်ဖို့ပါ။
သူတို့ ကို ပယ်နိုင်မှ မှန်ကန် မျှရ တဲ့ ဥပဒေ ကြီးစိုးလာမယ်။ မတရား အခွင့်အရေး ယူသူ တွေ နဲ သွားမယ်၊ တော်သူ တွေ ထိပ်တန်း ရောက်ဖို့ အခွင့်ရမယ်။ တိုင်းပြည် ကို စေတနာ ရှိသူ တွေ အတွက် နေရာ ရှိလာမယ်။
အဲဒါ ကို “ငါလဲ ငါ လုပ်ချင်တာ လုပ်မယ်။ မင်းက ဘာကောင် မို့လဲ၊ ဘာလို့ မင်းနောက် လိုက်ရမှာလဲ” ဆိုတဲ့ ငါစွဲ မာန အတ္တ တွေ နဲ့
ဟိုက တစ်မျိုး၊ ဒီက တစ်ဖုံ အခုလိုမျိုး လုပ်ချင်ရာ လုပ် နေလို့ ကတော့ တိုင်းပြည်ကြီး တိုးတက် နိုင်ပါဦးမလားဘဲ။
ချမ်းသာပြီး သူတွေ ပိုပိုပြီး ချမ်းသာလာဦး မဲ့ တိုင်းပြည် ကို မတိုးတက်ဘူး ပြောနေတဲ့ ကျွန်မ ရဲ့ ဒီလို အတွေး မှားဦးမှာပါ။

အမှား (၄)
. ဒေါ်အောင်ဆန်းစုကြည်
ရှင့်ကြောင့် ဒီ အစိုးရ မှာ တိုင်းပြည် ချောက်ထဲ ကျဖို့ ဆဲဆဲ အပင်ပန်းခံ ကယ်တင်လိုက်ရပြီးပြီ။
ရှင့်ကြောင့် တိုင်းပြည်မှာ ခရိုနီ လူချမ်းသာ တွေ အင်မတန် များလာရပြီ။
ရှင့်ကြောင့် ပညာရေးကြီး ဇောက်ထိုးမျိုးမျှော် ဖြစ်ရပြီ။
ရှင့်ကြောင့် ပြည်ပက မင်းသားကြီးများ စိတ်ဒုက္ခရောက်ရရှာပြီ။
ရှင့်ကြောင့် မိန်းကလေး တွေ ပျက်စီးပြီး လူမျိုးပျောက်ဖို့ ဖြစ်ပြီ။
ရှင့်ကြောင့် လူငယ်လေး တွေ အလုပ်လက်မဲ့ ဖြစ်ရတယ်။
ရှင့်ကြောင့် လူတွေ စိတ်ဓာက်ပျက်တယ်။
ရှင့်ကြောင့် လူအို တွေ နေဝင်ချိန် မအေးချမ်းဘူး။
ရှင့်ကြောင့် ပြည်တွင်းစစ် တွေ ဖြစ်ရပြန်ပြီ။
ရှင့်ကြောင့် နောက်ပေါ်ထွက်လာမဲ့ မျိုးဆက်သစ် တွေ ခေါင်းဆောင် တွေ မှာ ဦးမဆောင်နိုင်ဘဲ ပုန်းနေကြရတာ။
ကျွန်မတို့ ပြည်သူ လူထု ဆိုတာ ဘာမှ ရှင့် ကို ပံ့ပိုး ထောက်မ ပေးစရာ မလိုဘူး။
ကျွန်မတို့ မှာ လက်၊ ခြေ၊ နား၊ မျက်စိ မရှိဘူး။ ဦးဏှောက် လဲ ရှိစရာမလိုဘူး။
ရှင် သာ တိုင်းပြည် ကို တိုးတက်အောင် တာဝန်ရှိ တဲ့ တာဝန်ယူရမဲ့ တစ်ယောက်ထည်းသောသူဘဲ။
အခုတော့ အဲဒီလို ဖြစ်အောင် မစွမ်းဆောင်ပေးနိုင်တာ ရှင့် အလွန်ဘဲ။။
လောလောဆယ် တော့ ရှင်ဟာ တိုင်းပြည်မှာ လူကြမ်းဘဲ။
ကျွန်မလား?
အဲဒီ လူကြမ်း မိန်းမကြီး ကို ချစ်ခင် အားကိုး ယုံကြည် ပြီး ရှင့် နောက် ကို လိုက် နေ မိတာ။
ဒီတော့ ကျွန်မ က မှား တဲ့ ဘက် မှာပါ။

မှားနေ တဲ့ သမိုင်း ကြောင်း တစ်လျှောက်
အမှား တွေ လုပ်ခဲ့၊ အမှား ဘက် က ရပ်ခဲ့ တာ တွေ အတွက် ဂုဏ်ယူစွာဖြင့်
ဒေါ်အောင်ဆန်းစုကြည် လုပ် နေ တဲ့ အမှားတွေ ကို ယုံကြည်စွာဖြင့်
နောင်မှာ အများမကြိုက် တော့ ဒီ လူကြမ်းမ ကြီး ရဲ့
ရာသက်ပန် လေတပ် စစ်ဆင်ရေး တာဝန်ခံ
ဗိုလ်ချုပ်မြ

 

34 comments

  • ခင်ဇော်

    March 8, 2015 at 5:19 pm

    မှားပါစေ၊
    စေတနာရှိသူရဲ့အမှားပဲ။
    စေတနာမရှိသူရဲ့ အမှန်လို့ နားသွင်းသံတွေ ခံခဲ့ရပြီးပြီ။

    နောက်ဆုံး တိုင်းပြည် ကို ရောင်းဖို့ ကြံစည်ဦးး
    ဒီသားအဖ မျိုးဆက်ကို ကြည်ဖြူဦးမှာ။

    သူဖောက်တဲ့လမ်းက ချောက်ထဲဖြစ်ပေစေဦးးးး
    တမင်တွန်းချချင်တဲ့ စိတ်ရှိသူမဟုတ်လို့ ယုံ၂ ကြည်ကြည် လိုက်ဦးမှာ။

    ဒါဟာ အမှားဆိုရင်လည်း ဒီ အမှားကို ရွေးခဲ့တဲ့ ကိုယ့်ရဲ့အမှန်တရားကို ကိုယ်ယုံတယ်။
    ~~~~~~~~~~~~~~~~~~~
    ဂျွန်သင်ဇမ်းရဲ့ သီချင်းကို တွေ့ဖူးတယ်။
    ပြန်ရှာကြည့်ဦးမယ်။

    • မြစပဲရိုး

      March 8, 2015 at 5:29 pm

      အစိမ်းရောင်ချယ် သဟေ့။
      ဘာဖစ်တုန်း။ ဟိ။ :)))
      ဒါထက် ကြည့်ရတာ သီချင်း ဗီဒီယို Link ကြီး က မပေါ် ဘူး ထင်ရဲ့။
      “https://www.youtube.com/watch?v=DjU1cNKxig0”

      • ခင်ဇော်

        March 8, 2015 at 6:05 pm

        ပေါ်တယ်။
        ဟီးဟီးးး
        ပြန်ဆို လင့်မှတ်လို့ ပြောမိတာ အရီးးး
        ခိခိ

        :k:

  • black chaw

    March 8, 2015 at 7:23 pm

    မှားတဲ့ ဘက်မှာနေကြည့်မယ်တဲ့လား အစ်မရယ်…။
    အစ်မကိုယ်တိုင်ကလည်း မှားတဲ့ဘက်မှာတဲ့လား…။
    အဲဒီစကားကိုက မှားနေတာခင်ဗျ…။
    အမှန်က မမှားပါဘူးအစ်မရယ်…။
    မှားတယ်လို့ ထင်နေကြတယ်ဆိုမှ အမှန်ပါ…။
    အမှားနဲ့ အမှန်
    စကားနှစ်လုံးထဲနဲ့
    ရှုပ်နေတဲ့
    မောင်ဘလက်ချော…။
    :k:
    သီချင်းက နားထောင်လို့ မရဘူးခင်ဗျ…။

  • ခင်ဇော်

    March 8, 2015 at 7:42 pm

    Credit to Thetka Moe Nyo
    ——–
    အဟောင်းပါ။ ပြန်ဖတ်မိရင်း တချို့သူတွေ ဖတ်စေချင်လို့

    မှားနိုင်သော အကြောင်းပြချက်များ
    —————————————-

    ၁။ ကယ်ဆမ်ကွေကာကို ကိုယ့်အတွေးနှင့်ကိုယ် သောက်ကြပါသည်။ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” ပြင်မည်ပြောသူကပြော၊ ပြင်ရန်မလို ငြင်းသူကငြင်း၊ ထိုသူတို့ ငြင်းနေကြသည့်အပိုင်ကိုကြည့်လျှင် သုံးမျိုးသာတွေကပါသည်။

    (က) ဒေါ်စုကို အာဏာရစေချင်သူများ။ (နိုင်ငံတော် သမ္မတအပိုင်း ဇောင်းပေးသည်။ ပြင်စေချင်ကြသည်။)

    (ခ) တိုင်းရင်းသားများ။ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ တိုင်းများ၊ လူမျိုးစုများကို ဇောင်းပေးသည်၊ ပြင်စေချင်ကြသည်)

    (ဂ) စစ်တပ်နှင့် ပြည်ခိုင်ဖြိုးနှီးနွယ်များ။ (နိုင်ငံတော် မပြိုကွဲရေးကို ဇောင်းပေးသည်၊ မပြင်စေချင်)

    ပြင်လိုသူအချင်းချင်း ပူးပေါင်းမည်။ မပြင်လိုသူတို့ တိုက်ခိုက်မည်။ သဘာဝ။သို့သော်…

    ၂။ (က) ကို စိတ်မဝင်စားလှပါ။ မည်သူ သမ္မတဖြစ်ဖြစ် ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၏ စွမ်းဆောင်မှုနည်ပယ်၊ အသိပညာနယ်ပယ် နိမ့်ကျနေသော “ချစ်သော ဤနိုင်ငံ” ကြီး အပ်ချလောင်းဆိုပြီး တိုးတက်သွားရန် အကြောင်း လုံးဝမရှိ။ (ခ) နှင ့်(ဂ) ကိုတော့ စိတ်ဝင်စားသည်။ အခန့်မသင့်လျှင် နောက် အနှစ်ခြောက်ဆယ်ဖြစ်သွားနိုင်သည်။ ထိုအထဲတွင် တပ်က အခရာ။ ထို့ကြောင့် တပ်အပိုင်းကို ပို စိတ်ဝင်စားသည်။

    ၃။ တပ်မတော်သည် လွှတ်တော်ထဲ ဝင်နေရာယူသင့်သလား။ မယူသင့်ဟုပဲမြင်သည်။ မယူသင့်ဟု မြင်တိုင်း ဇွတ်ဆွဲထုတ်၍လည်းမရ။ အထူးသဖြင့် ဒီအချိန်တွင် ပို၍ မရ။ ကျွန်တော့ ဆရာတစ်ယောက်ပြောသည်မှာ ရှင်းပါသည်။ “နေရာကောင်းရထားတာ၊ သေတောင်မဆင်းဘူး” ဟူသတတ်။ ကြမ်းတမ်းသော်လည်း အမှန်တရားပါပါသည်။ ဘယ်လိုဘာပြောပြော အခုအချိန်တွင်တော့ ဖယ်မည်မထင်။ သို့သော် လေသံပျော့ပျော့နှင့် တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်ရှိနေသောကြောင့်ဟု အကြောင်းပြသည်။ ထိုသို့ စဉ်းစားကတည်းက အစိုးရနှင့် တပ်မတော်ကို သီးခြားခွဲထုတ် စဉ်းစားခြင်းဖြစ်သည်။ တပ်မတော်သည် “အိမ်စောင့်ခွေး” တာဝန်ယူရသည်မှာ မှန်သည်။ သို့သော် အိမ်စောင့်ရသောကြောင့် အားရှိရမည်ဆိုကာ အိမ်ရှင်ဆိုဖာတက်ထိုင်ကာ ဆီဥထောပတ် တက်စား၍မရ။ အိမ်ကို ရန်ရှာလာသူဆိုလျှင် အိမ်ရှင်က ရှူးတိုက်ပေးမည်။ မိတ်ဆွေဆိုလျှင် တောက်ခတ် ဟန့်တားမည်။ ခွေးလုပ်သူက ရန်သူမိတ်ဆွေ (သာမန်အခြေအနေတွင်) ဝင်ခွဲပေးနေစရာမလို။

    ၄။ ထိန်းသိမ်းတဲ့ အနေနှင့်ဟုလည်း ပြောကြပါသေးသည်။ အတိုက်အခံနှင့် အာဏာရသည် အချင်းချင်း ပြန်လည်ထိန်းညှိပြီးသားဖြစ်သည်။ အကယ်၍ ၁၀၀% အတိုက်အခံဘက်မှ နေရာရသွားသည့်တိုင် ပြည်သူက ၁၀၀% ယုံ၍သာဖြစ်မည်။ ဘာမှ မဲတင်းနေစရာမလို။ ပြည်ထောင်စုပြိုကွဲမည်ဆိုသော တိုင်းရင်းသားတို့ ဘက်မှလည်း ထိုမျှ အာဏာ ရစရာ အကြောင်းမရှိ။ ထိုသို့ပြောလျှင် လွန်ခဲ့သော နှစ်များစွာက တပ်မတော်မှ ထိန်းသိမ်းလိုက်ရပါသည်ဆိုသာ ပါလီမန်ခေတ်ကို လက်ညိုးထိုးပြကြသည်။ ပါလီမန်ခေတ်တွင် ဒီမိုကရေစီနှင့် အသားမကျသေးမှီ “မကိုက်ပါဘူးကွာ” ဟုဆိုကာ ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။ လမ်းလျောက်သင်ကာစ ကလေး ဒယိမ်းဒယိုင် ဖြစ်နေဆဲတွင် မင်း မလျောက်တတ်ပါဘူးကွာဟုဆိုကာ ထာဝရ တွန်းလှဲခံလိုက်ရခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးကို စောင့်နေခြင်းများလား။

    ၅။ တစ်ယောက်ပြောသော လက်နက်ကိုင်အားလုံး တပ်မတော်အောက်မှာရှိ၊ တိုင်းရင်းသားအားလုံးပါဝင်သော ပြည်ထောင်စုတပ်မတော်ဖြစ်လျှင် တပ်မတော်ဂုဏ်သိက္ခာရှိရှိထွက်သွားမည်တဲ့။ မယုံပါ။ မယုံသည်ကို အပြစ် တင်လည်း မတတ်နိုင်ပါ။ အစဉ်စဉ် အဆက်ဆက် မယုံအောင် လုပ်ခဲ့သူကို အပြစ်မတင်ပဲ မယုံမိသော ဤလူအား အပြစ်တင်လည်း တင်ပါစေ။ ယခုရောက်နေသော နေရာ အဆင့်များသည်လည်း စိတ်ရင်းစေတနာကောင်းဖြင့် ထားသွားသည်ဟု မယုံပါ။ ဘာမှရစရာမရှိအောင် ဖျက်ဆီးပြီးမှ “ရော့၊ ယူ” ဟု ထိုးပေးခြင်းသာဖြစ်ပါသည်။ ဘယ်နေရာ အကောင်းကျန်ပါသနည်း။ ဘာမှမလုပ်တတ်၍ အကြပ်အတည်းဆိုက်ကာမှ “နိုင်ငံခြားအကူအညီအတွက် ဒေါ်စုကို စတေးထိုးကျွေးကာ နာမည်ကောင်းယူခြင်း” ဟုပဲ မြင်ပါသည်။

    ၆။ တိုင်းရင်းသားများ ခွဲထွက်ရေး လုပ်နေကြသည်။ သူရို့ကို အပြစ်မမြင်ပါ။ နယ်ချဲ့က သွေးခွဲနေချိန်တွင်တောင်မှ လွတ်လပ်ရေးကို စည်းလုံးမှုနှင့် အရယူခဲ့သော ထို တိုင်းရင်းသားများ အဘယ်ကြောင့် ပုန်ကန်နေကြသနည်း။ မညီမျှဘူးဟု ခံစားရ၍ပဲဖြစ်မည်။ တပ်မတော်ထဲတွင် ရာထူးရာခံနေရာများတွင် တိုင်းရင်းသားနာမည်များ မတွေ့ရသည်မှာ ကြာပြီ။ စစ်ဦး ဘီလူးတို့ စစ်ဦးတွင် ဘီလူးကျင့် မကျင့်ကြပါဟု ပြုံးပြုံးကြီး ပြောလည်း မယုံပါ။ တပ်မတော်သားများသွားလေရာတွင် တိုင်းရင်းသား ပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆိုကြမည်လည်းမဟုတ်ပါ။ တို့မောင်တို့သားကို သတ်ရန်လာသူများဟုသာ မြင်ကြပါမည်။ နဂိုအမြင်မကြည်သူများ နှင့် ဆက်ဆံရန် ခက်ပါသည်။

    ၇။ အိမ်နီးချင်းတို့နှင့် အပေးအယူအတွက် ဆက်ဆံခဲ့သည်ကိုပင် သူ့ကျေးဇူးရှိသည်ဟု ပြောခဲ့ရသည်။ ထိုကျေးဇူးရှိသူများမှ ကိုယ့်ကို ပုန်ကန်နေသူများကို သူ့တိုင်းပြည်ထဲတွင် လက်ခံထားပါသည်။ အဘယ်လောက်ပင် တပ်မတော် စွမ်းရည်ထက်မြက်ပါစေ၊ ချေမှုန်းနိုင်စွမ်း ရှိပါစေ။ တစ်ဖက်သို့ အသာလေး သွားနှပ်နေသူများကို အမြစ်မပြတ်ပါ။ အိမ်နီးချင်း မကောင်း၍ ကိုယ့်သယံဇာတကို “အောက်ကြေးနှင့်ပေးကာ” ကိုယ့်ကို ရန်ရှာမည့်သူများကို လက်ခံထားကြခြင်းဖြစ်ပါသည်။ စီးပွားရေး ပိတ်ဆို့မှုကြောင့် ထို အိမ်နီးချင်းများကို ကျေးဇူးရှင်ကြီး ခေါ်ခဲ့ရပါသည်။ ယခုတော့ ကလန်၍ မဖြစ်သည့်တိုင် အမှန်အတိုင်းတော့ နေရပါတော့မည်။

    ၈။ တပ်မတော် မယုံကြောင်း ပြောပြီးလျှင် သည်ဘက်က မောင်ရင်“ဒေါင်း” များဘက် လှည့်ရပါမည်။ ယခုအချိန်သည် အင်မတန်ရှုပ်ထွေးနေပါသည်။ သူ့လူကိုယ့်လူ ကွဲရေးထက် “ဖျာခင်းဖို့ စောင့်နေသူများ” တပုံတပင်ရှိပါသည်။ စီးပွားရေးဖျာ၊ အာဏာဖျာ၊ နေရာဖျာ၊ ဖျာကြီးဖျာငယ်၊ ဖျာရွယ်ဖျာလတ် အစုံရှိနေပါသည်။ ထိုအချိန်တွင် ဖွဲ့စည်းပုံသွားပြင်မည်။ သေတောင် လက်ခံမည်မဟုတ်ပါ။ တရားခြင်း၊ မတရားခြင်း သည် တစ်ကိစ္စ ဖြစ်သည်။ လုပ်ရမရသည် တစ်ကိစ္စဖြစ်သည်။ သူရို့ ကိုင်ထားသည်မှာ ပြည်ထောင်စု ပြိုကွဲမည့် အရေးဖြစ်သည်။ ပြည်ထောင်စု ပြိုကွဲမည့် အရေးကို တိုင်းရင်းသားတို့ ဖွင့်ဆိုပုံနှင့် တပ်မတော် ဖွင့်ဆိုပုံမတူညီပါ။ သူံဘက်ကိုယ့်ဘက် အမြင် အရင်တူအောင်ညှိရပါဦးမည်။

    ၉။ တိုင်းရင်းသားတို့သည် ဗမာလူမျိုးကြီးဝါဒကို မုန်းကြပါသည်။ မဟာဣတ္တိယ ဝါဒကို မုန်းသော အမျိုးသားသည် မဟာပုရိသဝါဒီ ဖြစ်နေတတ်ပါသည်။ ထိုအခံရှိရသည့် အထဲတွင် ကိုယ့်မြေကိုယ်ရေမှ ကိုယ့်သယံဇာတကို သူရို့တွေ လာယူသွားသည်၊ တို့က အစုတ်နှင့်နေရသည်ဟု တွေးသောအခါ ပိုမုန်းပါသည်။ (အမှန်က ဗမာတွေ ပစ္စည်းလည်း ယူသည်ပဲဖြစ်သည်၊ ငိုချင်သူက လက်တို့မခံခြင်းမျှသာ) ထိုအမုန်း၊ ထိုအညိုးကို လက်နက်ကိုင် ချေမှုန်းခြင်းဖြင့် ဖြေရှင်းမရပါ။ ယုံကြည်မှု တည်ဆောက်ခြင်းဖြင့်သာ ဖြေရှင်းရပါမည်။ အကြိမ်တစ်ရာ တိုက်ခဲ့သူက တစ်ကြိမ်မျှဆွေးနွေးပွဲပျက်သည်ကို “ငါတို့ကိုမှ မယုံတာ” ဟု ပြော၍မရပါ။ အနည်းဆုံး အကြိမ်တစ်ရာဆွေးနွေးရန်တော့ လိုပေမည်။ ထို့ကြောင့် စိတ်က အရေးကြီးပါသည်။

    ၁၀။ တပ်မတော်ကို ယုံကြည်ကိုးစားချင်ပါသည်။ တပ်မတော်၏ အရေးပါမှုကိုလည်း သိပါသည်။ သို့သော် ကလေးရေခဲချောင်း ယူစုတ်သော လူကြီးက အချိုရည်ကုန်မှ ပြန်ပေးရင်း “နင်လွတ်ကျမစိုးလို့ယူထားပေးရသေးတယ်၊ တောက်၊ ငါပြန်လုလိုက်ရ” ဟု ခြိမ်းခြောက်နေလျှင် သည်းခံချင်စိတ်ကုန်ပါသည်။ အာဏာရှင် လက်ညိုးထိုးပြပါဟုလည်း ဆိုပါသေးသည်။ တသွေးတစ်သံတစ်မိန့်နှင့် ဖွဲ့ထားသော တပ်တွင် အကုန် အာဏာရှင်ဖြစ်ပါသည်။ သို့သော် ကျုပ်တို့ လုပ်ခဲ့တာ မှားပါတယ်ဟုပင် မပြောနိုင်ကြသူများသည် ဘယ်နည်းနှင့်မှ တိုင်းပြည်ကို စေတနာရှိသည်ဟု မယုံပါ။ ကိုယ့်ဆွေကိုယ့်မျိုးမှန်သမျှ စိန်တွေသီးနေအောင် တစ်တိုင်းပြည်လုံးကို ရောင်းစားသွားကြသူများကို အသက်ရှိထင်ရှားရှိနေပါသေးရဲ့နှင့် “ဘူးခံ” နေလျှင် ဘူးသီးသာရောင်းစားပါတော့။

    ၁၁။ ဗိုလ်ချုပ်အောင်ဆန်း နောက်တစ်ယောက်လိုနေသည်။ သို့သော်မရှိ။ လုံးလုံးမရှိ။

  • Ma Ma

    March 8, 2015 at 9:07 pm

    ဟိုဘက်က အော်ပရေတာ ဘလက်ကလည်း ကောင်းးးး
    ဒီဘက်က ဗိုလ်ချုပ်မြကလည်း ကောင်းးး
    အားလုံးကောင်းတော့ မြန်မာ့ဂဇက် လို့ ပြောရတော့မယ်။ 🙂

  • naywoon ni

    March 8, 2015 at 10:07 pm

    တိုင်​းပြည်​ကို ချစ်​တယ်​လို့ ​ပြော​နေကြသူ​တွေ လိုက်​ကြည်​့ရင်​ ပါးစပ်​က ပဲချစ်​​နေတဲ့သူ​တွေများပါတယ်​ ။ ပါးစပ်​က ချစ်​ပါတယ်​လို့ မ​ပြောပဲ အလုပ်​နဲ့ သက​်​​သေပြသွားတာ ဆိုလို့ ဗိုလ်​ချုပ်​တစ်​​ယောက်​ပဲ ​တွေ့ဖူး​သေးတယ်​ ။ ခု​ရွေး​ကောက်​ပွဲမှာ ဘယ်​သူ့ကို ( ဘယ်​ပါတီ ကို ) မဲထည်​့ကြမလဲ ။ ဒီဟာ မကြိုက်​ရင်​ ဟိုဟာ ကိုပဲ​ရွေးရမှာ ။ ကျုပ်​က​တော့ ရှင်​းရှင်​းပဲ ။ ခု လက်​ရှိ အာနာ ရ ပါတီကိုမကြိုက်​ဖူး ။ သူနဲ့ ယှဉ်​လာပြီး အ​ရွေးခံတဲ့ သူ ( ခပ်​ရိုင်​းရိုင်​း ​ပြောရရင်​ ​ခွေးက သူ့အမြီးသူဖြတ်​ပြီး ကြံ့ဖွတ်​နဲ့ ယှဉ်​ပြီး အ​ရွေးခံရင်​​တောင်​ အဲ့​ခွေးပဲ မဲထည်​့ခဲ့မှာ ) မဲ​ပေးမှာပဲ ။ ဆို​တော့ကာ ။ ဘယ်​လိုညစ်​ညစ်​ မနိုင်​​တော့ဘူး ဆိုရင်​ ၁၉၉ဝ လို များ လုပ်​ခဲ့ရင်​ လုပ်​ကြမလဲ ။ ဒါက ကြိုတင်​ပြင်​ဆင်​ထားသင်​့ပြီလို့ ထင်​တယ်​​လေ ။ ခင်​များတို့ပဲ ​ပြောတယ်​ မဟုတ်​လား ။ ပလန်​A ပလန်​B ပလန်​C လို့ ။

    • ဝင့်ပြုံးမြင့်

      March 9, 2015 at 2:08 am

      .အဘနီ ပြောတာကို ကြိုက်တယ်။ အဲလို တဲ့တိုးမှ ။ ပိုပိုမိုမိုတွေ လုပ်နေရင် စိတ်ရှုပ်တယ်။ အခုလို တဲ့တိုးပြောတာဟာ ဉာဏ်ကောင်းခြင်း သင်္ကေတလို့လည်း ယုံတယ်။

    • Wow

      March 10, 2015 at 11:03 am

      အာ့ပဲအာ့ပဲ… အောင်နက်ပဲလာလာ ဂုတ်ကြားပဲလာလာ မေစု ဘက်က ဆိုလို့ကတော့ ထဲ့ပီးသားပဲ…
      ပလန်ဆြာရီးတွေ ဆြာမရီးဒွေ ဆက်ဆွဲဂျဘာာာ :kwi:

  • Mr. MarGa

    March 8, 2015 at 11:52 pm

    မှားတယ်​တဲ့လား
    ခုချိန်​ထိ ပြန်​ကြည်​့ရင်​​တော့ လုပ်​ခဲ့သမျှ မှားတယ်​ မမြင်​မိ​သေး
    ​လော​လောဆယ်​မှာ ယုံကြည်​ရာ ခံစားမိရာ ​ပြော​နေရင်​း မှားတဲ့ဘက်​ကို​ရောက်​​နေတယ်​ဆိုရင်​လည်​း ​ကျေ​ကျေနပ်​နပ်​ လက်​ခံရုံ​ပေါ့
    ၂၀၀၈ မှာ ဖွဲ့စည်​းပုံကိုမဖတ်​​သေးဘဲ ဆိုးဘူးဟဲ့ လို့ ​တွေးမိတာ မှားတယ်​​ပြောရမလား
    ၂၀၁ဝ မှာ အစိမ်​း​ရောင်​ကို​ရှောင်​ပြီး အမှန်​ခြစ်​ခဲ့တာ မှားတယ်​လို့​ပြောရမလား
    ၂၀၁ဝ ၂၀၁၁ မှာ လက်​ရှိအစိုးရကို မဆိုးဘူးလို့ မြင်​မိတာ မှားတယ်​​ပြောရမလား
    မှားခဲ့ရင်​လည်​း
    လူပဲကို အမှားဘယ်​ကင်​းမလဲ ​ပေါ့
    အရင်​က အမှား​တွေက အဲ့အချိန်​ကာလက အ​တွေးအရ​တော့ မှန်​​နေတယ်​​လေ
    အခု​လော​လောဆယ်​မှာ​တော့
    ကျ​နော်​လည်​း မှားတဲ့ဘက်​မှာ ​နေကြည်​့မလား လို့
    🙂

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 9, 2015 at 1:53 am

    ဖန်​ဆင်​းရှင်​ကို ကိုကို အရမ်​းတင်​းတယ်​ ​ရှောင်​​မေ့ ရယ်​
    သည်​လို ၆၃မကျတဲ့တိုင်​းပြည်​မှာ လူဖြစ်​​အောင်​ကိုယ်​့ကို ဖန်​ဆင်​းခဲ့လို့​လေ

    ဒါ​ပေမယ်​့ ဂုဏ်​ယူပါတယ်​​လေ
    ကိုကိုက မ​ကောင်​းတာ​တွေတပြွတ်​ကြီးလုပ်​ထားသူဆို​တော့
    ​သေရင်​ ငရဲကျမှာမို့ ခုကတည်​းက ငရဲဆင်​မြူ​လေးရှင်​း ထရိန်​နီသင်​​နေရတယ်​
    ဆိုပြီး​တော့​ပေါ့

    အဲ့အင်္ဂါသမီး အာလဖွားယီး ကို မုန်​းတယ်​ အဘရယ်​

    ငိငိ

  • ဦးကြောင်ကြီး

    March 9, 2015 at 2:08 am

    .. မှားယွင်းသော ယုန်ကြည်မှုနဲ့ မြက်ကမ်းယုန်ကြည်မှု အတူတူဗဲလို့ မြင်ကြည့်ဓာတ်လျင်..
    .. မင်းဓါးဂျီး မလုပ်ရလို့ ပတ်မဂျီး ဖောက်တာနဲ့ ငါ့ဟာမှငါ့ဟာ အကျိစိ်န်းစိန်း သီးမခံစိိုလျင်..
    .. သူများကို ဒဇောက်ကန်း စွပ်စွဲပီး ကိုယ်ကတော့ မြက်စေ့မှိတ် စွတ်လိုက်နေလျင်…
    .. ရမ်သူနဲ့မညှိလို့ တင်းမာသူ တံဆိပ်ကပ်တာ လာဘ်ခံပီး ကိုယ်အခြင်းခြင်းတော့ ပွင့်လင်းမှု မရှိလျင်….
    .. …… လျင်
    .. ……………..လျင်
    .. …………………….လျင်

  • ကထူးဆန်း

    March 9, 2015 at 9:57 am

    အရီး ကျန်းမာ ပါဇေ ။
    အရီးကို မဲ ပေးဖို့ စောင့်နေပါသည် ။

    ခြံစည်းရိုးပေါ်မှ ကထူးဆန်ုး ….. :kwi:

  • pooch

    March 9, 2015 at 12:06 pm

    ဒီသီချင်းကို အဆိုတော်တွေ အများကြီး ဆိုထားတာ ပဲ နားထောင်ဖူးတယ် မူရင်းဆိုတဲ့သူ မသိဘူး
    ခုမှ သိတယ်
    ခပ်ငယ်ငယ် ကိုယ်ကလည်း ဂျစ်ချင်တဲ့အရွယ် (ခုလည်း ထူးပါဘူး)
    ဒီသီချင်းနားထောင်ပြီး စာလုပ်တာ ပိုရတယ်ဆိုပြီး ဟီး :mrgreenn:

    နောက်စွဲမိတဲ့ တပုဒ်က
    အိုဗာတင်းတွေ ချောကလက်တွေ နင်ဝယ်ပေးတော့ ဝမ်းနည်းနေ
    မလိုပါကွာ ဒါတွေ မပေးလည်း ချစ်မှာပါဆိုတဲ့ တပုဒ်

    ပြောရင်းနဲ့ လွမ်းသွားပြီ

    ခုနေ ဒီစာတကြောင်းပဲ ကျန်တော့တယ် မမှတ်မိတော့ဘူး

    မှားချင်မှား မှန်ချင်မှန်ပါ
    သမိုင်းက အဆုံးဖြတ်ပေးမှာပေါ့
    ကိုယ်ယုံကြည်ရာကို ယုံကြည်နေဖို့ပဲ လိုတယ်
    တခုပဲ ထမင်းစားကြီးတဲ့ ဦးနှောက်မဟုတ်ပဲ ဟိုဟာစားကြီးတဲ့ ဦးနှောက်တွေလိုတော့ မယုံ မသုံးမိစေနဲ့လို့ ကွကိုယ် ဆုံးမထားတယ် :mrgreenn:

    • ခင်ဇော်

      March 9, 2015 at 12:08 pm

      သများကို အဲလို လာပေးရင်တော့ ဝမ်းမနည်းပေါင်။။
      ပျော်နေမှာရယ်
      အာလူးကြော်လေး နေကြာစေ့ လေး ပါ ပေးပါလို့ ပြောမှာ။

      ပုံ/ အနုပညာ မခံစားတတ်သော အကြမ်းပညာရှင်

      :mrgreen:

  • Mike

    March 9, 2015 at 1:07 pm

    .ခုတလောဘာမှ ဝင်ပြောချင်စိတ်မရှိဘူးဖြစ်နေတယ်..
    .စိတ်တွေစုစည်းမ၇

  • Courage

    March 9, 2015 at 2:00 pm

    ကျွန်တော့ အမြင်အရ အမေစုက ကိုယ့်ကိုကိုယ် အနာခံ နာမည်အပျက်ခံပြီး ခြံစည်းရိုး ခွထားတယ်လို့ထင်တာပဲ။ ဒေါ်လေးမြပြောသလို “တိုင်းပြည် ပျက်ချင် ပျက်၊ စစ်ခွေး တွေ မရှိရင်ပြီးရော ကြွေးကြော်ပြီး သူတို့ နဲ့ လက်တွဲ လိုက်သူ ကို ပါ ရန်သူ စာရင်း ထည့်”ခဲ့တဲ့ ပြည်သူတစ်ဖြစ်လဲ သွေးဆူလွယ်တဲ့ လူတစုနဲ့ မိမိနေရာလေးမပျောက်အောင် ကုပ်ကပ်နေကျတဲ့ ဒီမိုအစိုးရတစ်ဖြစ်လဲ အဝတ်ပြောင်းလူပျံတော်တွေရဲ့ကြားမှ သူအမြဲပြောနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုနိုင်ငံဖြစ်အောင် ကြိုးစားနေတယ်လို့ထင်တာပဲ။ ဖခင်ဗိုလ်ချုပ်ဆိုရင်လဲ လူအများမကြိုက်တဲ့ ဂျပန်နဲ့ ပေါင်းလိုက် ပြီးတော့ နိုင်ငံကို ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်နဲ့ပေါင်းလိုက်နဲ့ နောက်ဆုံး လိုချင်တဲ့ လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့တဲ့ သာဓကရှိတော့ အမေစုအနေနဲ့ မလျော့မတင်းစောင်းကြိုးညှင်း၊ ဒါမှမဟုတ် နှစ်ဖက်လုံးနဲ့ ပြသနာမဖြစ်အောင် နေတာကိုက ပညာတတ်ဆန်ဆန် လုပ်ဆောင်ချက်ချစ်ခုလို့မြင်မိတယ်။
    ကျွန်တော်တို့လိုချင်တာ ငြိမ်ချမ်းစည်ပင်တဲ့တိုင်းပြည်ပါ။ အခုလို စစ်တွေဖြစ်၊ သပိတ်တွေမှောက်နဲ့ ဆူပူတဲ့ တိုင်းပြည်မဟုတ်ပါ။ လက်ဘက်ရည်ဝိုင်းမှာရှင်းလို့ရတဲ့ ပြသနာကို တုတ်ဆွဲ ဓါးဆွဲတော့မလုပ်ပါနဲ့။ လျော့လွန်းရင် အသုံးမဝင်သလို တင်းလွန်းရင်ပြတ်ပါလိမ်မယ်။ ညှိညှိနှိုင်းနှိုင်းလုပ်ကျတာပေါ့။ ဒါက ကျွန်တော့် သဘောထားပါ။
    — — —
    ဒီသီချင်းက ကျွန်တော် သီချင်းစနားထောင်တတ်ကာစလောက်ကတည်းက ကြိုက်ခဲ့တဲ့သီချင်းပါ။ မျိုးကျော့မြိုင်နဲ့ အဆိုတော်အစုံဆိုတာနားထောင်ဖူးပေမယ့် မူရင်းဂျွန်သင်ဇမ်းအဆိုကိုတော့ အခုမှ ကြားဖူးတာပါ။ ဆရာစောဘွဲ့မှူးရဲ့ အဖွဲ့ထဲက
    “အဆိုးနဲ့အကောင်းတွဲနေတတ်တာကို မြင်နိုင်ဖို့လေကျင့်ခဲ့တယ်။ ဒီအတွက် အကျိုးမြတ်က အများတကာမေးငေါ့ကာ အမြင်ကပ်လို့ မုန်းစရာဖြစ်ကာ အရိုင်းအစိုင်းအဖြစ်မြင်လာ”ဆိုတာပေါ့။ “မင်းကာ ကြားနေသမားဆိုရင် လူဆဲခံရမှာပဲ”လို့ ပြောလိုက်သလိုပဲ…

  • မြစပဲရိုး

    March 9, 2015 at 2:14 pm

    သူကြီး မင်း သများ ရင်တွင်းပစ် ကို အပေါ်ကပ်ပေးထားတာ ကျေးဇူးကြီး။
    အားလုံး ကိုလဲ ကျေးဇူးပါ။
    နောက်မှ ကျန်လာမယ်။ :))

  • kai

    March 9, 2015 at 3:20 pm

    ဒီနေ့.. အယ်လ်အေကို ဒေါက်တာစင်သီယာမောင်ရော..အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုရတဲ့ ဒေါ်မေစပယ်ဖြူ ရောရောက်နေတာမို့.. ကြိုဆို.. ဂုဏ်ပြုအခမ်းအနားတွေ.. နေရာ၂ခုမှာ အချိန်ခွဲလုပ်ကြပါတယ်..။
    သူတို့တွေကိုသွားတွေ့ရင်း.. မြန်မာပြည်လက်ရှိအခြေအနေအကြောင်းလေးတွေပါတီးခေါက်မိတယ်..။
    အင်း..
    ၂ယောက်လုံးက ခရစ်ယန်မို့.. တိုင်းရင်းသားတွေမို့.. သူတို့ဖက်ကအမြင်တွေသုံးသပ်မိပြီးသကာလ… ထုံးစံအတိုင်း.. နှစ်၁ထောင်ကျိန်စာကိုပဲ ပြောရမယ့်ဘဝရောက်တာပါပဲ..။
    အခုမြန်မာပြည်ကို.. ဒေါ်အောင်ဆန်းစုကြည်မကလို့.. ဘယ်သူတက်အုပ်ချုပ်ချုပ်.. ဒုံရင်းပါပဲ..။
    ..ထိုင်နေအကောင်းသား.. ထ,ကာမှ.. ဒေါ်စုပါ.. သခင်အောင်ဆန်းဘဝလိုက်ရမယ့်သဘောရှိပါတယ်..။

    ဆိုတော့…
    ဗမာတွေရဲ့.. အမျိုး၊ဘာသာ၊သာသနာ ဆိုတာကို အမြစ်ကလှန်.. ပြင်ပါမှ… ကျိန်စာ လွတ်ပါမယ်ဆိုတဲ့အကြောင်း.. ထပ်လောင်းပြော၍မှတ်တမ်းထားပါကြောင်း..။

    • ဦးကြောင်ကြီး

      March 11, 2015 at 10:24 am

      ဘာသာကတော့ ဗြျမ္မာတင် ပြင်ရမှာ မဟုတ်ဗျို့.. ခွစ်ယံတိုင်းယင်းဓါးတွေဂေါ.. မာမွတ်လျှာပွတ်တို့ေဂါ.. ဘာသာရေးယုံကြည်မှု အားလုံး ပြင်မှရမည်…။ နို့မို့လို့ဂဒေါ့ ကလားဂျီးနဲ့ အယာဂျီး.. တာလီဗံနဲ့ အိုင်စက်စ်.. ဂျီးစိုးနဲ့ခိုင်မ်… တူတူဗဲပြို့စ်

  • မြစပဲရိုး

    March 11, 2015 at 5:00 am

    ကိုချောရဲ့
    ငါတို့ ဘက်က ကြည့်တော့ သူရဲကောင်း၊ သူတို့ဘက် က ကြည့်တော့ သစ္စာဖောက် ပေါ့။
    အမှား အမှန် ဆိုတာ ကတော့ ခံယူချက် ကွဲ ရင် ဖြစ်လာတာပါဘဲ။

    ဇီကလေး
    မျှပေးတဲ့ စာလေး တွေ အတွက် ကျေးဇူးပါ။

    ချစ်မမ
    ကာတွန်းလေး တွေ အတွက် လဲ ကျေးဇူးတင်မဆုံးပါ။

    အဘနီ၊ မျှစ် နဲ့ ဝါး
    ပေါင်းပြီး ပြန်ပါရစေ။
    တကယ်တော့ ဒီမိုကရေစီ ဆန် တဲ့၊ လွတ်လပ်ပြီး မျှတ တဲ့ ရွေးကောက်ပွဲ သာဖြစ်ရင် ဒီချုပ် မှ ဒီချုပ် ပေးပါလို့ လို့ ကျွန်မ မဲ မဆွယ်ချင်ပါဘူး။
    ကိုယ့် ရပ်ရွာမှာ (နိုင်ငံ ကို ကြည့်ဖို့ လိုပါ့မလား မပြောတတ်) ကိုယ့်ကောင်းကျိုး ကို အစွမ်းရှိရှိ (စေတနာ တော့ ရှိ အစွမ်းက မရှိ ဆိုလဲ မဟန်) လုပ်ပေးမဲ့ ယုံကြည်လောက်သူ ကို ရှာပြီး မဲ ပေးဖို့ပါဘဲ။
    ဒါကြောင့် ရွေးကောက်ခံမဲ့ အမတ်လောင်း ရဲ့ က အင်မတန် အရေးကြီး ပါတယ်။
    ဟိုးငယ်ကထဲ က ဘယ်လိုတော်ကြောင်း၊ အများအကျိုး ဘယ်လို ဆောင်ကြောင်း စတဲ့ သူ့ သမိုင်း ကို ဖတ်ကြပါ။
    တကယ်ဟုတ်မဟုတ် စုံစမ်း ပြီး ဒီလူမှာ ပေါက်ကရလေးဆယ် မကောင်းတဲ့ အကြောင်း တွေ ရှိလား လဲဖော်ထုတ် ပေးဖို့ က မှန်ကန်ဖြောင့်မတ် တဲ့ မီဒီယာများ တာဝန်ပေါ့။
    ဒီမှာ ကိုယ့်မီဒီယာ ကို တကယ် စစ်မှန်ပြီး ဘက်မလိုက် တဲ့၊ အများယုံကြည် တဲ့ မီဒီယာ ဖြစ်ဖို့ ပြချင်သူများ အခွင့်ကောင်း ပါဘဲ။
    သူကြီး တို့က ဒီမှာ ထိပ်က နေမှာပါ။ (ဖားစ် တာ)
    နီး ရင် ဒီက အကြောင်းတွေ ထပ်မျှပါဦးမယ်။ (လုပ်ခွင့် ရခဲ့ရင်ပေါ့)

    ဖိုးသိကြား
    တိုးတိုး လေးပြောမယ်။
    ဘေးက ပါရမီဖြည့်ဖက် ကို ရှာရင် ကိုယ့်အမှား ကို ထောက်ပြပေးနိုင်သူ ကို ရှာလို့။

    မောင်ဂီ
    ဘယ်က ရှောင်မေ့ က ပေါ်လာပြန်တာတုန်း။
    အဲ့အင်္ဂါသား ကိုရော မုန်းသူ မရှိကြဘူးလား အရပ်ကတို့။

    ကြောင်ကြောင် ရယ်
    ဒေါ်အောင်ဆန်းစုကြည် မအုပ်ချုပ် ဘဲ တိုင်းပြည်ကြီး တကယ်တိုးတက် မယ် ဆို ရင် ဘယ်သူဘဲ အုပ်ချုပ် အုပ်ချုပ် ပါ။
    ပြသနာ ကလေ ဒီ အမျိုးသမီးကြီး လောက် ခိုင်းစားလို့ ကောင်း မဲ့၊ ပြစားလို့ ကောင်း မဲ့ လူ ကို လောလောဆယ် မတွေ့သေးလို့ ဟေ့။
    အချင်းချင်း ဆို အထင်မကြီးတတ်၊ နောက်လိုက်လုပ်ဖို့ မလွယ်တတ် တဲ့ တို့မြန်မာများ စိတ်ဓာတ် ကို သိသမို့ အချင်းချင်း ခြေထိုး ကုန်မှာ လဲ စိုးလို့ ဟေ့။
    သူ မရှိရင်လား။
    ဖြစ်ချင်တာဖြစ်ကြတော့။
    တစ်ခြားသူ အတွက်တော့ လက်ညောင်းခံ စာရိုက်မနေတော့ဘူး။ ထွက်ပြီ။
    ဒါဟာ ဗိုလ်ချုပ်မြ ရဲ့ ပလန်ဘဲ။
    သိပြီလား။
    မျက်စိကန်း မနေတာ တော့ ကွကိုယ် အသေအချာ သိတယ်။
    နလပိန်းတုံး မဟုတ်မှန်းလဲ ကွကိုယ်သိတယ်။ lol:-))))
    ငါကွ- စီဒီ တူ ကြောင်စုတ်

    ကထူးဆန်း ရဲ့
    ဟုတ်ဟုတ် မဟုတ်ဟုတ် ကျေးဇူးပါ။ ဟိ။
    တစ်ချိန် သများ ပြန်လာမှာပါ။
    နိုင်ငံရေးလုပ်ဖို့တော့ မဟုတ်ပါ။ 😉
    စာသင်ပေးချင်လို့။ :))
    ဒီ အရွယ်ကြီးရောက်မှ ဒီမှာ စာကျက်၊ စာမေးပွဲဖြေ လုပ်နေတာ အကြောင်းမဲ့ ဟုတ်ဘူး။
    မြန်မာပြည် ထဲ စာသင်ချင်တဲ့ အိမ်မက်ကြောင့်ပါ။
    အလုပ် အနေ နဲ့ ပြန်ဝင်လာလုပ်လဲ ကျွန်မ မှာ အလုပ်ထွက်မသွားတဲ့ အလုပ်နေရာ တစ်ခု ရှိပြီးသား။
    ကျွန်မ အတွက် အမြဲ တံခါးဖွင့်ပြီးသား။
    အခု ဟာက ကလေး တွေ ကို စာသင်ပေးချင်တာ။
    ရှမ်းပြည် တို့ ကချင်ပြည်တို့ ဘက်တောင် သွားချင်တာ။
    မသိပါဘူး။ အိမ်မက်ပေါ့။

    ပုချ်
    “အိုဗာတင်းတွေ ချောကလက်တွေ” တွေ ဆိုတာ ဟိုးရှေးတုန်းက ဟာ ကို ဘယ်လိုသိတုန်း။
    ဆလိုင်းသွအောင် ဆိုတာလားမသိ။
    ပြန်ဆိုတေးဘဲလား။
    ဟုတ်ပါ့ဇီ၊ အာလူးကြော် ကို ပိုကြိုက်တယ်။

    မိုက်
    ဆိတ်တွေ စု မရရင် ပိန္နဲရွက် နဲ့ များရသတဲ့။ 😉

    မောင်ကာကြီး
    တကယ်က သူတို့ အစိုးရ ထိပ်ပိုင်းထဲ မှာ ကို ကွဲ နေလောက်ပြီ။
    သိပ်မစားတဲ့ သူတွေ နဲ့ အင်မတန် စား နေတဲ့ သူတွေ ကြား အရှက်တရား နဲနဲရှိသူ တွေ က ရပ်ချင်ပြီ။
    ဒါပေမဲ့ မရှက်တတ်တဲ့ အဖွဲ့ကတော့ ကျားကန်ပြီး နေမြဲနေလို တာ။
    မရှက်ပါဘူး ဆိုမှ ဘာကိုမှ ဂရုမစိုက်တော့။
    ဒီတော့ ကျန်သူ တွေ က လဲ ထိပ်တိုက် တွေ့မှာစိုးလို့ အသံဝဲ ဝဲ နေကြတာ ထင်ရဲ့။
    နောက်ပြီး ဒီ အရှက်ကင်းသူ များ တစ်နေ့ အကျွတ်တရား ရမယ်လို့ သူတို့ အချင်းချင်း ကို မျှော်လင့် နေတာ။
    ဒေါ်လေးကတော့ ဒီတစ်သက် မထင်ပေါင်။
    မင်းပြော မှ သတိထားမိတယ်။
    ဟုတ်သား။ တကယ်က မှားတာထက် ဟိုဘက် ဒီဘက် ကြည့်ပြီး ခွ နေသူ ကို မကြည်တာ ဆိုတာ။
    အင်း။ အသေအချာ တွေး ကြည့် ရင် အလယ်က စကားဝဲ သူ များလွန်းရင်လဲ အလုပ်ဖြစ်ပါ့ မလားလို့။

    သူကြီး
    ဒေါက်တာစင်သီယာမောင် ကိုတော့ ကောင်းကောင်း သိပါတယ်။
    သူငယ်ချင်း တစ်ယောက် က သူ့ ဆေးခန်း အတွက် အလှူငွေ ထည့်လေ့ ရှိတယ်။
    ဒေါ်မေစပယ်ဖြူ ကို တို့ အခုမှ သိတယ်။
    Many Congratulations ပါ။
    အဲဒီ အင်တာဗျူး လာမှာ မဟုတ်လား။ :))
    လူနေမှု မကွဲ တဲ့ ယူကေ လို နေရာမှာတောင် စကော့တလန် က ခွဲ ထွက်ချင်နေတာ။
    လူမျိုး ဆိုပြီး ကွဲ တာ နဲ့ စည်းတွေ ခြားခြား သွားတတ်တယ် ထင်ရဲ့။
    ဒါပေမဲ့ သူတို့ ကတော့ ကိုယ်ပိုင်စီးပွါးရေး ဖြစ်နေတဲ့ ရေမြေသဘောဝ ရှိတာကိုး။
    ခွဲထွက်ဖို့ ရဲ မှာပေါ့။
    မြန်မာပြည်ထဲ မလဲ ရခိုင် က ဒီလို ကိုယ်ပိုင် စီးပွါးရေးလုပ်နိုင်တဲ့ ရေမြေသဘာဝ ပုံစံ မို့ ဇွတ်ခွဲ ချင်နေမှာ။
    ထိပ်ပိုင်း က ကချင်တို့ ဘာတို့ က အတွင်းပိုင်း ရောက်နေလို့ ကိုယ်ပိုင် စီးပွါးရေးလုပ်နိုင်တဲ့ ရေမြေသဘာဝ မရှိလို့ ခေါ်နိုင်မလားဘဲ။
    ဒီဘက် က တစ်ခြား နယ် တွေ ကို မှီခိုရမဲ့ အခြေအနေ ထင်ရဲ့။
    ဘာဘဲဖြစ်ဖြစ်ပါ။ တစ်နိုင်ငံထဲ ဟာ ကို ပြည်နယ် တွေ၊ တိုင်းတွေ၊ ပြည်မ တွေ ခွဲ ခေါ်တာ ကို မကြိုက်ပါဘူး။
    မတိုးတက်တာကတော့ မြန်မာတစ်ပြည်လုံး နေရာအနှံ့ ပါဘဲ။
    ကြည့်တတ်ရင် မြင်ပါတယ်။
    မြန်မာပြည်ထဲ ဘာသာရေး လွတ်လပ်ပါတယ်။
    မြို့လည် ဆူးလေ မှာ ကို ဘုရားလဲ ရှိတယ်၊ ဗလီလဲ ရှိတယ်၊ ချာချ် လဲ ရှိတယ်။
    အစိုးရ ကောင်းကောင်း တက်လိုက်ရင် တော့ လူတွေ ရဲ့ စိတ်ဓာတ်တွေ၊ အတွေးအခေါ် အယူအဆ တွေ ပိုပြီး တိုးတက် လာနိုင်ကောင်းပါရဲ့။

    • Wow

      March 11, 2015 at 2:15 pm

      အဘနီမေးတာကို မဖြေရသေးဘူးလေ အရီး :mrgreen:

  • Alinsett@Maung Thura

    March 11, 2015 at 12:25 pm

    အကယ်၍ သင်ဟာ မှားယွင်းတဲ့ လမ်းကို လျှောက်မိပြီဆိုရင်…
    ဂငယ်ကွေ့ ပြန်ကွေ့ချဖို့…
    သင့်ကို ဘုရားက ခွင့်ပြုတယ်…တဲ့…
    ကြားဖူးတဲ့ ဒဿ နလေး…

    ဆိုတော့…. ပြန်ကွေ့…အေးရော…

  • တောင်ပေါ်သား

    March 11, 2015 at 1:13 pm

    KNU ဗိုလ်ချုပ်မြ ခင်ဗျား

    ကျနော်လည်း ဂျွန်သင်ဇန်းကြိုက်တယ်

    ပုံ KIA တပ်သား တစ်ဦး 🙂

  • မြစပဲရိုး

    March 11, 2015 at 6:20 pm

    အဘနီ အတွက် အဖြေ

    ပလန်အေ – ရွေးကောက်ပွဲ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ပေးဖို့ အရေးတကြီး လုပ်ရန်

    ပလန်ဘီ – ပြင်မပေး ရင် ဒီချုပ် ရွေးကောက်ပွဲ မဝင် ရန်

    ပလန်စီ – ဒါကို မှ အရေးမလုပ် ရင် လူထု အင်အားကို ယူပြီး တစ်မှ ပြန်စရန်

    ပလန်ဒီ – လူထု အများ မလိုက်ရင် ဒေါ်အောင်ဆန်းစုကြည် အတွက် အစဉ်တံခါးဖွင့်ထား တဲ့ တစ်ခြားရေမြေမှ ထိုက်တန်တဲ့ နေရာများ ကို ပြန်ရွေး ရန်။

    ဒါက အကောင်းမြင် ပလန် ပေါ့။
    အဆိုးမြင် နဲ့ ချထား တဲ့ ပလန် တွေ ကိုတော့ မပြ တော့ပါဘူး။

    • မြစပဲရိုး

      March 11, 2015 at 7:13 pm

      အဘနီ
      ကျွန်မ လဲ တစ်ခု ပြန်မေးပါရစေ။
      လက်ရှိ နိုင်ငံထဲ နေနေတဲ့ တိုင်းပြည်က လူ တွေ ထဲ ဘယ်လောက် % က တိုင်းပြည် ကို တစ်က ပြန်စ ရဲ လဲ။
      သိပ်မတိုးတက်ရင်လဲ နေပါ တိုင်းပြည် မဆူ ရင်ပြီးတာ ဘဲ ဆိုတဲ့ သူ % ဘယ်လောက်ရှိလဲ။
      သိနိုင်လားရှင့်။

      • မွသဲ ( 17082011 )

        March 12, 2015 at 5:56 pm

        အစိုးရိမ်ဆုံး ကိစ္စပါအရီးရေ။ တိုင်းပြည်ချောက်ထဲကျမှာစိုးပြီးကယ်လိုက်မှာကို အစိုးရိမ်ဆုံးပါ။ တစ်ကပြန်စရမဲ့ခါးသီးမှု့ကိုသေလောက်အောင်ကြောက်တယ်။ ပြည်တွင်းနေပြည်သူတွေအပူဆုံးပဲ တစ်ကပြန်စရမှာကို။ ပြည်ပလော်ဘီတွေက တစ်ကပြန်စရလဲဘာဖြစ်လဲဆိုတဲ့စကား လွယ်လွယ်ထွက်နိုင်ပေမဲ့ တကယ်ခါးသီးစွာခံရမှာ ပြည်တွင်းနေပြည်သူတွေပါ။

      • naywoon ni

        March 12, 2015 at 6:34 pm

        ကျ​နော့ ပတ်​ဝန်​းကျင်​အမြင်​မှာ​တော့
        ၃၀:၇ဝ ဖြစ်​​နေတယ်​ ။
        ၃ဝ % မှာ ၁၀% နှုန်​းက မဖြစ်​မ​နေ ​ပြန်​စချင်​တဲ့သူ ကျန်​တဲ့ နှစ်​ဆယ်​ ရာနှုန်​းက ပြုပြင်​​ပြောင်​းလဲ ဖို့ ဝန်​မ​လေးတတ်​ဘူး ။ အလိုက်​သင်​့​ပြောင်​းလဲ နိုင်​မယ်​ ။

        • မွသဲ ( 17082011 )

          March 13, 2015 at 3:26 pm

          အဘနီရယ် တစ်ကပြန်စတယ်ဆိုတာ စစ်အုပ်ချုပ်ရေးအောက်ပြန်သွားတာပဲ။ အဲ့ဒါဆိုအမေစုလဲပြီးသွားပြီပေါ့။ တိုင်းပြည်ကနလန်ထူနိုင်ပါတော့မလား။ စစ်အုပ်ချုပ်ရေးအောက်ပြန်သွားနိုင်ကြသလား။ ကျွန်မတော့မသွားနိုင်ဘူး။ စစ်အုပ်ချုပ်ရေးရဲ့ခါးသီူမှု့တွေကိုပြန်မစချင်တော့ဘူး။ ကျန်တာတေည့ လူညီရင် ဤကိုကျွဲဖတ်တယ်ဆိုသလို ၇ဝ % ကစစ်အုပ်ချုပ်ရေးအောက်ပြန်ချင်တယ်ဆိုလဲ ခံကြရုံပေါ့။ လူမိုက်ဦးဆောင်မှတော့ ဘာတတ်နိုင်မှာလဲ။ ဒေါ်စုကိုအားမကိုးတော့ဘူးဆိုလဲသဘောပေါ့လေ။

  • မွသဲ ( 17082011 )

    March 12, 2015 at 5:52 pm

    အိုက်ဒါအမှားဆိုလဲ အိုက်အမှားကိုသေတဲ့အထိဖက်တွယ်ထားပရစေ။ ကျောင်းသားသပိတ်မထောက်ခံတာလဲအမှားဆိုရင် အိုက်အမှားကိုလဲရင်ဝယ်ပိုက်ထားပရစေ။ သေချာတာတော့ အစိုးရဘက်တော်သားဘယ်တုန်းကမှမဖြစ်ခဲ့ဖူးဘူးဆိုတာပါပဲ။ ဒါလဲအမှားဆိုရင်သေတဲ့အထိထမ်းပိုးသွားပါ့မယ်

  • မြစပဲရိုး

    March 13, 2015 at 5:11 am

    သဲနု ရေ

    ဒါအမှန်ပါဘဲ။
    ၈၈ နောက်ပိုင်း မှာ လမ်းဖွင့်ပြီး ကထဲ က ၈၈ ဆိုတာ လမ်းဆုံ (တနည်း) လမ်းခွဲ ဖြစ်သွားခဲ့ပြီ။
    ကိုယ်သန်ရာ ကိုယ့်ခံယူချက် အတိုင်း လျှောက်ကြရင်း လူတန်းစား အခြေအနေ၊ လူ နေမှုဘဝ တွေ မတူတော့ဘူး။
    မြန်မာပြည် မှာ လူတန်းစားညီ တဲ့ ကျောင်းသား တွေ မရှိတော့ဘူး။
    ဘဝ မတူတော့ ခံယူချက်ခြင်း မတူနိုင်တော့ဘူး။
    ဒါကို မမြင်ဘဲ အပြန်အလှန် အပြစ်ဖို့ နေရင်တော့ အမုန်းဇာတ်လမ်း ဘဲ ရှည်မယ်။
    ပိုကောင်းတဲ့ အခြေအနေတော့ ရမှာမဟုတ်ဘူး။

    တစ်ချို့ပြောတယ်။
    ကျောင်းသားသပိတ် ကို မကြိုက်သူတွေ က သူတို့ သားသမီး တွေ ကို ကျောင်းကောင်း ထားလို့ ကိုယ်ချင်းမစာ ပြောတာ တဲ့။
    ပြန်မေးလိုက်ချင်ပါတယ်။
    မြန်မာပြည်ထဲ မှာ အဆင့်မြင့်မြင့် နေနိုင်တိုင်း အစိုးရလို ဘဏ္ဍာခိုး တွေချည်း ဘဲလို့ မှတ်နေသလားလို့။
    ကိုယ့်ခွန်ကိုယ့်အား နဲ့ ကြိုးစားရင်း စီးပွါးရေးကောင်း စားနိုင်သောက်နိုင် သူ တွေ လဲ အများကြီး ရှိပါသေးတယ်။
    သူတို့ ကလဲ တိုင်းပြည် ပျက်တာ ဘယ်ကြိုက်ပါ့မလဲ။
    ကြောက်ဖို့ကောင်း တာက ပြည်ပ ကနေ စစ်အစိုးရ ကို အမုန်းအတေး ကြီးကြီး နဲ့ အာဃာတပြင်း နေသူ တွေဘဲ။
    သူတို့ကလဲ အတွင်းက ဘဏ္ဍာသူခိုး တွေ လောက် ကြောက်ဖို့ကောင်းတယ်။

    • မွသဲ ( 17082011 )

      March 13, 2015 at 3:32 pm

      အိုက်ဒါပြောချင်တာပါအရီးရယ်။ ကျောင်းသားသပိတ်ကိုအမေစုကိုယ်တိုင်မထောက်ခံမှတော့ အကြောင်းရှိ လို့ပေါ့။ ကျွန်မတို့လဲမထောက်ခံဘူး ဒါကို အဲ့ဒီအဖွဲ့တွေကဘာလို့လက်ခံမပေးနိုင်ရတာလဲ။ သူတို့ထောက်ခံတာကို လက်ခံပေးနိုင်သလို ကိုယ်တွေမထောက်ခံတာကိုလဲ လက်ခံပေးသင့်တာပေါ့။ ဒီမိုတွေဒီမိုတွေအော်နေပြီးမှ အတိုက်အခံလဲတွေ့ရောဆွေ့ဆွေ့ခုန်တာ ဒီမိုမစစ်လို့ပေါ့။ ဒေါ်စုကိုကြည့် အတိုက်အခံလာလဲအပြုံးမပျက် အကုန်လက်ခံတယ်။ ဒါကျနမူနာမယူကြဘူး

    • ဦးကျောက်ခဲ

      March 13, 2015 at 3:51 pm

      အပေါ်က အရီးကိုရော မွသဲကိုရော အစိမ်းချယ်ပေးပါတယ်…
      ကျောက်စ်လည်း အဲသည့်လိုပဲ သဘောရပါတယ်ခင်ဗျား…
      :k:

Leave a Reply