သို့
ဘကြီးစိန်

သမီး စာရေးလိုက်ပါတယ်။ ဘကြီးစိန် နေကောင်းပါရဲ့လား။ ၂၀၁၅ ခုနှစ်ထဲမှာ ဘကြီးစိန် အတော်လေး စိတ်ဖိစီးရမယ် ထင်ပါတယ်။ အဲဒါကြောင့်ပဲ ဒီစာကို ရေးလိုက်ရပါတယ် ဘကြီးစိန်။

ဘကြီးစိန်ရဲ့ စိတ်ထဲမှာ ငါ့နဲ့ပတ်သက်ပြီး ကောင်းစားနေတဲ့သူတွေကလွဲလို့ ကျန်တဲ့ အောက်ခြေပြည်သူတွေက ငါ့ကို အမုန်းကြီးမုန်းနေကြမယ်လို့ ထင်နေကောင်း ထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး ဘကြီးစိန်။ ပြည်သူတွေထဲမှာလည်း  ဘကြီးစိန်ကို ချစ်နေတဲ့သူတွေ ရှိနေပါတယ်။ ဘကြီးစိန် ဝမ်းသာသွားအောင် ပြောပြချင်လို့ပါ။ သူတို့တွေက အကျိုးအမြတ်ကို မျှော်ကိုးပြီးတော့ ဘကြီးစိန်ကို ချစ်တာ မဟုတ်ပါဘူး။ ဘကြီးစိန်ကို ဒီအတိုင်းချစ်နေကြတာပါ။

ဘကြီးစိန် သိပါတယ်။ သမီးကတော့ ကြီးမေကိုပဲ ချစ်တဲ့သူလေ။ သူတို့တွေနဲ့ စကားပြောရတာ အတော်လေးတော့ စိတ်ကသိကအောင့် ဖြစ်ရတာပေါ့။ သူတို့တွေက ဘကြီးစိန်ကို သနားပြီးချစ်ကြတာ ဘကြီးစိန်ရဲ့။ နှလုံးစက်လေးတပ်ပြီး တိုင်းပြည်အရေးတွေကို တတ်နိုင်သလောက် ဖြေရှင်းပေးနေတဲ့ ဘကြီးစိန်ကို ပြည်သူတွေက အပြစ်တွေဝိုင်းတင်နေကြတော့ သူတို့က စိတ်မကောင်းဖြစ်နေကြတယ်။ ဒီလောက် တိုင်းပြည်အနှံ့ပြသနာတွေ ဖြစ်နေတာ ကိုယ်တိုင်လည်း တက်မဖြေရှင်းနိုင်ကြဘဲ ဖြေရှင်းပေးနေတဲ့ ဘကြီးစိန်ကို လှောင်တာတွေကို၊ ပြောင်တာတွေရော၊ ကာတွန်းတွေရော၊ ဆောင်းပါးတွေရော တပ်ရေးနေကြတော့ ကျေးဇူးကန်းကြတယ်တဲ့လေ။

နိုင်ငံမှာ မြေဈေးတွေ ထိန်းချုပ်လို့မရလို့ ပြသနာတွေ ဖြစ်နေကြတယ်လို့။ တော်ရုံလာရင်းနှီးမြှုပ်နှံမယ့်သူတွေတောင် မြေဈေးနဲ့ လျှပ်စစ်တွေကြောင့် တွန့်နေကြတယ်လို့ ဆိုတော့ မြေဈေးကြီးတာကို တရုတ်တွေက ပေးနိုင်လို့ လာမြှုပ်နှံကြတယ်လေတဲ့။ အဲဒါကျ တရုတ်ကို ပစားပေးတယ်လို့ ပြောကြတာပဲတဲ့။ တစ်ခြားနိုင်ငံကလာလည်း ဒီလိုပဲ ပြောကြမှာပဲတဲ့။ တမင်အပြစ်ရှာနေကြတာတဲ့ ဘကြီးရဲ့။ အခုဖြစ်နေတဲ့ အလုပ်သမားပြသနာတွေက ဘကြီးကြောင့် မဟုတ်ပါဘူး ဘကြီးရယ်။ ကိုယ်ညံ့လို့ ကိုယ်ခံရတာလို့ပဲ မှတ်ပါတယ်။

အခုဆို တိုင်းပြည်မှာ ရောင်စုံသူပုန်တွေ ထနေသလို အခြေအနေဖြစ်နေတယ်တဲ့။ ဘကြီးတို့ အစိုးရကို သူတို့က သနားနေကြတာ။ သူတို့စိတ်ထဲမှာ ပြည်သူတွေက အတင်းသမ္မတအဖြစ် တင်မြှောက်ထားလို့ ဘကြီးမှာ မနိုင်ဝန်ကို တတ်နိုင်သလောက် ထမ်းနေရတယ်လို့ ထင်နေပုံရပါတယ်။ တောင်းပန်ပါတယ် ဘကြီးရယ်။ ဘကြီးကို သနားလွန်းလို့ ဖြစ်နိုင်ရင် အလုပ်ထွက်လိုက်ပါလားဟင်။

သမီးကပြောတယ်။ ဘကြီးက အဲဒီလောက် ပင်ပန်းနေတာတောင် နောက် (၅) နှစ်မှာ သမ္မတထပ်ဖြစ်ချင်သေးတယ်လို့ ပြောတယ်လို့။ အဲဒီတော့ သူတို့က ဘကြီးခမျာလည်း ကိုယ်တတ်နိုင်သလောက်လေး တိုင်းပြည်အကျိူးကို ပြုပေးချင်လို့ ဖြစ်မှာပေါ့တဲ့။ ကဲ.. ဘကြီးကို အဲဒီလောက်အထိ ချစ်ကြတာနော်။

အခုလည်း လောက်ကိုင်ကို ကြီးမေ မသွားလို့တဲ့။ ဝေဠုကျော်တို့လို ပရဟိတလုပ်တဲ့သူတွေတောင် လောက်ကိုင်ကို ရောက်ပြီးတာ ကြီးမေက ခုထက်ထိ စစ်သားတွေကို သွားအားမပေးလို့တဲ့။ သမီးက သိပ်နားမလည်လို့ ဘကြီးပဲ ရှင်းပြပေးလိုက်ပါနော်။ ဘကြီးခွင့်ပြုလျက်သားနဲ့ ကြီးမေမသွားတာ ဖြစ်နေမှာ စိုးလို့ပါ။

သူတို့က စစ်တပ်ကိုလည်း သိပ်ချစ်ကြတာ ဘကြီးရဲ့။ ၈၈ တုန်းက နယ်တွေမှာ မင်းမဲ့စရိုက်နဲ့ သူပုန်တွေသောင်းကျန်းချိန် ပြည်သူတွေအကုန် ကျီးလန့်စာစား ဖြစ်ခဲ့ကြတယ်လေ။ အဲဒီအချိန်မှာ တပ်မတော်က အာဏာကို လွှဲပြောင်းယူပြီး အုပ်ချုပ်လိုက်တော့ အားလုံးငြိမ်ကျသွားပြီး ပြည်သူတွေ ခေါင်းမပြတ်ခဲ့ကြတာပေါ့။ သူတို့က အဲဒါကို သိပ်ကျေးဇူးတင်နေကြတယ် ဘကြီးရဲ့။ ဘကြီးတို့ အုပ်ချုပ်ခဲ့လို့သာ သူတို့ မသေခဲ့ကြတာပါတဲ့။ အဲဒီလို မဖြစ်ဖြစ်အောင် လုပ်ခဲ့တာပါလို့ သမီးက ပြန်ပြောတော့ သမီးမမွေးသေးတဲ့အချိန်က ကိစ္စကို သူတို့က အသိဆုံးပါတဲ့ ဘကြီးရယ်။ သမီး ဘာမှ ထပ်မပြောခဲ့တော့ပါဘူး။

ဘကြီးရေ.. သူတို့နဲ့ ပြောဖြစ်တာတွေကတော့ အများကြီးပဲ။ အမြင်တွေကတော့ ဘယ်တူမလဲနော်။ ဒါပေမယ့် ဘကြီးနဲ့ ကြီးမေပြောသလို မတူတာတွေကို ဖယ်တာပြီး တူတာတွေကို ဆက်လုပ်ရမယ်ဆိုလို့ သမီးလည်း တူတာကို ရအောင်ရှာခဲ့တာပေါ့။ သူတို့နဲ့ သမီးက မတူသလိုလိုနဲ့ တူတာတစ်ခု ထွက်လာတယ် ဘကြီးရဲ့။ သူတို့က ဘကြီးကို အပြစ်ပြောနေတာတွေ ရပ်စေချင်ပြီ။ ဘကြီးလို တပ်မတော်နောက်ခံရှိတဲ့သူတောင် တိုင်းပြည်ကို ဒီလောက်အုပ်ချုပ်နေရတာ တစ်ခြားသူတစ်ယောက်က ဝင်အုပ်ချုပ်ရင် ဘယ်လိုနေမလဲ သိချင်တယ်တဲ့။ ဖြစ်နိုင်ရင် နောက် သမ္မတသက်တမ်းမှာ ဘကြီးဖယ်ပေးကြည့်လိုက်ပါ ဘကြီးရယ်။ ဘာတွေဖြစ်ကုန်မလဲရယ်လို့ပေါ့။ သမီးကလည်း ကြီးမေကို လာမယ့်ရွေးကောက်ပွဲမှာ နိုင်စေချင်တဲ့သူဆိုတော့ သူတို့နဲ့ သဘောထားချင်း သွားတူနေတယ်။ ကဲ..အဲဒီတော့ ဘကြီးရေ.. ဘကြီးကို ချစ်တဲ့သူတွေ၊ သနားနေတဲ့သူတွေ စိတ်ချမ်းသာအောင် နောက်ရွေးကောက်ပွဲမှာ ကြီးမေဝင်နိုင်အောင် တတ်နိုင်သလောက်ကူညီပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။

ဘကြီး ကျန်းမာပါစေ။
သမီး

About လုံမလေးမွန်မွန်

has written 169 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010