ဘကြီးစိန်သို့ ပေးစာ

သို့
ဘကြီးစိန်

သမီး စာရေးလိုက်ပါတယ်။ ဘကြီးစိန် နေကောင်းပါရဲ့လား။ ၂၀၁၅ ခုနှစ်ထဲမှာ ဘကြီးစိန် အတော်လေး စိတ်ဖိစီးရမယ် ထင်ပါတယ်။ အဲဒါကြောင့်ပဲ ဒီစာကို ရေးလိုက်ရပါတယ် ဘကြီးစိန်။

ဘကြီးစိန်ရဲ့ စိတ်ထဲမှာ ငါ့နဲ့ပတ်သက်ပြီး ကောင်းစားနေတဲ့သူတွေကလွဲလို့ ကျန်တဲ့ အောက်ခြေပြည်သူတွေက ငါ့ကို အမုန်းကြီးမုန်းနေကြမယ်လို့ ထင်နေကောင်း ထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး ဘကြီးစိန်။ ပြည်သူတွေထဲမှာလည်း  ဘကြီးစိန်ကို ချစ်နေတဲ့သူတွေ ရှိနေပါတယ်။ ဘကြီးစိန် ဝမ်းသာသွားအောင် ပြောပြချင်လို့ပါ။ သူတို့တွေက အကျိုးအမြတ်ကို မျှော်ကိုးပြီးတော့ ဘကြီးစိန်ကို ချစ်တာ မဟုတ်ပါဘူး။ ဘကြီးစိန်ကို ဒီအတိုင်းချစ်နေကြတာပါ။

ဘကြီးစိန် သိပါတယ်။ သမီးကတော့ ကြီးမေကိုပဲ ချစ်တဲ့သူလေ။ သူတို့တွေနဲ့ စကားပြောရတာ အတော်လေးတော့ စိတ်ကသိကအောင့် ဖြစ်ရတာပေါ့။ သူတို့တွေက ဘကြီးစိန်ကို သနားပြီးချစ်ကြတာ ဘကြီးစိန်ရဲ့။ နှလုံးစက်လေးတပ်ပြီး တိုင်းပြည်အရေးတွေကို တတ်နိုင်သလောက် ဖြေရှင်းပေးနေတဲ့ ဘကြီးစိန်ကို ပြည်သူတွေက အပြစ်တွေဝိုင်းတင်နေကြတော့ သူတို့က စိတ်မကောင်းဖြစ်နေကြတယ်။ ဒီလောက် တိုင်းပြည်အနှံ့ပြသနာတွေ ဖြစ်နေတာ ကိုယ်တိုင်လည်း တက်မဖြေရှင်းနိုင်ကြဘဲ ဖြေရှင်းပေးနေတဲ့ ဘကြီးစိန်ကို လှောင်တာတွေကို၊ ပြောင်တာတွေရော၊ ကာတွန်းတွေရော၊ ဆောင်းပါးတွေရော တပ်ရေးနေကြတော့ ကျေးဇူးကန်းကြတယ်တဲ့လေ။

နိုင်ငံမှာ မြေဈေးတွေ ထိန်းချုပ်လို့မရလို့ ပြသနာတွေ ဖြစ်နေကြတယ်လို့။ တော်ရုံလာရင်းနှီးမြှုပ်နှံမယ့်သူတွေတောင် မြေဈေးနဲ့ လျှပ်စစ်တွေကြောင့် တွန့်နေကြတယ်လို့ ဆိုတော့ မြေဈေးကြီးတာကို တရုတ်တွေက ပေးနိုင်လို့ လာမြှုပ်နှံကြတယ်လေတဲ့။ အဲဒါကျ တရုတ်ကို ပစားပေးတယ်လို့ ပြောကြတာပဲတဲ့။ တစ်ခြားနိုင်ငံကလာလည်း ဒီလိုပဲ ပြောကြမှာပဲတဲ့။ တမင်အပြစ်ရှာနေကြတာတဲ့ ဘကြီးရဲ့။ အခုဖြစ်နေတဲ့ အလုပ်သမားပြသနာတွေက ဘကြီးကြောင့် မဟုတ်ပါဘူး ဘကြီးရယ်။ ကိုယ်ညံ့လို့ ကိုယ်ခံရတာလို့ပဲ မှတ်ပါတယ်။

အခုဆို တိုင်းပြည်မှာ ရောင်စုံသူပုန်တွေ ထနေသလို အခြေအနေဖြစ်နေတယ်တဲ့။ ဘကြီးတို့ အစိုးရကို သူတို့က သနားနေကြတာ။ သူတို့စိတ်ထဲမှာ ပြည်သူတွေက အတင်းသမ္မတအဖြစ် တင်မြှောက်ထားလို့ ဘကြီးမှာ မနိုင်ဝန်ကို တတ်နိုင်သလောက် ထမ်းနေရတယ်လို့ ထင်နေပုံရပါတယ်။ တောင်းပန်ပါတယ် ဘကြီးရယ်။ ဘကြီးကို သနားလွန်းလို့ ဖြစ်နိုင်ရင် အလုပ်ထွက်လိုက်ပါလားဟင်။

သမီးကပြောတယ်။ ဘကြီးက အဲဒီလောက် ပင်ပန်းနေတာတောင် နောက် (၅) နှစ်မှာ သမ္မတထပ်ဖြစ်ချင်သေးတယ်လို့ ပြောတယ်လို့။ အဲဒီတော့ သူတို့က ဘကြီးခမျာလည်း ကိုယ်တတ်နိုင်သလောက်လေး တိုင်းပြည်အကျိူးကို ပြုပေးချင်လို့ ဖြစ်မှာပေါ့တဲ့။ ကဲ.. ဘကြီးကို အဲဒီလောက်အထိ ချစ်ကြတာနော်။

အခုလည်း လောက်ကိုင်ကို ကြီးမေ မသွားလို့တဲ့။ ဝေဠုကျော်တို့လို ပရဟိတလုပ်တဲ့သူတွေတောင် လောက်ကိုင်ကို ရောက်ပြီးတာ ကြီးမေက ခုထက်ထိ စစ်သားတွေကို သွားအားမပေးလို့တဲ့။ သမီးက သိပ်နားမလည်လို့ ဘကြီးပဲ ရှင်းပြပေးလိုက်ပါနော်။ ဘကြီးခွင့်ပြုလျက်သားနဲ့ ကြီးမေမသွားတာ ဖြစ်နေမှာ စိုးလို့ပါ။

သူတို့က စစ်တပ်ကိုလည်း သိပ်ချစ်ကြတာ ဘကြီးရဲ့။ ၈၈ တုန်းက နယ်တွေမှာ မင်းမဲ့စရိုက်နဲ့ သူပုန်တွေသောင်းကျန်းချိန် ပြည်သူတွေအကုန် ကျီးလန့်စာစား ဖြစ်ခဲ့ကြတယ်လေ။ အဲဒီအချိန်မှာ တပ်မတော်က အာဏာကို လွှဲပြောင်းယူပြီး အုပ်ချုပ်လိုက်တော့ အားလုံးငြိမ်ကျသွားပြီး ပြည်သူတွေ ခေါင်းမပြတ်ခဲ့ကြတာပေါ့။ သူတို့က အဲဒါကို သိပ်ကျေးဇူးတင်နေကြတယ် ဘကြီးရဲ့။ ဘကြီးတို့ အုပ်ချုပ်ခဲ့လို့သာ သူတို့ မသေခဲ့ကြတာပါတဲ့။ အဲဒီလို မဖြစ်ဖြစ်အောင် လုပ်ခဲ့တာပါလို့ သမီးက ပြန်ပြောတော့ သမီးမမွေးသေးတဲ့အချိန်က ကိစ္စကို သူတို့က အသိဆုံးပါတဲ့ ဘကြီးရယ်။ သမီး ဘာမှ ထပ်မပြောခဲ့တော့ပါဘူး။

ဘကြီးရေ.. သူတို့နဲ့ ပြောဖြစ်တာတွေကတော့ အများကြီးပဲ။ အမြင်တွေကတော့ ဘယ်တူမလဲနော်။ ဒါပေမယ့် ဘကြီးနဲ့ ကြီးမေပြောသလို မတူတာတွေကို ဖယ်တာပြီး တူတာတွေကို ဆက်လုပ်ရမယ်ဆိုလို့ သမီးလည်း တူတာကို ရအောင်ရှာခဲ့တာပေါ့။ သူတို့နဲ့ သမီးက မတူသလိုလိုနဲ့ တူတာတစ်ခု ထွက်လာတယ် ဘကြီးရဲ့။ သူတို့က ဘကြီးကို အပြစ်ပြောနေတာတွေ ရပ်စေချင်ပြီ။ ဘကြီးလို တပ်မတော်နောက်ခံရှိတဲ့သူတောင် တိုင်းပြည်ကို ဒီလောက်အုပ်ချုပ်နေရတာ တစ်ခြားသူတစ်ယောက်က ဝင်အုပ်ချုပ်ရင် ဘယ်လိုနေမလဲ သိချင်တယ်တဲ့။ ဖြစ်နိုင်ရင် နောက် သမ္မတသက်တမ်းမှာ ဘကြီးဖယ်ပေးကြည့်လိုက်ပါ ဘကြီးရယ်။ ဘာတွေဖြစ်ကုန်မလဲရယ်လို့ပေါ့။ သမီးကလည်း ကြီးမေကို လာမယ့်ရွေးကောက်ပွဲမှာ နိုင်စေချင်တဲ့သူဆိုတော့ သူတို့နဲ့ သဘောထားချင်း သွားတူနေတယ်။ ကဲ..အဲဒီတော့ ဘကြီးရေ.. ဘကြီးကို ချစ်တဲ့သူတွေ၊ သနားနေတဲ့သူတွေ စိတ်ချမ်းသာအောင် နောက်ရွေးကောက်ပွဲမှာ ကြီးမေဝင်နိုင်အောင် တတ်နိုင်သလောက်ကူညီပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။

ဘကြီး ကျန်းမာပါစေ။
သမီး

13 comments

  • kai

    March 14, 2015 at 1:48 pm

    ယူအက်စ်သမ္မတတွေများ.. ၄နှစ်သက်တမ်းအပြီး.. ၈နှစ်သက်တမ်းအပြီးဆို.. မျောက်ခေါင်းဖြူဖြစ်သွားတော့တာပဲ..
    အိမ်ဖြူတော်နဲ့သမ္မတအလုပ်က.. နှိပ်စက်တာပေါ့…


    ဘာကြီးစိန်ဆိုလား… အဲဒီသူတို့များတော့.. နှလုံးရောဂါ.. စက်တပ်ထားတာတောင်.. ဒေါင်ဒေါင်မြည်..။
    အလုပ်တွေလုပ်.. ခရီးတွေသွား..။ နောင်နှစ်သက်တမ်းတခု.. ၅နှစ်တောင်ဆက်လုပ်မယ်ဆိုတာပဲ..။
    ကျမ်းမာရေးကောင်းပုံပြောပါတယ်..။ :k:

  • မြစပဲရိုး

    March 14, 2015 at 2:11 pm

    . နိုင်ငံ ကို ချောက်ထဲ မကျ အောင် ကယ်ခဲ့ တဲ့ ဘကြီးစိန် တစ်ယောက်
    . နိုင်ငံ ကို မီးရှို့ဖို့ တိုက် နေတဲ့ စနက်မှိုင်း တွေ ထဲ က ကင်းပါစေ ဆုတောင်းပါတယ်။
    (၁) ဘုန်းကြီးမှိုင်း (လူမျိုးရေး/ ဘာသာရေး)
    (၂) ကျောင်းသားမှိုင်း (ပညာရေး)
    အဲဒါ တွေ နဲ့ ဆက်ပြီး တိုက်မို့ မှိုင်း က
    (၃) စစ်သားမှိုင်း (စစ်ရေး)
    စစ်သား တွေကို ထိုးကျွေး မဲ့ အလှည့်

    တရုတ် က သူ့ဘက် ကို လက်နက်ကြီး ကျလို့ သတိပေး တာ ကြားကြတယ်နော်။
    တစ်ချိန်ထဲ မှာဘဲ သူတို့ သတင်းတွေထဲ ကျောင်းသားတွေ ကဲ လို့ အစိုးရ က ကြမ်းတာ လို့ ပြောတယ်။
    ဒါတွေ က ဗရမ်းဗတာ မဟုတ်ဘူး။
    တစ်ခုပြီး တစ်ခု ကို စနစ်တကျ အကဲစမ်း လာတာ။
    သူတို့ “ဓန” တွေ ကို ကာကွယ်ဖို့ “အာဏာ” မြဲစေဖို့ က အဓိက မို့ ဘာကိုမှ ဂရုမထားဘဲ မွှန် နေပြီ။

    စဉ်းစားကြည့်နော်။
    ဒီ တရုတ် တွေ ရဲ့ စီးပွါးရေး တွေ နိုင်ငံ ထဲ အများကြီး စိမ့်ဝင်နေတာ ဘယ်သူတွေ နဲ့ ပေါင်းထားလို့ လဲ။
    အသိသာကြီး။
    ဒါတွေ ပေါ်ကုန် မှာ ကို သေမှာ ကြောက်တော့ အခု နိုင်ငံ ရဲ့ အချုပ်အချာ ကိုပါ ဟိုဘက်ကို ထိုးပေးပြီး ရင်းတော့ မယ်။

    ဒါကို ဂရုမပြု ဘဲ တစ်ခြား အချိန်မကျသေးတဲ့ ေxာက်အပို တွေ ဘဲ အာရုံများ ကြည့် နေကြရင် နောက်မှ ရလာဒ် ကို သိကြမယ်။

    ဒီ အဘစိန် လဲ သူ့လဲ စိတ်ကောင်းမှာ မဟုတ်ပါဘူး။
    ဒါပေမဲ့ နောက်မှာ အရိပ်က ကြီးလွန်းနေတယ်။
    . ဒေါ်အောင်ဆန်းစုကြည် ရဲ့ ချော့ပေါင်း နေတာ ကိုဘဲ ဝိုင်းပြီး ပံ့ပိုး အားပေး မှ တိုင်းပြည် အထိမနာမှာ ဆိုတာ သိထားကြပါ။

    ပုံ
    ဗိုလ်ချုပ်မြ

    PS – ဒီနေ့ နေ့ မအားဘူး။ ညမှ ပြန်လာပြီး လေ နဲ့ ဗုံးထုပါဦး မယ်။

    • naywoon ni

      March 14, 2015 at 2:46 pm

      အရီး​ပြောတဲ့ မှိုင်​းသုံးမှိုင်​းထဲက နံပါတစ်​ကိုပဲ ​ချေဖျက်​ အကုန်​ပျက်​တယ်​ ။ မယုံရင်​စမ်​းကြည်​့လိုက်​ရ​အောင်​

      Ps ပို့စ်​အသစ်​ညတင်​နိုင်​​အောင်​ကြိုးစား​နေတယ်​

  • Alinsett@Maung Thura

    March 14, 2015 at 4:09 pm

    သို့ သမီးမွန်…
    ဘကြီးစိန် စာပြန်လိုက်ပါတယ်။

    ကျိန်စာဝလေ လူလှလေ ဆိုသလိုပါပဲ… ဘကြီးစိန် ကျန်းမာပါတယ်။

    လယ်ထဲဆင်းပြီး တောင်ယာလုပ်စားမယ်တောင် တွေးထားပါသေးတယ်။
    ဒါပေမယ့် ဘကြီးစိန်ရဲ့ မိဘပြည်သူတွေအပေါ် ထားတဲ့မေတ္တတရားကြောင့်
    ဘကြီးစိန်မှ ဘကြီးစိန်… စိန်ဆိုမှစိန် ဖြစ်နေသူတွေအတွက် လိုအပ်မယ်ဆိုရင် ဘကြီးစိန် ဒီတာဝန်တွေ ဆက်လက်ထမ်းဆောင်ပါမယ်။

    တိုင်းရေးပြည်ရာတွေနဲ့ ပတ်သက်ပြီး ဘကြီးပြောချင်တာကတော့ တစ်ခုထဲပါ…
    အဲဒါကတော့… ”ဘကြီးစိန် ဘာလုပ်ရမှန်း မသိပါဘူး”ဆိုတဲ့ စကားပါ။

    အစဉ်အလာအရ အထက်က ညွှန်ကြားချက် မလာသေးရင်…ဘာလုပ်ရမှန်း မသိရိုးထုံးစံမို့ပါ သမီးမွန်…

    ဘာမှ မသိတဲ့ (သို့မဟုတ်) ဘာမှ မသိယောင် ဆောင်ထားတဲ့
    ဘကြီးစိန်

  • pooch

    March 14, 2015 at 4:24 pm

    လောလောဆယ် ခရီးထွက်နေလို့ ကျောက်ဖြူ ဘက်လည်း ကယ်ဆယ်ရေးမလွှတ်နို်င်သေးဘူးတဲ့
    ကိုယ်ဖြစ်ကိုယ်ခံတဲ့

  • မွသဲ ( 17082011 )

    March 14, 2015 at 4:32 pm

    သမီးရယ် ဘဂျီးစိန်လဲနေရာကဖယ်ပေးပြီး မုန့်ဟင်းခါးလေးရောင်းမယ်လို့စိတ်ကူးထားဒါဘာသမီးရယ်။ ဒါပေ့မဲ့ မုန့်ဟင်းခါးတဆိုင်စာ အရင်းအနှီးလေးစုတာမပြည့်သေးလေတော့ နောက်ငါးနှစ်သက်တမ်းလောက်ဆက်စုရင်များ ပြည့်နိုင်ကောင်းရဲ့လို့လဲတွေးမိပါတယ် သမီးရယ်။ အဲ့အဲ့အဲ့ နောင်ငါးနှစ်မှမပြည့်သေးလဲနောက်ထပ်ငါးနှစ် ဂစ်ဂစ်ဂစ် ( နှလုံးစက်ရပ်တွားခြင်း ) :mrgreen:

  • black chaw

    March 14, 2015 at 4:36 pm

    Verse ; (အရေးကြီးပြီ ညီနောင်အပေါင်းတို့
    သွေး…စည်းကာ ညီစေ ညီကြစို့
    ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့ပြီ
    သွေး…သစ္စာလည်း ပြုခဲ့ပြီ…။)
    Cho ; နိုင်ငံတော် အတွက်ဆို အသက်ကိုလည်း ဘာမထီ
    သေပစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲ ရှေ့ကိုချီ
    နိုင်ငံတော် အတွက်ဆို အသက်ကိုလည်း ဘာမထီ
    သေပစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲ ရှေ့ကိုချီ
    လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည်
    အဆုံးသတ်တိုက်ပွဲ ငါတို့ နွှဲရမည်…။

    အဲဒါ ကိုငှက် ရေးခဲ့တဲ့ အရေးကြီးပြီး သီချင်း။
    မွန်းအောင် ဆို ခဲ့တာပေါ့…။
    ညီး ကြီးမေ သမ္မတ ဖြစ်ဖို့များ ညီးဘကြီးစိန်ကို သွားငိုပြ မနေပါနဲ့အေ။
    သူလည်း သမ္မတ သာ ပြောတာပါ။
    လွှတ်တော် ဥက္ကဌ တွေ ပြန်ကြောက်နေရသူရယ်ပါ။
    ဆိုတော့
    ညီးကြီးမေ သမ္မတ ဖြစ်ဖို့ဆို
    ညီးတို့ကိုယ်တိုင် လမ်းပေါ်ထွက် ဆန္ဒပြမှ ဖြစ်မှာအေ့။
    လူထုမပါပဲ ညီး ကြီးမေ သမ္မတ မဖြစ်နိုင်ဘူးဆိုတာလောက်တော့
    သိထားဖို့လိုတယ်အေ့။
    အဓိက ကို အဓိက လို့ သိပြီး
    လုပ်ကြဖို့ လိုပါတယ်အေ…။
    ပုံ
    အရူးကြီး ဘလက်ချော…။
    ဟေးဟေး…
    လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည်
    အဆုံးသတ်တိုက်ပွဲငါတို့နွှဲရမည်…။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 14, 2015 at 9:34 pm

    စီချွမ်​တီရုပ်​မ​လေး အားယီးခြစ်​ဖို့​ကောင်​းသဗျာ
    ကိုကိုဝီကို မီးဒုတ်​ရှို့ဂျ

  • ခင်ဇော်

    March 15, 2015 at 12:36 pm

    နိုင်ငံတော်သမတကြီးသို့ အိပ်ဖွင့်ပေးစာ
    ======================
    သို့
    သမတကြီး ဦးသိန်းစိန်ခင်ဗျား

    သမတကြီးကိုယ်စား မခံမရပ်နိုင်၍ ကျွန်တော်ဤစာကို
    ရေးလိုက်တာပါ။
    သမတကြီးတို့ ကိုးကန့်ဒေသမှာ ကိုးကန့်သောင်းကျန်းသူ
    တွေကို ဥပဒေနှင့်အညီ စစ်ပွဲဆင်နွဲနေသည်ကိုကျွန်တော်
    သိပါသည် ။ယမန်နေ့က ဖြစ်ပွားခဲ့သော လေကြောင်း
    ထိုးစစ်တွင် တရုတ်နိုင်ငံတွင်း မတော်တဆ တမင်တကာ
    ကျရောက်သောဗုံးကြောင့် တရုတ်နိုင်ငံသား ၄ ဦးသေဆုံး
    တာလဲ ဥပဒေနှင့်အညီသေဆုံးတာဖြစ်ကြောင်း သိရှိပါသည် ။
    သိုသော် သမတကြီး၏ ဥပဒေနှင့်အညီလုပ်ဆောင်ချက်များကို သဘောမပေါက်ပဲ တရုတ်အစိုးရက ဥပဒေမဲ့
    တောင်းဆို ရာဇသံပေးလာခြင်းကို ကျွန်တော်သမတကြီး
    ကိုယ်စား အလွန်အမင်းခံပြင်းမိပါသည်
    ထို့ကြောင့် အောက်ပါ အရေးယူမှု့များကို မဆိုင်းမတွ
    ချက်ချင်း အရေးယူဆောင်ရွက်ပါရန် တောင်းဆိုပါသည်

    ၁ ။ လက်ပံတောင်းတောင်စီမံကိန်းအား ချက်ချင်း
    ရပ်ဆိုင်း၍ တရုတ်နိုင်ငံသားများအားနှင်ထုတ်ရန်
    ၂ ။မြစ်ဆုံစီမံကိန်းအား လုံးဝရပ်ဆိုင်းရန်
    ၃ ။ အရင်တလောတုံးက သစ်ခိုးမှု့နှင့်ဖမ်းထားသော
    တရုတ်နိုင်ငံသားများအား သေဒဏ်ပေးရန် (တရုတ်တွင်
    သစ်တပင်ခုတ်လျင် ထောင်ဆယ်နှစ်)
    ၄ ။ကျောက်ဖြူ – ကူမင်း gas ပိုက်လိုင်းအား
    ချက်ချင်းပိတ်ပစ်ရန်
    ၅ ။မြန်မာပြည်တွင်းရှိ တရားမဝင်တရုတ်နိုင်ငံသားများ
    အား စီစစ်ဖော်ထုတ်အရေးယူ၍ သူတို့ပိုင်ပ္စည်းများအား
    နိုင်ငံပိုင်သိမ်းရန် ။
    ထို့ပြင် သမတကြီးဝမ်းမြောက်စရာ သတင်းတစ်ခုပါးလို
    သည်ကတော့ ထို မိုက်ရိုင်းစော်ကားသော တရုတ်တို့၏
    အားချေမှုန်းရန် ဖဘ လေကြောင်းတပ်ဖွဲ့မှ စစ်သည်
    ၄ သန်းကလဲ အဆင်သင့်ရှိနေကြောင်း သတင်းကောင်း
    ပါးအပ်ပါတယ်
    နောက်တစ်ဖန် ဆရာတော်ဦးဝီရသူဦးဆောင်တဲ့
    စစ်သည်အင်အား ၅သိန်းကလဲ အရိုုး စီးရိုးထိုးဖို့
    အသင့်ရှိနေကြောင်း… စသည်ဖြင့်
    သမတကြီး စိတ်အားမငယ်ရန် သတင်းပေးလိုက်ပါတယ်
    ထို့ကြောင့်…. အချိန်မဆိုင်းပဲ ချက်ချင်းအရေးယူဆောင်
    ရွက်ပါရန် တောင်းဆိုအပ်ပါတယ် ခင်ဗျား….

    လေးစားစွာဖြင့်
    မျိုးချစ် ငနိုင်
    ခေတ္တ ဇွန်ကြီးအိမ် ။

    :k:

  • အူးစည်

    March 16, 2015 at 7:37 am

    ဘုရင်ခေတ်ကတော့ ထီးနန်းစိုးသူ ဘုန်းကံနိမ့်ရင် တိုင်းပြည်ဆူပူ အုံကြွတတ်ပြီး
    သူပုန် သူခိုးတွေ ထကြွသောင်းကျန်းတတ်တယ်ဆိုတော့…
    ဘစိန် ပြုတ်ပီး နောက်တစ်မင်းတက်ဖို့ ရယ်ဒီဖြစ်နေပီထင်ကြောင်း၊ 😥

  • ဦးကြောင်ကြီး

    March 16, 2015 at 9:25 am

    ဆိတ်လေးနှစ်ပီ ဆုတောင်းဦးနော်.. ဘယ်ထဲနှစ်ရမဲ သိလား… နွားနို့ထဲကို

  • သူတို့ပြောတဲ့စကားကိုကြားတော့ အရမ်းလည်း အံဩသွားတယ်.. နားလည်ပေးတတ်ပါလား.. စိတ်ထားကောင်းကြပါလားလို့ တွေးပေးရမလား.. ဒီလောက်တောင် အကောင်းမြင်ကြသလားလို့ စိတ်တိုရမလား မသိဘူး… ကိုယ်ကပြောပြန်ရင်လည်း… နင့်ဦးနှောက်ပိစိလေးနဲ့ လာမပြောနဲ့လို့ ပြန်ပြောတယ်… စာတွေဖတ်ပြီး အစိုးရကို မကောင်းမြင်နေတဲ့သူတဲ့…

    အမေဆို ၂၀၀၈ မှာ မဲပေးတော့.. ကိုယ်က အသက်မပြည့်သေးတော့ မပေးရဘူး.. အမေရယ်.. အမှားခြစ်ခဲ့ပေးနော်လို့.. သမီးလည်း ပေးလို့ရရင် အမှားခြစ်မှာဆိုတော့.. အော်.. သမီးရယ်. သူများကို မကောင်းမကြံပါနဲ့တဲ့… စိတ်ကောင်းကောင်းထားပြီး သူများစိတ်ချမ်းသာအောင် လုပ်ပေးလိုက်ပါတဲ့…

    ဟိ..ပြောရင် သဂျီးဘာသာရေးဘက်ကို အားပေးရာရောက်မစိုးလို့… မြန်မာကျေးလက်လူတန်းစားတွေမယ်… စိတ်ထားကောင်းကောင်းထားရပါများလို့.. ကိုယ့်လုပ်ပိုင်ခွင့်ကိုတောင် မသိတော့ဘူးရယ်.. 🙁

  • အောင် မိုးသူ

    April 29, 2015 at 11:28 am

    ဒီစာလေးကို ဘကြီးစိန် မြင်နိုင်တွေ့နိုင်ပါစေလို့ ဆုတောင်းရင်း။

Leave a Reply