NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ပြီ

cobraAugust 21, 20101min762

ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေး လုပ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုနှစ် နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ ကြေညာလိုက်သည်။

ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဗဟိုအလုပ်အမှုဆောင် ရ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၈ ဦးတို့ အစည်းအဝေး တရပ် ကျင်းပပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပါ ပြဌာန်းချက်ပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲမပေးဘဲ နေချင်က နေလို့ရသော လွတ်လပ်ခွင့်ကို အသုံးချခြင်း ဖြစ်သည်ဟု ဆိုသည်။

“၂ဝဝ၈ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနဲ့ လူ့ အခွင့်အရေး ရရှိရေးကို ဘယ်လိုမှ ဦးမတည်တဲ့အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်တာပါ” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ထိန်းသိမ်းခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ကြိုတင်တောင်းခံခဲ့ခြင်း မရှိကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ပါတီခေါင်းဆောင်များထံသို့ ပေးပို့ခဲ့သည့် စာတွင် သူမအနေဖြင့် ဗဟိုကော်မတီ နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်များကို လိုက်နာသွားမည်ဟု ရေးသားကာ သူမ၏ သဘောထားကို အသိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင် ပြည်သူများသည် ရွေးကောက်ပွဲ ဥပဒေအရပင် မဲမပေးဘဲ နေလိုက နေခွင့်ရှိသည်ဟု ပြီးခဲ့သည့်လထဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလောင်း စာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို မည်ကဲ့သို့ သပိတ်မှောက်သင့်ကြောင်းကိုမူ NLD ခေါင်းဆောင်များ ဆက်လက် ဆွေးနွေးသွားကြမည် ဖြစ်သည်။

“ပြည်သူလူထုကို ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုထုတ်ပြန်ကြေညာမလဲ၊ မဲကို ဘယ်လိုမပေးဘဲနေမလဲ။ ဘာမှ မပြောတော့ ဘဲနဲ့ မပေးဘူးလို့ ဆုံးဖြတ်မလားဆိုတဲ့ ပုံသဏ္ဍာန်တွေကိုတော့ ညှိနှိုင်းတုန်းပဲ။ အသေးစိတ် ညှိနှိုင်း ပြီးတော့ ဒေါ်စုရဲ့ သဘောတူညီချက်၊ ခွင့်ပြုချက်ကို တောင်းခံရဦးမှာ ဖြစ်တယ်” ဟု ပါတီခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ပါတီအနေဖြင့် သပိတ်မှောက်ရုံသာမက ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ပြည်သူလူထုကိုပါ မဲရုံများသို့ မသွားရောက်ရန်နှင့် မပေးဘဲနေရန်ကိုမူ တိုက်တွန်းသွားမည်ဟု သူက ဆိုသည်။

“အစိုးရဘက်နေ အရေးယူလာမယ်၊ တုံ့ပြန်လာမယ်ဆိုရင် တခြားနည်းနဲ့တော့ မတုံ့ပြန်လာနိုင်စရာ မရှိဘူး။ တရားဥပဒေ နည်းနဲ့ပဲ တုံ့ပြန်ရမှာပဲ။ ကျနော်တို့က တရားဥပဒေနဲ့အညီ တုံ့ပြန်ရမှာပေါ့။ ကျနော်တို့ ပြောနေတဲ့ မဲဆန္ဒ မပေးဘဲ နေလို့ ရတယ်ဆိုတာက ရွေးကောက်ပွဲ ဥပဒေမှာ ပါဝင်ပြီးသား အချက်တွေပဲ” ဟု ဦးဝင်းတင်က ပြောသည်။

ယနေ့ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်နှင့် ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟုဆိုကာ NLD က ရွေးကောက်ပွဲမဝင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီး အဖွဲ့ဝင်များ၏ စုံညီအစည်းအဝေးက ကန့်ကွက်သူမရှိ ဆုံးဖြတ် ခဲ့ကြသည်။

အမေတို့တိုင်ပင်တာတွေပြီးရင်တော့ကျွန်တော်ကလိုက်လုပ်မှာဘဲ…
သူငယ်ချင်းတို့လည်းပါဝင်စေချင်တယ်…
လူငယ်တွေဘဲတက်တက်ကြွကြွလှုပ်ရှားကြပါစို့…။

2 comments

  • chitsayar

    August 21, 2010 at 11:10 am

    တရား ဥပဒေတဲ့လား?
    ရုပ်ဝါဒတွေနဲ ့ကြည့်ရင် နာမ်းဝါဒတွေဟာ လုံးလုံးကိုမှားနေတယ်ဗျ

  • မန်း ရိပ်

    August 21, 2010 at 1:32 pm

    မှောက်တဲ့လူနဲ့ လုပ်တဲ့လူနဲ့

Leave a Reply