ကြံ့ဖွံ့ပါတီ ရုံးများ နိုင်ငံတဝန်း ဖွင့်လှစ် ၊

cobraAugust 21, 20103min602

နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)ရုံးချုပ် အပါအဝင် တနိုင်ငံလုံးရှိ ပါတီရုံးများကို ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်နှင့် ၉ နာရီ ၄၅ မိနစ်အတွင်းတွင် တပြိုင်နက်တည်း

ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိ ကြံ့ဖွံ့ ပါတီရုံးချုပ် ဖွင့်ပွဲကို ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်ပြီး ပါတီအလုပ်အမှုဆောင် အစိုးရ အဖွဲ့ဝင် ဝန်ကြီး များ အားလုံးစုံညီစွာ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီရုံးကို မြို့တော်ဝန် ဦးအောင်သိန်းလင်း က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း ကြံ့ဖွံ့ပါတီ အသိုင်းအဝိုင်းမှ သိရသည်။

“ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံရဲ့ အကြောင်းကို ပိုမသိဘူး၊ ချွေးနဲ့ သွေးနဲ့ရင်းပြီးအမျိုးသားရေးနဲ့ ပြည်သူလူထုကို နံပါတ်တစ်နေရာက စဉ်းစားပြီး လုပ်တဲ့အတွက် ဘယ်နိုင်ငံက ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနိုင်တာကို မတရားဘူးလို့ပြောလဲ ဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းရဲ့အကူအညီ အထောက်အပံ့မှ မယူဘူး၊ ဝင်ရောက် စွက်ဖက်တာလဲမခံဘူး လို့ မြို့တော်ဝန် ဦးအောင်သိန်းလင်း က ပြောသွားပါတယ်”ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

ပြည်သူလူထု ၏ ရွေးချယ်တင်မြောက်ခြင်းကိုသာ လက်ခံမည်ဖြစ်ကြောင်း၊ ပါတီများထဲတွင် ကြံ့ဖွံ့ပါတီမှာ အင်အားကြီးဆုံးဖြစ် ကြောင်း၊ ပါတီဝင် အင်အားမှာ ယခင် အသင်းအနေနှင့်တုန်းက အင်အား၂၆သန်းရှိပြီး အသက်ပြည့်သူများကို ပါတီဘက် အကုန် ကူးပြောင်း ထား သည့် အတွက် ယခင်ထက် အင်အားလျော့သွားသော်လည်း ခန့်မှန်းခြေ သန်း ၂ဝ ခန့်ရှိကြောင်းလည်း ဦးအောင်သိန်းလင်း က ပြောဆိုသွားသည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းတွင် ၎င်းအနေနှင့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အဖြစ် တောင်ဥက္ကလာပ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းကပြောသည်ဟု ပြည်တွင်းသတင်းထောက်က ဆက်လက် ပြောပြသည်။

ရန်ကုန်တိုင်းအတွင်းရှိ ပါတီရုံးခွဲများ ဖွင့်လှစ်ခြင်းကို သက်ဆိုင်ရာ မြို့နယ်နှင့် မဲဆန္ဒနယ်များကို ကိုယ်စားပြုယှဉ်ပြိုင်မည့် ကြံ့ဖွံ့ ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများ တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်းလည်း သတင်းရရှိသည်။

ယင်း ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ရာတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အဆိုတော်များ သီဆိုထားသော ကြံ့ဖွံ့ပါတီ စည်းရုံးရေး သီချင်းဖွင့်လှစ်ခဲ့ပြီး အဆိုပါသီချင်းတွင် ”နိုင်ငံတော်ကို ချစ်တဲ့ပြည်ခိုင်ဖြိုး၊ ပြည်ထောင်စုကို ချစ်တဲ့ ပြည်ခိုင်ဖြိုး၊ ကေသရာဇာ ခြင်္သေ့မင်း လို ရဲရင့်တဲ့ ပြည်ခိုင်ဖြိုး၊ ပြည်ထောင်စုကို ထိန်းသိမ်းမယ့် ပြည်ခိုင်ဖြိုး” ဟူသော စာသားများ ပါဝင်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းကြံ့ဖွံ့ပါတီ တာဝန်ရှိသူ တဦးက”ပါတီဖွင့်တဲ့အချိန်မှာ စည်းရုံးရေးသီချင်းတွေကို လော်စပီကာနဲ့ ဖွင့်ရမယ်ဆိုပြီး တရား ဝင်ညွှန်ကြားချက်နဲ့ သီချင်းခွေ ရောက်လာတယ်။ တနိုင်ငံလုံး စည်းရုံးရေးသီချင်းတွေဖွင့်ပြီး ပါတီရုံးခွဲဖွင့်တာပါ”ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီရုံးများ ဖွင့်ပွဲတွင် ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များဖြစ်သော ကျောင်းဆရာ ဆရာမများ၊ ကျောင်းသား လူငယ်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်မျာ

း၊ စွမ်းအားရှင်များ အစရှိသည့် လူအင်အားများကို တိုင်းရုံး ဖွင့်ပွဲအတွက် အင်အား ၅၀ဝ ၊ မြို့နယ်ရုံးခွဲများအတွက် အင်အား ၂၅ဝ သတ်မှတ်၍ တက်ရောက် ဖွင့်လှစ်စေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် စည်စည်ကားကားဖြစ်စေရန်အတွက်ဟု ဆိုကာ ရပ်ကွက်ပြည်သူများကို ခေါ်ယူ အသုံးပြုမှု များလည်း ရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
”မနက်ပိုင်းလာတက်ရင် ငွေ ကျပ် ၁၀၀ဝ နဲ့ လက်ဖက်ရည် တိုက်မယ်ဆိုလို့ တော်တော် များများ သွားတက်ကြတယ်”ဟု ရန်ကုန်မြို့ခံ ပြည်သူတဦးက ဆိုသည်။

မြို့နယ်ပါတီရုံးများဖွင့်ပွဲသို့ တရပ်ကွက်လျှင် ပါတီဝင် ၃ဝ မဖြစ်မနေ တက်ရောက်ရမည်ဟု မြို့နယ်စည်းရုံးရေးမှူးများကို
နေပြည်တော် ကြံ့ဖွံ့ပါတီ ဌာနချုပ်က တရားဝင်ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ရာတွင် လော်စပီကာများနှင့် သီချင်းများဖွင့်လှစ်ခြင်း၊ လူစုလူဝေးများ စုဆောင်းတက်ရောက် ခြင်းများမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသော ဥပေဒ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်ရာ ရောက် ကြောင်း ပြည်တွင်း နိုင်ငံရေး ပါတီ တာဝန်ရှိသူ တဦးက ပြောသည်။

”အခြားနိုင်ငံရေးပါတီတွေ ကျတော့ ဆူဆူညံညံမလုပ်ရဘူး။ လူစုလူဝေးနဲ့ အခမ်းအနား လုပ်ရင်လည်း ပတ်ဝန်းကျင်ကို အနှောင့် အယှက် မဖြစ်ရဘူးနဲ့ စည်းကမ်းချက်တွေ ထုတ်ထားတယ်။ ကြံ့ဖွံ့ပါတီက ဒီစည်းကမ်းတွေကို အကုန်ချိုးဖောက်တယ်”ဟု ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ပြည်သူအများက စိတ်ဝင်စားခြင်းမရှိကြောင်းလည်း သိရသည်။

ပုဇွန်တောင်မြို့နယ် ဒေသခံ တဦးက”မထူးပါဘူး။ ကြံ့ဖွံ့အသင်းကိုတောင် မျက်နှာပြောင်တိုက်ပြီး ပါတီပြောင်းထားတာ။ မယုံကြည့်နေ ရွေးကောက်ပွဲ သူတို့ပဲနိုင်မှာ။ ဘယ်သူတွေပြိုင်ပြိုင် သူတို့ပဲနိုင်မှာ”ဟု ပြောဆိုသည်။

ကြံ့ဖွံ့ပါတီရုံးခွဲများဖွင့်လှစ်ခြင်းကိုု သတင်းတပ်ဖွဲ့နှင့် နယ်မြေခံရဲများက လုံခြုံရေးယူပေးခဲ့သည်ဟုလည်း ဆိုသည်။

ကြံ့ဖွံ့ပါတီမှ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် စသဖြင့် လွှတ်တော် သုံးစရပ်စလုံး၌ ပါဝင် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ဒေသခံ ကြံ့ဖွံ့ပါတီ အမာခံများနှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ အထူးနိုင်ငံရေး မွမ်းမံ သင်တန်းဆင်း အငြိမ်းစား ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးများက ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီ အသိုင်းအဝိုင်းမှ သိရသည်။

”လွှတ်တော်သုံးရပ်စလုံးအတွက် အမတ်လောင်းစာရင်းက သတ်မှတ်ပြီးပါပြီ။ အမျိုးသား လွှတ်တော်အတွက် နေပြည်တော် က လာမယ့် ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးတွေရောက်နေပါပြီ”ဟု မြို့နယ်ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ တဦးက ပြောသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ယင်းနောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး ဩဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာ ရ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

2 comments

  • Endless

    August 21, 2010 at 5:37 am

    အလကား..ရွေးကောက်ပွဲ မဟုတ်ဘူး..ရွေးပြီးသားကောက်တဲ့ပွဲကြီးပဲ ကြံ့ဖွတ်တွေ.. စွာကျယ်ကျယ်လုပ်နေကြပြီ။ ပြည်သူတွေ ဒီမိုကရေစီခေတ်မှာ…ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့… ကိုမဲပေးမယ့်သူကို ရဲရဲဝင့်ဝင့် ပေးနိုင်ကြပါစေ။ ဒီလိုသာ.. နေရာတကာ ဖားနေကြရင်…ဘယ်တော့မှ ဒီမိုကရေစီဆိုတာ..ရမှာမဟုတ်ပါ

  • chitsayar

    August 21, 2010 at 10:48 am

    အိမ်း အိမ်း အိမ်း
    ငါကိုယ်တော်ရဲ ့ ဘုန်းတခိုးသည်ကြီးပေစွ
    သည် သောက်ရှက်မရှိတဲ့ အသံနဲ ့ သတင်းတွေကို
    ကြားရပေသည်တကား

Leave a Reply