“၀င်စတန်ချာချီ ပြောတဲ့ -နိုင်ငံရေးသမားရဲ့ အရည်အချင်း”
ဖိုးသောကြာ- ၁၇ သြဂုတ် ၂၀၁၀

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ဖြစ်ထွန်း ပေါ်ပေါက်ပြီး အပြောင်းအလဲ ဖြစ်ဖို့၊ အနာ၈တ် ကာလမှာ တိုးတက်ဖို့ လိမ်မာ ပါးနပ်တဲ့ နိုင်ငံရေး သမားကောင်း လိုအပ်နေတဲ့ အချိန်ဆိုရင် လူတိုင်း လက်ခံကြမှာပါ။
အဲဒီ လိမ်မာ ပါးနပ်တဲ့ နိုင်ငံရေး သမားကောင်း ရဲ့ အရည်အချင်း ဘယ်သူ့ မှာ ရှိသလဲ၊ အဲဒီ လိမ်မာ ပါးနပ်တဲ့ နိုင်ငံရေး သမားကောင်း ရဲ့ အရည်အချင်း ဆိုတာ ဘာလဲ။

လက်ရှိ မြန်မာ့ နိုင်ငံရေးကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၀င်သင့်တယ်လို့ ယူဆကြတဲ့ သူတွေကလည်း ရွေးကေက်ပွဲ အတွက် ပြင်ကြ၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အတည်ပြုပေးဖို့ တောင်းဆိုနေရာမှ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေ ပြင်ပေး ရင်ရွေးကောက်ပွဲ ၀င်မယ်လို့ ပြောပြီး နအဖဘက်က ပြင်ဆင်ရေးလုပ်ပေးဖို့ တောင်းဆိုရာကနေ၊ ရွေးကောက်ပွဲဟာာ တရား မျှတမှာ မဟုတ်ဖူး၊ အရင်၁၉၉၀ မေလလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလို ဖြစ်ဦးမှာပဲ ဆိုပြီး ကန့် ကွက်သံတွေ ပြည်တွင်း ပြည်ပ လေလှိုင်းမှာ ကြား နေ ရပါတယ်။

ဘာပဲပြောနေ ပြောနေ အခု သြဂုတ်လ ၃ရက်နဲ့ ၄-ရက် (အင်္ဂါနဲ့ ဗုဒ္ဒဟူးနေ့  )မှာ မြန်မာ စစ်အစိုးရထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတို့ရဲ့ စာမျက်နှာ ရှစ်နဲ့ ကိုးမှာ မကြာခင် ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကိုဖျက်ရင် ဘယ်လိုအရေးယူနိုင်တယ်၊ ပြစ်ဒဏ် ဘယ်လောက်ချနိုင်တယ်ဆိုတာ ရေးသားဖော်ပြလာပါတယ်။

ပိုထူးခြားတာက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ထုတ်လွှင့်ခဲ့တာကို အမေရိကန် ရောက် မြန်မာ ဒီမိုကရေစီ ဖော် ဆောင် နေပါတယ်ဆိုတဲ့ နိုင်ငံရေး အဖွဲ့ တစ်ခုက ခေါင်းဆောင်ဆိုသူ တစ်ဦးက အာအက်ဖ်အေ သတင်း ဌာနကို ကန့် ကွက်စာပေးပို့ တာ သိ-ကြား- ဖတ်-လိုက်ရပါတယ်။ စာဖတ်သူတွေ ထပ်မံ ဖတ်ရှုနိုင်အောင် မူရင်းအတိုင်းဖော်ပြပေးလိုက်ပါတယ်။

 RFA က ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားလုပ်ပြီလား

သို့
RFA အသံလွှင့်ဌါန
အကြောင်းအရာ။ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ကြာသပတေးနေ့ မနက်ပိုင်းအစီအစဉ်မှာ ဦးဘအောင်စီစဉ်ထုတ်လွှင့်ခဲ့တဲ့ ကိုမျိုးရန်နောင်သိမ်းရဲ့  ဆောင်းပါးနဲ့ ပါတ်သက်လို့ နောက်နောင် ယခုလို ဆောင်းပါးမျိုး မထုတ်လွှင့်ရန် အကြောင်းကြားကန့်ကွက်စာ ပေးပို့ခြင်း။

လေးစားစွာဖြင့် ။ ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီအင်အားစုတွေဖြစ်သလို ဒီမိုကရေစီအရေးနှင့် ပါတ်သက်လို့ ပေါ်ပေါက်လာတဲ့ RFA အသံလွှင့်ဌါရဲ့ သတင်းလွှင့်ထုတ်ချက်များကိုလဲ အစဉ်သဖြင့်နားထောင်ခဲ့သူ ဖြစ်ပါတယ်။
အထူးသဖြင့် RFA ပေါ်ကာစ မိနစ် ၃၀ စီနဲ့ လွှင့်တဲ့အချိန်ကာလတုံးမှာ ကျွန်တော်ဟာ မိမိရဲ့ အသက်အိုးအိမ်ကို မစဉ်းစားမငဲ့ကွက် ဘဲ ပြည်တွင်းကနေပြီး ဆောင်းပါးတွေ ရေးပို့ခဲ့ပါတယ်။ အဲဒီ ဆောင်းပါးတွေကို အပါတ်စဉ် သောကြာနေ့တိုင်း မှာ လွှင့်ထုတ်ခဲ့ ပါတယ်။

အဲဒီလိုဆောင်းပါးရေးကောင်းမူကြောင့် စစ်အစိုးရက ဖမ်းဆီးဖို့လုပ်လို့ ထွက်ပြေးခဲ့ရသူလဲ ဖြစ် ပါတယ်။ မနေ့က ကြာသပတေး မနက်ပိုင်းအချိန်မှာ ကိုမျိုးရန်နောင်သိမ်းရဲ့ ဆောင်းပါးကို နားထောင်လိုက်ရတော့ တခုခုမှား နေပြီလို့ သိလိုက်ရပါတယ်။ဘာ ဖြစ် လို့လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်က၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေကို မဲမပေး ရင်လဲ ရပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါကို ကျွန်တော်တို့က မဲမပေးရေး ကမ်ပိမ်း-လုပ်နေကြ ပါတယ်။

ဦးဝင်းတင်ကလဲ သပိတ်မှောက်ကြတော့လို့ ပြောဆိုလိုက်ပါပြီ။ တချိန်တည်းမှာဘဲ ကျွန်တော်တို့ဟာ ဘလော့တွေ ၀ပ်ဆိုက်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ဆောင်းပါးတွေ ရေးသားနေသူဖြစ်ပါတယ်။ ဒီတော့ကာ ကျွန်တော်တို့ရဲ့  ဘလော့က ပြောတဲ့အသံတွေ ၊ ၀ပ်ဆိုက်ကပြောတဲ့အသံတွေကို မသုံးဘဲ အခုလို ၂၀၁၀ ရွေးကောက် ပွဲကို မဲပေးဖို့အရေးနဲ့ မဲဆွယ်ပေးနေတဲ့ အသံလွှင့်ချက်မျိုးကို ထုတ်လွှင့်နေတာဟာ ကျွန်တော်တို့တင်မက ရွေးကောက်ပွဲမှာ မဲမပေးလို့ရတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ စော်ကားရာရောက်သွားပါတယ်။

မေလ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အခါမှာ ကော်မီတီဝင်တိုင်းက သဘော တူ ဆုံးဖြတ်ချက် ချမှတ်ချကြ ပါတယ်။
ဒါကို အဲဒီကော်မီတီဝင် တွေကဘဲ ပါတိသစ် ထူသွားတာကို သစ္စာဖေါက်လို့ မခေါ်သင့်ဘူးဆိုပြီး အသံလွှင့် သွားပါ သေးတယ်။ ကျွန်တော် တို့ကတော့ သစ္စာဖေါက်တင်မက ပြည်သူ့ တရားခုံရုံးမှာ စွဲချက်တင်ရမဲ့ ဒီမိုကရေစီ ပျက်ရယူများအနေနဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ချိန်မှာ တရားစွဲဆိုခွင့် တောင်းဆိုသွားမှာပါ။ RFA ဌါနဟာ ဘာဘဲဖြစ်ဖြစ် မည်သည့် နည်းနှင့်မျှ ရွေး ကောက်ပွဲမှာ မဲပေးရေးအတွက် မဲဆွယ်ဖို့ ပေးထားတဲ့ အသံလွှင့်ဌါနတခုအဖြစ် မပြုလုပ်သင့်ကြောင်း ပြောကြားလိုပါတယ်။ ဒါဟာ ကျွန်တော် တို့ရဲ့  မေတ္တာရပ်ခံချက် ဖြစ်သလို ကန့်ကွက်စာ လဲဖြစ်ပါတယ်။

အခုလို ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်နေတဲ့ ကျွန်တော်တို့ရဲ့  နိုင်ငံတကာရောက် ဒီမိုကရေစီ အင်အားစုတွေကြားမှာ ရွေးကောက်ပွဲ မဲဆွယ်ရေးနဲ့ ရွေးကောက်ပွဲ အထမြောက်ရေးအတွက် အခုလိုအသံလွှင့် ပေးတာဟာ ရက်စက်ရာ ကျနေပါတယ်။

ဦးသုဝေတို့ ထိုင်းနိုင်ငံကို လာပြီးမဲဆွယ် စည်းရုံးစဉ်က ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံထုတ် ဂျာနယ်မှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားတွေ လေလံတင်ဖို့လာနေကြပြီ ဆိုတဲ့ ဆောင်းပါးတွေနဲ့ လှောင်ပြောင်သရော် ဝေဖန်ရေးသား ထားပါတယ်။

အဲဒီဆောင်းပါးကို ကျွန်တော်ရေးသားခဲ့တာပါ။ ကျွန်တော်ပြောချင်တာက ၂၀၁၀ ရွေးကောက်ပွဲ့ ပါတ်သက်လို့ အသံလွှင့်ချင်ရင် ဘလော့တွေ ၀ပ်ဆိုက် တွေကိုကြည့်လိုက်လို့ရှိရင် ကမ္ဘာကြီးတခုလုံးကို ရောက်နေတဲ့ ဆောင်းပါးရှင်တွေ ဘလော့ဂါတွေရဲ့ တန်ဖိုးဖြတ်မရတဲ့ ဆောင်းပါးများစွာ ရှိပါတယ်။
ကွန်ပြူတာကို ခလုပ်ကလေး တချက်နှိပ်လိုက်တာနဲ့ ဆောင်းပါးပေါင်းများစွာကို ကမ္ဘာမြေကုန်သရွေ့ လွှင့်လို့ ရပါတယ်။

ဘာဘဲပြောပြော ကျွန်တော်တို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြသူများဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးစေဖို့ ပျက်စီးမဲ့နည်းလမ်းတွေကို နည်းလမ်း ပေါင်းများစွာနဲ့ အသုံးပြု နေသူများဖြစ်တယ်။
မဲမပေးရေး တအိမ်တက်ဆင်း ပြောကြားရေးနည်းလမ်းတွေကို သုံးနေကြသူများဖြစ်တယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖေါ် ဆောင်စေလိုလို့ ဖြစ်တယ်။ စစ်အစိုးရဟာ ၁၉၉၀ ခုနှစ်မှာ ရွေးကောက် ပွဲ့ကို ပထမတကြိမ် ပြုလုပ်ခဲ့ပြီပြီ။ ရွေးကောက်ပွဲ ကတိ မတည်ဘဲ အာဏာကို ဆုပ်ကိုင်ထားတယ်။

အခုတချိန်မှာလဲ ရွေးကောက်ပွဲကို လုပ်လာနေဖို့ ကြိုးစားနေပြီ။ နှစ်ကြိမ်လုပ်မဲ့ ရွေးကောက်ပွဲကို ကတိမတည်တာနဲ့ ပါတ်သက်လို့ ကျွန်တော်တို့ မယုံကြည်ဘူး။
ဒီရွေးကောက်ပွဲဟာ စစ်အစိုးရကို သက်ဆိုး ရှည်ဖို့ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ ဆန့်ကျင်တယ်။ ကျွန်တော်တို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လက်ခံတဲ့ လူဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သူများဖြစ်တယ်။
ဒီရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ဘယ်သူ့ကိုမှ ကျွန်တော်တို့ရှေ့မှာ လူလိုသူလိုဆက်ဆံ ပြောဆိုတာလက်မခံဘူး။သူတို့ရဲ့ ရွေးကောက် ပွဲ့နဲ့ ပါတ်သက်လို့ ပြောတဲ့ သူဟာ ကျွန်တော်တို့ရဲ့ ရန်သူများဖြစ်တယ်။
ဒီမိုကရေစီသစ္စာဖေါက်များရဲ့ စည်းရုံးပြောဆိုသံများကိုလဲ ကျွန်တော်တို့ မကြားချင်ဘူး။ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဖြစ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

ဒါ့ကြောင့် RFA မှ နောက်နောင်ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးနည်းလမ်းတွေ။ မဲဆွယ်စည်းရုံးရေးနည်းလမ်းတွေကို အောက်လမ်းနည်းနဲ့ အသုံးချခြင်းများအား အသုံးပြုခွင့်မပေးမိစေရန် အထူးသတိပေးအကြောင်း ကြား ကန့်ကွက်စာ ရေးသားပေးပို့လိုက်ရပြီး မျိုးရန်နောင်သိမ်းရဲ့ ဆောင်းပါးများကို ဆက်လက်ပြီး လုံးဝ မလွှင့်ပေးပါရန် အကြောင်း ကြားစာ ပေးပို့လိုက်ရပါတယ်။

ခိုင်အောင်ကျော်- နိုင်ငံရေးပေါ်လီစီဒါရိုက်တာ
နိုင်ငံတကာမြန်မာအမျိုးသားများဖေါင်းဒေးရှင်းကွန်ဂရက် ( I F B N C )
နယူးယောက်-အမေရိကန်နိုင်ငံ
——————
ဒါက ရွေးကောက်ပွဲ မ၀င်လိုသူ – ဒီမိုကရေစီ ဖော်ဆောင်နေပါတယ်ဆိုတဲ့ ခေါင်းဆောင် ဆိုသူရဲ့ မီဒီယာအပေါ် သဘောထား တစ်ခုပါ။
ပြည်တွင်းမှာတော့ ဦးဝင်းတင်နဲ့ နောက်လိုက်အချို့ကလည်း ရွေးကောက်ပွဲ ၀င်လိုသူတွေကို နအဖ လက်ဝေ ခံတွေ၊ အခွင့်အရေး သမားတွေလို့ စွပ်စွဲ နေပါတယ်။
ရွေးကောက်ပွဲ ၀င်မယ့် သူများ ဘက်ကတော့ ရွေးကောက်ပွဲ စပေ့စ်(space)က၊ ဘာမှ မရှိတာထက် ရှိတာ ပိုကောင်းတယ်လို့ တုန့်ပြန် ပြောဆိုကြ ပါတယ်။
နအဖရဲ့ ရွေးကောက်ပွဲကို NLD က မဝင်ဘူးလို့ ဆုံးဖြတ်ပြီးတဲ့ ကာလမှာ အသုံးမဝင် ရေးပန်းမစား၊ နိုင်တော့ဘူးလို့ ပြည်ပမှာ ဒီမိုကရေစီ အရေး လုပ်နေပါတယ် ဆိုတဲ့ လူတွေကြားမှာ တိုးမပေါက်နိုင်တော့ပါဘူးလို့ ထင်ကြမြင်ကြ။ ရေဒီယိုတွေမှာ အော်ခွင့်ရ သူတွေက ပြောကြ အော်နေကြပါတယ်။
ရွေးကောက်ပွဲ ၀င်လိုသူတွေ ဘက်က ထပ်မံ ပြောလာတဲ့ စကားအချို့ရှိလာနေပါသေးတယ်။

အဲဒီပြောတာတွေထဲက ပထမ အချက်ကတော့ ….
နအဖရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုရင် သူတို့ရဲ့ ရွေးကောက်ပွဲ ဥပဒေများအရ ပြည်သူလူထုရဲ့ ၅၁ % မဲလာမပေး အောင် ဆန့်ကျင် တိုက်ပွဲဝင်နိုင်မယ်ဆိုရင် သပိတ်မှောက်တာ အောင်မြင်နိုင်မယ်။ ရွေးကောက်ပွဲ ပျက်မယ်ပေါ့။

ဒါပေမယ့် ဒီလို အောင်မြင်အောင် တိုက်ပွဲဝင်နိုင်ဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ ဒီလို မဖြစ်နိုင်တဲ့အခါ ကိုယ့်လူ တွေက ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင် နအဖရဲ့ လူတွေပဲ ပါလာတဲ့အခါ ရွေးကောက်ပွဲ ဥပဒေအရ ပြိုင်ဘက်မရှိရင် အဲဒီဒေသရဲ့ နအဖလူကို မဲပေးစရာ မလိုဘဲ သူ့အလိုလို ရွေးချယ်ပြီးသား ဖြစ်သွားလိမ့်မယ်။
လူထုကလဲ ပြိုင်ဘက်မရှိတဲ့ အဲဒီ နအဖ လူတွေကိုပဲ ပေးရတော့မယ်။
အဲလိုဆိုရင် ကိုယ့်ဘက်က ဆုံးရှုံးမှု ဖြစ်သွားမယ်။ ပါလီမန်မှာ နအဖ လူတွေပဲ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ဘက်က လူတွေ ဝင်ပြိုင်သင့် ပါတယ်တဲ့။

နောက် ဒုတိယ အချက်မှာတော့ …..
၁၉၉၀ ရွေးကောက်ပွဲကြောင့် NLD ကို လူထုက ရွေးချယ်ခဲ့တယ်။ SNLD လိုတိုင်းရင်းသား ပါတီများ၊ အခြားသော ပါတီများနှင့် ခေါင်းဆောင် များကို လူထုက မဲပေးပြီး ရွေးချယ်ခဲ့တယ်။ ဒါကြောင့် အခု ရွေးကောက်ပွဲကို အသုံးပြုပြီး လူထု ခေါင်းဆောင်တွေကို ရွေးသင့်ပါတယ် ဆိုတာမျိုး။

နောက်ဆုံး တတိယ အချက်မှာတော့ ……
ရွေးကောက်ပွဲ မလုပ်ဘဲ နအဖက ဒီအတိုင်း ဆက်သွားရင် ဒီမိုကရေစီ ရနိုင်မလား၊ မရနိုင်ဘူးလား။ …. တကယ်လို့ ရွေးကောက်ပွဲနဲ့ ပထမ တကြိမ်မှာ ဒီမိုကရေစီ မရနိုင်သေးရင်တောင်မှ ရွေးကောက်ပွဲတွေ ၅ နှစ်တခါ လုပ်ပြီး လူထုက ရွေးသွားတဲ့ အခါမှာ ဒီမိုကရေစီကို သွားနိုင်ပါတယ်တဲ့။

အဓိက အရေးကြီးတဲ့ အချက်တစ်ခုရှိပါတယ်။
အဲဒါကတော့ ရွေးကောက်ပွဲ ၀င်လိုသူတွေ၊ ဘယ်ပါတီကို မဲပေးဖို့ မသိဖြစ်နေတဲ့သူတွေ၊ နိုင်ငံရေး စိတ်ဝင်စားကြတဲ့ လူတွေ သိချင်နေတာ တစ်ခု ရှိပါတယ်။
အဲဒါကတော့ “ ရွေးကောက်ပွဲ ကို ပြည်သူ ၀ိုင်းဝန်း ဆန့် ကျင်လို့ ရွေးကောက်ပွဲ ပျက်ရင် ဒီထက်ကောင်းတဲ့ နည်းလမ်း ရှိသလား၊ ရှိရင်ချပြပါ၊ လိုက်လုပ်ပါမယ်တဲ့” အဲဒီမေးခွန်းကို ရွေးကောက်ပွဲ မ၀င်ရေး ပြောနေတဲ့ ပြည်တွင်း-ပြည်ပ အတိုက်အခံတွေက မေး တိုင်း တိကျတဲ့ အဖြေ မပေးနိုင်ကြပါဘူး။ လူထုရှိနေသမျှ နိုင်ငံရေး ရှိနေမယ်။ တော်လှန်ရေး ဆိုတာ ကြာတတ်ပါတယ်ဆိုတဲ့ အဖြေသာ ကြားနေရပါတယ်။

တစ်ချို့ကတော့ ပြည်သူတွေ ညံ့လို့- သူတို့ တန်တဲ့ အစိုးရ- ရနေတာ။
တစ်ချို့ကတော့ ဒေါ်အောင်ဆန်း စုကြည် မူ-အတိုင်း နောက်က လိုက်နေတာပါ။ ဆိုတဲ့ အသံတွေလဲ ကြားရ ပြန်ပါတယ်။

အာရှတိုက်ကို ပြန်ကြည့်ရင် ၁၉၄၈ ၀န်းကျင်က မြန်မာပြည်နဲ့ အတူတူလို တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ခဲ့ ၊စခဲ့ကြတဲ့ ဂျပန်၊ ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ် တို့ဟာ ရန်သူကို ပြန်လည်အသုံးချပြီး ကမ္ဘာ့ နိုင်ငံရေး၊ စီးပွါးရေး ရေစီးကြောင်းကို နားလည်စွာနဲ့ ၊ ကိုယ့် လူမျိုး အကျိုး စီးပွါးအတွက် လုပ်သင့်တာကို ရွေးချယ် နိုင်ခဲ့ကြလို့ ၊ မြန်မာ နိုင်ငံနဲ့ စီးပွါးရေး၊ အမျိုးသား တိုးတက်ရေး၊ အတော်ကြီးကို ကွားခြား သွားပါပြီ။

မြန်မာ ပြည်မှာတော့ အချင်းချင်း မုန်းကောင်းတုန်း၊ သတ်ဖြတ် ဖို့ ကြံစည်ကောင်းနေကြတုန်း၊ အချိန်ဖြစ် နေဆဲပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ဖြစ်ထွန်း ပေါ်ပေါက်ပြီး အပြောင်းအလဲ ဖြစ်ဖို့၊ အနာ၈တ် ကာလမှာ တိုးတက်ဖို့ လိမ်မာ ပါးနပ်တဲ့ နိုင်ငံရေး သမားကောင်း လိုအပ်နေတဲ့ အချိန်ဆိုရင် လူတိုင်း လက်ခံကြမှာပါ။

အဲဒီ လိမ်မာ ပါးနပ်တဲ့ နိုင်ငံရေး သမားကောင်း ရဲ့ အရည်အချင်း ဘယ်သူ့ မှာရှိသလဲ၊ အဲဒီ လိမ်မာပါးနပ်တဲ့ နိုင်ငံရေး သမားကောင်း ရဲ့ အရည်အချင်း ဆိုတာ ဘာလဲ။
ဒီတော့ အင်္ဂလန်က ၀န်ကြီးချုပ် ၀င်စတန်ချာချီ ပြောခဲ့တဲ့ နိုင်ငံရေး သမားရဲ့ အရည်အချင်း တိုင်းတာချက် စကားနဲ့ မြန်မာ့ ရှေ့ ရေး ဘယ်လို လုပ်သင့်တယ်ဆိုတာ စဉ်းစား နိုင်ကြမယ် ထင်ပါတယ်။

အင်္ဂလန် ၀န်ကြီးချုပ်ဟောင်း ၀င်စတန်ချာချီ

“နိုင်ငံရေး သမားဆိုတာ မနက်ဖြန် ဘာဖြစ်မလဲ၊ နောက်အပတ် ဘာဖြစ်မလဲ၊ နောက်လ ဘာဖြစ် မလဲ၊ နောင်နှစ် ဘာဖြစ်မလဲ ဆိုတာ ၊ ပြောနိုင်စွမ်း ရှိရတယ်၊ ဒါတင် မဟုတ်သေးဘူး၊ နောက်ပိုင်း မှာလည်း ဘာကြောင့် သူပြောခဲ့တာတွေ ဖြစ်မလာသေးသလဲ ဆိုတာကို ရှင်းလင်းနိုင်စွမ်း ရှိရတယ်”
“Pioliticans have the ability to fortell what is going to happen tomorrow, next week, next month, and next year. And to have the ability afterward to explain.Why it didn`t့ happen.
(Winston Churchill.)

မြန်မာ ပြည်သူတို့ နိုင်ငံရေးသုတ ပြည့်ဝပြီး စစ်မှန်သည့် ဒီမိုကရေစီ စနစ် ပိုင်ဆိုင်ကြပါစေ။
ဖိုးသောကြာ
၁၇ သြဂုတ် ၂၀၁၀

လူလိမ် လူပေါများသည့်  မြန်မာ့ နိုင်ငံရေး

ဌေးဇော်(အင်းဝ)

ဖွတ်တိုင်းပြည်၊ သူတောင်းစား တိုင်းပြည်က လွတ်မြောက်ရေး

ပြည်ပရောက်တဲ့သူတွေတော်တော်များက စိုင်ရှင်အကြောင်းကို ပြောကြတယ်၊ စိုင်ရှင်ဆိုတာဘာလဲ၊ အစိုးရတရပ်က ပြည်သူတွေ အပေါ်တင်မက ဘေးပတ်ဝန်းကျင်တွေကိုပါ အနိုင်ကျင့် ခြိမ်းခြောက်မှုတွေဖြစ် လာလို့ ဥပဒေ တရပ်ထုတ်ပြီး ကန့်သတ် ပိတ်ပင်တဲ့ အလုပ်ပေါ့နော်။

ဥပမာ အလွယ်ကူ ဆုံးကတော့ စီးပွား ရေးလုပ်ငန်းတွေ ဆက်ဆံဖို့ကို ခွင့်မပြုရေး ဆိုပါတော့၊ စီးပွားရေး ပိတ်ဆို့ လာအောင် ဘယ်သူလုပ်တာလဲ၊    ဒီတော့ စီးပွားရေး ပိတ်ဆို့လာအောင် ဘယ်သူ လုပ်လို့ဖြစ် လာတာလဲ၊ ပြည်ပရောက်တဲ့ သူတွေ လိုက် ပြောလို့   ၊ ဒီလို လိုက်ပြောလို့  ဒါဆိုရင် ဒီဆို့က ဘယ် ကလာတာလဲ၊ ရှင်းရှင်းလေးပါ။

ပြည်တွင်းက များများပေးဆပ်၊ များများ စိုင်ရှင်လာမှာ ပါဘဲ လေဗျာ၊   ကိုဇာနည်ပြောသလို မိုက်ခွက်နဲ့ နီးတော့ အသံပိုကျယ် ပိုပြောလို့ ရတာဘဲရှိပါ၊ လေဘဲရှိတာပေါ့၊

(ဗ-က-ပ)ဦးဖိုးသံချောင်း ပြောသလို ယုံကြည်တာ မယုံကြည်တာ အပထား ငွေရှင်မျက်နှာ ကြည့်ရမှာပေါ့၊ အနှစ် (၂၀)ကျော် ဆိုတော့ ကြောင်ကလဲ သေလောက်ပါပြီ။ နောက် ကြောင်ကလေး မွေးထားခဲ့ရင်တော့ ရေချိုး ပေးဖို့ကြောင် ရှိနိုင်သေး တာပေါ့၊

ရှင်းရှင်းပြောရရင်တော့ နိုင်ငံရေးနည်းနဲ့ ပတ်သက်ချင်ရင် ပြည်သူနဲ့ တသားထဲနေပြီး ပြည်သူ ဘယ်လမ်းက လိုက်နိုင်သလဲ ဆိုတာ ကိုယ်တိုင်ခံစား ကိုယ်တိုင်သိမှ ဘာလုပ်သင့်တယ် ဘာလုပ်ရမယ်ဆိုတာ သိလာ လိမ့်မယ်၊ (န-အ-ဖ)လဲ ဗိုလ်ချုပ်တွေ ချည့်ဘဲ၊ ဒီမှာလဲ ကိုယ်ကတော့ ဘာမှမလုပ်ခဲ့ဘဲနဲ့ ဆရာကြီးတွေ လူပေါတွေ လူလိမ် တွေ ချည့်ဘဲ၊

ဘာလုပ်လိုက် ညာလုပ်လိုက်နဲ့ ဆရာလုပ်ချင် တဲ့သူတွေများ နေတာ မြန် မာပြည် ဒီမိုကရေစီ မရတာ ဘာမှ မဆန်းပါဘူး၊ ဆရာများ သားသေဖြစ်မှာပေါ့၊ အန်အယ်ဒီကလဲ “ဆင်”တော့ “ဆင်”ဘဲ ချွန်းဖွင့်လို့ မရတဲ့ ဆင်ကြီးလေ၊ ပြည်ပကနေ နိုင်ငံရေးနည်းနဲ့ ပတ် သက်လို့ လုံးဝလုပ်လို့ မရပါ၊ ပြည်ပကနေ ပတ်သက်ချင်ရင် လက်နက်ကိုင် လမ်းစဉ်တခုဘဲ ရှိပါတယ်၊   လော်ဘီဆိုတာ မိန်းမ အလုပ်လို့ထင်တယ်၊ ကျွန်တော့ မိန်းမလုပ်နေတဲ့ အလုပ်မို့ အလွယ်တကူ မိန်းမအ လုပ်လို့ပြော လိုက်မိတာပါ ခင်ဗျာ၊

ကျွန်တော်တို့က ဒုက္ခသည်မဟုတ် ဂျပန်အစိုးရရဲ့ ဧည့်သည်ဆိုတော့ ဂျပန်အစိုးရ လုပ်တဲ့ ပွဲမှန်သမျှ ကျွန်တော်တို့ လဲ တက်လို့ ရပါတယ်၊ ကျွန်တော်ကတော့ မယုံကြည်လို့ အချိန်ကုန် မခံနိုင်ပါ၊ မိန်းမဘဲ တက်ပါတယ်၊ ပြင်းစရာ ကောင်းပါတယ်၊ မိန်းမ လျှောက် ပြောထားတဲ့ သူ တွေရဲ့  လိပ်စာတွေ လဲပြ လိုက်ပါ့မယ်ဗျာ၊ သန်းရွှေ။ တင်ဦးနဲ့ ခင်ညွန့်တို့(၃)ဦး ဦးစောမောင်ဆီက အာ ဏာသိမ်း တော့ သစ္စာရေ သောက်ထားကြတာ ရှိတယ်၊

ဒါကတော့ (ငါတို့ အသက်ရှိနေသမျှ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အာဏာ လက်မလွှတ်ရေး) ဆိုတာပါဘဲ၊ ဦးတင်ဦးက သေသွားတော့ ပြီးသွားတာပေါ့၊ ကိုခင်ညွန့်က နည်းနည်း ပျော့တော့ အန်အယ်ဒီနဲ့ ပလူပလဲ လုပ်ပြီး ရုဒ်မက်(၇) ချက်နဲ့ တရားဝင်ဝန်ကြီးချုပ် လုပ်ဖို့ ကြံတာ ဦးသန်းရွှေက ဒီကောင်သစ္စာဖေါက်ပြီဆိုပြီး ထောင်(၄၄)နှစ် ချလိုက်တာ ပါဘဲ၊

နောက်မှ မကောင်းပါဘူး ဆိုပြီး ဆိုင်းငံ့ ထားလိုက်တာ။ လိုအပ်ရင် ပြန်ချမဲ့ သဘောဘဲ၊ ဗိုက်တွေသာ တတောင်လောက် ထွက်လာ တာဘဲ တွေ့ရမှာ။ (ဦးဖိုးသာအောင်)ပြောသလို နွားကျောင်းသား လူမိုက်နဲ့ နွားနဲ့ ဇာတ်လမ်းဘဲ၊ ဒီတော့ တခုခု လုပ်မှ ဖြစ်တော့ မယ်။ အခြေအနေက တ နေ့တခြားဆိုးနေပြီ။

ကျွန်တော် မြင်နေတာတော့ နိုင်ငံတကာ လိုက်တောင်း နေတာတွေ့ တော့ သူတောင်းစား တိုင်းပြည်လို့ မြင်တာဘဲ၊ ဒီလိုဆို မင်းလဲ သူတောင်းစား ပေါ့လို့ပြောရင် ဟုတ်တယ်ဘဲ ဖြေရတော့ မှာပေါ့။

ဒီတော့ သူ တောင်းစားတွေ မဖြစ်အောင် လုပ်ကြရင် ကောင်းမယ် ထင်ပါတယ်၊ စိုင်ရှင်က လိုက်တောင်းတိုင်း ဘယ်သူ မှ ပေးမှာ မဟုတ်ဘူး။ စိုင်ရှင်ပေးနိုင်တဲ့ ပြယုဂ်ပြနိုင်မှ ပေးလို့ရတာ တော်လှန်ရေးသက်သက်သာ လုပ်လို့ရ တဲ့နေရာ ရန်သူမရှိ ပြည်သူမရှိ တဲ့နေရာမှာ ယောင်ဝါးဝါး အဖွဲ့ပေါင်း(၁၆၀၀)ဖွ့ြဲပီး လိမ်စားနေတဲ့ လူလိမ် ခေါင်းတွေ လူပေါတွေနဲ့ တိုင်းပြည်က ဒီမိုကရေစီ ကျင်သုံး တဲ့နိုင်ငံတနိုင်ငံဖြစ်လာပါမလား၊ ဝေးပါသေးတယ် ။

ကမ္ဘာကို လိုက်တောင်းတဲ့ သူတောင်းစားတွေဆိုတော့ သနားရင် ဒေါ်လာလေးလောက် ပေးလိုက်လဲ သူတောင်းစားတွေဘဲ ပိုကြိုက် တာပေါ့၊    နိုင်ငံရေးလုပ်လို့မရတဲ့နေရာ ယောင်ပြ လိမ်စား နေတာ လူတိုင်း သိနေ တာဘဲ။ ဒီ တော့ သေချာတာ တောင်းရအောင် ခုကထဲက ကြိုးစားရင် နောက်အနှစ်(၄၀။ ၅၀) ဆိုရင် ဒီလူတွေ လုံးဝမဆွေးနွေးဘဲ နေ လို့ရမှာ မဟုတ်ဘူး၊ ဒီတော့ စိုင်ရှင်တွေ လိုက်မတောင်းဘဲ။  လော်ဘီ ဆရာကြီးတွေ တရုတ်ဖြူတွေလို ထိုင်ဝမ်ကျွန်း တောင်းသလို ကျုပ်တို့လဲ သူတေယင်းစား ဘ၀က လွတ်၊ ကိုယ်ပိုင်မြေတွေလဲ ရှိအောင် ကိုကိုးကျွန်းလို ကျွန်းကြီးကိုတောင်းရရင် အကောင်းဆုံဘဲ။

ခေတ်အဆက်ဆက်က အဘတွေလည်း ကိုယ်ပိုင်မြေနဲ့ ခေါင်းချလို့ ရတာပေါ့။ တိုက်နေတဲ့ ကျောင်းသားတွေလဲ သနားလှပါပြီ။

အခွင့်အရေးရမလားလို့ ဒက္ခြသည် လိမ်လျှောက်တဲ့ သူတွေလည်း အများသားဆိုတော့ ကျွန်တော်တို့ ပိုင်မြေမှာ အတူတကွ ရန်ဖြစ်

(အဲ– ) ပျော်ပျာ် ရွှင်ရွှင် နေထိုင်ကြရအောင်လို့ပါဗျာ။

ဌေးဇော်(အင်းဝ)

၁၀။ သြဂုတ် ၂၀၁၀

———-

၂၁ ရာစုနိုင်ငံရေးလောကဝေဖန်ချက် ( ကောင်းမြတ်သူ)

လက်ခုပ်သံများကြားမှ နိုင်ငံရေးလုပ်ရသည်မှာ လွယ်ကူသော် လည်း အငြင်းပွားဖွယ်ရာ အခြေအနေတွင် နိုင်ငံရေးလုပ် ရသည်မှာ အလွန်ခက်ခဲပါ၏ ။
လက်ခုပ်သံကြား နိုင်ငံရေးလုပ်သူများ ယခု ၂၀၁၀ အရေးအခင်းတွင် သူတို.မပါတော့။ သပိတ်မှောက်ကြဖို.ပင်ဆော်သြ နေကြ၏ ။
သူတို့ပါသည်ဟုပြောလျှင်လည်း သပိတ်မှောက်စေဖို့ ဆော်သြသည့် နည်းဖြစ်ပါသည်ဟု သာမှတ်ယူရပါမည် ။

ထို့အတွက်ပြည်သူထံမှ ၄င်းတို့ရရှိမည့်ဆုလာဒ်မှာ လက်ခုပ်သံများ ဖြစ်နိုင် ဖို့ရှိ၏ ။ လက်ခုပ်သံကြား ဆုလာဒ်များသည် နိုင်ငံရေး လုပ်သူ များအတွက် စိတ်လှုပ်ရှားစရာ အောင်မြင်မှု တစ်ခုဖြစ် နေခြင်း လားတော့မပြောတတ်ပေ ။
နားထောင်၍စိတ်လှုပ်ရှားဖွယ် ကောင်းနိုင်သော်လည်း ၊ ပြတ်သားတက်ကြွပြီး အောင် မြင်မှုမရှိသော မူဝါဒများ အတွက် မည်သူမျှ တာဝန်ယူနိုင်လိမ့်မည် မဟုတ်ပါ ။

၁၉၆၂ အာဏာသိမ်းခေါင်းဆောင်သည် ယခုအခါတွင်မရှိတော့ ။ ထိုခောတ်တွင်ပင် အာဏာရှင်စနစ်ကိုစတင်တော်လှန်ခဲ့သော မျိုးဆက်တို့ကို ကျွန်ုပ်တို့က ( ၆၂ ) မျိုးဆက်များဟုခေါ်သည်။ ထိုသူများ၏ အရေအတွက်ကား လွန်စွာနည်းပါးနေပြီ ၊ကျန်ရှိသူများ မှာလည်း အိုမင်းမစွမ်း ဖြစ်နေကြ၏ ။
၁၉၇၄/၇၅၀န်းကျင်တွင် တော်လှန်ခဲ့ကြသော မျိုးဆက်သာ လျှင် လှုပ်ရှားတက်ကြွနိုင်ဆုံးအသက် အရွယ်တွင်ရှိနေပါသည် ။ အာ ဏာရှင်စနစ်၏ အဖိနှပ်ဆုံးသော ကာလများတွင်တော်လှန်ခဲ့ကြသူ များဖြစ်၍ (အရေအတွက်သိပ်မများသည့်တိုင်)ကျွန်ုပ်တို့နိုင်ငံရေး လောက တွင် အတော်သြဇာကြီး ခဲ့ပေသည် ။
နိုင်ငံရေးကို လေ့လာသူတစ်ယောက် အနေဖြင့် ၁၉၇၄/၇၅ ပတ်ဝန်းကျင်တွင် ပေါ်ထွန်းခဲ့သော မျိုးဆက်အား တစ်ယောက်ခြင်းစီ ပင်လျှင် ရေတွက်၍ ရနိုင်ပါသည် ။ ၄င်းတို့ဘယ်မှာရှိသည် ၊ ဘာလုပ် နေသည် ၊ မည်သူတို့က မည်သည့်နိုင်ငံရေးခံယူချက်ရှိသည် စသည် ဖြင့် တစ်ယောက်နှင့်တစ်ယောက် ထိမ်ချန်၍မရ သိနိုင်ကြ၏ ။
စာရေးသူ လက်လှမ်းမှီသ၍ လိုက်လံဆွေးနွေးမှုများ မှရရှိ သော ရလာဒ်များအရ ၁၉၇၄/ ၇၅ အုပ်စု၏ ၅၀ % ကျော်မှာ လက်ရှိ အခြေအနေအား သပိတ်မှောက်ရေးသာလျှင်ဖြစ် ၍ ထိုမှတစ်ပါး ဘာ လုပ်မည်လဲဟုသတ်မှတ်ချက်မရှိသော မူဝါဒ လက်ကိုင်မရှိ နိုင်ငံရေးသ မား များသာလျှင်ဖြစ်နေကြ၏ ။
သပိတ်မှောက်ရေး လမ်းစဉ်နှင့်ပတ်သက်၍ သဘောထား အ တင်းမာဆုံးသူမှာ ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့် ရှိသူဖြစ်၍(၄င်း၏ သဘောထားကို ကွန်မြူနစ်ပါတီ၏ သဘောထားဟုလည်းမှတ်ယူရာ၏)။

အလယ်အလတ် သဘောထားရှိသူမှာ အမေရိ ကားမှ ဒေါက်တာ ထွန်းကျော်ငြိမ်းဖြစ်၏။ သူက ရွေးကောက်ပွဲကို သပိတ်မှောက်လျှင် တိုက်ပွဲ ကိုစွန့်ရာကျမည်ဟု ရေးသားခဲ့၏( မဉ္စိမ အွန်လိုင်းတွင် ရှု )။ မြန်မာ ပြည်တွင်းမှ လက်ရှိနိုင်ငံရေး အခြေအနေတွင်ပါဝင် ဖို့ကြိုးစားနေသူ များက ၇၄/၇၅ အုပ်စုဝင် ဒေါ်နေရီဗဆွေနှင့် ဒေါ်ချိုချိုကျော်ငြိမ်း တို့ဖြစ်၏ ။ သူတို့၏ နိုင်ငံရေးအမြင်များကိုတော့ မီဒီယာများတွင် အနည်း ငယ်ကြားရမည်ဖြစ်ပါသည် ။

၁၉၈၈ နိုင်ငံရေးမျိုးဆက်တို့မှာ လူဦးရေးအားဖြင့်အများဆုံး ဖြစ်သော်လည်း ၊ ပွင့်လင်းရာသီတွင် ပါဝင်လာကြသူများဖြစ်၍ ယခုအ ချိန်တွင် ယုံကြည်ချက်ခိုင်မာသူ များသာလျှင်လက်ကျန်ရှိတော့၏ ။ စာရေးသူအနေဖြင့် ၈၈ အုပ်စုဝင် ဖြစ်၍ ခောတ်ပြိုင် နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်များ ကြားတွင်လိုက်လံ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခဲ့သော မှတ်တမ်းများအရ ၅၀ %ကျော်တို့က လက်ရှိ နိုင်ငံ ရေး အခြေအနေကို ၀င်ရောက်ဖြတ်သန်းရမည်ကို လက်ခံကြောင်းပွင့်လင်းစွာပြောကြ၏ ။ အချို့ကတော့ စာရေးသူအား ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ မကန့်ကွက်လို ပါဟုပြောလာသူများလည်းရှိပါသည် ။

သို့သော် ပါဝင်သင့်ပါသည်ဟု ယူဆသော ၅၀% ကျော် သော ၈၈ အုပ်စုမှာလည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် ကိုယ် တိုင်
ပါဝင်ရန် (သို့) ပါဝင်နေသောပုဂ္ဂိလ်များအား လူသိရှင်ကြား ထောက်ခံရန် ငြင်းဆိုလျှက်ရှိကြ၏ ။

နောင်အနှစ် ( ၂၀ ) ကြာလျှင် ယခုအငြင်းပွားနေကြသော လူ ကြီးများ သက်ရှိထင်ရှားရှိနိုင်ကြတော့မည်မဟုတ်ပါ ။ သက်ရှိထင်ရှား ရှိ နိုင်သူများမှာလည်း လွန်စွာအိုမင်းမစွမ်း ရှိနေပေလိမ့်မည် ။ ယနေ့အ ချိန်တွင် သုံးလို့ကောင်းဆဲဖြစ်သော တော်လှန်ရေး ဆိုသော စကားလုံး သည်လည်း နောက် အနှစ် (၂၀)ကြာလျှင် ခက်ခဲစွာ စာလုံးပေါင်းရ မည်ဝေါဟာရတစ်ခုဖြစ်နေပေလိမ့်မည် ။ ၈၈ အုပ်စုဝင် များသည်ပင် လျှင် အသက် ( ၆၀ )ကျော်တန်းသို့ရောက်နေပေလိမ့်မည်။ ( ယခု ၈၈ အုပ်စုဝင်အများစုမှာ ၄၀ ကျော်ဖြစ်သည် )။ ယခုကာလတွင် ၈၈ ကျောင်းသားခေါင်းဆောင်ဟု နာမည်ကြီးနေသူများသည် လည်းနောင် အနှစ် ၂၀ ကြာလျှင် ဆံဖြူသွားကျိုး ဒုတ်ကောက်တစ်ချောင်းနှင့် ငါ ဘယ်သူဘယ်ဝါဟုမာန်တင်း နိုင်တော့မည်မဟုတ်ပါ ။

ထိုအခါမျိုးဆက်ပြတ်၍ ကယ်တင်မည့်သူမရှိသော မြန်မာပြည် နိုင်ငံရေးလောကသည် ၂၁ရာစုနှောင်းပိုင်းကာလအထိ ၀မ်းနည်း ဖွယ်ရာ မတည်ငြိမ်မှုများဖြင့် ဖြတ်သန်းရဖို့ရှိနေပါသည် ။ နောင်အနှစ် ၂၀ ကြာသောကာလတွင် ပြည်သူကလည်း နိုင်ငံရေး သမား များကို လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ ။ ထိုအခါနိုင်ငံရေးသမားကောင်းဟူ၍ လည်းပေါ်ထွက်လာနိုင်မည်မဟုတ်ပဲ နိုင်ငံရေး လောကသည် အချောင် သမားများနှင့်သာပြည့်နှက်နေမည်ဖြစ်ပါသည် ။ (ထိုကာလမျိုးသည် နှစ် ၅၀ ခန့်ကြာတတ်ပါသည် ။)
ထိုအချိန်ဆိုလျှင် ရေနံ ၊သဘာဝဓါတ်ငွေ့နှင့် သထ္တုရိုင်းသိုက် များ၊သစ်တောများလည်း ကုန်သလောက်ရှိနေပြီဖြစ်ပါသည်။
(ညူက လီးယားစမ်းသပ်မှု ပင်လယ်ထဲ ကျကုန်မည်၊) ယခုအချိန်လောက်တွင် စိုက်ပျိုးထားသော သစ်တောများကိုသာ ၂၁ ရာစုကုန်ခါနီး လောက် တွင် တွေ့နိုင်ပါသည်။

နိုင်ငံရေးဆိုသည် မှာ ရေရှည်လမ်းမျှော်ကြည့်၍ ယနေ့ကာ လ၏ ဆုံးဖြစ်ချက်များကိုချရသောအလုပ်ဖြစ်ပါသည် ။
အချို့သော ဆုံး ဖြစ်ချက်များသည် မနက်ဖြန်သဘက် အလုပ်အကိုင်အခွင့်အလန်းများ ရရှိစေဖို့ဖြစ်နိုင်သော်လည်း ၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေးဆိုသည် က အနှစ် ၂၀ မက ရေရှည်လုပ်ဆောင်ရသောလုပ်ငန်းမျိုးဖြစ်နေတတ် သည်။ ပညာရေးပြုပြင်ပြောင်းလဲမှုကို ယခုစတင်ပါမှ နောင်၁၀နှစ် ကျော်ကြာလျှင် အရည်အချင်းရှိသော အထက်တန်းကျောင်းသားများကို တွေ့မြင်နိုင်မည် ။ အားလုံးစဉ်းစားကြဖို.ဖြစ်ပါသည်။ တိုက်ပွဲဝင်ဖို့အော်ဟစ်ခြင်းမှာ လွယ်ကူသော်လည်း အောင်မြင်မှုရရန်မူကား အလွန်ခက်ခဲပါသည် ။

ယခုကာလတွင် စကားများမနေကြပဲ အသေအကြေလုပ်နိုင်ပါ မှ နောင်အနှစ် ၂၀ ကြာလျှင် နိုင်ငံရေးမျိုးဆက်တစ်ခုကို မွေးဖွားပေး
နိုင်လိမ့်မည်ဖြစ်ပါသည် ။

စာရေးသူတို့ကြိုးပမ်းနေသော ကိစ္စမှာ ဒီမိုကရေစီရရှိရေးကြိုး ပမ်းမှုထက် ၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနိုင်မည့် နိုင်ငံရေးမျိုးဆက်သစ်
တစ်ခုအား မွေးထုတ်ပေးနိုင်ရေး သာလျှင် ဖြစ်ပါသည် ။ နိုင်ငံရေး မျိုးဆက်တစ်ခု ပေါ်ထွက်လာရေး (သို့) မွေးထုတ်ပေး နိုင်ရေးမှာ လွယ်ကူသော ကိစ္စတစ် ခုမဟုတ်ပါ။ ဤသည်ကို အနှစ် ၂၀ ကျော်ခန့်အနည်းဆုံးဖြစ်သန်းခဲ့ဘူးသော နိုင်ငံရေး လုပ်သူတိုင်း သိရှိ ပါသည် ။

ပြာပုံဘ၀မှ မိုးပေါ်ရောက်သည်ဆိုသော နိုင်ငံများမှာ ဂျာမဏီ နှင့် ဂျပန်တို့ကဲ့သို့ နဂိုလ်ရှိရင်းစွဲ နိုင်ငံများ အဖို့သာဖြစ်နိုင်ပါ၏ ။
ရှိရင်းစွဲမရှိသော နိုင်ငံများမှာ ပြာပုံထဲ မှခုန်ထွက်လျှင် ပြာပုံဘေးသာ ရောက်နိုင်ပါသည် ။
သယံဇာတဆိုသည်မှာ ရောင်းစားဖန်များလျှင် ကုန်တတ်ပါသည် ။

ခင်မင်လေးစားလျှက်<br>
( ကောင်းမြတ်သူ) http://myanmardemocracycongress.blogspot.com/

26 Jul 2010

။။။။။။။။။။။

ခွေးတိုးပေါက်၊ငါးမျှားချိတ်နဲ့ ဖွတ်

ကျနော်ငယ်ငယ်က အဖြစ်အပျက်လေးတခုသတိရမိတယ် သူငယ်ချင်းတွေနဲ့ စစ်တိုက်တန်း ကစားကြတာ ကစားရင်းနဲ့ ခြံစည်း ရိုးတခု နားရောက်တော့ အောက်ခြေမှာ အပေါက်သေးသေး လေးတခုတွေ့တယ် ခွေးတိုးပေါက်လို့ခေါ်တာပေါ့လေ ကစားရင်းနဲ့ အရှိန်လေး ကလည်းရှိ တော့ ခလေးပဲဆိုတော့ တဖက်ရောက်ဘို့တိုးဝင်လိုက်တာ ကျောကုန်းမှာ ခြံစည်းရိုးနဲ့ငြိက ရော သွေးတွေ ထွက်လာတော့ ထုံးစံ အတိုင်းငိုတော့တာပေါ့ဗျာ ပြီးတော့ ကျနော့်ဘဘ ဆီကိုအော်ပြေးတော့တာပေါ့ ဘဘကမေးတယ်- မင်း ဘာ ဖြစ်လာတာလဲတဲ့ ကျနော်ဟိုအ ပေါက်ကလေးကတိုးဝင်လိုက်တာ အခုလိုဖြစ်သွားတာဆိုတော့ တယ် ဒီကောင်လေးနယ် အဲ့ဒါ ခွေးတိုးပေါက်လေးပဲကွ မင်းကလူလေခွေးမှ မဟုတ်တာ ဖြစ်ပြီမလား လာခဲ့ဆိုပြီး အရက်ပြန် နဲ့သုတ်တော့ အော်ခဲ့ရတာလေးမှတ်မိ နေသေးတယ်။ (စကားချပ်)

အခုလဲလေ နအဖစစ်အုပ်စုကလုပ်မဲ့ (၂၀၁၀) ရွေးကောက်ပွဲဆိုတဲ့ အပေါက်ကနေတိုးဝင် ကြဘို့လုပ်နေကြတဲ့သူတွေအတွက်
ကျနော်စဉ်းစားမိနေတာကတော့ ကျနော်ငယ်ငယ်က ခွေးတိုးပေါက်ကတိုးဝင်သလိုဖြစ်နေမလားတွေးမိတာ။ ဘယ့်နှယ့်ဗျာ-
အခြေခံဥပဒေဆိုတာကြီး တခုလုံးကလည်း ဘယ်လိုမှတရားမျှတမှုမရှိ (ဥပမာ။ ။ စစ်တပ်က အာဏာသိမ်းလို့ရအောင် တောင် ဥပဒေထဲထည့်ရေးထားတာ ကမ္ဘာပေါ်မှာ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိဘူး) ဒါကြီး အောက်မှာမှ ကော်မရှင်ဆိုတာလဲ စစ်အုပ်စု စိတ်ကြိုက်လူတွေနဲ့ ဥပဒေကလဲ မတရား ဒီတော့ ဒီရွေးကောက်ပွဲကဘာဖြစ်လာမလဲ ရှင်းနေတဲ့ဟာကြီးနော်။ ကြံဖွံ အသင်းက နေ အခု ပါတီဖြစ် သွားပြီ။ ဒါကို ကြံဖွံအသင်းဆိုတာကြီးစစ်အုပ်စုလုပ်ကတည်းက ထောက်ပြခဲ့ကြတာပဲ တချိန် မှာ ဒီလိုလုပ်မှာ ပါဆို တာလေ။ ဒါကိုပဲ တလော့လေးကကြားလိုက်ပါသေးတယ် ဒီအပေါက်က နေတဆင့်သွားသင့်တယ်လေးဘာလေးမြန်မာ့အရေးဆိုင် ရာပညာရှင်လေးတွေ စာတမ်းဖတ် တယ်ဆိုလားဘာလား။ အေးဟေ့ အားနာနာနဲ့ပြောရရင်အဲ့ဒါ ခွေးတိုးပေါက်ဟေ့ ခွေးတိုး ပေါက် ဟ စည်းကမ်းရှိသောဒီမိုကရေစီ ဆိုတာကြီးကို စစ်အစိုးရက သွားပါ့မယ်ပြောပြောနေတာလေ ဒီလောက်မှဖွင့် မထားရင်ဘယ် ရမလဲ။ ဒါကိုအခွင့်အလမ်းးဆိုပြီးမှန်းနေကြတာ တော်တော်လေး ကိုခက်နေကြပါကလား။

အခုပဲကြည့်လေ ရွေးကောက်ပွဲဘယ်ရက်စမယ်မပြောသေးပေမဲ့ ကြံဖွံပါတီကြတော့ လုပ်စရာ ရှိတာတွေလုပ်နေကြတာ ဗိုလ်သိန်းစိန် တောင် ဦးသိန်းစိန်လုပ်ပြီးသွားပြီ ကျန်တဲ့ပါတီတွေ ကြတော့ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ အိုဗျာ.. စုံနေတာပဲ ဒါလားဒီမိုကရေစီ သွား ချင်တာ။
ဗမာစကားပုံတွေကစုံနေတော့ ထပ်ပြောခြင်သေးတာ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ စစ်အုပ်စု ကငါးစာချထားတာ ဟင်း…ပြေးဟတ်
လိုက်လို့ကတော့ ငါးမျှားစာမိပြီသာမှတ်၊ လွတ်တော်ထဲ အတိုက်အခံတွေမရောက်နိုင်အောင်ဂွင်ဆင်ပြီးသားကြီးရှင်းနေတာပဲလေ။ တိုင်းရင်းသား ပါတီတချို့ အခုထိတောင်မှတ်ပုံတင်လို့မရသေးဘူး စစ်အုပ်စုဘက်ကတော့ အကွက်စိအောင်သေသေချာချာ လုပ်နေ တာ ရှင်းနေတာပဲ အာဏာသူတို့လက်ထဲကနေလွတ် မသွားအောင်ပုံစံတမျိုးနဲ့ ဂွင်ဆင်ထားတာကြီး။

အခုတလောရွေးကောက်ပွဲဝင်မယ်လို့ဆိုထားတဲ့အဖွဲ့တွေပဲ မီဒီယာမှာ ငြီးသံလေးတွေစုံလို့ ကြားလာရတာ တချို့ကြတော့လဲ နီးစပ်ရာ လေးတွေညီးပြသဗျ ဒီပုံဆိုရင်တော့ ဘာဖြစ်သ လေးညာဖြစ်သလေး ရွေးကောက်ပွဲဆိုတာနီးလာလေ သူတို့လုပ်ရ ကိုင်ရတာ ကြပ်လာလေနဲ့ တူပါတယ်လေ။ အစကတည်းက ဒါကြီး(၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးက) လိမ်ဆင်ကြီးပါ ဆိုတော့ ဒီအပေါက်ကပဲ တိုးဝင်ရမယ်-ဆိုသလိုလို အခုတော့ငြီးလာလိုက်ကြတာလေ။ ကျနော် တွေးမိတယ်လေ အော်… အိပ်များငိုက်လာ လိုက်ကြသလားလို့။ ဟုတ်တယ်လေ ကြာလေ ဘီလူးရုပ်ကပိုပီပြင်လာလေဆိုတော့ ဖြစ်ကြမှာပေါ့လေ လူ့သဘာဝကိုး။

ဒီတော့ အကြံလေးဘာလေး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကိုယ်တော့်ကြီး၊သေးများကို အကြံ ပေးခြင်သဗျာ။ အခုကတည်းက မတရား တာတွေကို စံနစ်တကျထောက်ပြကြပါ စုနိုင်သမျှ စုပြီးလုပ်ပေး၊ တောင်းဆိုပေး။ လူထုကိုစည်းရုံးလို့ရ သလောက်ဂွင်ကနေ ဒီဟာကတော့ မတရား တာ ၊ဒါကတော့ မဖြစ်သင့်တာဆိုတာကို တိုင်းပြည်ကိုရွေးကောက်ပွဲကနေတဆင့် ပြောင်းလဲမှု ဆီသွား ချင်ပါတယ်ဆိုတဲ့ သူတွေက လုပ်ကိုလုပ်ရမဲ့ အလုပ်လို့ထင်တာပဲ။

ဒါလုပ်နိုင်တဲ့အလုပ် လေးတွေကို တရားသဖြင့်လုပ်တာလို့ ကျုပ်ကတော့ထင်တာပဲ၊ ကျုပ်တို့ကတော့ (၂၀၁၀) အစကတည်းက လက်မခံဘူး။ ဒီတော့ ကျုပ်တို့အလုပ်ဆက်လုပ်သွားကြမှာပါ စိတ်ချပါ။ ဒီလိုမဟုတ်လို့ကတော့ နောက်ထပ်စကားပုံ လေးတခု ပြောရအုံးမယ်ဗျာ မွဲခြင်တဲ့ ခွေးပြာပုံတိုး တဲ့ လိုအပ်သလိုသာ တွေးကြပေတော့ဗျို့။ ခင်းဗျားတို့နဲ့(ရွေးကောက်ပွဲ ဝင်ချင်တဲ့သူတွေ) နဲ့ ကျနော်တို့နဲ့ တိုင်းပြည်ကို ပြောင်းလဲချင် တာတော့ တူလောက်တယ်ထင်တာပဲ။ မတူတာက စဉ်းစားတွေးခေါ်လုပ်ကိုင်ပုံပဲ။ ထားလိုက်ပါတော့လေ ဗန်းမော်ဆရာတော် စကားနဲ့ပြောရ ရင်တော့ ဖွတ်ကြိုက်တဲ့ကောင် ကလည်းဖွတ်၊ မိန်းမကြိုက်တဲ့ကောင် ကလည်းမိန်းမလို့ ပြော သွားတာတော့ ကြားဘူး၊ဖတ်ဘူးပါတယ်။

အော် ကျန်သွားလို့ထပ်ပြောပါရစေဗျာ ဘာတဲ့.. အော် ဘုရားမှတ်လို့ကိုးကွယ်တာ ဖွတ်ထွက် လာမှ တောင်ပို့မှန်းသိတော့တယ် ဆိုသလိုဆိုရင်တော့ ကျိန်းသေတယ်ဗျို့ ထွက်လာမဲ့ဖွတ်က ကြံဖွတ် ဆိုတာတော့ ကျိန်းသေတယ်။
ထွန်းထွန်း (လူ့ဘောင်သစ်)

၁၆။ဇူလိုင် ၂၀၁၀

—————-

ငါ့ကောင်တွေရဲ့ နိုင်ငံရေးရေချိန်-

– အောင်မျိုးထွန်း

ပြည်တွေတွေရဲ့ နိုင်ငံရေးရေချိန်ကို မြှင့်ပေးရမယ်၊ ပြည်သူတွေနိုင်ငံရေးရေချိန်မြင့်မှ တိုင်းပြည် ရေချိန် မြင့်မယ် ဆိုသည့် စီညံစီညံလေသံတချို့ ကြားကြားနေရပါသည်။

နိုင်ငံရေးရှေ့ ဆောင်များအပါအ၀င် ဂုရုကြီးတချို့ ၏ မန်းမှုတ်သံတွေကို ကြားရဖန်များ လာသော ပြည်သူတို့ စိတ်ဆင်းရဲကြီးစွာဖြစ်ကြရသည်။ ခွက်ခွက်လှန်အောင် ရယ်မော ဟားတိုက်ကြသည်။
ရင်းနှီးလှသော မိတ်ဆွေတစ်ဦးကိုယ်တိုင် သံယောင်လိုက်ပြီး ငါတို့ ပြည်သူတွေ နိုင်ငံရေးရေချိန် သိပ်နိမ့်တယ် ဟု ယိုးစွပ်ပြန်သည်။

သူတို့ ပြောသော ပြည်သူတွေဆိုတာ ဘယ်သူတွေပါလဲ။

ဆိုက်ကားဆရာများ၊ ဘတ်စ်ကားယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းများ၊ ကွမ်းယာ ယာသူများ၊ ပလက် ဖောင်းပေါ် ဈေးရောင်း သူများ စသည်တို့ ကို ဆိုလိုချင် သည်လား။
ဒါမှမဟုတ် ဟစ်ဟော့ဂီတ တိမ်းမူးလူငယ်များ၊ နားဖောက် နားကပ်ပန် ဆံပင်ဆေးဆိုး လူငယ်များ၊ ဘောင်းဘီပွပွ အကျီ င်္ချောင်ချောင် ရက်ပါ လူငယ် များ စသည်တို့ ကို ဆိုလိုချင် တာလား။

ဒါမှမဟုတ် ပညာရည်ဆိုးရွားနိမ့်ပါးပြီး ကိုယ်ကာယအရင်းပြုလို့  နေ့ စဉ်ဘ၀အတွက် ရုန်းကန်နေရသော နင်းပြား ဆင်းရဲသားများကို ဆိုလိုချင် တာလား။
လက်ပေါ်နဖူးတင် စဉ်းစားကြစေချင်ပါသည်။ မြန်မာ့ဒီမိုကရေစီရေးနည်းပြဆိုသူများ ဦးနှောက်ပွက်ကြစေချင်သည်။

နှစ် ၂၀ ကျော်ကြာခဲ့ပြီဖြစ်သော ၈၈ လူထုဒီမိုကရေစီအုံကြွမှုကြီးကို ကျွန်တော်ကျွန်မ တို့ လုံးဝမသိပါ၊ မသိသဖြင့် ဘယ်လိုမှမခံစားရပါ ဟု ယနေ့ ဆယ်ကျော်သက်လူငယ်လူရွယ် များ ပြောလာလျှင် ပြသ၁နာမရှိပါ။ အမှန်တရားသာ ဖြစ်သဖြင့် လက်ခံပေးရန်အသင့်ရှိပါ၏။

သို့ သော် မဝေးလှသေးသော ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုကြီးကို ထိုဆယ်ကျော်သက် လေးများ ကောင်းကောင်းသိပါသည်။
ထို လုံငယ်လုံမငယ်လေးများကိုယ်တိုင် ရှေ့ တန်း တစ်နေရာမှ ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားခဲ့ကြပါသည်။

ရွှေဝါရောင်အရေးသည် နှစ်ဆယ်တန်းအရွယ်ခေတ်လူငယ်များ၏ သူတို့ တိုးမိတိုက်မိ သော နိုင်ငံရေးဖြစ်သည်။
သူတို့ ရင်ဘတ်နှင့်ရင်းပြီး ခံစားရသောနိုင်ငံရေးဖြစ်သည်။ မှတ်ဥာဏ် ထဲစွဲသွားသော သူတို့ နိုင်ငံရေးဘ၀ဖြစ်သည်။

ထိုမျှနှင့်ပင် လုံလောက်ပါသည်။ အေးဆေးပါသည်။
တီရှပ်စွပ်၊ ဂျင်းရှည်ထိုး၊ စကဒ်တိုတိုစည်း၊ ကွာတားဘောင်းဘီဝတ် လုံငယ်လုံမငယ်များ နှင့်အတူ နင်းပြားဆင်းရဲသားများ၊ လမ်းဘေးဈေးသည် လက်လုပ်လက်စား အခြေခံလူတန်းစား များ လက်ချင်းချိတ်ဆက်ပြီး သံဃာတော်များကို ၀ိုင်းရံပံ့ပိုးပေးခဲ့သည့် ကြက်သီးတဖြန်းဖြန်း ထလောက်ဖွယ် မြင်ကွင်းများကို ငါတို့ နှင့်မဆိုင်ဟု လက်လွှတ်စပယ်ပြောလို့ မရပါ။

သူတို့ သေပြေးရှင်ပြေး ပြေးခဲ့ရသည်။ တချို့ နယ်စပ်များသို့ ရောက်သွားသည်။ တချို့  ထောင်ထဲရောက်သွားသည်။
နိုင်ငံရေးရေချိန် နိမ့်ပါသေးသည်ဟု ထိုမော်ဒန်လူငယ်များနှင့် အခြေခံလူတန်းစားများကို နှိမ့်ချအပြစ်ပြောလိုသော နိုင်ငံရေးသမားတော် ဆိုသူများ ရှိလာခဲ့လျှင် ဆရာသမားများ ကျန်းမာ ချမ်းသာကြပါစေဟု ဆုတောင်းပေးရုံမှတပါး အခြားမရှိတော့ပါ။

ခေတ်လူငယ်တွေ နိုင်ငံရေးကို ကြောက်နေတယ်၊ နိုင်ငံရေးက ထွက်ပြေးကြတယ် ဟု ယနေ့ ရွေးကောက်ပွဲနိုင်ငံရေးသမားများနှင့် ရွေးကောက်ပွဲ အလိုတော်ရိများ၏ ခေတ်လူငယ် တို့ အပေါ် အောက်တန်းကျသိမ်ဖျင်းသော ပုတ်ခတ်မှုများကို လုံးဝဆန့် ကျင်ရပါမည်။ ဗြောင်လိမ်ဗြောင်စားစွပ်စွဲချက်များဖြစ်သည်။

သူတို့ ၏ မကြောက်စိတ်နှင့် စွန့် လွှတ်စိတ်ထားများကို ၂၀၀၇ ဖြစ်ရပ်များက ကွင်းကွင်း ကွက်ကွက် မီးမောင်းထိုးပြသွားခဲ့ပြီဖြစ်သည်။ တခြားတပါး တိုင်းပြည်များနှင့် အာဏာပိုင်တို့ ၏ အကျဉ်းထောင်ထဲ အဖေကွဲအမေကွဲ၊ သားကွဲသမီးကွဲ၊ မိသားစုများနှင့်ကွဲကွာလျက် သူတို့ ၏ စံကို သူတို့ ပြသခဲ့ကြ ပြီး ဖြစ်သည်။ မှတ်ကျောက်တင်ခဲ့ပြီးဖြစ်သည်။

သူတို့ သည်သူကောင်းပြုမှု၊ ချီးမြှောက်မှု တို့ အတွက် စိတ်ဝင်တစားမရှိကြပါ။ သူရဲ ကောင်းများဟု မခေါ်လိုပါကလည်း တစုံတရာရှော့ခ်မရှိပါ။ သူတို့ သည် စေတနာဖြူစင်စွာဖြင့် ခေတ်တာဝန်ကို ထမ်းရွက်နိုင်သလောက် သယ်ပိုးထမ်းရွက်သွားကြသော ဒီမိုကရေစီဘက် တော်သားများသာဖြစ်ပါသည်။ ခေတ်အဆက်ဆက်ရှိခဲ့ကြပါသည်။
အမြဲတမ်းအမှတ်တရနှင့် အမြဲတမ်းသတိရဖွယ်ကောင်းလွန်းလှသည်။

ပြည်သူလူထုသည်သူတို့ အရသာမတွေ့ သောနိုင်ငံရေး၊ သူတို့ အာရုံမရသောနိုင်ငံရေး၊ သူတို့ ဖီလင်မလာသော နိုင်ငံရေးအလုပ်များအတွက်အချိန်ကုန် လေကုန်မခံနိုင်ပါ။ သုံးလ တန်သည်၊ ခြောက်လတန်သည် လုံ့ လမစိုက်ထုတ်နိုင်ပါ။ ခေတ်စကားနှင့်ပြောရလျှင် ပျင်းစရာ သိပ်ကောင်းပါသည်။

ဘယ်သင်းက နိုင်ငံရေးအတု၊ ဘယ်သင်းက နိုင်ငံရေး အစစ်ဖြစ်ကြောင်း သူတို့ ကောင်း ကောင်းသိသည်။ စိစိညက်ညက်အမှုန့် ဖြစ်လောက်အောင်ကို သူတို့ သိပါသည်။
မည်သည့်အရာကိုမျှ လှုံ့ ဆော်စရာမလိုအပ်သလို ရပ်တန့် ခိုင်းဖို့ လည်းမဖြစ်နိုင်ပါ။
သမိုင်းဘီးကို ပြည်သူလူထု လှိမ့်ပါလိမ့်မည်ဟုဖေါ်ပြထားသောသူရိယအင်တာနက်စာမျက်နှာပါဆောင်းပါးအားကူး

ယူဖေါ်ပြလိုက်သည်။

About zaw mg

zaw mg has written 120 post in this Website..