အပတ်စဉ်တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (သို့တည်းဟုတ်) အောင်ဇေမီဒီယာရဲ့ သတင်းကဏ္ဍကနေ ဒီတပတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….

 

• ဒေါ်အောင်ဆန်းစုကြည်နဲ့ US လွှတ်တော်အမတ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့ သတင်း၊
• လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးနေတဲ့ ပညာရေးအသုံးစရိတ် ၂၀ % တိုးမြှင့်ပေးဖို့ အစိုးရက သဘောမတူဘူးဆိုတဲ့သတင်း ၊
• တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) စာချုပ်မူကြမ်းပဏာမ သဘောတူ လက်မှတ်ထိုးကြပြီဆိုတဲ့သတင်း
• ၂၈ လပြည့်တဲ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး လက်ပံတောာင်းဒေသနဲ့ ရန်ကုန်မြို့မှာ ဆန္ဒ ပြမှုသတင်းများ ၊
• ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာပြည်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့သတင်းမီဒီယာအဖွဲ့ IPI ညီလာခံဆိုင်ရာ နောက်ဆက်တွဲသတင်းများ၊
• ရခိုင်ပြည်နယ်ထဲက နစ်မြုပ်သဘောင်္ကြီးရဲ့ နောက်ဆက်တွဲ သတင်းများ
• မြန်မာပြည်တွင်းဖြစ်ပွါးနေတဲ့ စစ်ပွဲအခြေအနေသတင်းများ၊
• မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်လိုက်တာကို မြန်မာအစိုးရက ပယ်ချလိုက်တဲ့သတင်း၊
• အဓမ္မသိမ်းယူနေတဲ့ မြေယာပြဿနာဆိုင်ရာ အစီရင်ခံစာတစ်ခု ထုတ်ပြန်လိုက်တဲ့သတင်း၊
• မလေးရှားက မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို မြန်မာအစိုးရ ရေတပ်သင်္ဘောနဲ့ ပြန်ခေါ်လာတဲ့သတင်း
• မြန်မာအပါအဝင် တခြားဆင်းရဲတဲ့ နိုင်ငံတွေဆီက အလုပ်သမားတွေကို ကျွန်ပြုခိုင်းစေမှုတွေနဲ့ US ရဲ့ သဘောထား  ပြောဆိုမှုများ ၊
• စစ်တပ်နဲ့ အရပ်ဘက်ဝန်ထမ်း လစာတွေကို လစာတွေ အမြောက်အများ တိုးပေးလိုက်တဲ့သတင်းနဲ့….
• US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများအပါအဝင်…
• အခြား သိမှတ်ဖွယ်ရာ သတင်းအဖြာဖြာကို တင်ပြပေးမှာ ဖြစ်ပါတယ်။

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဧပြီလ ၁ ။
NLD ပါတီ ၊ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို US အောက်လွှတ်တော်အမတ် Nancy Pelosi နန်စီ ပလိုစီ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လွှတ်တော်အဆောက်အဦးမှာ သွားရောက်တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD လွှတ်တော်ကိုယ်စားလှယ် ငါးယောက် တက်ရောက်ခဲ့ပြီး US လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဘက်က ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ငါးဦးနဲ့ ရီပတ်ပလစ်ကန်ပါတီက အမတ် တစ်ဦးပါဝင်ပါတယ်။
US လွှတ်တော်အမတ် Nancy Pelosi ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတွေကို ခရီးထွက်လာတာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကိစ္စများ၊ အမျိုးသမီးရေး၊ အလုပ်သမားရေးနဲ့ ဘာသာရေး … အစရှိတဲ့ လူ့အခွင့်အရးဆိုင်ရာပြဿနာတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
US လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း ဧပြီလ ၁ ရက်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၃၁ ။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)တို့ အကြား ဒီကနေ့ ပဏာမ သဘောတူ လက်မှတ်ထိုး လိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပတဲ့ အန်စီအေ သဘောတူစာချပ်ဆိုင်ရာ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ၈ ရက်မြောက်နေ့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေက သမ္မတ ဦးသိန်းစိန်ရှေ့မှောက်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်ကို အပြန်အလှန် လဲလှယ်ခဲ့ ကြတာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ကတော့ အခုလို နှစ်ဖက်သဘောတူညီမှု ရရှိတဲ့အတွက် ၀မ်းသာ ကြောင်းလည်း ဒီလက်မှတ်ရေးထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ ပဏာမ သဘောတူညီချက်ရထားတဲ့ စာချုပ်မူကြမ်းကို သက်ဆိုင်ရာ ခေါင်းဆောင်တွေထံ နှစ်ဖက်စလုံးက ပြန်လည်တင်ပြပြီး တပြည်လုံးအပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ကြရဦးမှာဖြစ်ပါတယ်။
မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးလှမောင်ရွှေကတော့ မြန်မာအစိုးရအနေနဲ့ ဘာမှ ဆွေးနွေးစရာမလိုတော့ပဲ လက်မှတ်ထိုးဖို့ အသင့်ဖြစ်ပြီလို့ အေအက်ဖ်ပီကို ပြောပါတယ်။
အခုလောလောဆယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေးယူထားတာဖြစ်ပြီး တအောင်းပလောင်အဖွဲ့နဲ့ ကချင် ကေအိုင်အေ အဖွဲ့နဲ့တော့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးပါဘူး။
ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၃၀ ။
၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ နေ့က လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့တဲ့ သံဃာတွေနဲ့ အရပ်သားတွေကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပေမယ့် ဒီကနေ့ ၂၈ လပြည့်တဲ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက်ဆိုပြီး မတ်လ ၂၉ ရက်နေ့မှာ လက်ပံတောာင်းဒေသနဲ့ ရန်ကုန်မြို့မှာ ဆန္ဒ ပြခဲ့ကြပါတယ်။
လက်ပံတောင်းတောင်မှာ ဒေသခံတောင်သူတွေနဲ့ သံယာ အပါး (၁)ရာလောက်ကို ဒဏ်ရာရစေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြီးဟာ ၂၈ လပြည့်လာပေမဲ့ အခုချိန်ထိ အဆိုပါဖြိုခွင်းမှုရဲ့ တာဝန်ရှိသူတွေကို အာဏာပိုင်တွေအနေနဲ့ အရေးယူတာမျိုးမရှိသေးပါဘူး။
ဒါ့ကြောင့် အခုအချိန်မှာ ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ လက်ပံတောင်းတောင် ဒေသခံတွေအပြင် ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူတွေကပါ တောင်းဆို ဆန္ဒ္ဒပြကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ အသိမ်းဆည်းခံနေရတဲ့ မြေယာတွေပြန်ရရေး၊ သံဃာတော်များကို မီးလောင်ဒဏ်ရာတွေ ရရှိအောင်လုပ်ခဲ့သူတွေကို အရေးယူပေးရေးနဲ့ ကြေးနီးစီမံကိန်း ဖျက်သိမ်းပေးရေးတွေကို အဓိကတောင်းဆိုခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ဒေသမှာ မြန်မာ့စီးပွာရေးဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ ဝမ်ပေါင် ကုမ္ပဏီတို့ဟာ လျော်ကြေးငွေ မယူထားတဲ့ တောင်သူတွေရဲ့  လယ်မြေတွေကိုပါ သိမ်းဆည်းပြီး ခြံစည်းရိုးခတ်ထားတာကြောင့် ဒေသခံတွေဟာ စာဝတ်နေရေးခက်ခဲနေကြောင်း သိရပါတယ်။
ဒီမြေတွေကိုမှ လုပ်မစားရတော့ဘူးဆိုရင် ဒေသခံတွေရဲ့အခြေအနေဟာ လုပ်စားစရာ ဘာမှကို မရှိတော့ကြောင်း ၊

ဒေသခံတချို့ကဆိုရင် ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္မဏီတို့ အနီး လမ်းဆုံနဲ့ ပုသိမ်၊ မုံရွာလမ်းမ လမ်းဆုံတွေမှာ ခွက်ဆွဲပြီးတောင်းစားကြဖို့တောင် စဉ်းစားနေပြီဖြစ်ကြောင်း ဒေသခံဆန္ဒပြသူတွေက ပြောဆိုနေပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၉ ။
ကမ္ဘာ့သတင်းမီဒီယာအဖွဲ့ကြီးဖြစ်တဲ့ IPI ညီလာခံကို ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာပြည်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။
အဆိုပါ ညီလာခံမှာ မြန်မာပြည်တွင်း သတင်းထောက်တွေကို ရိုက်နှက်ဖမ်းဆီးတာတွေဟာ အနုတ်လက္ခဏာပြတဲ့ဖြစ်ရပ်ပဲ…လို့ IPI အဖွဲ့ဝင်တွေကသုံးသပ်ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ တာဝန်ယူထားတဲ့ သတင်း လွတ်လပ်ခွင့်ကို လေးစားစွာ လိုက်နာဆောင်ရွက်ဖို့ IPI ညီလာခံက တိုက်တွန်းလိုက်ပါတယ်။
မြန်မာပြည်ဟာ အပြောင်းအလဲတွေဖြစ်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကစပြီး တိုးတက်မှုတချို့ ရှိခဲ့တာကို IPI အဖွဲ့ကြီးအနေနဲ့ အသိအမှတ်ပြုထားပေမဲ့ အခုတလော သတင်းထောက်တွေကို ဖမ်းဆီးထောင်ချခြင်းများနဲ့ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ သတင်းထောက်တွေကိုပါ ရိုက်နှက်ဖမ်းဆီးခြင်းတွေဟာ အနုတ်လက္ခဏာပြတဲ့ ဖြစ်ရပ်တွေပဲလို့ IPI က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ညီလာခံအဖွင့်မိန့်ခွန်း ပြောကြားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်အနေနဲ့ မြန်မာပြည်တွင်းက သတင်းလွတ်လပ်ခွင့်ကို ထိန်းသိမ်းသွားပါ့မယ်လို့ ပြောဆိုခဲ့တဲ့အတိုင်း မဖြစ်မနေဆောင်ရွက်ဖို့ ထပ်မံတိုက်တွန်းကြောင်းလည်း IPI ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Barbara Trionfi က ပြောဆိုခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ အဆိုပါ ညီလာခံကို မိတ်ဖက်အဖွဲ့ဝင် မဇ္ဈိမသတင်းဌာနနဲ့ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း (၆ဝ) ကျော်ရှိ IPI အဖွဲ့ဝင် သတင်းသမားများ စုစုပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ ချက်ထရီယမ်ဟော်တယ်မှာ မတ်လ (၂၇) ရက်နေ့က စတင်ကျင်းပတဲ့ IPI ညီလာခံမှာ အဖွင့်မိန့်ခွန်း ပြောကြားတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို ရိုက်နှက်ဖမ်းဆီးခံခဲ့တဲ့ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးသွားပါ့မယ်လို့ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၈/ ၂၉ ။
မတ်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မြို့ခံသံဃာတော် ၂ ပါး လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ သတင်းနဲ့ စပ်ဆက်နေတဲ့ နစ်မြုပ်သဘောင်္ကြီးရဲ့ နောက်ဆက်တွဲ သတင်းကို ကြေညာပေးပါ့မယ်။
အဆိုပါ သံဃာတော်နှစ်ပါးဟာ ဒေသခံတွေရဲ့ အသက်အန္တရာယ်လုံခြုံစေဖို့ ရေယာဉ်တွေကို အသစ်ဝယ်ယူပြေးဆွဲပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
မတ်လ ၁၃ ရက်နေ့က လူ့အသက်ပေါင်းများစွာ အစုလိုက်အပြုလိုက် သေဆုံးခဲ့တဲ့ အောင်တံခွန် အမှတ် (၃) သင်္ဘော နစ်မြုပ်တဲ့အဖြစ်ဆိုးမျိုး နောက်ထပ်မဖြစ်ရအောင် ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိကြောင်း ဆန္ဒပြသံဃာတော်နှစ်ပါးက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရပိုင်းက တာဝန်ယူပြေးဆွဲနေတဲ့ ရေကြောင်းခရီးစဉ်တွေမှာ အိုဟောင်းနေတဲ့ ရေယာဉ်တွေအစား လုံခြုံစိတ်ချရတဲ့ ခေတ်မီ ရေယာဉ်တွေကို အစားထိုးပြေးဆွဲဖို့နဲ့ ရေယာဉ်ပေါ်မှာ ဆက်သွယ်ရေးစနစ်ကောင်းမွန်ဖို့ ၊ ခရီးသည်တွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ လုံလောက်စွာ ထားရှိပေးဖို့ … စတဲ့အချက်တွေကိုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆီကို စာ ပေးပို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် အောင်တံခွန်-၃ သင်္ဘောမြုပ်ခဲ့ခြင်းဟာ မတော်တဆမှုကြောင့် မဟုတ်ဘဲ သင်္ဘောဝန်ထမ်းတွေနဲ့ ဆိပ်ကမ်းတာဝန်ရှိသူတွေရဲ့ ပေါဆမှုကြောင့် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
သင်္ဘောနစ်မြုပ်ချိန်မှာ ရာသီဥတုပြင်းထန်ဆိုးဝါးနေတဲ့အပြင် ရေယာဉ်ကို ဦးစီးသူနဲ့ ရေယာဉ်ဝန်ထမ်းတွေဟာ အရက်သောက်စားထားကြကြောင်း ၊

သင်္ဘောနစ်မြုပ်ချိန်မှာလည်း ခရီးသည်တွေကို ကြိုတင် အသိ မပေးနိုင်ခဲ့တဲ့အပြင် သင်္ဘောနစ်မြုပ်ချိန်မှာ အသက်ဘေးလွတ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို ၀န်ထမ်းတွေကိုယ်တိုင်က မသိတဲ့အတွက် ခရီးသည်တွေကို ပြောမပြနိုင်ခဲ့ကြောင်း ၊

သင်္ဘောမှာ အရေးပေါ်ဆက်သွယ်ရေးစနစ်လည်း မရှိဘူးလို့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။
သင်္ဘောဖြတ်သန်းရာ မြို့တွေမှာ ဆိပ်ကမ်းအာဏာပိုင်တွေအနေနဲ့ကလည်း ဒီသင်္ဘောမှာ ခရီးသည်နဲ့ ကုန်တန်ချိန် ဘယ်လောက် ပါရှိနေတယ်ဆိုတာကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့ကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။
သင်္ဘောကြီး နစ်မြုပ်မှုမှာ ခရီးသည် (၁၆၉) ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ၆၁ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိဆယ်ယူခဲ့ပြီပြီလို့ အစိုးရက ကြေညာထားပေမယ့် သေဆုံးသူအရေအတွက်ဟာ ဒီ့ထက်ပိုများနိုင်ကြောင်း ဒေသခံတွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ပြည်နယ်အစိုးရရဲ့ အစီရင်ခံစာမှာတော့ သဘောင်္နစ်မြုပ်ချိန်မှာ ခရီးသည် (၁၈၀) ကျော် လိုက်ပါလာပြီး ခရီးသည်စာရင်းထဲမှာ အသက် ၁၂ နှစ်အောက် ကလေးစာရင်း မပါဝင်ဘူးလို့ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး

လွှတ်တော်ထဲမှာ ပြောဆိုဆွေးနွေးကြချိန်မှာ အစိုးရဟာ သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်လို့ လိမ်ညာပြောဆိုခဲ့တဲ့အတွက်၊ ပြည်သူကို မလိမ်သင့်ဘူးလို့ လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၂၈ / ၂၉ ။
မြန်မာပြည်တွင်းဖြစ်ပွါးနေတဲ့ စစ်ပွဲအခြေအနေသတင်းများကို တင်ပြပေးပါ့မယ်။
ရှမ်းပြည်မြောက်ပိုင်း နဲ့ ကချင် ပြည်နယ်တွေအတွင်းမှာ မြန်မာအစိုးရရဲ့ စစ်တပ်က မြေပြင်သာမက ဝေဟင်ကပါ စစ်ဆင်ရေးတွေ အရှိန်တိုးမြှင့်နေတာကို ချက်ချင်း ရပ်တံ့ပေးဖို့ UNFC ဆိုတဲ့ အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီလို့ အမည်ရတဲ့ UNFC က လက်ရှိအချိန် အပစ်အခတ်ရပ်စဲရေး သဘောတူမှု ရဖို့အရေး တွေ့ဆုံ ဆွေးနွေးနေတာတွေဟာ ဒီလို တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အချည်းအနှီး ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။
တွေ့ဆုံ ဆွေးနွေးပွဲတွေ အရှိန်ရလာတဲ့အချိန်တိုင်း ဆွေးနွေးပွဲကို လမ်းကြောင်း ပြောင်းသွားစေတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာတတ်တာဟာ ထုံးစံလိုဖြစ်နေပြီလို့လည်း UNFC ရဲ့ ကြေညာချက်ထဲမှာ ရေးသားခဲ့ပါတယ်။

 

ဒါ့အပြင် စားပွဲဝိုင်း တွေ့ဆုံမှုတွေကို အလေးအနက်ထား ဖော်ဆောင်ပြီး လက်ရှိ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကို အစိုးရ စစ်တပ်အနေနဲ့ ချက်ခြင်း ရပ်တန့် ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
တရုတ်နယ်စပ်အနီးရှိ ကိုးကန့် လက်နက်ကိုင်တပ်စခန်းကို မြန်မာစစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေဆဲဖြစ်ပြီး တပြိုင်နက်တည်းမှာပဲ ကွတ်ခိုင်ဒေသ တာမိုးညဲမြို့နယ်ထဲက တအာန်းပလောင်တပ်တွေကိုလည်း ထိုးစစ်ဆင်နေပါတယ်။
ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက ကိုက်ထိပ် ကျေးရွာတဝိုက်မှာလည်း ကချင်လက်နက်ကိုင်တပ် ကေအိုင်အေနဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။
ကိုးကန့်ဒေသတိုက်ပွဲတွေဟာဆိုရင် နှစ်လနီးပါး ကြာမြင့်လာပြီဆိုပေမယ့် အခုချိန်ထိ ငြိမ်းချမ်းမယ့် အလားအလာ မရှိသေးဘူးလို့ သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၈ ။
၂၀၁၅ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်လိုက်တာကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။
မတ်လ (၂၇) ရက်နေ့က ဂျီနီဗာမှာ ကျင်းပတဲ့ (၂၈) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ တာဝန် သက်တမ်းကို နောက်တစ်နှစ်ထပ်တိုးလိုက်တဲ့အပြင်

 

ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး မဟာမင်းကြီးရုံးတစ်ခု မြန်မာပြည်မှာ အမြန် ဖွင့်လှစ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဆိုပါအစည်းအဝေးအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ တင်သွင်းခဲ့တာဖြစ်ပြီး မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ရှိနေကြောင်းနဲ့ ဘာသာရေးဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း စိုးရိမ်မကင်းဖြစ်မိကြောင်း၊

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်မှုရှိဖို့အရေးတွေကိုပါ တိုက်တွန်းသွားပါတယ်။
ရခိုင်ပြည်နယ်တွင်းက လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများအပါအ၀င် အခြား တိုင်းရင်းသားဒေသတွေမှာလည်း အခြေအနေတွေ ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ လိုနေသေးကြောင်း တင်ပြသွားပါတယ်။
လက်ရှိမြန်မာပြည်မှာ ဖြစ်ပွါးနေတဲ့ ကျောင်းသားသပိတ်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဥရောပသမဂ္ဂက အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ လွတ်လပ်စွာပြော ရေး ဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်တွေကို လေးစားဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ အခြေအနေ ပိုဆိုးရွားနေတာကို ကိုင်တွယ်ဖြေရှင်းပြီး အပစ်အခတ် ရပ်စဲရေး ဖေါ်ဆောင်ဖို့တွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိခန့်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို နောက်ထပ် တနှစ်သက်တမ်းတိုးပြီး ဆက်ခန့်ဖို့ ဥရောပသမဂ္ဂ သဘောတူကြောင်း လည်း ပြောသွား ပါတယ်။
လူ့အခွင့်အရေးကောင်စီ အစည်းဝေးမှာ တင်သွင်းခဲ့တဲ့ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို မြန်မာအစိုးရဘက်က ကန့်ကွက်ခဲ့ပြီး ဒီအစီရင်ခံချက်ဟာ ဓမ္မဓိဌာန်ကျစွာ သုံးသပ်ဖေါ်ပြထားတာ မဟုတ်ဘဲ အားနည်းချက်တွေ ရှိနေတယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
အခုလို ဆုံးဖြတ်ပြောဆိုနေတာတွေဟာ မြန်မာပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ရာရောက်တယ်လို့လည်း ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးမောင်ဝေက တုန့်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂက တင်သွင်းတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းကို နိုင်ငံ ၂၀ က ထောက်ခံခဲ့ပြီး ၊ ကန့်ကွက်တဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံနဲ့ ကြားနေ ၁၆ နိုင်ငံတို့ ရှိခဲ့ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။
US အနေနဲ့ကတော့ အခုလိုဆုံးဖြတ်တာကိုရော Ms. Yanghee Lee ရဲ့တာဝန်သက်တမ်း နောက်ထပ် တနှစ်တိုးလိုက်တာကိုပါ ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မဟာမင်းကြီးရုံး အမြန်ဆုံး ဖွင့်လှစ်ဖို့ မြန်မာအစိုးရကို တိုက်တွန်းပါကြောင်း US နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၇ / ၂၈ ။
ဒီမိုကရေစီပညာရေးကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေးအတွက် နိုင်ငံအနှံ့မှာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့ရာ ဆန္ဒဖော်ထုတ်သူတွေထဲက ကျောင်းသားခေါင်းဆောင်နဲ့ ပြည်သူ စုစုပေါင်း ၈ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။

 

ရန်ကုန်မြို့တွင်းက ဆန္ဒပြပွဲအပြီးမှာ အစိုးရဘက်က ဝရမ်းထုတ်ထားတဲ့ ဗကသများအဖွဲ့ချုပ်က ကိုနန္ဒာစစ်အောင်နဲ့ အိုးဝေဂျာနယ်အယ်ဒီတာ ကိုရှိန်းရာဇာထွန်းအပြင် ကိုအောင်ထက်အောင်တို့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် မြင်းခြံမြို့က ဆန္ဒပြပွဲမှာလည်း ဗကသများအဖွဲ့ချုပ်က သင်္ချာဒုတိယနှစ် ကျောင်းသား ကိုဉာဏ်မြင့်သန်းနဲ့ ကိုစည်သူမြတ်တို့အပြင် ဝန်းရံအားပေးခဲ့တဲ့ ကိုကျော်သန်းထွန်း၊ ဦးစိန်ဝင်းနဲ့ မဖြူတို့ ၅ ယောက်ကိုပါ အကြမ်းဖက် ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဆန္ဒဖော်ထုတ်သူတွေကို အထွေထွေအုပ်ချုပ်ရေးမှူးကိုယ်တိုင် ရိုက်နှက်ပြီး ဖမ်းဆီးခိုင်းတာဖြစ်ပြီး ပုဒ်မ (၃) ခု တပ်ပြီး မြင်းခြံထောင်ထဲ မနေ့ညနေက ပို့လိုက်ပြီလို့ သိရပါတယ်။

 

မတ်လ ၂၇ ရက်နေ့ အနှစ် ၇ဝ မြောက် ဖက်ဆစ်တော် လှန်ရေးနေ့မှာ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား တချို့က လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့ကို မနေ့နေ့လည် က သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၇ ။
မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကြား နျူကလီယား အနုမြူစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ထပ်မံအတည်ပြု သဘောတူညီခဲ့ကြကြောင်း WNN ကမ္ဘာ့နျူကလီယားသတင်းဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။
ရုရှ အခြေစိုက် ရိုဆာတွမ် Rosatom အမည်ရှိတဲ့ နိုင်ငံပိုင် အနုမြူစွမ်းအင် ကော်ပိုရေးရှင်းရဲ့ လက်ထောက်ညွှန်ကြားရေးမှူး မြန်မာနိုင်ငံတွင်းလာရောက်ခဲ့စဉ်မှာ

နှစ်နိုင်ငံအနုမြူစွမ်းအင်အရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်မံသဘောတူညီလိုက်တာဖြစ်ပါတယ်။
Rosatom ကော်ပိုရေးရှင်းရဲ့ လက်ထောက်ညွှန်ကြားရေးမှူး မစ္စတာ နီကိုလေဟာ မြန်မာအစိုးရဘက်က ဒုသမ္မတ ဦးဥာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပြီး၊ သိပ္ပံ/နည်းပညာဝန်ကြီး ဦးကိုကိုဦး၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုးတို့နဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးမှုအရ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းသော နည်းလမ်းတွေနဲ့ အကျိုးရှိအောင် ပူးပေါင်းဆောင်ရွက်ကြဖို့အရေး ဦးတည်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၅၇ ခုနှစ်တုန်းက နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အဖွဲ့ဝင်ဖြစ်ခဲ့တဲ့အပြင် ၁၉၉၂ ခုနှစ်မှာ NPT လို့ ခေါ်တဲ့ အနုမြူ မပြန့်ပွားရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၂၇ ။
ဗြိတိန်အခြေစိုက် Global Witness ဆိုတဲ့ အဖွဲ့က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးရှိ ရွာပေါင်း ၁၁ ရွာမှ မြေသိမ်းခံရသူပေါင်း (၁၂၄) ယောက်နဲ့ အစိုးရအရာရှိတချို့ကို (၁) နှစ်ခွဲကြာ လေ့လာစုံစမ်းခဲ့ပြီး မြေယာပြဿနာဆိုင်ရာ အစီရင်ခံစာတစ်ခု ထုတ်ပြန်လိုက်ပါတယ်။
မြန်မာပြည်တွင်းက တိုင်းရင်းသားဒေသများအတွင်း စီးပွားရေးလုပ်ငန်းရှင်များအပြင် စစ်တပ်နဲ့ အစိုးရက မြေတွေ အကြီးအကျယ်သိမ်းယူခဲ့ကြောင်း Global Witness သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာပြည် အရှေ့မြောက်ပိုင်းဒေသများရှိ မြေဧက (၅) သန်းကျော်ကို မူလစိုက်ပျိုးလုပ်ကိုင်နေသူတွေဆီက အဓမ္မသိမ်းယူပြီး၊ ရင်နှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ချပေးခဲ့တဲ့အတွက် အသိမ်းခံမြေဧက လေးပုံတစ်ပုံလောက်ဟာ ရာဘာစိုက်ခင်းများသာ ဖြစ်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါအဖွဲ့ရဲ့ လေ့လာချက်တွေအရ ဒေသဆိုင်ရာ စစ်တပ်နဲ့ ဒေသအစိုးရအပြင် စီးပွားရေးကုမ္ပဏီတွေ ပူးပေါင်းပြီး ၂၀၀၆ ခုနှစ်ကတည်းက မြေယာတွေအကြီးအကျယ် သိမ်းယူခဲ့ကြောင်း ဖော်ပြထားပါတယ်။
သိမ်းဆည်းပြီးတဲ့ မြေယာတွေကို အများဆုံးလုပ်ကိုင်ခွင့်ရတာကတော့ ရွှေဝတ်မှုန်ကုမ္ပဏီဖြစ်ပြီး၊ စုစုပေါင်း မြေဧက လေးထောင့်ခြောက်ရာကျော်မှာ ရာဘာတွေစိုက်ပျိုးခဲ့ကြောင်း ဖော်ပြထားတဲ့အပြင် မြေသိမ်းခံတောင်သူ (၉၈) ရာနှုန်း လျော်ကြေး မရကြကြောင်းလည်း အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
နစ်နာဆုံးရှုံးခဲ့ကြတဲ့ တိုင်းရင်းသားဒေသခံတွေကတော့ ရှမ်း၊ ပလောင်နဲ့ ကချင် တိုင်းရင်းသားတွေလို့ သိရပါတယ်။
မြန်မာနိုင်ငံထဲကနေ ရာဘာများ ၀ယ်ယူနေကြတဲ့ နိုင်ငံတကာလုပ်ငန်းရှင်တွေအနေနဲ့လည်း … မိမိတို့ ၀ယ်ယူလိုက်တဲ့ ရာဘာတွေကြောင့် မြန်မာပြည်တွင်းက အကျင့်ပျက်ခြစားမှုနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အားပေးရာ ရောက်မရောက်ကို လေ့လာသင့်ကြကြောင်းလည်း Global Witness အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၇ / ၂၉ ။
မလေးရှားနိုင်ငံတွင်း တရားမ၀င် ဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို မြန်မာအစိုးရက ရေတပ်သင်္ဘောနဲ့ ပြန်လည်ခေါ်ဆောင်လာခဲ့ရာ မတ်လ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံထဲ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
အဆိုပါ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက်ဆိုပြီး တရားမဝင် လမ်းကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာခဲ့တဲ့အတွက် မလေးရှားအစိုးရက စီမံချက်နဲ့ ဖမ်းဆီးပြီး ထိန်းသိမ်းရေးစခန်းတွေအတွင်းမှာ ထိန်းသိမ်းထားရသူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲကို ပြန်ဝင်ဖို့အတွက် ခရီးစရိတ်အနေနဲ့ ကုန်ကျမယ့် မလေးရင်းဂစ်ငွေ (၄၀၀၀) ၀န်းကျင်ရှိတာကြောင့် အခက်ကြုံနေရသူတွေလည်း ဖြစ်ပါတယ်။
မလေးရှားနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၄) သိန်းကျော်ခန့် ရှိရာမှာ (၃) သိန်းလောက်က တရားဝင် အထောက်အထားတွေရှိကြပြီး၊ တရားမဝင်ရောက်ရှိနေသူပေါင်း (၄) သောင်းလောက် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုက္ခသည်အဖြစ်နဲ့ ကုလသမဂ္ဂမှာ မှတ်ပုံတင်ထားသူတွေလည်း ရှိနေပါတယ်။
၂၀၁၃ ခုနှစ်က စတင်ပြီး မလေးရှားအစိုးရဘက်က တရားမဝင် အလုပ်သမားတွေကို စီမံချက်နဲ့ မကြာခဏဖမ်းဆီးခြင်းနဲ့ မြန်မာနိုင်ငံသားများ မကြာခဏ သတ်ဖြတ်ခံနေရခြင်းတို့ကြောင့် လုံခြုံမှု မရှိတော့ဘူးဆိုပြီး မြန်မာပြည်အတွင်းကို ပြန်ဝင်လာကြပါတယ်။
အခုနှစ်ဆန်းပိုင်းအထိ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာသူပေါင်း (၈) သောင်းနီးပါးရှိတဲ့အပြင် မလေးရှားရှိ ထိန်းသိမ်းရေးစခန်း ၁၂ ခုထဲက စခန်း ၁၀ ခုမှာ စုစုပေါင်း မြန်မာနိုင်ငံသား (၅)ထောင်ကျော်လောက် ကျန်နေသေးတယ်လို့ သတင်းရရှိပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၇ ။
နိုင်ငံရပ်ခြားတွေကနေ လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကျွန်ပြုခိုင်းစေနေတဲ့ ထိုင်းနိုင်ငံ၊ ငါးဖမ်းလုပ်ငန်းတွေကို အရေးယူ ဖြိုခွင်းပေးဖို့ US အစိုးရနဲ့ လုပ်ငန်းရှင်ကြီးတွေက ထပ်မံတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ပင်လယ်ရေထွက် ပစ္စည်းတွေဟာ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနဲ့ တခြားဆင်းရဲတဲ့ နိုင်ငံတွေဆီက အလုပ်သမားတွေကို ကျွန်ပြုခိုင်းစေပြီး US မှာရှိတဲ့ စူပါမားကက်များ၊ စားသောက်ဆိုင်များနဲ့ အိမ်မွေးတိရိစ္ဆာန်အစာ ရောင်းတဲ့ ဆိုင်ကြီးတွေဆီကို ဖြန့်နေကြောင်း အေပီသတင်းဌာနက အချက်အလက် အပြည့်အစုံနဲ့ ဖေါ်ပြရေးသားလိုက်တာ ဖြစ်ပါတယ်။

 

 

လူကုန် အကူးခံရမှုတွေနဲ့ အတူ၊ လူ့အခွင့်ရေးချိုးဖေါက်ခံနေရတဲ့ ထိုင်းနိုင်ငံ ငါးလုပ်ငန်းက ထွက်တဲ့ ပင်လယ်စာတွေ US ကို တင်သွင်းနေတာနဲ့ ပါတ်သက်ပြီး အထူးစိုးရိမ်မိကြောင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်အောင် လုပ်ဆောင်ဖို့ ထိုင်းအစိုးရကို US နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။
ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၁.၆ သန်းရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး အများစုဟာ ငါးလုပ်ငန်းတွေမှာ လုပ်ကိုင်နေပြီး အခုအစိုးရဆီမှာ မှတ်ပုံတင်ကြရသလို သူတို့တွေကို ထိုင်းလုပ်သားတွေလိုပဲ အကာအကွယ်တွေ ပေးထားကြောင်း တုံ့ပြန်ခဲ့ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၂၇ ။
မြန်မာပြည်က တပ်မတော်နဲ့ အရပ်ဘက်ဝန်ထမ်း လစာတွေ အမြောက်အများ တိုးပေးလိုက်ပြီဆိုတဲ့ သတင်းကို တင်ပြပေးပါ့မယ်။
လာမယ့် ဧပြီလ ၂၀၁၅ /၂၀၁၆ ဘဏ္ဍာနှစ်ကစပြီး တပ်မတော်နဲ့ အရပ်ဘက်ဝန်ထမ်းတွေကို လက်ရှိ လစာထက် အနည်းဆုံး (၆၀) ရာခိုင်နှုန်းကနေ အများဆုံး (၁၅၀) ရာခိုင်နှုန်းအထိ လစာတွေ တိုးမြှင့်ပေးမယ်လို့ အစိုးရက ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

လစာနှုန်းထား အများဆုံး တိုးသူတွေက တပ်မတော်အရာရှိကြီးတွေ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးအဆင့်တွေဆိုရင် (၁၂) သိန်းကနေ သိန်း (၃၀) ထိဖြစ်သွားပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး အဆင့်ကတော့ ၁၀ သိန်းကနေ ၂၅ သိန်း အထိ တိုးသွားကြောင်း သိရပါတယ်။
တပ်သားအဆင့်နဲ့ အောက်ခြေအဆင့် အစိုးရဝန်ထမ်းတွေကတော့ ၇ သောင်း ခွဲလောက်ကနေ တစ်သိန်း နှစ်သောင်းလောက်ထိ ဖြစ်သွားတာကြောင့် ၆၀ ရာခိုင်နှုန်းတိုးသွားတာ ဖြစ်ပါတယ်။
အစိုးရဘက်က ဝန်ထမ်းတွေက လစာတိုးခြင်းကို အစိုးရဝန်ထမ်းတွေက ဝမ်းသာနေကြပေမဲ့ လစာတိုးမယ်ဆိုတာနဲ့ ကုန်ဈေးနှုန်းတွေက တက်လာတတ်တာကြောင့် အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကတော့ စိုးရိမ်သောဖြစ်နေကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၂၇ ။
လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးနေတဲ့ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်အစိုးရရဲ့ အသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထက်အထိ သတ်မှတ်ပေးဖို့ ဆိုတဲ့အချက်ကို အမျိုးသားလွှတ်တော်က သဘောမတူဘူးလို့ သိရပါတယ်။
သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေက တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ထဲက အများစုကိုတော့ လက်ခံလိုက်ပြီး ပညာရေးအသုံးစရိတ်ကိုတော့ ရာခိုင်နှုန်း သတ်မှတ်ချက် မထားတော့ဘဲ ပြင်ဆင်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ပြင်ဆင်ချက် တစ်ပုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ခဲ့တဲ့အတွက် ဒီမိုကရေစီဆန်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာမြတ်ဥာဏစိုးက ပြောဆိုခဲ့ပါတယ်။
ပညာရေးမူဝါဒနဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲရာမှာ ကျောင်းသား ကျောင်းသူကိုယ်စားလှယ်များ ၊ ဆရာ ဆရာမကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိဖို့၊ ကျောင်းသားသမဂ္ဂ ဆရာသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရှိဖို့နဲ့ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲစနစ်အပါအဝင် တက္ကသိုလ်ဝင်ခွင့်စနစ်တွေကို ပြင်ဆင်ဖို့၊ တိုင်းရင်းသားဘာသာစကားစုံကို အခြေပြုတဲ့ ပညာရေးစနစ်ဖြစ်ဖို့ … စတဲ့အချက်တွေကိုတော့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရပါတယ်။

 

အမျိုးသားလွှတ်တော်က အတည်ပြုပြီးတဲ့ အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဆက်လက်ဆွေးနွေး ကြမှာဖြစ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့ရှိ မေတ္တာပါရမီကျောင်းမှာ ထမနဲပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။
ပွဲတော်ကို ဧပြီလ ၅ ရက်၊ တနင်္ဂနွေနေ့ မနက် ၉း၃၀ နာရီ ကနေ နေ့လယ် ၁၂ နာရီထိ ကျင်းပမှာဖြစ်ပြီး သံဃာတော်တွေကို လှူဖွယ်အစုစု ဆက်ကပ်လှူဒါန်း ၊ ရေစက်ချတရားနာယူကြရမှာဖြစ်တဲ့အတွက် ရပ်နီးရပ်ဝေး မြန်မာတွေကို ဖိတ်ခေါ်ထားပါတယ်။
ပွဲတော်ကျင်းပမယ့်နေရာကတော့ … (မေတ္တာပါရမီကျောင်း) The Metta Parami Monastery
101 Edgar Avenue Buffalo, NY 14207 ဖြစ်ပြီး အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်း (716) 259-0783 ကိုဆက်သွယ် စုံစမ်းနိုင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ နယူးယောက် မြန်မာအသိုင်းအဝန်းရဲ့ ၂၀၁၅ ရိုးရာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၂ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။
သုံးပါးကျောင်းလို့ ခေါ်တွင်တဲ့ ဝိသုဒ္ဓာရုံဓမ္မရံသီကျောင်း ဝေယျာဝစ္စအဖွဲ့က ကြီးမှူးစီစဉ်တာဖြစ်ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အစီအစဉ်အမျိုးမျိုးနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။
နံနက် ၁၀ နာရီကနေ နေ့လယ် ၁း၃၀ နာရီအထိ မြန်မာတွေအကြိုက် စားသောက်ဖွယ်များ ရောင်းချမယ့် နိဗ္ဗာန်ဈေးပွဲတော်၊ နေ့လယ် ၁း၃၀ ကနေ ၂ နာရီအထိကတော့ ရိုးရာအစဉ်အလာ သက်ကြီးပူဇော်ပွဲနဲ့ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်များပါဝင်မယ်လို့ သိရပါတယ်။
အသက် ၇၀ အထက် မြန်မာလူကြီးသူမ၊ မိဘဘိုးဘွားများကို ဂါရဝပြု ပူဇော်မှာဖြစ်တဲ့အတွက် အမည်စာရင်းကို ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး သုံးပါးကျောင်း ဆရာတော်ထံ စာရင်းပေးသွင်းကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ကျင်းပမယ့်နေ့ရက်နဲ့ အချိန် ကတော့ … ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့ ၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ ဖြစ်ပါတယ်။
ကျင်ပမယ့်နေရာကတော့ I.S. 5 – The Walter Crowley Intermediate School 50-40 Jacobus Street, Queens, Ny 11373 ဖြစ်ပါတယ်။
ဆက်သွယ်ရန် ဖုန်း 718-205-6788 ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဂျော်ဂျီယာပြည်နယ် ၊Atlanta မြို့ ၊ Milan Park မှာ မြန်မာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်နဲ့ နိဗာန်ဈေးပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။
ပွဲတော်ကျင်းပမှာကတော့ ဧပြီလ ၊ ၁၉ ရက် ၊ မနက် ၁၁ နာရီကနေ စတင် ကျင်းပမှာဖြစ်ပြီး နေရာကတော့ 3867 Norman Rd., Clarkston, GA 30021 ဖြစ်ပါတယ်။
မြန်မာမိတ်ဆွေများ စုပေါင်းပါဝင်ဆင်နွှဲစေလိုကြောင်း ဖိတ်ခေါ်ထားပါတယ်။ အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း – (၆၇၈) ၈၈၆- ၁၈၄၀ နဲ့ (၄၀၄) ၇၂၉-၆၉၉၂ ကို ဆက်သွယ်နိုင်ကြောင်း ကြားသိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

 

 

Untitled-1

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .