ခိုးလိုးခုလု နဲ့ ကြောက်စရာလူများ (Credit to Tin Nyunt)

Travis ZawApril 7, 20151min2169

ခိုးလိုးခုလု (https://www.facebook.com/tin.nyunt.338/posts/796382620446220)

ကျွန်တော်က သူ့ကို “ကိုဝေ” လို့ခေါ်လိုက်ရပေမယ့် စိတ်ထဲကတော့ မကောင်းဘူး။ သူ့ရုပ်သွင်က အရင်နဲ့ မတူဘူး။ အရမ်းကို ချုံးကျနေတယ်။ ယခင်ကဆိုရင် အသားအရေကလည်း ဖြူဖြူဝင်းဝင်း၊ မျက်နှာက လည်း ဖောင်းဖောင်း၊ တကယ့်ကို ကြည်ညိုစရာကောင်းတယ်။

ကြည်ညိုရပေမပေါ့ တစ်ချိန်ကဆိုရင် သူက ဒီရွာမှာ ကျောင်းထိုင်ဆရာတော်ကိုး။

ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ သံဃဝေယျဝစ္စလုပ်ကိုင်ဖို့နဲ့ စာသင်ပေးဖို့ဆိုပြီးတော့ ပညာရေးဌာနကနေ ဘုန်းတော်ကြီးကျောင်းသင် မူလတန်းလေးတွေဖွင့်ပေးဖို့ အကူအညီပေးပါဆိုတဲ့ ညွှန်ကြားချက်ရောက်လာ တယ်။

ကျွန်တော်လည်း ရွာလယ်ကျောင်းဆရာတော်ဆီသွားပြီး မူလတန်းလေးတွေဖွင့်ပါ။ ကျွန်တော့်ကျောင်း ကြီးနဲ့တွဲဘက်ထားရမယ်။ ဆရာတော့်ကျောင်းက ကျောင်းသားလေးတွေလည်း စာလည်းတတ်၊ ဆရာတော် အတွက်လည်း အဖော်ရတာပေါ့ဆိုတော့ ဆရာတော်က ကောင်းသားပဲ ဒကာကြီးပဲ ကြည့်စီစဉ်ပေးပါဆိုတာနဲ့ ဘုန်းတော်ကြီးကျောင်း မူလတန်းဖွင့်ရေး ရွာနဲ့ဆွေးနွေးပြီး ဖြစ်အောင်လုပ်ကြရတယ်။

ဘုန်းကြီးကျောင်းမှာက မိဘတွေ မတတ်နိုင်လို့ လာပို့ထားတဲ့ ကလေး ၁ဝ ယောက်လောက်ရှိတယ်။ တကယ်လို့ ဆရာတော်ကသာ ဆက်လက်ခံမယ်ဆိုရင် တိုးလာနိုင်သေးတယ်။ ဒါနဲ့ ဆွမ်းစားဆောင် အဟောင်း လေးကို မူလတန်းကျောင်းအဖြစ် ပြောင်းလိုက်ကြရတယ်။

ကျောင်းဖွင့်ပေမယ့် ကျောင်းစာသင်ရမှာဆိုတော့ ဆရာတော်ကလည်း သိပ်မကျွမ်းကျင်ဘူး။ ဆရာငှားသင်ဖို့ ရွာကို စည်းရုံးရပြန်တယ်။ ဆရာငှားဆိုတော့လည်း ရွာက ပိုက်ဆံမပေးနိုင်ဘူး။ စပါးပဲပေးနိုင်မှာဆိုတော့ အဆင်မပြေဘူး။

ဒါနဲ့ အဲဒီနှစ်က တွဲဘက် ၁ဝ တန်းတက်နေတဲ့ ကျောင်းသားတွေကို ဘယ်သူဆရာဝင် လုပ်မလဲ၊ စပါးပေးအပြင် ထောက်ပံ့ကြေးငွေ ၃၀ဝ ကျပ်ရမယ်ဆိုတော့ ဘယ်သူမှ မလှုပ်ကြဘူး။

ဒါနဲ့ တပည့်တွေထဲက အလွန်တော်ပြီး ဆင်းရဲတဲ့ ခင်သီကို နားချကာ ဆရာမလုပ်ခိုင်းရတယ်။ ခင်သီကလည်း ကြိုးစားကြည့်မယ်ဆိုတော့ အလုပ်ဖြစ်သွားတာပေါ့။

ဒါနဲ့ ဘကကျောင်းလေးဟာ စည်ကားလာရသလို၊ ကျောင်းသူလေး ခင်သီကလည်း ဆရာမခင်သီဖြစ်သွားရတော့ ကိုယ့်တပည့်ကိုကြည့်ပြီး ပီတိဖြစ်ရတယ်။

ဘကကျောင်းလေး အခြေကျလာချိန်တစ်နေ့မှာ ခင်သီ့အမေ ကျွန်တော့်ကျောင်းကို စောစောစီးစီးရောက်လာ တယ်။

“ဆရာကြီး … ကောင်းကြသေးရဲ့လား .. ခင်သီ လင်နောက်လိုက်သွားပြီ … ဟီး ..ဟီး ..” ဆိုပြီး ငိုတော့တာပဲ။ ကျွန်တော်ကလည်း အဒေါ်ရယ် အချိန်တန်လို့ သူ့လမ်းသူလျှောက်တာပဲ သွားပါစေပေါ့။ ကလေးတွေကို ပြန်ခေါ်ပြီး လက်ထပ်ပေးလိုက်ပါ။ သူ့ကျောင်းလေးမှာ စာသင်ပျက်နေပါ့မယ်လို့ ပြောလိုက်တယ်။ ဒီတော့ သူက…

“ကောင်းသေးလား ဆရာကြီးရဲ့ .. ခုဟာက .. ခုဟာက” ဆိုပြီး စကားမဆက်နိုင်ဘဲ ငိုနေပြန်တော့တယ်။

အကြောင်းစုံ သိလိုက်ရတော့ ကျွန်တော် အံ့ဩသွားသလို၊ စိတ်လည်း ပျက်သွားတယ်။ ခင်သီ လင်နောက် လိုက်သွားတာက ဆရာတော်နဲ့။

ကျွန်တော်တို့က ဆရာတော်လို့သာ ခေါ်နေတာ သူလည်း ၃ဝ ကျော်လောက်ပဲ ရှိသေးတာ။ စာတတ်ပေတတ် မြို့ကျောင်းကနေ ရွာကိုပင့်ပြီး ကျောင်းထိုင်ခိုင်းထားရတာ။ တော်ရုံဘုန်းကြီး တွေက အလွန်ဝေးလံတဲ့ ဒီလိုရွာမျိုးကို လာချင်ကြတာမဟုတ်ဘူး။

ခုတော့ ရှားရှားပါးပါး ဆရာတော်တစ်ပါး ရထားပါတယ်။ ကျောင်းသူ ခင်သီကို ခိုးသွားတာဆိုတော့ ရွာကလည်း ဒေါသထွက်ကြတယ်။

သူတို့လင်မယား ရွာကိုတော်ရုံနဲ့ ပြန်မလာရဲဘူး။ ဘုန်းကြီးကျောင်းမှာ ဆရာတော်မရှိတော့ အဲဒီကလေးတွေကို ကျောင်းခေါ်သင်ဖို့ဆိုတာလည်း နေရာမရှိတာနဲ့၊ ကျောင်းကဆရာတွေကိုပဲ အလှည့်ကျ သွားသင်ပေးဖို့ စီစဉ်ရ တယ်။ ဒါပေမဲ့ ဘုန်းကြီးကျောင်း လာနေတဲ့ ကလေးတွေက စာသင်ရုံသက်သက်လာနေကြတာမှ မဟုတ်တာ။ စားစရာမရှိလို့ အိမ်ကပို့ထားတာဆိုတော့ ဆွမ်းမခံရရင် ထမင်းမစားရတော့တာနဲ့ သူတို့ မိဘတွေဆီပြန်ကုန်ကြ တယ်။

တစ်နှစ်လောက်နေမှ ခင်သီတို့လင်မယား ရွာကိုပြန်ရောက်လာတယ်။ ခင်သီလည်း ဗိုက်ကလေးဖောင်းလာ တော့ သူ့အမေလည်း စိတ်ပြောင်းတာပေါ့။ ခင်သီ့ကို လာပြန်အပ်တဲ့နေ့က ကျွန်တော်လည်း သွားလိုက်ရသေး တယ်။

တစ်ချိန်က တစ်ရွာလုံး ဖူးဖူးမှုတ်ထားတဲ့ ဆရာတော်က ခင်သီ့အမေကို ပြန်ပြီး ကန်တော့နေတာတွေ့ လိုက်ရတော့ စိတ်မချမ်းသာဖြစ်သွားမိတယ်။

ခင်သီ့ကို ဘကကျောင်းလေးမှာပဲ ဆရာမပြန်လုပ်ခိုင်းရတယ်။ အဲဒီအချိန်မှာ မြို့က နောက်ဆရာတော်တစ်ပါး ကြွလာတယ်။ ဘုန်းကြီးကျောင်းလေးလည်း ပြန်ပြီးစည်ကားလာတယ်ပေါ့။

ဘုန်းကြီးလူထွက်ကို တစ်ရွာလုံးက ကိုဝေလို့ခေါ်ကြတယ်။ သူလည်းတစ်ချိန်က ကန်တော့ခံဆိုတော့ ရွာထဲကို ထင်ထင်ပေါ်ပေါ် မသွားလာဝံ့ဘူး။ ပိုဆိုးတာက ဘုန်းကြီးလူထွက်ဖြစ်တော့ ဘာမှ မလုပ်တတ်ဘူး။ ယေက္ခမ ကလည်း မကြည်ဖြူ၊ မယားကလည်း ငြူစူတော့ မဖြစ်သေးပါဘူးဆိုပြီး ရွာထဲက ဝါးခုတ်တဲ့အဖွဲ့နဲ့ တောထဲ လိုက်ပြီး ဝါးခုတ်တယ်။ လူကဖြူနုနုနဲ့ အကြမ်းမခံနိုင်တော့ သုံးရက်လောက်နေပြီး တောထဲက ပုခက်နဲ့ ထမ်းပြီး ပြန်ထုတ်လာကြရတယ်။

တစ်နေ့ သူဆီကို လူနာသွားမေးလိုက်တယ်။ ဖျာစုတ်လေးပေါ်မှာ ချမ်းလွန်းလို့ စောင်ကိုကိုင်ပြီး တုန်နေရာက

“ဆရာကြီး ခင်သီ့ကို စောင့်ရှောက်ပါ” လို့ ရအောင်ပြောသွားသေးတယ်။ မကြာဘူး ကိုဝေ အသက်ထွက် သွားတယ်။ ကျွန်တော် အရမ်းနှမြောတယ်။ ရင်ထဲမှာ ဟာတာတာကြီးဖြစ်အောင်ကို နှမြောတာ။ ဘာကိုနှမြော မှန်းမသိဘူး။ ဒီအချိန်မှာ သူ့ယောက္ခမက

“အေး .. အေး .. နင်ကတော့ သာသနာကိုလည်း အကျိုးမပြု … ငါ့သမီးကိုလည်း ကောင်းကျိုးမပြု .. ခုတော့ ကလေးတစ်ယောက်ပါအဆစ်ပေးသွားသေး … သာဓုပါတော် .. သာဓု” လို့ပြောသံကြားလိုက်ရတာကိုက ပိုပြီးတော့ ရင်ထဲမှာ ခိုးလိုးခုလုဖြစ်သွားခဲ့ရပါတယ်။

၃.၄.၂၀၁၅

———————————

ကြောက်စရာလူများ (https://www.facebook.com/tin.nyunt.338/posts/796897840394698)
ကျွန်တော်မနေ့က “ခိုးလိုးခုလု” အကြောင်းရေးတော့ သာသနာကိုစော်ကားတယ်လို့ပြောပါတယ်။ ကျွန်တော်က သာသနာတော်မှာ ကြည်ညိုစရာတွေကို နှမြောလို့ရေးတာပါ။ စော်ကားလိုစိတ် လုံးဝမရှိပါဘူး။ ကြုံလို့ပြောချင်တာလေးရှိပါတယ်။

ကျွန်တော် ကျောင်းဆရာဘဝ ပင်စင်မယူမီက ဘုန်းကြီးစာမေးပွဲနောက်လိုက်ရတယ်။ ဘုန်းကြီးစာမေးပွဲဆိုတာ ရဟန်းသံဃာတော်တွေစာမေးပွဲအတွက် ပုစ္ဆာထုတ်တဲ့ ဆရာတော်ဘုရားကြီးများနဲ့ တစ်လလောက် အကျယ်ချုပ်သဘောနဲ့ သွားနေရတာကိုပြောတာ။

ကျွန်တော်တို့ကို ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်းသင်တန်းကျောင်းကြီးထဲမှာ လာထည့်ထားတယ်။ စာသင်တိုက်အသီးသီးက ပုစ္ဆကဆရာတော်တွေ ရောက်လာကြတယ်။ ၁ဝ ပါး လောက်ရှိမယ်။ ကျွန်တော်က ကွန်ပျူတာ ကျွမ်းကျင်အနေနဲ့ လိုက်ရတာ။ ကွန်ပျူတာခေတ်ဦးဆိုတော့ ကွန်ပျူတာနဲ့ မေးခွန်းထုတ်မယ် ဆိုပြီး စာစီ စာရိုက် ကွန်ပျူတာအကြောင်း နားလည်တဲ့ ဒကာတစ်ယောက်ကို ပညာရေးဌာနမှာ အကူအညီတောင်း တာနဲ့ ကျွန်တော်လည်း ဆရာတော်အဖွဲ့နဲ့ ပါလာရတော့တယ်။

ကျောင်းထိုင်ဘုန်းကြီးကျောင်းဝင်းက အကျယ်ကြီး။ ပတ်လည် အုတ်တံတိုင်းခတ်ထားတယ်။ မြို့နဲ့လည်းဝေးပြီး တိတ်ဆိတ်တယ်။ ဂိတ်ပေါက်ဝမှာ ရဲတွေအစောင့်ချထားတယ်။ အပြင်လူ အတွင်းမဝင်ရ၊ အတွင်းလူ အပြင် မထွက်ရဘူး။ ဆရာတော်တွေလည်း ဝင်ပြီး ပြန်မထွက်ရဘူး။ နေ့စဉ် ဆရာတော်နဲ့ ကျွန်တော်တို့လို အကူ လူ သုံးလေးယောက်အတွက် ရိက္ခာလာပို့တဲ့ကားပဲ အဝင်အထွက်ရှိတယ်။

ကျွန်တော့်အလုပ်က ဆရာတော်တွေ စာရိုက်ခိုင်းရင်ရိုက်၊ Print ထုတ်ပေး၊ နောက်ဆုံး မေးခွန်းအတွက် ဖယောင်းထုတ်ပေးရတယ်။ စာမေးပွဲ ဖြေပြီးရင်လည်း ဆရာတော်တွေ အဖြေလွှာတွေစစ်၊ အမှတ်စာရင်းသွင်း၊ အောင်စာရင်းထုတ်ပြီးတဲ့အထိ အနည်းဆုံး ရက်ပေါင်း ၂ဝ လောက် အကျယ်ချုပ်နဲ့ အထဲမှာနေရတယ်။

အဲဒီအထဲရောက်မှ အလွန်ကြည်ညိုလေးစားစရာကောင်းတဲ့ ဆရာတော်တွေကို ဖူးတွေ့ခွင့်ရတယ်။

ပဲခူး ကြခတ်ဝိုင်းက ကိုယ်တော်တစ်ပါးဆိုရင် စာကလွဲလို့ ဘာမှ မသိဘူး။ အရွယ်ငယ်ပေမယ့် ပုစ္ဆကဆရာတော် ဖြစ်လာပြီး သာသနာရေးဦးစီးက စာမေးပွဲတိုင်းမှာ ပုစ္ဆာထုတ်ရတယ်လို့ သိရတယ်။

ဆရာတော်က ဖြူဖြူသေးသေးလေး။ စကားပြောလည်း နုညံ့တယ်။ တိုးတိုးလေးပဲပြောတယ်။ မျက်နှာနဲ့ စာ မခွာတန်းနေတယ်။ ကျွန်တော်တို့ လူတွေက တစ်ခါတစ်လေ ဧည့်ခန်းထဲမှာ တီဗီကြည့်ရင် သူကမျက်လွှာချနေ တယ်။ အမျိုးသမီးတွေ ထွက်လာတာမြင်ရင် ထပြန်သွားတယ်။ အခန်းထဲမှာပဲနေပြီး စာချည်းဖတ်နေတော့ သူ့ကို ကြည်ညိုမိတာပေါ့။

တစ်နေ့တော့ ဆရာတော်က ကျွန်တော့် ကွန်ပျူတာခန်းရောက်လာတယ်။ ဒါဘာလဲလို့ မေးတယ်။ ကျွန်တော်က စာရေး၊ စာဖတ်၊ စာပုံနှိပ်ထုတ်နိုင်တဲ့ စက်တစ်မျိုးပါဘုရားလို့ တိုတိုပဲပြောလိုက်တယ်။

ဒီတော့ ဆရာတော်က အကျိုးရှိလိုက်တာ၊ ဦးဇင်းလည်း လိုချင်တယ်တဲ့။ ဘယ်လောက်ပေးရသလဲလို့မေးတယ်။ ကျွန်တော်က သုံးသိန်း လောက်ပဲရှိပါတယ်ဘုရားဆိုတော့၊ သုံးသိန်းဆိုတာ ဘယ်လောက်လဲတဲ့။

အဲဒီဆရာတော် ငွေမကိုင်ဖူးဘူး။ ဆရာတော်နားလည်တာက သူငယ်စဉ်ကသုံးဖူးတဲ့ ကျပ်ပြားလောက်ပဲ သိတယ်။ ဘဝကို စာသင်စာချလုပ်ငန်းတွေမှာပဲ မြှုပ်နှံထားတာကြောင့် လူ့ရေးလူ့ရာလည်း နားမလည်ဘူး။

ဆရာတော်ကို ကျွန်တော်တို့ လူတွေက စကားသိုင်းဝိုင်းပြောလို့မရဘူး။ အဲဒီလိုပြောလိုက်ရင် အဲဒါ ဘာပြောတာလဲဟင်လို့ ပြန်မေးတတ်တယ်။

စာအလုပ်ပဲနားလည်ပြီးတော့ စာပေထဲ နှစ်မြှုုပ်ထားတဲ့ သာသနာ့အာဇာနည်တွေထဲမှာ လယ်တီဆရာတော် ဘုရားကြီးကိုလည်း အလွန်လေးစား အားကျမိတယ်။

ဆရာတော်ကြီးက ရေချိုးနေရင်းဖြစ်ဖြစ် စိတ်ကူးပေါ်လာရင် ရေစိုကြီးနဲ့ စာလာပြီးတော့ရေးတယ်။ ဘေးက တပည့်တွေက ဆရာတော် စာရေးပြီးအောင်စောင့်ပြီး ရေစိုကြီးနဲ့ မကျန်းမာဖြစ်နေပါ့မယ်လို့ ပြောတော့……

“ဟဲ့ ခန္ဓာကိုယ်ကြီးကို အလိုလိုက်နေရင် ကြံစည်ထားတဲ့ စာတွေ ပျောက်သွားလိမ့်မယ်။ ငါ့ခန္ဓာကိုယ်ကြီးက စာတစ်လုံးလောက်တောင် တန်ဖိုးမရှိဘူး” လို့ ပြောဆိုတတ်တယ်။ အဲဒီလို သာသနာ့ အာဇာနည်တွေကို အလွန်ကြည်ညိုမိတယ်။

ကျွန်တော် ပုစ္ဆကဆရာတော်အချို့နဲ့တွေ့မှ သာသနာတော်ထဲမှာ ဒီလိုကြည်ညိုစရာကောင်းတဲ့ သံဃာတော်တွေ ရှိနေပါသေးလားဆိုပြီး လေးစားမြတ်နိုးမိတယ်။

တစ်နေ့ ကျွန်တော်က ဆရာတော်နဲ့ ကြုံတုန်း “ဦးဇင်း ကျောင်းထိုင်ဆရာတော် မလုပ်ဘူးလား” လို့ မေးကြည့် လိုက်တယ်။ ဆရာတော်က “လူတွေကို ကြောက်လို့ လူထဲမသွားချင်ဘူး” လို့ ရိုးရိုးလေးပြန်ပြောတယ်။

အဲဒီလို လူကြောက်တဲ့ ဆရာတော်များကို ရိုသေလေးစား တန်ဖိုးထားလို့ မနေ့က ခိုးလိုးခုလုကို ရေးမိပါတယ်။ စော်ကားလိုစိတ်ကြောင့် ရေးခြင်းမဟုတ်ပါခင်ဗျား။

၄.၄.၂၀၁၅

9 comments

  • ခင်ဇော်

    April 7, 2015 at 9:29 pm

    Credit to Min Zaw Swe
    ———
    “ဆရာတော် တပည့်တော်တော့ ဘောလုံးပွဲကြည့်တဲ့ ဘုန်းကြီး၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရုပ်ရှင်ပွဲ ကြည့်တဲ့ ဘုန်းကြီး တွေကို မကြည်ညိုဘူး ဘုရား”

    “ဘအုန်း၊ မင်း ဝါဝင်၊ ဝါကျွတ်မှာ ငါ့ကို မကန်တော့နဲ့ ပွဲကြည့်တဲ့ ဘုန်းကြီးတွေကိုကန်တော့၊ မင်းငါ့အပေါ်မှာ ပြစ်မှားတာ ဘာမှ မရှိဘူး။ ပွဲကြည့်တဲ့ ဘုန်းကြီးတွေ အပေါ်မှာသာ ပြစ်မှားတဲ့ အကုသိုလ်ကံတွေ ရှိနေတာ။ ငါ့ကို မကန်တော့လို့ ကုသိုလ်မရရုံဘဲရှိမယ်။ ဘာမှ
    အပြစ်မဖြစ်ဘူး။
    ပွဲကြည့်တဲ့ဘုန်းကြီးတွေကိုမကန်တော့ရင် မင်း အပြစ်
    လေးမယ်။ ဇာတ်တော်မှာကွာ ဆဒ္ဒန်ဆင်မင်းတို့များ
    သင်္ကန်းစလေး မြင်တာနဲ့ သူ့ကို မြားနဲ့ သေအောင်ပစ်တဲ့ မုဆိုးကို ဘာမှ လုပ်ဘူး မင်းက ဆင်လောက်မှ မလိမ္မာ
    သေးဘဲကိုးကွ “။

    ဒကာကြီး ဘအုန်းသည် ဆရာတော်၏ အဆုံးအမကိုနာခံ
    ံပြီးနောက် သူ့စိတ်ကို အတော်ပြင်လိုက်၏။

    နံနက်ပိုင်း အစဆုံးတွေ့သည့် ဆွမ်းခံသံဃာကို အနည်းဆုံး အကြော်တစ်ခုဖြစ်စေ လောင်းလှူ၍

    -“တပည့်တော် အရှင်ဘုရားတို့အပေါ်၌ပြစ်မှားမိ်တာများ
    ရှိရင် သည်းခံတော်မူပါဘုရား” ဟု ကန်တော့လေသည်။

    သည်လိုနှင့် လေးငါးခြောက်နှစ် ရှိလာသည့်အခါဒကာကြီး ဦးဘအုန်းမကန်တော့ဖူးသည့် သံဃာဟူ၍မရှိသလောက်
    ်ဖြစ်သွားလေသည်။

    ဆွမ်းခံသံဃာများသည် နေ့စဉ် ကန်တော့နေကျ ဒကာကြီး ဦးဘအုန်းနှင့် မလျော်သည့် နေရာ၌ တွေ့လျှင်ပုန်းကွယ် သွားကြတော့၏။

    ဒကာကြီး ဦးဘအုန်း၏ ကန်တော့ချက်ကား အတော်ပင် ခရီးရောက်၏။
    ဒကာကြီး ဦးဘအုန်းသည် တစ်နေ့တွင် ဆရာတော့်ထံ လာရောက်၍-“ဘအုန်းကြီး လိမ္မာလာပါပြီ ဘုရား” ဟုလျှောက် ထားလေသည်။

    ဆရာတော်။ ။ ” မင်းလိမ္မာလာရင် မင်းရဲ့ အကန်တော့ကို ခံရတဲ့ သံဃာများလည်း လိမ္မာလာကြရောပေါ့ကွ”။

    မစိုးရိမ်ဆရာတော်ဦးသူရိယာဘိဝံသ

    • kai

      April 8, 2015 at 4:00 am

      ဓားတချောင်းမှာ.. အသွား၂ဖက်နဲ့.. ထိပ်ကကောက်နေသေး..
      ထိုးသွင်းခံရပြီးနောက်.. ပြန်ထုတ်ရင်တောင်.. ထိပ်ကောက်ကြီးကြောင့်.. ပိုခံရ..။ :k:

      ထားပါတော့…
      ပြောချင်တာက.. အခုလူတွေအများဆုံး…ယုံကြည်ကိုးကွယ်..ဖတ်ကြတဲ့.. ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ စာအုပ်ရေး(ခဲ့)တဲ့.. ဓမ္မာစရိယဦးဌေးလှိုင်ရော..
      အခု..မဟနအပါအဝင်..ဘုန်းကြီးရေးရာတွေကိုင်တွယ်နေပါတယ်ဆိုတဲ့.. ဦးအံ့မောင်ရောက… ဘုန်းကြီးလူထွက်တွေ..
      ရိုးရိုးလူထွက်ကြတာမဟုတ်.. အပေါ်ဇတ်လမ်းထဲက… ကိုဝေလိုလူတွေ..။

      အပေါ်ဇတ်လမ်းထဲမှာ.. ခင်သီလို..အပျိုကိုယူတာအထိပြဿနာသိပ်မရှိဘူးလို့တောင်ပြောလို့ရပေမယ့်… (ရပေမယ့်…)
      ကလေးတွေ.. အပျိုပေါက်အရွယ်..လူပျိုပေါက်အရွယ်… ထွန်းသစ်စတွေ…တိုင်းပြည်အနာဂတ်တွေ… ။
      အဲဒီအရွယ်တွေကို… အဲဒီအရွယ်တွေကို..။

      ဆိုတော့..
      မြန်မာ့ယဉ်ကျေးမှုထဲ… ဓားကောက်ကြီးဗိုက်ထဲဝင်နေ..။

      • ခင်ဇော်

        April 8, 2015 at 6:21 am

        ဟတ်ကဲ့
        အဲဒီ ဒါးး က ကိုယ်ထဲရောက်နေပြီမို့
        လာလာထုတ်ဖို့ ကြိုးးစားးတိုင်းးး နာ နေကြတာပါ..
        တဂျီးး ဆိုလိုတာနဲ့ စေတနာကို သိသော်လည်းးးး..
        :mrgreenn:

  • naywoon ni

    April 7, 2015 at 10:32 pm

    ဒီပို့စ်​ကို သူကြီးမမြင်​​အောင်​ဖွက်​ထားကြစမ်​းပါ 🙂

  • Mike

    April 8, 2015 at 9:34 am

    .ဟီး…မေတ္တာရှင် တောင်သတိရမိသွားတယ် :k:

  • ဝင့်ပြုံးမြင့်

    April 9, 2015 at 1:56 am

    .The problem was that we don’t know how to keep our religion in perspective.

  • kai

    April 9, 2015 at 4:44 pm

    အဲဒီလို လူကြောက်တဲ့ ဆရာတော်များကို ရိုသေလေးစား တန်ဖိုးထားလို့ မနေ့က ခိုးလိုးခုလုကို ရေးမိပါတယ်။ စော်ကားလိုစိတ်ကြောင့် ရေးခြင်းမဟုတ်ပါခင်ဗျား။

    ဂေါတမဘုရားအလိုအရဆိုရင်တော့.. လူတွေကြားထဲနေ…ဆွမ်းခံ.. လူတွေကိုဆုံးမသွန်သင်..
    အဲလိုရဟန်းတွေမှာတာဝန်ရှိတယ်..။ တာဝန်ပေးထားပါတယ်..။
    အရှုပ်ထဲရှင်းအောင်နေတတ်ရတယ်ပေါ့…။

    အရှုပ်တွေကိုထိပ်တိုက်မတွေ့ရအောင်ရှောင်တာဟာ.. အရှုပ်တွေကို ..အရှုပ်တွေလို့သိပြီး.. ကြားထဲကင်းအောင်နေတတ်သွားတာမဟုတ်..။
    အဲလိုဘုန်းကြီင်္းတွေက.. သာယာတာလေးနဲ့လည်းတွေ့ရော.. ဘုတ်ကနဲ့ပြုတ်ကျတာပါပဲ..။
    ဘုရားလက်ထက် ပုံပြင်တွေမှာ.. စတ္တုတ္ထဇျာန်ပျံနေတဲ့.. ရသေ့တောင်… မိဖုရားရေချိုးအဝတ်ချွတ်တာမြင်တော့.. ဘုတ်ကနဲ့ပြုတ်ကျဆိုတာပဲ..။ :k:

    သဘောက.. ဓားအိမ်ထဲထည့်ဖွက်ထားတဲ့…
    ပိုကြောက်စရာ့.. ၂ဖက်ဓားသွားရှည်..။ :kwi:

  • Alinn Z

    April 9, 2015 at 4:51 pm

    လူကိုကြောက်တဲ့ ဆရာတော်…တဲ့..
    သူကိုယ်တိုင်ကျ…လူမဟုတ်တာကျလို့…

    :buu:

  • ဝင့်ပြုံးမြင့်

    April 10, 2015 at 5:51 pm

    .ပို့စ်ပိုင်ရှင်ကတော့ ကွန်မင့်တွေကို သဘောပေါက်မှာ မဟုတ်ပါဘူး။ တဲ့တိုးပြောတဲ့ ကွန်မင့် မရှိဘူး။ အဲဒီတော့ လူမိုက်လာပြီ။ အထက်က ကိုဝေ ဇာတ်လမ်းမျိုးက စိတ်ကူးယဉ်လား တကယ်လား မသိပေမယ့် အဲဒီဇာတ်လမ်းမျိုး ကျမ အနီးအနားမှာ တကယ်ပဲ ရှိတယ်။ တကယ်တော့ ကိုဝေကို သတ်တာ သူ့မိဘအရင်းပဲ။ လူမသေဘူးဆိုရင်တောင် ဘဝသေအောင် သတ်တာပဲ၊ အတူတူပဲ။ လူတစ်ယောက်ဟာ အသိဉာဏ်မပြည့်ခင် သူ့ကိုယ်ပိုင် သဘောထား မရှိဘဲ မိဘက သင်္ကန်းစည်းပေးလို့ ရဟန်းဖြစ်ခဲ့ရတယ်။ ဘယ်မှာလဲ လူ့အခွင့်အရေး။ တတိုင်းပြည်လုံး မှားတာတွေမှ အကြီးအကျယ်ပဲ။ မိဘတွေက မိဘတာဝန်ကို တလွဲကောက်ယူထားတယ်။ ကိုဝေ ဘာမှ မမှားဘူး။ မှားတာက အစဉ်အလာတွေ။ ကိုဝေလို သားကောင်တွေ ဘယ်လောက်တောင် များနေပြီလဲ မသိဘူး။ ရှေ့တိုးမရ။ နောက်ဆုတ်မရ။ မိန်းမယူတော့ ဘာဖြစ်လဲ။ လူသားပဲ မိန်းမယူမှာပေါ့။ မိန်းမ မယူရအောင် သူက အခြောက်မှ မဟုတ်တာ။

Leave a Reply