ဇာတိသွေးဇာတိမာန် Patriot

ညူကလီးယာဗုံးထွင်ဖို့ ကြိုးစားတဲ့နိုင်ငံတွေစာရင်းမှာ ကျွန်တော်တို့မြန်မာနိုင်ငံပါလာတာ အခုတလော သတင်းတွေမှာတွေ့ရလို့ ဂုဏ်ယူရမလား၊ ရှက်ရမလား ဝေခွဲမရ ဖြစ်လာပါတယ်။ ကိုယ့်မွေးရပ်မြေ မြန်မာပြည်အကြာင်း ကြား၊သိ၊ဖတ်လိုက်ရရင် အဆိုးကြီးပဲဆိုတော့ ကိုယ်ဘာကောင်ဆိုတာ မအော်ရဲဘူး၊ ဟိုလိုလို ဒီလိုလိုနေရတယ်။ အရင်က လော၊ ကမ္ဘောဒီယား၊ နီပေါ၊ ဘူတန်စတဲ့ ့နိုင်ငံသေးသေးတွေက လူတွေတွေ့ရင် စိတ်ထဲမှာ ငါ့နိုင်ငံက ပိုကြီး၊ပိုကောင်းတယ်လို့ မဆီမဆိုင် ဓာတ်တိုင်ခဲနဲ့ပေါက် တွေးမိတယ်၊ နဲနဲကြာလာတော့ ဒီမှာ အာရှကထိပ်တန်းနိုင်ငံကကောင်တွေတောင် အထင်ကြီးမခံရကြလို့ မြန်မာဆိုသူတို့စိတ်ထဲမှာ ငါထက်ပိုဆိုးမှာပေါ့လို့ စိတ်အားငယ်ရပါတယ်။ ဒီကြားထဲ သူတို့လူမျိုး သူငယ်ချင်းတယောက်က ခြေသလုံးအိမ်တိုင် ခနော်ခနဲ့ ဘုရားစူး အိမ်လေးတွေပါတဲ့ အင်တာနက်သတင်းတခုကို အီးမေးလ်ကနေ ပို့လိုက်ပြီး အဲဒီလောက်တောင် ဆင်းရဲသလားလို့ အမေးခံလိုက်ရတော့ ကျွန်တော်လည်းတော်တော် အောင့်သွားပါတယ်။ ဒါနဲ့ ဂူဂဲ ဂြိုလ်တုမြေပုံကနေ မြို့တော်ရန်ကုန်ရဲ့ပုံကို လင့်ခ်ပေးပြီး မင်းပုံက ဟိုးတောကြိုအုံကြား ရွာငယ်ဇနပုဒ်က အိမ်တွေ၊ မြို့မှာဒီလိုနေတာလို့ ပြန်လိုက်ရပါတယ်။ တကယ်တော့ သူပို့လိုက်တဲ့ပုံတွေက ရန်ကုန်မြို့စွန်က ရရစားစား လူတွေရဲ့ တကယ့်အိမ်ပုံတွေပါ။ တခါ အလုပ်တခုမှာတုန်းက စာရင်းကိုင်အဖွားကြီးက နင်တို့နိုင်ငံမှာ မော်တော်ကားရှိသလားလို့မေးလို့ တော်တော်ဒေါကန်ခဲ့ရဖူးပါတယ်။ သူက တောမှာ နွားလှည်း ရယ် ပါးကွက်နဲ့မိန်ခလေးတယေက်ပုံပါတဲ့ ခရီးသွားလမ်းညွန်ကြော်ငြာစာရွက်ကို ကြည့်ပြီမေးတာကိုး။ သူတို့လူမျိုးကို တွဲနိုင်လောက်တဲ့ အရည်အချင်းကလည်း မဲ့လေတော့ ဘာကိုရှာကြံပြီး မော်ကြွားနိုင်မလဲ ရှာကြံစဉ်းစားနေတုန်း ဆင်ဖြူရှင် မင်းတြားကြီးရဲ့ ဘုန်းတော်နဲ့ ကျွန်တော်တို့ မြန်မာတွေ ဂုဏ်ယူလို့မဆုံးနိုင်မဲ့ ညူကလီးယာဗုံးသတင်းကြီး ဗြုံးဆိုပေါ်ထွက်လာပါတယ်။ လက်မထောင်ရမှာလား၊ ခေါင်းငုံ့နေရမှာလား။ ကိုယ့်ကိုယ်ကို အရှိကို အရှိအတိုင်း မညာတမ်းစစ်ကြည့်တော့ မသိစိတ်ကဖုံးကွယ်ထားတဲ့ အရာကိုသွားတွေ့ပါတယ်။
ကျောင်းတက်တုန်က ပုံမှန်သင်နေကြပရောဖက်ဆာက စီမီနာ တခုကိုသွားနေလို့ သက်ဆိုင်ရဌာနမှူးကအစားဝင်ပါတယ်။ သူက ကိုရီယားလူမျိုးပါ။ ဒါပေမဲ့မိတ်ဆက်တော့ နာမည်၊ရာထူး တာဝန်နဲ့ ဘာကိုတာဝန်ယူသင်ပေးမယ်ပဲ ပြောပါတယ်။ ပြောရင်းနဲ့တနေရာမှာ သူ့ကိုစူးစမ်းတဲ့ အကြည်နဲ့ကြည့်နေတဲ့ ကျောင်းသားကို ဟေ့ကောင်မင်းက ငါ့ကို ညူကလီးယာဗုံးထွင်တဲ့ မြောက်ကိုရီးယားကထင်လို့လား လို့နောက်ပြီးလှမ်းမေးပါတယ်။ သူ့မျက်နှာကို ကြည့်ပြီးကျွန်တော်ခံစားမိတာကတော့ (ကျွန်တော်မှားချင်လဲမှားမှာပေါ့လေ) သူကြိတ်ပြီးဂုဏ်ယူနေပါလိမ့်မယ်။ ငါတို့ ကကြီးတွေက အချဉ်တွေမဟုတ်ဘူး၊ နို်င်ငံကြီးတနိုင်ငံမှာရှိသင့်တဲ့ လက်နက်အင်အား တီထွင်မှုစွမ်းရည်နဲ့ ပြည့်စုံတယ်ပေါ့။ ဒီမှာက သူတို့လူမျိုးနွယ်စုကလွဲရင် ကျန်အားလုံးသည် ငတုံးကြည့်ပါပဲ။ သဘောကိုပြောတာပါ။ တခါ မြို့ကြီးတမြို့မှာရှိတဲ့ မြန်မာပြည်ဖွား တရုတ်အသင်း ရဲ့ အလံဟာ အရင်က ထိုင်ဝမ်အလံပါ။ နောက်တော့ တရုတ်ပြည်မကြီးက သိပ်ချမ်းသာ၊ တန်ခိုးထွားလာတော့ အသင်းအမှုဆောင်လူကြီးတွေက (တချို့လဲနိုင်ငံရေးအရ မကြိုက်ပေမဲ့) တရုတ်ပြည်မ သံရုံးနဲ့ပေါင်းပြီး အလံလဲလိုက် ကြပါတယ်။ တကယ်လို့သာ တရုတ်ပြည်မကြီးက ဆင်းရဲနေရင် မျက်နှာငယ်လို့ ပြောင်းမယ်မထင်ပါ။ အခုလဲ တရုတ်ဖြစ်လို့ လက်မတော့မထောင်နိုင်သေး။ ဒါပေမဲ့ အလားအလာရှိတဲ့၊ တခြားက အောင်ကျားကြူ အူကြောင်ကျား (သူတို့အမြင်မှာပေါံလေ) လူမျိုးတွေထက်စာရင် ဟုတ်သွားပါပြီ။
ဒီတော့ကျွန်တော်လည်း မြန်မာပြည်က ဗုံးထွင်တာကို တိတ်တိတ်လေးနှစ်သက်ပါတယ်။ ငါကွလို့ အသားလွတ် မော်ကြွားချင်လို့ပါ။ ကျောင်းမှာ ကိုယ်ကစာညံ့ပေမဲ ့ တက်နေတဲ့ကျောင်းက ပညာရေးနဲ့ပက်သတ်လို့ အဆင့်တွေဘာတွေကောင်းရင် ငါကွဆိုပြီး မြောက်နေသလိုပေါ့။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးကို မေတ္တာရပ်ခံချင်တာကတော့ ထွင်ရင်လဲပီပြင်အောင်ထွင်ပါ။ ဟိုမရောက် ဒီမရောက် တဝက်တပျက်၊ မအောင်မမြင်နဲ တန်းလန်းကြီ့တော့ သေမသွား၊ ပြုတ်မသွားလိုက်ပါနဲ့။ တိုင်းပြည်က မိအေးနှစ်ခါနာပါလိမ့်မယ်။ (တကယ်တော့ တိုင်းပြည်က ဆယ်ခါမက နာပြီနေပါပြီ)။ နောင်တက်လာမဲ့ ပြည်သူ့အစိုးရ စစ်စစ်ဆိုရင် ဒီချီးထုပ်ကြီးကို ဘယ်လိုစွန့်ပစ်ရမလဲနဲ့ ဂျောက်ကျ ပါလိမ့်မယ်။ ပြည်ပရောက် ကျွန်တော်တို့လည်း ငမွဲဆင်းရဲသား လူမျိုးအဖြစ်ကနေ မတက်ဘဲ ငတုံးငအ တွေဆိုတဲ့ အမည်ပါအဆစ်ထပ်ရနေပါအုံးမယ်။

7 comments

  • kai

    August 21, 2010 at 10:57 pm

    ဒီစာမူဖတ်ပြီး…တွေးစရာကျန်ရစ်တာမို့ ၁ဝမှတ်ပေးလိုက်ပါတယ်။
    ဒီလိုစကားမျိုုးနိုင်ငံရေးလုပ်နေတဲ့ မိတ်ဆွေတချို့ဆီကလည်း (off the record)ပြောတာကြားဖူးပါတယ်။
    ယူအက်စ်အစိုးရဆီမှာ အလုပ်လုပ်နေတဲ့ သူတချို ့ဆီကလည်း သဘောတူတဲ့စကားမျိုးကြားဖူးတယ်။

    မြန်မာပြည်ဟာ ကမ်ဘာအကြီးဆုံးနိုင်ငံ၂ခုကြားကနိုင်ငံ၊ အာစီယံအဖွဲ ့ထဲကနိုင်ငံ။ သဘောက အင်အားကြီး ၃ခုကြားညပ်နေရတဲ့အထဲ …ကမ်ဘာ့အင်အားကြီးစူပါပါဝါတွေ( ယူအက်စ်၊ ဥရောပယူနီယံ)နဲ့ နိုင်ငံရေးအရ အဆင်မပြေတဲ့နိုင်ငံ.။
    မြန်မာဟေ့လို့ ဖြတ်လမ်းနည်းနဲ့ ကမ်ဘာ့အလယ် ထအော်နိုင်အောင်က ဒီနည်းပဲရှိတာပဲ..။
    ကျုပ်တော့ ဒီမိုကရေစီအစိုးရတက်ရင်(လည်း)ယူအက်စ်အစိုးရဆီက နည်းပညာတောင်းပြီး လုပ်ခိုင်းသင့်တယ်လို့ တွေးနေတာပါပဲ..။ အခုလိုမဖြစ်ညစ်ကျယ်တော ့မလုပ်စေချင်ပါဘူး။ တော်ကြာ ထပေါက်ပြီး ရောင်ခြည်တွေယိုစိမ့်လာရင် မြန်မာတွေ မျိုးကန်းကုန်ပါမယ်..။ ဒီလိုဖြစ်ရင် ဓါတ်ရောင်ခြည်သင့်တာဆိုတာမျီုးက ပရုတ်ဆီလိမ်းလို့မှမပျောက်နိုင်ပဲလေ..။

  • researcher

    August 22, 2010 at 12:27 am

    အင်း။ ကိုကြောင်ကြီးရဲ့ (ကျိတ်)ခံစားချက်လိုမျိုး ရှိနေတဲ့မြန်မာတွေ မနည်းလောက်ဘူး ထင်ပါတယ်။ ညီအစ်ကိုမောင်နှမချင်း ရန်ဖြစ် စိတ်ဆိုးနေကြတုန်းမို့လို့ တစ်ယောက်မကောင်းကြောင်း တစ်ယောက်ပြောနေပေမယ့် သူတို့အိမ်ကို တစ်ယောက်ယောက်ကများ ခဲနဲ့လာပေါက်ရင်တော့ သွေးစည်းကြလိမ့်မယ်လို့ ထင်ပါတယ်။ အားလုံးငြိမ်းချမ်းသာယာရှိပါစေလို့ ဆုတောင်းပေးရုံပဲ ရှိတော့တာပေါ့လေ။

    • bigcat

      August 22, 2010 at 3:15 am

      ကြပ်ပြေးဘုရင်ကြီးအိမ်ကို ခဲနဲ့ပေါက်ခံရလို့ကတော့ သူထိုက်နဲ့သူ့ကံပေါ့ဗျာ၊ ကိုယ့်မိုက်ပြစ်ကိုယ်ခံပေါ့။ နဲတောင်နဲသေး။ အဲ ဒေါ်စုကိုတော့သွားမထိနဲ့၊ အကြောင်းသိသွားစေရမယ်။ (ဟီး… ဒီက သံရုံးရှေ့မှာ သွားအော်မှာကိုပြောတာပါ)

  • မန်း ရိပ်

    August 22, 2010 at 3:49 am

    နျူယူကလီးယားဗုံး ဆိုတာ ကမာ္ဘကြီးအတွက် လူတွေအတွက် တကယ်ကြောက်စရာကောင်းတဲ့လက်နက်ကြီးပဲ
    အဲဒါကိုပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါနေပြီပေါ့
    ရင်လေးတယ်ဗျာ

  • fatty

    August 22, 2010 at 3:59 am

    အင်း …တခါတုန်း ကလဲ ချီး brain နဲ့ အနှစ် မရှိတဲ့ တော ကြက်ဆူ တွေမင်းမူပြီးပြီ … တနိုင်ငံလုံး စိုက်ခိုင်း တော့ ကြံ့ဖွတ် တွေ စိုက်လိုက် ရတာ .. ဘယ်နှစ် ပေပါ များ
    သုံးလိုက်ရလို့လဲ …. ဒီတခါ လာပြန်ပြီဟေ့ …..ကျနော်တော့ ကြက် ကုလားတန်း က မော်တော်ကား အိပ် ဇော လုပ် တဲ့ သံဖြူဆိုင် က ဟာနဲ့ ခပ်ဆင်ဆင် တူတယ်ထင်တာပါဘဲ။

  • kopauk mandalay

    August 22, 2010 at 4:53 pm

    တကယ်တော့ ဒီနူကလီးယားဆိုတာကြီးက ထင်ကြေးနဲ့လှမ်းအုပ်လိုက်တာလို့ထင်ပါတယ်။
    ညီလေးရေ တစ်ချိုု့သောနိုင်ငံသားများက မြန်မာနိုင်ငံအကြောင်းတင်ရင် ကောင်းတာထက် ဆိုးတာ အဆင်မပြေတာကို
    တင်လေ့ရှိကြပါတယ်။
    အကိုကတော့ အစိုးရနဲ့ ပြေလည်ကြခြင်းမပြေလည်ကြခြင်းသည် တပိုင်း
    ကိုယ်နိုင်ငံဂုဏ်အသရေ ညိုနွမ်းအောင်တမင်သက်သက်လုပ်နေမကောင်းတာကိုမှ ရွေးလို့ဖော်ပြနေကြတာကိုတော့ မနှစ်သက်ပါဘူး။
    ဆင်းရဲတဲ့နိုင်ငံထဲမှာ ပါတာကိုတော့လက်ခံပါတယ်။
    ဒါပေမယ့် လူတော်တော်များများထမင်းငတ်လောက်အောင်တော့ မဆင်းရဲသေးပါ။
    ဒါဟာ အမှန်တရားပါ။
    သဘာဝဘေးဒဏ်ကြောင့်တစ်ခါတရံဖြစ်တာကိုတော့ အကျယ်ချဲ့ပြီးထည့်မပြောစေချင်ပါဘူး။
    ဒီဘေးဒဏ်ကြုံရင် ဘယ်သူမဆို အခက်အခဲတွေဖြစ်ကုန်တာတော့အမှန်ပါ။
    မြန်မာပြည်ဟာ အခုလက်ရှိအနေအထားမှာ သာယာပါသေးတယ် သူဌေးဖြစ်ဘို့မလွယ်ဘူးလို့ပြောနိုင်ပေမယ့် ထမင်းတစ်လုပ်ကိုတော့
    သိပ်ခက်ခက်ရှာမစားရသေးတာတော့ အမှန်ပါ။
    နူကလီးယားလက်နက်နဲ့ဂုဏ်ရှိတာ တစ်ခြားစီလို့ထင်ပါတယ်။
    ကျနော်ကတော့ ကိုုယ်လူမျိုးကို တမင်သက်သက် ချိုးချို့ဖဲ့ဖဲ့လုပ်နေတဲ့သူတွေကိုတော့ မကျေနပ်တာ အမှန်ပါ။
    အမျိုးထိရင်တော့ နာတတ်ပါတယ်။
    ဥပမာပေးရ ရင် အဖေ အရက်ကြိုက်ချင်ကြိုက်မယ် ဒါပေမယ် ့ အဖေနေတဲ့အိမ်ကို အရက်သောက်လိုု့ဆိုပြီး လာခဲနဲ့ထုရင်တော့ မခံနိုင်ပါဘူး။
    ဒါမျိုးချစ်စိတ်ပါ။

Leave a Reply