နယ်ပြန်ပြီး ကြာကြာနေဖြစ်တော့ ပြောစရာတွေ တစ်ပုံကြီး ရလာပြန်ရော။ အိမ်ကအကြောင်းတွေရော၊ မြို့နဲ့ပတ်သက်တဲ့ အကြောင်းတွေရောပေါ့။ အခုက မြို့နဲ့ပတ်သက်တာလေး ပြောချင်တာ။ ကိုယ့်စိတ်ကူးလေးကို တိုင်ပင်ချင်တာကြောင့်လည်း ပါတာပေါ့။

အိမ်ပြန်တော့ မီးဖိုချောင်ဝင်ဖြစ်တယ်ပေါ့။ မီးဖိုချောင်ဝင်တိုင်း အဓိက ပြဿနာက မီးဖိုပဲ။ အိမ်မှာက မီးအားသိပ်မကောင်းတော့ လျှပ်စစ်ပစ္စည်းတွေက သိပ်မသုံးမဝင်ဘူး။ မနက်စောစောနဲ့ ညပိုင်းလောက်ပဲ သုံးလို့ရတယ်။ ဒီတော့ အိမ်နားဝန်းကျင်အတော်များများက ထင်းပဲ သုံးကြတယ်။ ကိုယ်က ထင်းနဲ့ မီးမမွှေးတတ်ဘူး။ ထင်းလည်း မဆိုင်တတ်ဘူး။ သမီးယောက်မဆိုင် ဆိုင်ရတယ်တဲ့။ ကန့်လန့်ဆိုင်ရတယ်ပေါ့နော်။ (ကိုယ်ကတော့ ယောက်မနဲ့ တည့်အောင်နေမှာပါ… အဟိ…) ဘယ်လိုပဲ သင်ပေးသင်ပေး မီးခိုးမွှန်ပြီး ထွက်ပြေးရတာချည်းပဲ။ အဲဒီတော့ ကိုယ်ဟင်းချက်ရင် တစ်ယောက်က မီးထိုးပေးရတယ်။ (အလဲ့.. အဆင့်မြင့်တယ်နော်)။

သစ်ပင်ကို နှမြောတတ်တဲ့သူဆိုတော့ အမေ့ကို မီးသွေးလေးသုံးကြည့်ပါလားလို့ ပြောကြည့်သေးတယ်။ မီးသွေးမီးဖိုဆိုရင် အကုန် ဆက်တိုက်ချက်မှ အဆင်ပြေမှာတဲ့။ သူ့အတွက် အဆင်မပြေဘူးတဲ့။ အခု ထင်းနဲ့ကျတော့ ဘယ်အချိန် ပြန်မွှေးမွှေး အဆင်ပြေတယ်တဲ့။

ထားပါ။ ဒါက အဓိကပြောချင်တာ မဟုတ်သေးဘူး။ အရင်နေ့တွေက အိမ်က ညီမ မီးမွှေးပေးထားတာကို အဆင်သင့်ဝင်ချက်တာဆိုတော့ သေချာမသိဘူး။ ဒီနေ့ကျတော့ အမေမီးမွှေးတာကို ဘေးက ကြည့်နေတာ။ ထင်းတွေကိုဆိုင်၊ စာရွက်ကို မီးရှို့ပြီး အောက်ကထည့်တာ။ ကြည့်လိုက်တော့ ပုံနှိပ်စာအုပ် အဟောင်းတော့်။ အဲဒီစာအုပ်ကို ဟိုရက်ကတော့ တွေ့မိတယ်။ စကားမစပ်မိလို့ မပြောဖြစ်ဘူး။ အခုကျ မေးကြည့်တယ်။ ပုံနှိပ်စာအုပ်အဟောင်းကြီး နှမြောစရာဆိုတော့ မနှမြောလည်း သုံးမယ့်သူမရှိ၊ ဝယ်မယ့်သူ မရှိဘူးတဲ့။ ဘယ်သူမှ စာရွက်အဟောင်း မဝယ်ကြတော့ဘူးတဲ့။ ဂျာနယ်အဟောင်းတွေတောင် တံတားပေါ်ကနေ ပစ်ချမှ ရတော့မယ်တဲ့။ အကုန်လုံးက ပလတ်စတစ်အိတ်တွေ သုံးနေကြတာတဲ့။

အမေပြောမှ ပြန်စဉ်းစားမိတယ်။ ဟိုနေ့က အိမ်က မောင်လေးကို ငရုတ်သီးဝယ်ခိုင်းတာ ကိုယ့်စိတ်ထဲ စက္ကူအိတ်လေးနဲ့ ရလာမယ်ထင်တာ ပလတ်စတစ်အိတ်နဲ့ ထည့်ပေးလိုက်တယ်။ အရင်ကဆို ကုန်စုံဆိုင်တွေက စက္ကူကန်တော့လေးတွေ၊ စက္ကူထုတ်လေးတွေနဲ့ ပေးကြတာ။ ကိုယ်တောင် စက္ကူကန်တော့ကို သဘောကျလွန်းလို့ အမြဲတမ်း အိမ်မှာ လုပ်ကြည့်တယ်။ နွေရာသီ ကျောင်းတွေ ပိတ်ပြီဆို စာအုပ်တွေအကုန်လုံးကို ထုတ်၊ အဖုံးတွေဖြုတ်၊ စာရွက်အလွတ်တွေကိုဖြဲ (အဖေက အကြမ်းစာအုပ် ပြန်ချုပ်ပေးတယ်)၊ ရေးပြီးသားတွေကို ပြန်ရောင်းပြီး မုန့်ဝယ်စား၊ ပျော်စရာကြီး။ ကုန်စုံဆိုင်တွေက ဝယ်ကြတယ်။ အခုတော့ ပလတ်စတစ်တွေကို ပေါပေါသီသီသုံးလာကြတော့ စာရွက်တွေမှာ အလကားဖြစ်နေတာ နှမြောစရာကြီး။

အဲဒီမှာတင် စိတ်ကူးလေးတစ်ခု ရလာတာ။ ငါသာ ပိုက်ဆံရှိရင် အလုပ်လေးတစ်ခုလုပ်မယ်။ စက္ကူအဟောင်းတွေပြန်ဝယ်မယ်။ အိတ်တွေလုပ်မယ်။ လွယ်လွယ်နဲ့ အဆင်ပြေပြေ အသင့်သုံးလို့ရမယ့် အိတ်မျိုးပေါ့။ လမ်းဘေးက ကလေးလေးတွေကို ခေါ်ခိုင်းပြီး အလုပ်ပေးမယ်။ ပြီးရင် ပလတ်စတစ်အိတ်ဈေးနှုန်းလောက်နဲ့ ဆိုင်တွေကို ပြန်ရောင်းမယ်။ ကိုယ့်အိတ်ထဲက စိုက်ရမယ့် Non-profit အလုပ်မျိုးပေါ့။ လွယ်တော့ မလွယ်လောက်ဘူး။ ဒါပေမယ့် စိတ်ကူးလေးကို ပြောကြည့်တာ။ မိုးတွင်းဘက်မှာ ရေစိုမခံပေမယ့် နွေဘက်တွေမှာတော့ ဒီစက္ကူအိတ်လေးတွေကို သုံးဖို့ ပြောမယ်။ မားကတ်တင်းဆင်းမယ်။ ကုန်စုံဆိုင်တွေနဲ့ အထည်ဆိုင်တွေကို အဓိကထားမယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ပြောကြည့်မိတော့ သူလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် လွယ်မှာတော့ မဟုတ်ဘူးတဲ့။

အဲဒီတော့ လွယ်တာ မလွယ်တာ နောက်ထား။ ရွာထဲမှာတော့ တင်လိုက်ပြီ။ အကြံဥာဏ်ကောင်းတွေ၊ ပိုကောင်းတဲ့ စိတ်ကူးတွေ ရမယ်ဆိုတာ ယုံကြည်ပါတယ်လို့။

ဂေါက်ကလပ်မန်ဘာ
လုံမလေး

About လုံမလေးမွန်မွန်

has written 153 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010