မနေသူတွေကြားထဲမှာ နေရမယ်

who whoApril 18, 20151min28110

“မနေသူတွေကြားထဲမှာ နေရမယ်”တဲ့။

ရပ်ကွက်ဓမ္မာရုံမှ နက်ဖြန်မနက် ဘုံဆွမ်းလောင်းကြမည်ဖြစ် သောကြောင့် ချက်ကြ၊ ပြုတ်ကြစဉ် ဖွင့်ထားသော တရားခွေမှ လွင့်ပျံလာသော တရားသံတစ်ချက်။ အလုပ်လုပ် နေရင်း မသိမသာ နားစွင့်မိသည်။ ဘာတဲ့“မနေသူတွေကြားထဲမှာ နေပါ”ဆိုပါလား။ စိတ်ဝင်စားစရာပဲ။ ဘာကို ဆိုလိုချင်တာပါလိမ့်မယ်။ သိချင်စိတ်တွေ ယိုဖိတ်လာပေါ့။ ဒါနဲ့ ပြူတင်းပေါက်နား သွားလို့ နားစွင့်မိပါတယ်။

လောကကြီးက ဖြစ်သလိုနေ၊ အာရုံဆွဲရာနောက် ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ လူတွေ အများသားနော်။ အပ္ပမာဒနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပမာဒနဲ့သာ နေနေကြတဲ့လောကမှာ အပ္ပမာဒ တရား လက်ကိုင်ထားပြီး နေနိုင်အောင် ကြိုးစားရမယ်။ အော ခုမှ သဘောပေါက်ပေါ့။ မနေသူတွေဆိုတာ သတိ လက်ကိုင်မထားပဲ ဖြစ်သလို အာရုံနောက်လိုက် ပျော်ပါးနေကြတဲ့သူများကို ဆိုလိုတာပေါ့။ အဲဒီကြားမှာ နေရင်းက သတိလက်ကိုင်ထားပြီး နေရမယ်လို့ ဆိုလိုတာပါလားဆိုတာ ရေးရေး ပေါ်လာပါပြီ။

နေခြင်းနဲ့ပတ်သက်လို့ ပြောကြတာရှိတယ်။ တို့က တိုက်နဲ့ ကားနဲ့၊ အသိုင်းအဝိုင်းနဲ့ ရွှေတွဲလွဲ၊ စိန်တွဲလွဲ တွေနဲ့ပေါ့။ နေပါလေ။ ဘယ်လိုနေနေ ကိစ္စမရှိပါ။ သို့သော် နေစဉ်မှာဖြစ်နေတဲ့ စိတ်ကလေးကိုတော့ အကဲခတ် စေချင်တယ်။ ဘယ်လိုစိတ်နဲ့ နေသလဲလို့ပေါ့။ ပြောရင်းနဲ့ ကိုယ့်စိတ်ကိုယ် ပြန်မေးမိပါတယ်။ ငါ ဘာစိတ်တွေနဲ့ အချိန်တွေကုန်နေခဲ့သလဲ? ဆိုတာ။ အော် ရှာရင်းနဲ့ ကုန်နေခဲ့တာပဲ။ ဘာလို့ရှာလဲ။ လိုချင်တာတွေက အတောမသတ်ဘူးလေ။ ဒါကြောင့် အတောမသတ်နိုင်သော လိုအင်ဆန္ဒများနောက်လိုက်ရင်းက ရတဲ့အခိုက် ယစ်မူးပျော်ပါးပြီး မရပြန်တော့ သောကတွေနဲ့ ဗလချာကိုနောက်နေလိုက်တာ။ ကိုယ့်စိတ်ကိုယ်ကြည့်ရင်း တော်တော် မျက်စိနောက်လာပေါ့။

အင်း ခုကစလို့တော့ ဒီတိုင်းသာဆို မလွယ်ရေးချမလွယ်ပြီ။ ဒီတော့ ဘယ်လိုနေရမလဲ။ သတိလက်လွတ်နေထိုင်နေကြတဲ့လောကကြီးထဲမှာ သတိတရားလက်ကိုင်ထားပြီး မိမိစိတ်ကို အတတ်နိုင်ဆုံး စောင့်ရှောက်ပေးရမှာပါလားလို့ ပေါ်လာပေါ့။ အော် တော်တော်လည်း တာဝန်မကျေလိုက်တဲ့ငါပါလား။ သူများ အပေါ် တာဝန်ကျေဖို့မပြောနဲ့ဦး။ ကိုယ့်စိတ်ကလေးကိုယ် ပစ်ထားလိုက်တာ။ ကိုယ့်တာဝန်ကိုယ်မယူနိုင်သူက အခြားဘာတာဝန်တွေကိုများ ယူနိုင်ဦးမှာလဲလို့။ စိတ်မကောင်းလိုက်တာ။ လောကမှာ တာဝန်မကျေသူအဖြစ် ရပ်တည်ရတဲ့ ဘဝက အဆိုးဆုံးပဲလို့ ခံယူထားတဲ့ငါ။ ခုတော့ဖြင့် ဘယ့်နှယ့်ရှိစွ။ အင်း မဖြစ်ချေတော့ပြီ။ ခု နားစွန်နားဖျား ကြားနာလိုက်ရတဲ့ တရားသံကပဲ မိမိအတွက် ပြုပြင်ဖို့ တွန်းအားပေးနေလေပြီ။

ဒါကြောင့် အနှစ်ချုပ်ကြည့်တော့ ရန်များတဲ့လောကကြီးထဲမှာ ရန်ငြိမ်းအောင်နေမယ်။

ပမာဒတရားနဲ့ ပျော်မွေ့နေတဲ့လောကထဲမှာ အပ္ပမာဒတရား လက်ကိုင်ထားပြီး နေရမယ်။

ဒေါသမီးတွေ တောက်လောင်နေတဲ့ လောကကြီးထဲမှာ မေတ္တာဓါတ်နဲ့ နေနိုင်အောင် ကြိုးစားရမယ်။

တဏှာတွေအမျိုးစုံနဲ့ မီးဟုန်းဟုန်းတောက်ပြီး ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ လောကကြီးထဲမှာ လောဘတဏှာရဲ့ ကျေးကျွန်အဖြစ်မခံဖို့ ကြိုးစားနေထိုင်ရတော့မယ်။

ကိုယ်ချင်းစာစိတ်နည်းလာတဲ့လောကကြီးထဲမှာ ဗြဟ္မစိုရ်တရား လက်ကိုင်ထားနေနိုင်အောင် ကြိုးစား နေထိုင်ရမယ်။

အင်း နောက်ဆုံးတော့လည်း “မနေသူတွေကြားထဲမှာ နေပါ့မယ်” ။

10 comments

  • kai

    April 18, 2015 at 2:36 pm

    ပျောက်နေတာတော်တော်ကြာပြီနော..
    တကယ်တော့.. ဗုဒ္ဓတရားဓမ္မအစစ်က.. အရှုပ်ထဲမှာရှင်းအောင်နေဗျ…
    တရားအားထုတ်တယ်ဆိုပြီး.. တယောက်ထဲ..ချောင်ခိုတရားကျင့်နေရတာမဟုတ်ဖူးလို့..။

    ကိလေသာတွေ.. ဘာတွေညာတွေ.. ကွိတွေ.. ကွတွေမဝင်လာအောင်..စိတ်ကိုအကျဉ်းချပိတ်ဆို့ပြီး.. အဲဒါတွေနဲ့ဝေးရာနေလို့… မခံစား.. မသိ.. ဖြစ်သွားတာကို.. တရားရတာလို့မခေါ်…
    အဲဒါတွေကြားထဲနေပြီး.. အဲဒါတွေကို.. ထိုက်သင့်တဲ့တုံ့ပြန်ဆောင်ရွက်နိုင်သူကို.. တရားရသူ.. အရိယာလို့ခေါ်တယ်လို့.. ဆရာမကို..ဆရာလုပ်ကြည့်လိုက်ရပါကြောင်း… :k:

    • who who

      April 18, 2015 at 6:41 pm

      “peace does not mean to be in a place where there is no noise, trouble, or hardwork. Peace means to be in the midst of all those things and still be calm in your heart. That is the real meaning of peace”

  • ခင်ဇော်

    April 18, 2015 at 3:27 pm

    နေရမှတော့ လွတ်အောင်နေ။
    မလွတ်တော့လည်း အဲ အဲ လွတ်အောင်နေရုံပါ့

    :mrgreen:

  • မြစပဲရိုး

    April 18, 2015 at 10:22 pm

    အခု ကျွန်မ နေတဲ့ အရပ်မှာ
    လူသားချင်းစာနာ တဲ့ ကိုယ်ချင်းစာတရား တွေ ကို အမြဲလို ခံစား ရတယ်။
    ရန်လို ခြင်းမရှိ အလျှော့ပေး တတ်တဲ့ စရိုက် တွေ ကို မြင်ရတယ်။
    စိန် ရွှေ ရတနာ တွေ ဘယ်သူ မှ ဝတ်ပြီး ကြွားဝါမနေဘူး။
    ဆင်းရဲ ချမ်းသာ လူတန်းစား ကွာဟ မှု နည်းလွန်း တယ်။
    ဝမ်းနည်းစွာ ပြောရရင်လဲ
    ဒီ အရပ်မှာ ဗုဒ္ဓဘာသာ ရယ် လို့ အစွဲ ထား မနေသူ တွေ များလွန်းပါတယ်။
    အဲလို အစွဲထား မနေ သူ နဲ့ နေ ရတာ လဲ စိတ်ချမ်းသာ ရပါတယ်။

  • uncle gyi

    April 19, 2015 at 10:22 pm

    ဖတ်နေတုန်းသူကြီးမှစာလာရေးပါ့မလားလို့
    ထိပ်ဆုံးကဝင်ရေးသွားတယ်
    ဘာပြောပြောမတူတဲ့အမြင်တွေ
    တွေးရတာပ
    ဘုရားရှင်ကလည်းတိုက်တွန်းထားတယ်လေ

  • padonmar

    April 19, 2015 at 10:51 pm

    သလ္လေခသုတ်ကို သတိရမိပါတယ်။
    အခြားသူများသည် ထောင်လွှားကြသည်၊ငါသည် မထောင်လွှားပဲ နေပါအံ့။
    အခြားသူများသည် ပျံ့လွင့်လျက်နေကြသည်၊ငါသည် ပျံ့လွင့်မှုမရှိပဲ နေပါအံ့။
    အဲသလိုမျိုးတွေ အချက်တွေ အများကြီးပဲ။
    စာထဲ ဖတ်ပြီး စာထဲ ကျန်ခဲ့မိတာ။

  • Ma Ma

    April 20, 2015 at 9:59 am

    အရှုပ်ထဲမှာ ရှင်းအောင်နေဖို့ိဆိုတာ ကိုယ့်စိတ်က အရင်ဆုံးရှင်းနေဖို့ လိုမယ်ထင်တယ်။
    ကိုယ့်စိတ်ကိုက ရှုပ်နေတာကို အပြင်က အရှုပ်နဲ့တွေ့ပြီး ဘယ်လိုရှင်းနိုင်ပါ့မလဲ။ 🙄

  • Alinn Z

    April 20, 2015 at 4:21 pm

    .ဘယ်သို့ ဘယ်ပုံ ဖြစ်အောင်(သို့မဟုတ်) မဖြစ်အောင်
    ကြိုးစားနေထိုင်တယ် ဆိုတာရော တဏှာအဖြစ် သတ်မှတ်လို့ ရ/မရ

    ???? !!!!

  • အောင် မိုးသူ

    April 22, 2015 at 9:58 am

    မှန်ပါ့ ခုတလောအဲ့စိတ်တွေ ပေါ်ပေါ်လာတယ်။ ငါ့မှာ ဘာကြောင့်ပူပန်မှုတွေများနေရသလဲ။ ဘယ်လို ငြိမ်းချမ်းအောင် ကိုယ့်ကိုယ်ကို နေရမလဲဆိုတာကိုပဲ တွေးနေမိတော့တယ်။ တတ်နိုင်သမျှ အကုသိုလ်နည်းအောင် နေနေတယ်။

  • Mike

    April 22, 2015 at 2:50 pm

    .သဂျီးပြောတဲ့ “အရှုပ်ထဲမှာရှင်းအောင်နေ” ဆိုတဲ့တရားကို ဆရာတော်ဦးဇောတိက စာအုပ်ထုတ်လို့
    .ဖတ်ရဖူးတယ်..တော်တော်ကောင်းတဲ့တရားစာအုပ်ပါ

Leave a Reply