အင်္ဂလိပ်ဝေါဟာရကြွယ်ဝလိုသော်(၉) – ဆရာမျိုးကျော်မြင့်

kaiApril 19, 20152min2219

အင်္ဂလိပ်ဝေါဟာရကြွယ်ဝလိုသူများသိသင့်သိထိုက်တဲ့ Idiom လေးများအကြောင်း အရင်လကအတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ ယခုတပတ်မှာ နံပါတ်နဲ့ပတ်သက်တဲ့ idiom လေးများအကြောင်းလေ့လာကြရအောင်။ အင်္ဂလိပ်စာလေ့လာနေသူတယောက်ကို အင်္ဂလိပ်လိုနံပါတ်လေးတွေသုံးတတ်ရဲ့လားလို့မေးရင် စိတ်ဆိုးမှာတောင် စိုးရတယ်။ ဒီ one, two, three, four လောက်တော့ လူတိုင်းတတ်တာပေါ့လို့ ထင်ကြမှာပါ။ ဒါပေမယ့် in seventh heaven ဆိုတဲ့ idiom လေးကို သုံးတတ်ရဲ့လားလို့မေးရင်တော့ လူတိုင်းသုံးတတ်ကြမှာမဟုတ်ပါ။ ဥပမာ-
” Getting the opportunity to go to school has put me in seventh heaven”. လို့သုံးလို့ရပါတယ်။ အဓိပ္ပာယ်ကတော့ ကျောင်းတက်ခွင့်ရတဲ့အတွက် အရမ်းကိုပျော်သွားတယ်ဆိုတဲ့သဘောပါ။ ဒီမှာ UCLA, Standford, Harvard တို့လို နာမည်ကြီးကျောင်းတွေတက်ခွင့်ရလိုက်လို့ ပျော်ရွှင်ကြည်နူးနေကြတဲ့ မြန်မာကလေး တွေအတွက် ဝမ်းသာဂုဏ်ယူမိသလို၊ ကျောင်းကောင်းကောင်းတက်ခွင့်ရဖို့အတွက် တိုက်ပွဲဝင်နေရတဲ့ မြန်မာပြည်က ကလေးများအတွက်တော့ စိတ်မကောင်းဖြစ်မိတာအမှန်ပါ။ in seventh heaven နဲ့ အလားတူအဓိပ္ပာယ်ရှိတဲ့ idiom လေးကတော့ on cloud nine ပါပဲ။ ဥပမာ- ” If the wishes of the students in Myanmar can be fullfilled, we will all be on cloud nine” လို့ သုံးလို့ရပါတယ်။ အဓိပ္ပာယ်ကတော့ မြန်မာပြည်ကကျောင်းသူကျောင်းသား လေးများရဲ့လိုအင်ဆန္ဒတွေအားလုံးပြည့်ဝသွားမယ်ဆိုရင် ကျနော်တို့အားလုံးအရမ်းကိုပျော်ရွှင်ကြရမယ်ပေါ့။
တချိန်က မြန်မာပြည်ရဲ့ပညာရေးစနစ်ဟာ အရှေ့တောင်အာရှမှာ second to none လို့ဆိုလို့ရပါတယ်။ တနည်းအားဖြင့်တော့ ပြိုင်ဖက်ကင်း၊ ရှင်းရှင်းလင်းလင်းထိပ်မှာ ရှိနေတယ်ပေါ့။ ကျနော်တို့ရဲ့ ဆရာ၊ ဆရာမကြီးတွေ – ဒေါ် E. J. Kangyi, ဆရာဦးဟန်တင်တို့၊ ဦးသီဟတို့ဟာ အခုကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက ဆရာ၊ ဆရာမတွေနဲ့ယှဉ်နိုင်သူများပါ။ “Our education system was second to none in South East Asia.” လို့ဆိုရင်ရပါတယ်။ အခုခေတ်မှာတော့ ဒီလိုအခြေအနေမျိုးပြန်ရောက် ရအောင် အားလုံးကဝိုင်းဝန်းပြီးကြိုးပမ်းပြီး ပံ့ပိုးပေးကြရမှာပါ။ ယခုကျောင်းသူကျောင်းသားလေးတွေဟာ ပညာကိုအမှန်တကယ်လိုလားလို့ စွန့်စွန့် စားစားတိုက်ပွဲဝင်နေကြတာတွေ့ရတော့ ဆရာတယောက်အနေနဲ့ဝမ်းလည်းဝမ်းသာတယ်။ ဂုဏ်လည်းယူတယ်။ လေးစားလဲလေးစားမိတယ်။ သူတို့လေးတွေ ရဲ့အခက်အခဲတွေကြားရတော့၊ သိရတော့ ဝမ်းနည်းမိပြန်ရော။ တနည်းအားဖြင့်
“I’m of two minds with regard to the recent events in Myanmar. I am happy to see students taking such an interest in education. At the same time, I’m very sad to see these students for having to fight for the rights to a good education.”
ဒီနေရာမှာ of two minds ဆိုတာ ဝမ်းသာတာလား၊ ဝမ်းနည်းတာလား ဝေခွဲမရဖြစ်နေတာကို ဆိုလိုပါတယ်။ မြန်မာလူငယ်လေးတွေ ပညာကိုလိုလားတဲ့အတွက် ဝမ်းသာရမှာလား။ မြန်မာပြည်မှာ ပညာသင်ယူဖို့ ဒီလောက်တောင် အခက်အခဲတွေရှိနေတာကို ဝမ်းနည်းရမှာလား ဆုံးဖြတ်ဖို့ခက်နေတာကို ဆိုလိုပါတယ်။ တကယ်တော့ မြန်မာပြည်မှာ ယခုကြုံတွေ့နေရတဲ့အဖြစ်အပျက်လေးတွေဟာ မဆန်းလှပါဘူး။
“It is fairly easy to understand if we put two and two together”
ဒီနေရာမှာ to put two and two together ဆိုတာတခုခုကိုသဘောပေါက်သွားပြီလို့ ဆိုလိုပါတယ်။ ဟုတ်တယ်မဟုတ်လား။ ပညာရေးစနစ်ကြီးကို နှစ်ပေါင်းများစွာ လျစ်လျှူရှုထားခဲ့တယ်။ ကျောင်းတွေ ခဏခဏပိတ်ထားခဲ့တယ်။ ဆရာ၊ ဆရာမတွေအများကြီးနိုင်ငံခြားကို ထွက်သွားရအောင်တွန်းအားတွေ ပေးခဲ့တယ်။ ဒီတော့ အခုပညာရေးအတွက်တစ်ကနေပြန်စရမှာပေါ့။ အင်္ဂလိပ်လိုတော့ ” We are back to square one. We must start over again.” လို့သုံးလို့ရပါတယ်။ ဒီနေရာမှာ back to square one ဆိုတဲ့ idiom လေးဟာ အစကနေပြန်စရပြီလို့ ဆိုလိုပါတယ်။ စာရေးသူအနေနဲ့ကတော့ စာသင်တဲ့အလုပ်နဲ့ပဲ တသက်လုံးအသက်မွေးခဲ့ သူမို့ ” Putting students first is second nature to me” လို့ဆိုချင်မိတယ်။ second nature ဆိုတဲ့ idiom လေးကတော့ “အလွယ်တကူပဲ။ သဘာဝအလျောက်ပဲ” ဖြစ်ပေါ်လာတဲ့စိတ်ကူးစိတ်သန်းလို့ ဆိုနိုင်ပါတယ်။ ဆရာတယောက်အတွက်ကတော့ ကျောင်းသူကျောင်းသားလေးတွေရဲ့ လိုအင်ဆန္ဒကိုဦးစားပေးလိုတဲ့စိတ်ဓာတ်မျိုးအထူးမွေးမြူဖို့ မလိုအပ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ second nature ကို ကောင်းကောင်းသုံးတတ်ဖို့ နောက်ထပ်ဥပမာလေးပြရမယ်ဆိုရင်
” Thakhin Aung San was a natural born leader. Leading men was second nature to him.” “သခင်အောင်ဆန်းဟာ ခေါင်းဆောင်လုပ်ဖို့မွေးဖွားလာသူတဦးဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတယောက် ရဲ့အရည်အသွေးတွေကို သူ့မှာအလွယ်တကူပဲရှိနေတယ်” လို့ဆိုလိုပါတယ်။
ယခုမြန်မာပြည်မှာတိုက်ပွဲဝင်နေကြတဲ့ကျောင်းသားကျောင်းသူလေးများကို စိတ်ဝင်စားသူများရှိသလို၊ စိတ်မဝင်စားသူများလည်း ရှိမှာပါ။ အပြစ်မပြောလိုပါဘူး။ ဒီအမေရိကားရောက်နေကြတဲ့ မြန်မာတွေကို ထားပါဦး။ မြန်မာပြည်မှာရှိနေတဲ့အချို့မိဘများကတောင် သူတို့ရဲ့သားသမီးတွေက US အပါအဝင် UK တို့၊ Australia တို့က နာမည်ကြီးတက္ကသို်လ်တွေမှာ ပညာသင်ယူခွင့်ရနေတော့
” I really don’t care what happens to the students protesting against the new education system. They may succeed. They may fail. For me, it’s six of one, half a dozen of the other.” လို့ဆိုသူများရှိပါတယ်။ လူတိုင်းကို မဆိုလိုပါ။ six of one, half a dozen of the other ဆိုတဲ့စကားစုလေးရဲ့အဓိပ္ပာယ်ကတော့ ဘာပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ပေါ့။ ဒီကျောင်းသားကျောင်းသူလေးတွေရဲ့တိုက်ပွဲအောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သွားသည်ဖြစ်စေ၊ ဂရုမစိုက်လှပါဘူးပေါ့။ အရေးမကြီးလှပါဘူးပေါ့။ နောက်ထပ်ဥပမာလေးပြပါဦးဆိုရင်တော့
” We can go to the movie or we can stay home. I really don’t care. For me, it’s six of one, half a dozen of the other.” ရုပ်ရှင်ကြည့်ချင်ကြည့်။ မကြည့်ရင်နေ။ ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်။ အိမ်မှာနေနေ၊ ရုပ်ရှင်ကြည့်ကြည့် ဂရုမစိုက်လှပါဘူး။ အရေးမကြီးလှပါဘူးလို့ဆိုလိုပါတယ်။
စာသင်ခန်းကို ဝင်ဖူးသူတိုင်းသိကြပါတယါ။ ဆရာ၊ ဆရာမတွေဆိုတာ sixth sense ရှိဖို့လိုအပ်တယ်။ ဒါမှ ကျောင်းသားကျောင်းသူတွေကို နောက်ကျောခိုင်းပြီး balckboard ယခုခေတ်အရ whiteboard မှာ စာတွေရေးနေတုန်း ကျောင်းသူကျောင်းသားတချို့ မဖွယ်မရာလုပ်ရင် ချက်ချင်းသိနိုင်မှာပါ။ ဒါမှ ” ဟ။ ဆရာက နောက်စေ့မှာ မျက်လုံးတပ်ထားသလိုပဲ။ ငါမဟုတ်တာလုပ်တာ ချက်ချင်းသိတယ်ဆိုပြီး ကြောက် သွားမှာ။ လေးစားသွားမှာပေါ့။ ဝါကျမှာသုံးပြပါဦးဆို
” Mg Mg seems to have a sixth sense when it comes to trouble. Every time the police or the soldiers come searching for him, he’s never home.”
“မောင်မောင်ဟာ အန္တရာယ်ကို အလိုလိုသိတဲ့စိတ်ရှိတယ်။ ရဲတွေ၊ စစ်သားတွေလာရှာတိုင်း သူအိမ်မှာ ဘယ်တော့မှ မရှိဘူး” လို့ဆိုလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာပြည်မှာ ပညာရေးအတွက်တိုက်ပွဲဝင်နေကြတဲ့ကျောင်းသူကျောင်းသားလေးများကို အထူးဂုဏ်ပြုလိုကြောင်း ဖော်ပြပါရစေ။ ဒီကလေးတွေရဲ့ လိုအင်ဆန္ဒတွေအားလုံး မကြာခင်ဘဲပြည့်ပါစေ။ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ကလေးတွေ လွတ်မြောက်ကြပါစေ။ ပညာလိုချင်သူတိုင်းလိုလားနေတဲ့ပညာရွှေအိုးကို လက်ဆုတ်လက်ကိုင်ရယူနိုင်ကြပါစေလို့ ဆုတောင်းရင်း နားပါဦးမည်။

မှတ်ချက်။ ။ မြန်မာ့ဂဇက် မေလ ၂၀၁၅တွင်ဖေါ်ပြပြီးဖြစ်သည်။

9 comments

  • ဝင့်ပြုံးမြင့်

    April 19, 2015 at 11:27 pm

    .ဒီတစ်ခါတော့ သူငယ်တန်းစာ မဟုတ်လို့ ဒီပို့စ်ထဲကနေ မျှစ်ကြော် ပြန်သင်ယူရတယ် သဂျီး။

  • ခင်ဇော်

    April 20, 2015 at 8:32 am

    in seventh heaven နတ်ပြည် ခုနှစ်ထပ်မြောက် ပေါ့နော်။ ဟေးဟေး၊ အနော်တို့ နတ်ပြည်က ၆ ထပ်ပဲရှိတာ။ (ကိုယ်ပဲ တက်ဖူးသလိုလို)
    on cloud nine တိမ် အမှတ် ၉ ကတော့ သီချင်းရှိတယ် ထင်တယ်။
    second to none ဆိုတဲ့ အသုံးအနှုံးကတော့ လှတယ်။ ဥမပါ စာကြောင်းကသာ ခေတ်မမှီတော့တာ။
    of two minds ကိုတော့ မိသိန်းကြည်လို့ မှတ်ထားလိုက်ပြီ။
    back to square one က မင်းသားကြီး အရမ်းသုံးတာမို့ နားယဉ်
    ကိုယ့် ရဲ့ second nature က ဘာတုန်းဆိုတာတော့ စဉ်းစားလိုက်အူးမယ်
    it’s six of one, half a dozen of the other အဲလို သဘောထားလေးတော့ ကိစ္စတိုင်း ရှိချင်သားး
    sixth sense ကတော့ ရုပ်ရှင် ရှိတယ်။ ဆဌမ အာရုံ (သို့) တတိယ မျက်လုံးလို့ ပြောမလားး၊ လူတိုင်းမှာ မရှိဘူး။

    :k:

    • Mr. MarGa

      April 20, 2015 at 8:51 am

      second nature က အစားအ​သောက်တွေ အကဲဖြတ်​တာမဟုတ်​ဘူးလား :k:

      • ခင်ဇော်

        April 20, 2015 at 2:47 pm

        မင်း ငါ့ ကို နိပ်ကွတ်ဖို့ ဆို ပါးစပ်က ပြောတာ လွှတ်ကနဲပဲ။

        အာ့ ဘူ့သီချင်းတုန်း သိလား

        :kwi:

        • Mr. MarGa

          April 20, 2015 at 4:59 pm

          ကြားတောင်မကြားဖူးဘူး
          :k:

  • Alinn Z

    April 20, 2015 at 11:31 am

    ဒီတလအတွက် သင်ခန်းစာတော့ အခုမှ လေ့လာရတယ်..

    :kwi:

  • ကူမားရ်

    April 20, 2015 at 2:20 pm

    uk မှာတုန်းက စကားပြောရင် ခနခန ထည့်ပြောတာလေး တစ်ခုကြားဖူး တာက
    Ohhh!! grab it ,it’s happen once in a million.
    သဘောကတော့ လုပ်လိုက် ယူလိုက် လက်ခံလိုက် ဒါမိုးက နှစ်တစ်သန်းမှ တစ်ခါဖြစ်တာ လို့လွန်လွနြ်ကူးကြူး တင်စားပြော တာတဲ့
    ဒါကို ပဲ not in a.million နှစ်တစ်သန်းစောင့်တောင်မရဘူး မြန်မာလိုဆို သေတောင်မရဘူး လို့ ဆို တယ်ထင်တာပဲ

    • ခင်ဇော်

      April 20, 2015 at 2:39 pm

      You’re one in a million
      You’re once in a lifetime
      You made me discover one of the stars above us
      You’re one in a million
      You’re once in a lifetime
      You made me discover one of the stars above us

      ~~~~~
      one in a million ကတော့ သီချင်းရှိတယ်။
      ဟိ။

      Once in a Bule Moon ဆိုတာ ကလည်း ၁ဝ ခါ့ တစ်ခါ ကြုံရတာတို့ ရှားရှားပါးပါးတို့ပေါ့လေ။
      ကူးမားတို့ လိမ်မာနေတဲ့ အချိန်အခါကို တင်စားလို့ ရတာပေါ့..

      :k:

    • kai

      April 20, 2015 at 4:40 pm

      ဒါပေမယ့်.. မြန်မာမှာ.. လေးသချေင်္ာကမ္ဘာတသိန်း စောင့်ခဲ့ရသူရှိတယ်လို့.. ဟိန္ဒူတွေရိုက်သွင်း… သွင်း.. အဲ.. ဆိုကြသဗျ..။
      တကမ္ဘာမှာ.. နှစ်ဘယ်နှသန်းရှိတယ်ထင်သလည်း..။
      အဲလိုကမ္ဘာပေါင်း… ၄သချေင်္နဲ့.. တသိန်းတောင်…စွန်းလိုက်သေး.. စွန်းလိုက်သေး… :k:

Leave a Reply